Thursday, July 7, 2011

အောင်ဆန်းစုကြည်နဲ့ အမေရိကန်နိုင်ငံခြားရေးမူဝါဒ ( အပိုင်း ၂)

Min Thant Syn created a doc.
ဒီနေရာမှ မေးဖို့ လိုလာတကာ အောင်ဆန်းစုကြည် အဓိက နေရာကပါပြီး ဆုံးဖြတ်ခဲ့တဲ့ အင်န်အယ်လ်ဒီရဲ့ ဆုံးဖြတ်ချက် တစ်ချို့ဟာ ဘယ်လောက် ထိရောက်မှု ရှိသလဲဆိုတဲ့ အချက်ပဲ။ ၁၉၉၅ ခုနှစ်မှာ ချုပ်ချယ်ကန့်သတ်မှု တွေများလို့ ဆိုပြီး အမျိုးသား ညီလာခံကနေ သပိတ်မှောက်တဲ့ ကိစ္စက ကိုးကြောင်း ခိုင်လုံသလို ရှိပေမယ့် လက်တွေ့မှာတော့ အင်န်အယ်လ်ဒီကို ဘေးရောက် သွားစေခဲ့ပါတယ်။
ဒီလိုပဲ အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို ဒဏ်ခတ် အရေးယူဖို့၊ မြန်မာနိုင်ငံမှာ ပိတ်ဆို့မှုတွေ မလုပ်ဖို့၊ ကမ္ဘာလှည့် ခရီးသွားတွေ မလာဖို့ တောင်းဆိုတာ၊ လူသားချင်း စာနာမှု အကူအညီ တစ်ချို့ကိုတောင် စစ်အစိုးရကို အကျိုးရှိစေတယ် ဆိုပြီး မပေးဖို့ ကန့်ကွက် ခဲ့တာတွေဟာ ကျင့်ဝတ်ပိုင်း ဆိုင်ရာ အနေနဲ့ မှန်နိုင်ပေမယ့် နည်းဗျူဟာ အရတော့ မေးခွန်း ထုတ်စရာ ဖြစ်ခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မပြိုင်ဘူး ဆိုတဲ့ သူ့ရဲ့ ဆုံးဖြတ်ချက် ဟာလည်း ဒီပုံစံပါပဲ။
ဒါ့ကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားဖို့ အတွက် သူ့ရဲ့ အခန်းကဏ္ဍဟာ အရေးပါခဲ့တယ် ဆိုတာ မှန်ပေမယ့် သူနဲ့ အင်န်အယ်လ်ဒီရဲ့ ဆုံးဖြတ်ချက် တစ်ချို့ကတော့ ရေတို၊ ရေရှည် နိုင်ငံရေး ရည်မှန်းချက်တွေကို အကောင် အထည်ဖော်ရာမှာနဲ့ ပြည်တွင်းမှာ မလိုလားအပ်တဲ့ ဘေးထွက် ဆိုးကျိုးတွေ ဖြစ်စေတယ်လို့ ဆိုချင်ပါတယ်။


