Thursday, July 7, 2011
ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အယူအဆ
[By Nay Thwe]
    ဘီဘီစီ ကမ္ဘာတလွှားအစီအစဉ်ရဲ့ Power of Asia အာရှအင်အား၊ အာရှစွမ်းပကား အထူးထုတ်လွှင့်ချက်တွေရဲ့ တစိတ်တပိုင်းအဖြစ် 29.06.11 နေ့က Londan Stock Exchange မှာ မြန်မာ၊ တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဗီယက်နမ် ငါးနိုင်ငံက ပညာရှင်တွေနဲ့ သောတရှင်တွေ ဆွေးနွေးခဲ့ကြပါတယ်၊ ခေါင်းစဉ်က ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဘာကိုရွေးကြမလဲ၊ ဘာက အရင်လာရမလဲ.. တဲ့။
                       အဲဒီ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြတဲ့ ပညာရှင်တွေ ပါမောက္ခတွေနဲ့ တက်ရောက်သူတွေ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်၊ အယူအဆ အမျိုးမျိုး အမြင်အသီးသီးကို ကြားလိုက်ရတော့ အတွေးအခေါ်ပိုင်းကဏ္ဍမှို့လည်း ကောင်းပါတယ်ဟု ပြောလိုပါတယ်။
                       ပရိသတ်ထဲက မြန်မာသောတရှင်တဦးက ဒီမိုကရေစီမရှိရင် ဖွံ့ဖြိုးတိုးတက်ရေးဟာ ဘာမှအဓိပ္ပါယ်မရှိဘူးလို့ ပြောလိုက်တော့ တရုတ်လူမျိုး ပါမောက္ခ ဂိုင်းလျူက အသက်ရှင်ဖို့အတွက် ရေနဲ့လေ ဘယ်ဟာက ပိုအရေးကြီးပါသလဲလို့ မေးခွန်းထုတ်လိုက်ပါတယ်၊ သူကပင်ဆက်ပြီးပြောတာက တရုတ်ပြည်မှာ တပါတီစနစ်ဖြစ်တယ်၊ နိုင်ငံရေးအရ ရွေးချယ်ခွင့်မရှိဘူး၊ လွတ်လပ်မှု မရှိဘူး ဒါပေမယ့် စီးပွားရေးအရ ကြိုက်တဲ့ ကုမ္ပဏီရဲ့ လက်အောက်မှာ အလုပ်လုပ်နိုင်တယ်၊ ဒါ စီးပွားရေးအရ မိုက်ခရိုအဆင့် လွတ်လပ်မှုပါပဲတဲ့၊ အင်ဒိုနီးရှားက ဒေါက်တာတယောက်ကလည်း ဒီမိုကရေစီကြောင့် အလုပ်သမားတွေ ဆန္ဒပြကြလို့ ကုမ္ပဏီတွေ ရုတ်သိမ်းသွားပြီး တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးမှုနစ်နာသွားကြောင်း ပြောပြန်ပါတယ်၊ အချို့ကလည်း ဒီမိုကရေစီနဲ့ စီးပွားရေးသည် မျှတစွာ တိုးတက်သင့်ကြောင်း စသည်ဖြင့် သူတို့အမြင်တွေကို တင်ပြဆွေးနွေးသွားကြပါတယ်။
