ဂိမ်းသီအိုရီ၊ အခြေအနေမှန်နှင့် ကစားပွဲများ
ပုစ္ဆာတစ်ပုဒ်နဲ့ စလိုက်ရအောင်။
ဟိုတယ်တစ်ခုကို လူသုံးယောက် ဝင်လာပြီး ဧည့်ကြိုဆီမှာ အခန်းတစ်ခန်း ငှားချင်တယ်လို့ ပြောလိုက်တယ်။ အခန်းခက ပြား ၃၀ (အခုခေတ်မှာ မရနိုင်ပေမဲ့ တွက်လို့ လွယ်အောင် ပြား ၃၀ ပဲထား လိုက်ပါတော့) ကျတယ် ဆိုတော့ တစ်ယောက် ၁၀ စီ ပေးလိုက်သတဲ့။
နောက်ပိုင်းကျမှ ဧည့်ကြို မိန်းကလေးက တွက်ကြည့်တော့ အခန်းခ တကယ်တန်း ကျတာက ၂၅ပြား (တစ်မတ်)ပဲ ကျတယ်ဆိုတာ သိလိုက်ရတယ်။ ဒါနဲ့ ဟိုတယ် အကူ ဝန်ထမ်းလေးကိုခေါ်၊ တစ်ပြားစေ့ ငါးစေ့ ပေးလိုက်ပြီး ဟိုလူ သုံးယောက်ကို ပြန်ပေးဖို့ ပြောလိုက်တယ်။
အကူဝန်ထမ်းလေးက ဒီငါးပြားကို ဟိုလူ သုံးယောက်ကို ဘယ်လို ပြန်ခွဲပေး ရမလဲဆိုတာ စဉ်းစားမရ ဖြစ်သွားတယ်။ ဒါနဲ့ မထူးပါဘူးလေ ဆိုပြီး နှစ်ပြားကို ဘောက်ဆူး အနေနဲ့ ယူထားလိုက်ပြီး ဟိုလူ သုံးယောက်ကို တစ်ယောက် တစ်ပြားစီ ပြန်ပေးလိုက်တယ်။ ဟိုတယ်ခက ၂၇ ပြားကျတာမို့ သုံးပြားကို တစ်ယောက် တစ်ပြားစီ ပြန်လာ အမ်းတာပါလို့ ပြောလိုက်သတဲ့။
ပြဿနာက စပါပြီ။ ကျွန်တော်တို့ ပြား ၃၀ နဲ့စလိုက်တာ။ ဟိုလူ သုံးယောက်က တစ်ယောက် တစ်ပြားစီ ပြန်ရတော့ တစ်ယောက် ကိုးပြားစီ ကျတဲ့ သဘောပေါ့။ စုစုပေါင်း ၂၇ပြား ကုန်သွားတာပေါ့။ အကူဝန်ထမ်း ကောင်လေးက နှစ်ပြား ဘုန်းထားလိုက်တယ်။ ဒီတော့ စုစုပေါင်း ၂၉ပြား ကျတယ်။ ပထမက ပြား၃၀ ဆိုတော့ တစ်ပြား ဘယ်ရောက်သွားလဲ။
ဘယ်လို ဖြစ်သွားတာလဲ။ ပြန်ဖတ်ကြည့်ပြီး ပြန်စဉ်းစားပါဦး။ စောင့်နေပါ့မယ်။
လူတွေ မှားတတ်ကြတဲ့ အမှားက အသားတင် ပြား ၃၀ ထဲက ပျောက်သွားတဲ့ တစ်ပြားကို ရှာဖို့ ကြိုးစား တာပဲ။ ပြား ၃၀ ပြည့်အောင် ဘယ်လို လုပ်ရပါ့မလဲ ဆိုတာနဲ့ပဲ ခေါင်းခြောက် သွားနိုင်တယ်လေ။ ဒါဟာ ဒီကစားပွဲ (ဂိမ်း)ကို ကိုင်တွယ် ချဉ်းကပ်ပုံ မှားယွင်းနေလို့ပါ။