မြန်မာနှင့် အောင်ဆန်းစုကြည် ဘယ်လောက် အရေးပါသလဲ
၂၀၀၈ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ အတွက် မဲဆွယ်နေကြတုံးက ဒီမိုကရက်ပါတီ မူဝါဒရေးရာ ကျွမ်းကျင်သူ တစ်ယောက်က မြန်မာအရေးကို ဆွဲဆောင်မှုတော့ ရှိပါရဲ့ ဒါပေမယ့် အမေရိကန် နိုင်ငံခြားရေး မူဝါဒအတွက်တော့ အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ဘူးလို့ ဆိုတယ်။ ဒါပေမယ့် အိုဘားမား အစိုးရ တက်လာ ပြီးတော့ မြန်မာနိုင်ငံ ဆိုင်ရာမူဝါဒကို အကြီးအကျယ် ပြန်လည် သုံးသပ်ခဲ့တဲ့ အပြင် မြန်မာနိုင်ငံကို အထက် လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ်၊ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကမ့်ဘဲလ်တို့ မြန်မာနိုင်ငံကို သွားခဲ့ကြတယ်။ ကမ့်ဘဲလ်က အထက် လွှတ်တော် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီရှေ့မှာ ထွက်ဆိုတဲ့အခါ အမေရိကန် နိုင်ငံဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီ ထွန်းကားပြီး ပြည်သူတွေရဲ့ အခွင့်အရေးကို လေးစားတဲ့၊ အိမ်နီးချင်းတွေနဲ့ ငြိမ်းချမ်းစွာ ဆက်ဆံတဲ့ နိုင်ငံအဖြစ် မြင်လိုကြောင်း၊ အဲဒီလို လုပ်နိုင်ဖို့ အတွက် အကောင်းဆုံး နည်းကတော့ မြန်မာ အာဏာပိုင်တွေနဲ့ လက်တွေ့ ကျကျ ထိတွေ့ ဆက်ဆံတာပဲ ဖြစ်ကြောင်း၊ ဒီလို ဆက်ဆံချိန်မှာ ဒဏ်ခတ် အရေးယူမှု တွေကလည်း မြန်မာ အာဏာပိုင်တွေ ဘက်က သိသာ ထင်ရှားတဲ့ အပြောင်းအလဲတွေ မလုပ်မချင်း ဆက်ထားဦးမှာ ဖြစ်ကြောင်း၊ မြန်မာ အတိုက်အခံတွေ ကလည်း ဒီနည်းလမ်းကို ထောက်ခံကြောင်း ပြောခဲ့တယ်။



အမေရိကန်ရဲ့ မူဝါဒအသစ်ဟာ ကြီးကျယ်တဲ့ ပြောင်းလဲမှု ဖြစ်ပေမယ့် အမေရိကန် နိုင်ငံရေး လောကမှာ အောင်ဆန်း စုကြည်နဲ့ အင်န်အယ်လ်ဒီ အပေါ် ထောက်ခံနေမှုဟာ ခိုင်မာနေဆဲ ဖြစ်တယ်ဆိုတဲ့ ပကတိ အရှိတရား အပေါ်မှာ အခြေခံပြီး လုပ်နေတာပဲ ဖြစ်တယ်။ အမေရိကန်တွေက ဒီမူဝါဒသစ်ကို လက်တွေ့ကျတဲ့ ထိတွေ့ ဆက်ဆံမှု မူဝါဒလို့ အမည် ပေးခဲ့တယ်။ အမေရိကန်ရဲ့ မူဝါဒက ကလင်တန် လက်ထက်နဲ့ ဘုရှ်လက်ထက်က ကျင့်သုံးခဲ့တဲ့ အစိုးရ ပြောင်းလဲရေးမူ မဟုတ်တော့ဘူး။ နောက်ပြီး ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အကောင် အထည်ဖော်ရေး ဆိုတာကိုလည်း လူသိရှင်ကြား ထုတ်ပြန်ချက်တွေမှာ မဖော်ပြတော့ဘူး။ အဲဒါတွေ နေရာမှာ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ အားလုံး ပါဝင်ခွင့်ရှိပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပရေး၊ ကောင်းမွန်သော အုပ်ချုပ်မှုနဲ့ လူ့အခွင့်အရေးကို လေးစားရေးတို့ နေရာ ယူလာတယ်။