                        အထက်ပါ ခေါင်းစဉ်နှင့်တကွ ဆွေးနွေးချက်များအပေါ် ဒီလိုဝေဖန်တင်ပြချင်ပါတယ်၊ လူဆိုသည်မှာ အပေါင်းအသင်းအစုအဝေး သမဂ္ဂနဲ့သာ နေထိုင်ကြပါသည်၊ အများနှင့်နေလျှင် အားကြီးသူက အားနည်းသူကိုလည်းကောင်း၊ အသိဥာဏ်ကြီးသူက အသိဥာဏ်သေးသူကိုလည်းကောင်း ဖိနှိပ်ချုပ်ချယ် အနိုင်ယူ ဗိုလ်ကျ လွမ်းမိုးကြမည်သာ ဖြစ်သည်၊ သို့အတွက်ကြောင့်ပင်လျှင် ဝိရောဓိများ၊ ပဋ္ဋိပက္ခများ၊ စစ်ပွဲများ၊ အုံကြွတော်လှန်မှုများ ဖြစ်ပေါ်ခဲ့ကြသလို ယနေ့ထက်တိုင်လည်း ဖြစ်ပေါ်နေဆဲ ပင်ဖြစ်ပါသည်၊ ယနေ့ကမ္ဘာပေါ်တွင်ဖြစ်ပွားခဲ့သည့် စစ်ပွဲကြီးများနှင့် စစ်ပွဲငယ်များ၊ ပြည်တွင်းစစ်များ၊ ဆူပူအုံကြွမှုများ စသည့် ပဋ္ဋိပက္ခတို့သည် လူသားတို့၏့ သဘာဝတရားဖြစ်သည့် အသက်ရှင်ရပ်တည်ရေးအတွက် ဖြစ်ပွားရသည့် ပဋ္ဋိပက္ခများ မဟုတ်ပါ၊ သဘာဝတရားကြောင့် ဖြစ်ရသည့် စစ်ပွဲများလည်း မဖြစ်နိုင်ပါ၊ ယနေ့ဖြစ်ပေါ်နေသည့် ပဋ္ဋိပက္ခ ကြီး ငယ်များသည် လူလူချင်း ဖိနှိပ်မှု၊ ဗိုလ်ကျလွမ်းမိုးမှုကြောင့်သာ ဖြစ်နေသည်ကို အထင်အရှား မြင်နိုင်ပါသည်၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ စသည့် အစွဲကြောင့် ဖြစ်နေသည်ဟု ဆိုနိုင်ပါသည်။
                        ယနေ့ကမ္ဘာ့လူသားများက ဒီမိုကရေစီကို လိုချင်ကြသည်၊ မြတ်နိုးကြသည်၊ တန်ဖိုးကို နားလည်ကြသည်၊ ဒီမိုကရေစီသာလျှင် လူသားတို့၏ ငြိမ်းချမ်းသော သာယာပြည့်စုံသော ဘဝကို ဖော်ကျူးနိုင်မည့်နည်းလမ်း ဖြစ်သည်ကို လက်ခံယုံကြည်နေကြသည်၊ သမိုင်းကပေးသော သင်္ခန်းစာအရ အသိတရား မှန်ဟုလည်း ဆိုနိုင်ပါသည်၊ လူလူချင်း ဖိနှိပ်မှု မတရားမှုကြောင့် ဖြစ်ရသည့် ငတ်ပြတ်ဆင်းရဲနာကျင်မှုကို ကုစားဖို့ စဉ်းစားကြရာ၌ ဥာဏ်အမျှော်အမြင်ကြီးဖို့ လိုပါသည်၊ ဖိနှိပ်ခံ လူသားတွေ မငတ်မပြတ် မနာမကျင်စေလိုလျှင် မဖိနှိပ်ဖို့ပဲ လိုပါသည်၊ ဒီလို အဆင့်မြင့်မြင့်တွေးနိုင်ရပါမည်၊ ငတ်နေတဲ့လူကို အစာကြွေးလိုက်ပါ၊ နာနေသူကို ဆေးကုလိုက်ပါ ဆိုတဲ့အတွေးအခေါ်ကတော့ တိမ်လွန်းပြီး မိုက်မဲရာ ကျသလို လူသားတို့၏ ပဋ္ဋိပက္ခကိုလည်း မည်သို့မျှ ကုစားနိုင်မည် မဟုတ်ပါ။
                            ယနေ့ ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသရော မြန်မာပြည်မှာပါ လူထုလှုပ်ရှားမှုတွေ မငြိမ်မသက်မှုတွေ၊ မကျေနပ်မှုတွေ ရှိနေသည်မှာ ငတ်လို့ ပြတ်လို့ အသက်ရှင်ရပ်တည်းရေးအတွက် ခက်ခဲလွန်းလို့ ဖြစ်နေတာပါလို့ ကောက်ချက်ဆွဲ မှတ်ချက်ချကြရင် မှားပါလိမ့်မည်၊ ဒီလိုကောက်ချက်ချလျှင် ကုစားမည့်နည်းကလည်း ထမင်းဝဖို့နှင့် အနိမ့်ဆုံး အလုပ်အကိုင်တွေ ဖန်တည်းပေးလိုက်ရင် ပြီးတာပါပဲဆိုသည့် နည်းပင်ဖြစ်ပါလိမ့်မည်၊ ဤနည်းမှာ ဝိသမလောဘရှင်တို့၏ အကြိုက်ပင်ဖြစ်ပါလိမ့်မည်၊ အဖိနှိပ်ခံလူထုဘက်ကတော့ လှေပေါက်ကို ရွှံ့ ထေပြီး လှော်ရသလိုပါပဲ မြုပ်မှာသေချာနေပါတယ်။