ဒါက ဂိမ်းသီအိုရီရဲ့ ဥပမာ တစ်ခုပါ။ ဂိမ်းစစဉ်က ပြား ၃၀နဲ့စတယ်။ ဒါပေမယ့် အခန်းခက ၂၅ပြား (တစ်မတ်) ဖြစ်သွားတယ်။ ပြား ၃၀ မဟုတ်တော့ဘူး။ ဒီမှာတင် ကစားပွဲရဲ့ ဥပဒေသတွေ (Rules of Game) ပြောင်းသွားပြီ။ ဒါကြောင့် ပြား ၃၀ အကြောင်း မေ့လိုက်ပြီး တစ်မတ်နဲ့ ပြန်တွက်မှ ဒီဂိမ်းကို အဖြေထုတ်လို့ ရမယ်။
အခြေအနေ ပြောင်းသွားတဲ့ အခါမှာ ကျွန်တော်တို့က ပြောင်းသွားတဲ့ အခြေအနေပေါ် မူတည်ပြီး တွက်နိုင်မှ အဖြေရှာလို့ရမှာ။
အခန်းခက တစ်မတ်၊ အကူဝန်ထမ်းလေးက နှစ်ပြားဘုန်းသွားတယ်။ ဒီတော့ ၂၇ပြား ကျသင့်တယ်။ ဟိုလူတွေက ပထမ ပြား၃၀ ကျတာကနေ သုံးယောက်ပေါင်း သုံးပြားပြန်ရတော့ ၂၇ပြားပဲ ကုန်တာပေါ့။ ဒါဆို သူတို့ ကုန်တာ၊ ဟိုတယ်နဲ့ အကူကောင်လေးရတာ နှစ်ဖက်မျှခြေက ၂၇ပြားစီနဲ့ ညီသွားပြီ။ တကယ်တမ်းက တစ်ပြားပျောက် မသွားပါဘူး။
ပြား ၃၀ကို မေ့လိုက်ပါတော့။ အခြေအနေမှန်က တစ်မတ်ကို အခြေခံ တွက်ရမှာကိုး။
ဂိမ်းအပြောင်းအလဲ ဖြစ်သွားတဲ့အချိန်မှာ အရင် အခြေအနေတွေကို ထားလိုက်ပြီးတော့ အခြေအနေသစ်ကို လက်ခံမှ ရမယ်။ ကစားပွဲရဲ့ ဥပဒေသက အပြောင်းခံလိုက်ရပြီ။ ဒါကို မကျေနပ်ရင်တော့ ဥပဒေသ အသစ် ဖန်တီးနိုင်ရင် ဖန်တီးပေါ့။ ဧည့်ကြိုဆီမှာ ၂၄ပြားနဲ့ ရအောင် သွားဆစ်ပြီး တစ်ယောက် နှစ်ပြား ခွဲယူနိုင်ရင် ယူပေါ့။ ဒါတောင် အကူ ကောင်လေး နှစ်ပြားဘုန်းထားတာ သိပြီး ပြန်တောင်းရဦးမှာ။
ဂိမ်းသီအိုရီဟာ ကျွန်တော်တို့ရဲ့ နေ့စဉ် ဘဝတွေမှာ အဖြေရနိုင်ဖို့ ခွဲခြမ်းစိတ်ဖြာ လေ့လာတဲ့အခါ နိုင်ငံရေး၊ လူမှုရေးနဲ့ ဘယ်ကိစ္စကို မဆို နားလည်နိုင်ဖို့၊ အစီအစဉ် ချဖို့တွေမှာ သုံးလို့ရပါတယ်။
ဇင်ဘာဘွေနိုင်ငံ အခြေအနေကို ပြဿနာ တစ်ရပ်အနေနဲ့ စဉ်းစားကြည့်ပါ။ ရွေးကောက်ပွဲမှာ အတိုက်အခံ ခေါင်းဆောင် ဆဗန်ဂီရိုင်း နိုင်တယ်လို့ အစောပိုင်းက သတင်းထွက်တယ်။ နောက်ပိုင်း တရားဝင် ရလဒ်တွေ ထွက်လာတဲ့ အခါကျတော့ လက်ရှိသမ္မတ မူဂါဘီနဲ့ ဆဗန်ဂီရိုင်း မဲမပြတ်ဘူး။ ပြန်ပြိုင်ရမယ်လို့ ဖြစ်လာတယ်။