ဒါပေမယ့် တစ်ပါတီစနစ်နဲ့ အုပ်ချုပ်နေတဲ့ နိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ ဗီယက်နမ်၊ လာအို၊ မြောက်ကိုရီးယားတို့ အပေါ်မှာ ထားတဲ့ အမေရိကန်ရဲ့ မူဝါဒကတော့ မြန်မာနိုင်ငံမှာလို မဟုတ်ဘဲ အမေရိကန် အကျိုးစီးပွား အမျိုးမျိုး အပေါ် အခြေခံပြီး နည်းအမျိုးမျိုးကို အသုံးပြုထားတာ ဖြစ်တယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင်တော့ လူ့အခွင့်အရေး တစ်ခုတည်း ပေါ်မှာပဲ အခြေခံ ထားတာ ဖြစ်တယ်။ အမေရိကန်ရဲ့ မူဝါဒတွေနဲ့ ပတ်သက်ရင် အောင်ဆန်း စုကြည်ဟာ အင်မတန်မှာ အရေးကြီးတဲ့ အခန်းက ပါနေတယ်။ တကယ်တော့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် မူဝါဒဟာ အောင်ဆန်းစုကြည်ရဲ့ မူဝါဒတွေ၊ သူ့မူဝါဒတွေကို အမေရိကန် နိုင်ငံရေး အသိုင်းအ၀န်းနဲ့ သူ့ကို ထောက်ခံသူတွေက အဓိပ္ပါယ် ဖွင့်ဆိုချက်တွေရဲ့ ရလဒ်မျှသာ ဖြစ်တယ်ဆိုရင် လွန်မယ် မထင်ဘူး။
အမေရိကန်ကွန်ဂရက် သဘောထားနဲ့လုပ်ဆောင်ချက်
အမေရိကန်ဟာ ၁၉၈၈ ထဲက အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီကို စဉ်ဆက်မပြတ် ထောက်ခံခဲ့တာ ဖြစ်ပြီး မြန်မာ အတိုက် အခံတွေကလည်း အမေရိကန်ကို စာနာတတ်တဲ့ မဟာမိတ် အဖြစ် မြင်ခဲ့ကြတယ်။ ၈၈ အရေးအခင်းတုံးက ဆန္ဒပြမှု အများစုဟာ အမေရိကန် သံရုံးရှေ့မှာ ဖြစ်ခဲ့တာ ဖြစ်တယ်။ အခုလည်း ဒီသဘောထားက မပြောင်းတဲ့ အပြင် ပိုပြီး ခိုင်မာလာတာပဲ ရှိတယ်။ အင်န်အယ်လ်ဒီက မပြောပေမယ့် အယူအဆ ပြင်းထန်တဲ့ ပါတီ ထောက်ခံသူတွေက ဆိုရင် အမေရိကန်က မြန်မာနိုင်ငံမှာ စစ်ရေးအရ ၀င်ပြီး စွက်ဖက်ဖို့ အထိ တောင်းဆိုခဲ့ကြတယ်။