                             ထို့ကြောင့် လူတွေငတ်လို့ ပဋ္ဋိပက္ခ ဖြစ်နေသည်ဆိုတာထက် လူလူချင်း ဖိနှိပ်လို့ ငတ်ကြပြီး ပဋ္ဋိပက္ခဖြစ်နေတာသာ ဖြစ်သည်ဟု ဆိုလျှင် ပိုပြီးမှန်ကန်သဘာဝကျပါသည်၊ ဤသို့ဆိုသော် လူလူချင်း မဖိနှိပ်လျှင် မငတ်နိုင်ပါဆိုသော အဖြေတခု ထွက်လာပါသည်၊ ဆက်ပြီး လူလူချင်း မဖိနှိပ်နိုင်ရန် ဒီမိုကရေစီ ရှိဖို့လိုသည် ဆိုသည့် မှန်ကန်လေးနက်သည့် ခံယူချက်တရပ် ထွက်ပေါ်လာပြန်ပါသည်၊ ဤ လမ်းညွှန်ခံယူချက်အရ “ ဒီမိုကရေစီ ရှိလျှင် မငတ်နိုင်ပါ ” ဆိုသည့် အဆိုတရပ်ဖြစ်ထွန်းပါတော့သည်။
                            အချို့နိုင်ငံများသည် မငတ်ပါ၊ သို့သော် အခြေခံလူ့အခွင့်အရေးဆိုသည်ကို လူတစုကသာ ခံစားကြပြီး လူထုကြီးက မခံစားရသဖြင့်လည်း ဒီမိုကရေစီတောင်းပွဲ တိုက်ပွဲများ ဖြစ်ကြရပါသည်၊ ဒီမိုကရေစီ ရှိပါတယ်ဆိုသော နိုင်ငံများတွင်လည်း လူထုသည် သူတို့မကျေနပ်ချက်များကြောင့် ပိုမိုကောင်းမွန် တိကျသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ကို တောင်းဆိုနေကြသည်ပဲ ဖြစ်သည်၊ ဒါသည်ပင်လျှင် ဒီမိုကရေစီ ရှင်သန်မှုဟု ခေါ်ပါသည်။
                          ဒီလောက်ဆိုလျှင် ဒီမိုကရေစီ၏ အရေးကြီးပုံနှင့် အဓိကကျပုံကို သဘောပေါက်နိုင်ပါပြီ၊ ဒါဆိုလျှင် တရုတ်ပါမောက္ခဂိုင်းလျူက ရေနဲ့လေ ဘယ်ဟာက အရေးကြီးသလဲလို့ မေးရခြင်း၊ တရုတ်ပြည်မှာ ဒီမိုကရေစီ မရှိပေမယ့် ကိုယ်ကြိုက်တဲ့ ကုမ္ပဏီတခုရဲ့ အောက်မှာဝင်ပြီး အလုပ်လုပ်နိုင်တယ်၊ ဒါသည် စီးပွားရေးလွတ်လပ်မှု ရှိခြင်းဟု ပြောခြင်းကို အံသြရပါတော့သည်၊ ထမင်းနှင့် ဒီမိုကရေစီ ဘယ်ဟာက အရေးကြီးသလဲဆိုသည့် မေးခွန်းခေါင်းစဉ်သည်ပင်လျှင် အလွန်နိမ့်ကျပြီး ကမောက်ကမ နိုင်လွန်းနေပါသည်၊ ကုန်းကောက်စရာမရှိအောင် ပြာပုံဘဝရောက်နေသည့် နိုင်ငံမျိုးအတွက်ဆိုလျှင်လည်း မေးစရာတောင် မလိုပါ၊ ထမင်းကို အရင်သာကြွေးကြပါပေါ့၊ တရုတ်ပြည်သည် အခြားရွေးစရာလမ်းမရှိတော့သည့်အတွက် ထမင်း (သို့မဟုတ်) ကုမ္ပဏီလမ်းကိုပဲ ရွေးလိုက်တာလားလို့ မေးခွန်းထုတ်ရမလို ဖြစ်နေပါပြီ။