ဒါပေမယ့် မဲအလိမ် ခံရတယ်ဆိုပြီး ဆဗန်ဂီရိုင်းက ထပ်မပြိုင်ဘူး။ အခြေအနေတွေ ရှုပ်သွားတယ်။ နောက်ပိုင်းကျတော့ အာဖရိက နိုင်ငံတွေရဲ့ ကြားဝင်စေ့စပ်မှုနဲ့ မူဂါဘီက သမ္မတဆက်လုပ်၊ ဆဗန်ဂီရိုင်းက ဝန်ကြီးချုပ် လုပ်ဆိုပြီး တာဝန်ကို ခွဲယူကြဖို့ ဖြစ်လာတယ်။ ဆဗန်ဂီရိုင်းက အစက လက်မခံဘူး။
လက်မခံရတဲ့ အကြောင်းအရင်းက ရှင်းပါတယ်။ ပြည်သူတွေက ကိုယ့်ကို မဲပေးတာက ကိုယ်ဝန်ကြီးချုပ် ဖြစ်အောင်လုပ်ဖို့ သက်သက်ပေးတာ မဟုတ်ဘူး။ ကိုယ်က ကိုယ့်ပြိုင်ဘက်နဲ့ ပေါင်းပြီး ခွဲစားလိုက်ရင် ကိုယ့်ကို ထောက်ခံတဲ့ သူတွေကို အသုံးချပြီး နိုင်ငံရေးမှာ ဝေစားမျှစား လုပ်တယ် ဖြစ်သွားမှာပေါ့။ အမှန်တရားအတိုင်း ဖြစ်အောင် လုပ်ယူရမှာပေါ့။
ဒါက ပုံမှန်နိုင်ငံရေး ကစားပွဲတွေရဲ့ ဥပဒေသ ဆိုပါတော့။ ဇင်ဘာဘွေမှာ ကျတော့ ဒီလို မဟုတ်ဘူး။ ဥပဒေသက အကြောင်းအကြောင်း တွေကြောင့် ပြောင်းသွားတယ်။ တိုင်းပြည်မှာ စားစရာ မရှိဘူး။ ဝမ်းပျက် ဝမ်းလျှောရောဂါက ကူးစက်ရောဂါလို တစ်နိုင်ငံလုံး ပြန့်နေတယ်။ တိုင်းပြည်တွင်းမှာ ညီညွတ်မှု မရှိမခြင်း နိုင်ငံတကာ ကလည်း အကူအညီတွေ ပေးမှာမဟုတ်ဘူး။ ဆဗန်ဂီရိုင်း အနေနဲ့လည်း သူ့ကို ရွေးခဲ့တဲ့ ပြည်သူတွေ အတွက် လုပ်ပိုင်ခွင့် မရှိရင် ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒီတော့ ဝန်ကြီးချုပ် လုပ်ဖို့ပဲ လက်ခံလိုက်ပြီး တိုင်းပြည်ကို ဒုက္ခတွင်းက လွတ်အောင် တတ်နိုင်သမျှ လုပ်မယ်ဆိုတဲ့ လမ်းပဲ ရွေးလိုက်ရတယ်။
တစ်ခါတရံ ကျတော့ ကစားပွဲရဲ့ ဥပဒေသအရ ထွက်လာတဲ့ အခြေအနေမှန်ဟာ အမှန်တရားတော့ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမယ့် ဒီကစားပွဲရဲ့ ဥပဒေသကို ပြောင်းမပစ်နိုင်ဘူး ဆိုရင်တော့ ဒီအတိုင်းပဲ ကစားရ တော့မယ်။ မကစားချင်လည်း မကစားဘဲ ဘေးထွက်နေပေါ့။ အပေါ်က ပုစ္ဆာအရ ပြောရရင် တစ်မတ်ကို လက်ခံမှ ကစားလို့ ရမယ်။ ဒီကြားထဲ နှစ်ပြားဝင်ဘုန်းတဲ့ ကောင်တွေနဲ့လည်း တွေ့နိုင်တာပဲ။