အမေရိကန် ကွန်ဂရက် မှတ်တမ်းတွေကို ကြည့်လိုက်ရင် အမေရိကန် အမတ်တွေဟာ မြန်မာ့အရေး အထူးသဖြင့် အောင်ဆန်း စုကြည် အရေးနဲ့ ပတ်သက်ရင် စဉ်ဆက်မပြတ် ပြောခဲ့တာကို တွေ့ရလိမ့်မယ်။ ၁၉၈၉ ကနေ ၂၀၁၀ ဇန်န၀ါရီ အထိ အမေရိကန် လွှတ်တော်ထဲမှာ အထက် လွှတ်တော် အမတ် ၄၄ ဦးနဲ့ အောက်လွှတ်တော် အမတ် ၆၅ ဦးက အောင်ဆန်း စုကြည်ကို ရည်ညွှန်း ပြောဆို ဆွေးနွေးခဲ့တာ အကြိမ် ၁၅၉၈ ကြိမ် ရှိခဲ့တယ်။ အဲဒီထဲမှာ အထက် လွှတ်တော် အမတ် မစ်ခ်ျမက်ကောနယ် တစ်ယောက်ထဲက အကြိမ် ၃၄၀ ပြောခဲ့တယ်။ မက်ကိန်းက ၁၀၉ ကြိမ်ပြောခဲ့တယ်။ အဲဒီ ကာလထဲမှာပဲ မြန်မာ ဒါမှမဟုတ် အောင်ဆန်း စုကြည်နဲ့ ပတ်သက်တဲ့ စာတမ်း ၁၃၅ ခုကို လွှတ်တော်မှာ မှတ်တမ်း တင်ခဲ့ကြတယ်။
၁၉၉၂ ခုနှစ်က စပြီး လွှတ်တော် သုတေသနဌာနက မြန်မာနိုင်ငံနဲ့ လုံးဝ ဒါမှမဟုတ် တစ်စိတ် တစ်ပိုင်း သက်ဆိုင်နေတဲ့ အစီရင်ခံစာ ပေါင်း ၃၄ ခုကို ပြုစုခဲ့တယ်။ ၁၉၈၉ ကနေ ၂၀၀၅ ခုနှစ်ကြားမှာ အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သမ္မတရဲ့ ထုတ်ပြန် ကြေညာချက် ၃၁ ခုရှိတယ်။ ၁၉၈၉ ကနေ ၂၀၁၀ ကြားမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဥပဒေ၊ ဆုံးဖြတ်ချက်နဲ့ အဆိုပေါင်း ၄၈ ခုကို ဆုံးဖြတ်ခဲ့တယ်။
အမေရိကန် နိုင်ငံရေးသမား တစ်ဦးချင်းထဲမှာလည်း အောင်ဆန်းစုကြည်ကို အူလှိုက် သဲလှိုက် ထောက်ခံသူတွေ ရှိတယ်။ နိုင်ငံခြားရေး ၀န်ကြီး အောဘရိုက်ကတော့ အောင်ဆန်းစုကြည်ကို လှပပြီး သံမဏိလို ခိုင်မာတဲ့သူလို့ ဆိုတယ်။ သမ္မတဘုရှ်နဲ့ သမ္မတကတော် လော်ရာဘုရှ်တို့လည်း ဒီလိုပဲ။ လော်ရာဘုရှ်က အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့သလို ၀ါရှင်တန်ပို့စ် သတင်းစာမှာလည်း ဆောင်းပါး ရေးခဲ့သေးတယ်။
အမေရိကန် အနေနဲ့ မြန်မာနိုင်ငံပေါ် စိတ်ဝင်စားမှုကို အထင်အရှား ပြခဲ့ပေမယ့် အမေရိကန်ရဲ့ အမျိုးသား အကျိုးစီးပွားက ဘာတွေရှိသလဲ ဆိုတာတော့ လူတွေကို ရှင်းရှင်းလင်း ပြောမပြနိုင်ခဲ့ဘူး။ အမတ်တစ်ချို့ ကတော့ မြန်မာနိုင်ငံ အပေါ် အခုထက် ပိုပြီး ဒဏ်ခတ်ဖို့ ဆက်တောင်းဆို နေတယ်။ သူတို့က ကျူးဘားကို ဒဏ်ခတ်သလို ဒဏ်ခတ် စေချင်ကြတယ်။ တစ်ချို့ ကတော့ တရုတ်နဲ့ ထိုင်းနိုင်ငံကိုပါ မြန်မာကို ကူညီလို့ဆိုပြီး ဒဏ်ခတ်ဖို့ တောင်းဆို နေကြပါတယ်။
နိုင်ငံတကာက မြင်နေတဲ့ မြန်မာနိုင်ငံတွင်းက အဖြစ်အပျက်တွေ ကြောင့်လည်း အောင်ဆန်း စုကြည်နဲ့ မြန်မာ အစိုးရနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကို တိုးပွားစေတယ်။ သူ့ကို အကျဉ်းချတာကြောင့် သာမကဘူး သူ့ကို ရန်ကုန်မြို့ ပြင်ပကို သွားလို့ မရအောင် တားဆီးတာ၊ နောက်ဆုံး ၂၀၀၃ မေလ ဒီပဲယင်း အရေးအခင်း ဖြစ်တာတွေကြောင့် စိုးရိမ်မှုတွေ ဖြစ်စေခဲ့တယ်။ နောက်တစ်ခါ ၂၀၀၇ သံဃာ့ အရေးအခင်းမှာ သံဃာတွေကို ရိုက်နှက် ပစ်ခတ် နှိမ်နင်းခဲ့တာ၊ နှစ်ရှည် ထောင်ဒဏ်တွေ ချခဲ့တာနဲ့ ၂၀၁၀ မှာ ယက်တောကိစ္စနဲ့ ပတ်သက်ပြီး အောင်ဆန်းစုကြည်ကို အကျဉ်းချ ခဲ့တာတွေ ကြောင့်လည်း ပိုပြီး စိုးရိမ်စေပါတယ်။
ဆက်ရန်

ပိထောက်မြေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...