                             အင်ဒိုနီးရှားက ဒေါက်တာအီတန်ရှားအစ်ခ်ဆမ်ကလည်း နိုင်ငံရေးစံနစ်နဲ့ စီးပွားရေးအောင်မြင်မှုဟာ တကယ်တန်းနီးနီးကပ်ကပ် ဆက်စပ်ချင်မှ ဆက်စပ်မှာပါလို့ ပြောပြန်ပါတယ်၊ သူပြောသလို နိုင်ငံရေးနဲ့ စီးပွားရေးအောင်မြင်မှုဟာ နီးနီးကပ်ကပ် ဆပ်စပ်မှုမရှိဘူးဘဲ ဆိုအုံးတော့ အဲ့ဒီ စီးပွားရေးအောင်မြင်မှုသည် လူတစုအတွက်လား လူထုအတွက်လားဆိုတာကိုပြန်လည်ပြီး မေးခွန်းထုတ်ရပါလိမ့်မယ်၊ မြန်မာနိုင်ငံလို စစ်အာဏာရှင်တစုနဲ့ အပေါင်းအပါတစုတို့က တိုင်းပြည်ရဲ့ ရင်းဖြစ်သယံဇာတတွေကို စိတ်ကြိုက်ရောင်းစားကြ၊ တိုင်းပြည်ရဲ့ အစိတ်အပိုင်းတွေကို ရောင်းကြ ပေါင်နှံကြနဲ့ ရရှိတဲ့ အကျိုးအမြတ်တွေသည် လူထုအတွက် မဟုတ်ဘဲ သူတို့လူတစုရဲ့ အိတ်ထဲကို ရောက်သွားတာသည် တိုင်းပြည်စီးပွားရေး တိုးတက်ပါတယ်လို့ ပြောကြအုံးမှာလား၊ မြန်မာပြည်မှာ ရှစ်ဆယ်ရာနှုန်းသော တောင်သူလယ်သမားတွေနဲ့ စက်ရုံအလုပ်သမား၊ အနိမ့်စားဝန်ထမ်းတွေရဲ့ တဦးချင်းဝင်ငွေသည် တနှစ်လျှင် ဒေါ်လာတစ်ထောင်အောက်ကို ကျနေချိန်မှာ စစ်အာဏာရှင်၏ အသိုင်းအဝိုင်းက ဦးတေဇ၏ တနှစ်ဝင်ငွေသည် ဒေါ်လာသန်းငါးရာ ရှိနေသည်ကို တိုင်းပြည်ဖွံ့ဖြိုးတိုးတက် နေပါသည်ဟု ဆိုကြအုံးမှာလား၊ စီးပွားရေးအောင်မြင်မှုဆိုသည်မှာ နိုင်ငံရေးနှင့် နီးကပ်ဆက်စပ်မှု မရှိဘူးဘဲ ဆိုအုံးစို့၊ အဲဒီ စီးပွားရေးအောင်မြင်မှုသည် ဘယ်သူအတွက်လဲဆိုတာလောက်တော့ အင်ဒိုနီးရှားက ဒေါက်တာအီတန်ရှားအစ်ခ်ဆမ် တယောက်စဉ်းစားနိုင်ရင် ပိုကောင်းပါလိမ့်မယ်။
                        ရှေးရှေးက နိုင်ငံရေးအတွေးအခေါ်ပညာရှင်ကြီးများလည်း လူသားတို့ ဖွံ့ဖြိုးတိုးတက်ချမ်းသာရေးအတွက် အမျိုးမျိုးသော နည်းလမ်းတို့ကို ရှာဖွေကြံဆစမ်းသပ်ခဲ့ကြရာမှာ နောက်ဆုံး ဒီမိုကရေစီသည်သာ အကောင်းဆုံးဖြစ်ကြောင်း တွေ့ရှိခဲ့ကြပြီး လက်တွေ့လည်း အောင်မြင်ကြောင်းကို တွေ့ရှိနေပြီး ဖြစ်ပါသည်။ မွေးရာပါ လူ့အခွင့်အရေးနှင့်အများဆန္ဒနှင့် အများစုကို မထိခိုက်မနစ်နာစေသည့် လွတ်လပ်စွာဖော်ထုတ်ခွင့်စသည့် ဒီမိုကရေစီစနစ်သည်သာလျှင် လူသားအားလုံးအတွက် တခုတည်းသော တိုးတက်သာယာမည့် လမ်းကြောင်းဖြစ်ကြောင်းကို အများက လက်ခံနေကြချိန်တွင် လူတစုကောင်းစားပြီး လူထု မွဲပြာကျမည့် ဖောက်ပြန်သည့် လက်ဝဲအာဏာရှင်၊ လက်ျာအာဏာရှင်နှင့် စစ်အာဏာရှင် စနစ်တို့ဘက်မှ ရှေ့နေလိုက်သည့် အယူအဆများ ရှိကြသော ပညာရှင်များလည်း ရှိတတ်ကြပါသည်၊ ဒါကြောင့်လည်း ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ခေါင်းစဉ်ကို ရှေ့တန်းတင်လာကြခြင်းပင် ဖြစ်ပါသည်။
                       ယနေ့ တရုတ်ကွန်မြူနစ်နိုင်ငံကြီးသည် တိန့်ရှောင်ဖိန်၏ မူအတိုင်း စီးပွားရေးခုန်ပြန်ကျော်လွှားတိုးတက်အောင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်အတွက် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်လာသည်ဟု ဆိုရပါမည်၊ တရုတ်ပြည်သူလူထု၏ အလုပ်လက်မဲ့နှုန်းသည်လည်း အများကြီးလျော့ကျလာပါသည်၊ သို့သော် တရုတ်ကွန်မြူနစ်ခေါင်းဆောင်များ၏ ဤစမ်းသပ်ဖြတ်သန်းမှုကာလကို စောင့်ကြည့်ကြရပါအုံးမည်၊ အဘယ်ကြောင့်ဆိုသော် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ပန်းတိုင်သို့ မရောက်မချင်း စိတ်မချရပါ၊ ပဋ္ဋိပက္ခအတွက် တာစူနေသည့် အခြေအနေမျိုးပင် ဖြစ်ပါသည်၊ နိုင်ငံရေးလွတ်လပ်ခွင့် မပေးဘဲ စီးပွားရေးလွတ်လပ်ခွင့်သာပေးသည့် တရုတ်ခေါင်းဆောင်များအဖို့ ဘယ်လောက်ထိန်းနိုင်မည်လဲဆိုတာ စောင့်ကြည့်ရမည်ဖြစ်ပါသည်။
                           တရုတ်ကွန်မြူနစ်အစိုးရ၏ ပြဿနာသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လစ်လှူရှုပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်နိုင်လျှင်လည်း လုံလောက်မည်ဟူသော အယူအဆရေးရာ  ပြဿနာဖြစ်နေသည်၊ ထိုနည်းတူ အာရှနှင့် အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကမှ အာဏာရှင်နှင့် အာဏာရှင်တပိုင်း နိုင်ငံများမှ အစိုးရများနှင့် သူတို့ကို မှီတင်းပြီး ကြီးပွားနေသည့် ပညာရှင်ဆိုသူများကလည်း ဖွံ့ဖြိုးရေးသည် အဓိက ကျသည်ဟူသော အယူအဆကို ယနေ့ ရှေ့တန်းတင်လာကြတာတွေ့နေရပါသည်၊ ၎င်း အယူအဆသည် ပြည်သူလူထုတွေ မငတ်ရင်ပြီးရော မဟုတ်လား၊ လူ့အခွင့်အရေးတွေ ဒီမိုကရေစီတွေ လုပ်မနေနဲ့ ဆိုတဲ့သဘောပါပဲ၊  မြန်မာအစိုးရ၏ သဘောကလည်း ဤအတိုင်းပါပဲ၊ ဒီသဘောတရားသည် ကမ္ဘာ့လူသားအားလုံးကို လူတစုက ကျွန်ပြုမယ့်သဘောထားမှို့ အင်မတန်အန္တရယ်ကြီးလှပါတယ်။
                          ဒီနေရာမှာ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးမှ ပညာတတ်တွေ ဖြစ်လာမယ်၊ အမြင်တွေ ကျယ်လာမယ်၊ ဒါမှ လူ့အခွင့်အရေးတို့ ဒီမိုကရေစီတို့ကို နားလည် တောင်းဆိုလာမယ်လို့ ယူဆသူတွေလည်းရှိကြပါတယ်၊ ဒါဟာ မှန်သင့်သလောက် မှန်ပေမယ့် ဒီထက်နက်ရှိုင်းစွာ တွေးခေါ်ရပါအုံးမယ်၊ တိုင်းပြည်ဖွံ့ဖြိုးမှု ရလာဒ်၏ ကိုးဆယ့်ငါး ရာနှုန်းကို အုပ်ချုပ်သူနှင့် အပေါင်းအပါလူတစုက ခံစားပြီး ငါးရာနှုန်းလောက်သာ ပြည်သူက ခံစားနေရတယ်ဆိုရင် အုပ်ချုပ်သူ ရေပေါ်စီလူတန်းစားကို အမှီလိုက်ဖို့ မဆိုထားဘိ နိဗ္ဗာန်နှင့် ငရဲ လောက် ကွာခြား ကျန်ရစ်ကြမှာ သေချာပါတယ်၊ ဖိုးလပြည့်ရဲ့ အပေါ့စား တနေ့သုံး pocket money ဟာ တနေ့ဒေါ်လာ ငါးထောင်နဲ့ တသောင်းကြား ရှိနေစဉ်မှာ စာမတတ်လို့ ကူလီဘဝကို ရောက်နေတဲ့ မြန်မာနိုင်ငံသား လူငယ်တွေရဲ့ အရေအတွက်က သန်းချီဂဏန်းရှိ နေပါပြီ၊ တိုင်းပြည်တိုးတက်လာတာ ဒို့အတွက်လို့ ယူဆရင်မှားပါလိမ့်မယ်၊ အာဏာရှင်နိုင်ငံတခုမှာ စီးပွားရေးတိုးတက်လေ ပြည်သူပြည်သားတွေကို ဖိနှိပ်ဖို့ ရန္တယားတွေ ကြီးထွားလာလေလေ ဆိုတာကိုတော့ သတိပြုကြရမှာ ဖြစ်ပါတယ်။
                        ဒါဆိုရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ မလိုဘူးလား၊ လိုအပ်ပါတယ်၊ အထူးလိုအပ်ပါတယ်၊ အဲဒါ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ပါတ်သက်တဲ့လိုင်းပေါင်းစုံကို အုပ်ချုပ်သူ လူတန်းစားကလည်း သူတို့အတွက်ဖြစ်အောင် အသုံးချမည်ဖြစ်သလို ပြည်သူလူထုနဲ့အတိုက်အခံတို့ကလည်း ကိုယ့်ဘက်က အကျိုးရှိအောင် အသုံးချနိုင်ရပါမယ်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းကို ဖွင်တဲ့အခါ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုအတွက် ဆက်စပ်လုပ်ဆောင်ရမယ့် နိုင်ငံတကာနဲ့ ဆက်ဆံရေး၊ ဆက်သွယ်ရေးလမ်းကြောင်းတွေကို အသုံးချတတ်ရပါလိမ့်မယ်၊ ရွေးချယ်တတ်ရပါလိမ့်မယ်၊ ဒီမိုကရေစီရေးအတွက် အထောက်အကူဖြစ်မယ့် စီးပွားရေးဆက်ဆံ ဆက်သွယ်သင့်တဲ့နိုင်ငံတွေကို ဦးစားပေး ရွေးချယ်ချဉ်းကပ်တာမျိုး လုပ်သင့်ပါတယ်၊ ပြည်သူနဲ့အတိုက်အခံဘက်မှာ  ရွေးချယ်ပိုင်ခွင့် လုပ်ပိုင်ခွင့်မရှိတာ မှန်သော်လည်း ဘယ်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်လျှင် စီးပွားရေးရော ဒီမိုကရေစီပါ တိုးတက်နိုင်ပြီး ဘယ်နိုင်ငံတွေနဲ့ ပူးပေါင်းလျှင်တော့ သူတို့အတွက် စီးပွားရေးပဲ ဖြစ်ပြီး ဒီမိုကရေစီအတွက်တော့ အဟန့်အတားပင်ဖြစ်နေမည်ဆိုတာ သိထားဖို့ လိုအပ်လှပါတယ်။
                           ယနေ့ မြန်မာနိုင်ငံတွင် ရွေးချယ်ခွင့်မရှိသော ဖိနှိပ်ခံလူထုအနေဖြင့် ဟန်ပြအရပ်သားအစိုးရ၏ စီးပွားရေးတိုးတက်အောင် ကြံဆောင်လုပ်ကိုင်မှုအပေါ် တစ်မူးရရ တစ်ပဲရရ ရအောင်ယူရတော့မည်သာ ဖြစ်သည်၊ စီးပွားရေးနှင့်အတူ ဖုံး၊ အင်တာနက် စသည့် ဆက်သွယ်ရေးကရိယာများကို အသုံးပြုခြင်း၊ မီဒီယာကို အသုံးပြုခြင်းအပြင် နိုင်ငံတကာနှင့်ဆက်ဆံဆက်သွယ်ရေး ကွန်ယက်များဖြန့်ကျက်ခြင်း၊ နိုင်ငံတကာနှင့် နိုင်ငံရေးဗဟုသုတများ ရှာမှီးခြင်းစသည်ဖြင့် ကျယ်ပြန်သည့် ဆက်သွယ်ဆက်ဆံရေးတို့ကို ထူထောင်ကြပြီး မိမိတို့ ဒီမိုကရေစီရေးအတွက် အသုံးချကြရန်သာ ဖြစ်ပါသည်။
                         ဤဆောင်းပါးကို နိဂုံးချုပ်ရသော် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးသည်သာ အဓိက ဖြစ်သည်ဟူသော လူလည်ကြီး အယူအဆသည် လုံးဝမှားယွင်းပါကြောင်း၊ မြန်မာနိုင်ငံအပါအဝင်နိုင်ငံတိုင်းမှာ ဒီမိုကရေစီမဲ့ သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်ကြီးကို နှစ်ပေါင်းများစွာ ဖြတ်ခဲ့ကြဘူးပါသည်၊ ရှင်ဘုရင်က အမျှော်အမြင်ရှိလျှင် တိုင်းပြည်ဖွံ့ဖြိုးပြီး လူထုလည်းချမ်းသာပါသည်၊ ရှင်ဘုရင်က ညံ့ဖျင်းပြီဆိုလျှင် တိုင်းပြည်လည်း ပျက် လူထုလည်း သေကြေကြရသည်သာ ဖြစ်ပါသည်၊ ရှင်ဘုရင်တွေ အပေါ်မူတည်ပြီး ပိန်ချည်တခါ ဖောင်းချည်တလှည့်ဖြင့် သမိုင်းရှည်ကြီးကို ဖြတ်ခဲ့ကြရသည်မှာ အရှုးကိုလင်တော်ရလို အဖြစ်မျိုးပါ။
                       ဒါကြောင့်လည်း လူသားတွေသည် ဒီမိုကရေစီကို ရှာဖွေတည်ဆောက်ကျင့်သုံးလာကြသည်ပင် မဟုတ်ပါလား၊ ခေတ်နောက်ပြန်ဆွဲချင်သူတို့၏ ဒီမိုကရေစီမဲ့ ဖွံ့ဖြိုးရေးအယူအဆသည် ယနေ့လူသားများ၏ ကြီးမားသော အန္တရယ်တရပ်ပင်ဖြစ်နေပါကြောင်း တင်ပြလိုက်ရပါသည်။          ။
                                                                                                                   07.07.11
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...