တချို့ဂိမ်းတွေ ကျတော့ ခုနက ဟိုတယ်အခန်းငှားတဲ့ ပုစ္ဆာလို မဟုတ်ဘူး။ ဟိုလူသုံးယောက်က ပြား ၃၀ ပေးပြီး ဒီအခန်းကို ငှားလိုက်ကတည်းက ဒီကစားပွဲကို ကစားရတော့မယ်။ အစောပိုင်း ကတည်းက ပြား ၃၀ကို မကျေနပ်ရင် တခြားမှာ သွားငှားပေါ့။ ငှားပြီးမှတော့ တစ်မတ် ဖြစ်သွားတာ၊ အကူ ကောင်လေးက နှစ်ပြား ဘုန်းထားတာ လက်မခံဖို့ ခက်သွားပြီ။ တစ်ယောက် တစ်ပြား ပြန်ရတာပဲ ကျေးဇူး တင်ရဦးမယ်။ ဒီဂိမ်းမှာက အပြန်အလှန် ဥပဒေသတွေ သတ်မှတ်ဖို့ ခက်တာကိုး။ တချို့ဂိမ်းတွေ ကျတော့ အပြန်အလှန် သတ်မှတ်ကြတဲ့ ကစားပွဲ ဥပဒေသတွေ (Rules of Game)နဲ့ ပိုရှုပ်လာတယ်။ အမေရိကန်ရဲ့ မူဝါဒ အပြောင်းအလဲ တွေနဲ့လည်း ဥပမာ ကြည့်ကြရအောင်။ ဘုရှ် လက်ထက်တုန်းက မူဝါဒက ရှင်းတယ်။ မြောက်ကိုရီးယား၊ အီရန်၊ အီရတ်၊ ဆီးရီးယား မိစ္ဆာဝင်ရိုးတန်း နိုင်ငံတွေ။ တိုက်ရိုက်ဆွေးနွေးစရာ အကြောင်းမရှိဘူး။ ချစရာရှိရင် ချမယ်။ အိုဘားမား လက်ထက်ကျတော့ ဒီလိုမဟုတ်ဘူး။ စားပွဲဝိုင်းပေါ်မှာ ညှိကြမယ် ဆိုတာမျိုး ဖြစ်လာတယ်။ အမေရိကန်ဟာ သူပြောချင်တာချည်း ပြောနေတာမျိုး မဟုတ်ဘဲနဲ့ သူများ ပြောတာလည်း နားထောင်ပြီးမှ အလုပ်လုပ်မယ် ဆိုတာမျိုး ဖြစ်လာတယ်။ ဘုရှ်လက်ထက်က အဆက်အသွယ် မလုပ်ဘဲ ထားခဲ့တဲ့ နိုင်ငံတွေကိုပါ ကျေလည်အောင် ဆွေးနွေး ကြမယ်။ အရင်တုန်းက မူဝါဒတွေ ပြန်သုံးသပ်မယ် ဆိုပြီး ဖြစ်လာတယ်။ ဒါက ဂိမ်းပြောင်းသွားတာ။ အမေရိကနဲ့ ကမ္ဘာကြီးနဲ့ ကစားတဲ့ ဂိမ်းမှာ ဥပဒေသတွေ ပြောင်းသွားတာ။ မိတ်ဆွေ မဟုတ်ရင် ရန်သူဆိုတာမျိုး မဟုတ်တော့ဘူး။
တစ်ခု ရှိတာက ဒီဂိမ်းမှာက အပြန်အလှန် ချမှတ်တဲ့ ဥပဒေသတွေ ရှိတာ။ အမေရိကန် ချပေးထားတဲ့ ဥပဒေသ အတိုင်း အခြားနိုင်ငံတွေက ကစားမှာ မဟုတ်ဘူး။ သူတို့ကလည်း သူတို့ဘယ်လို ကစားမလဲ ဆိုတာ ရွေးကြဦးမှာ။
အခုဆိုရင် အီရန်ကိုကြည့်။ အမေရိကန်နဲ့ ဆွေးနွေးမယ်လို့လည်း ပြောပေမယ့် နျူကိစ္စကိုလည်း ရပ်သေးတာတော့ မဟုတ်ဘူး။ မြောက်ကိုရီးယား ဆိုလည်း ပိုတောင် သဘောထား တင်းလာသေးတယ်။ ဒါပေမယ့် ရုရှားတို့၊ ဆီးရီးယားတို့၊ အာရပ်ကမ္ဘာ တစ်ခုလုံးနဲ့ ဆက်ဆံရေးတို့ မှာကျတော့ အတိုင်းအတာ တစ်ခုအထိ ပြေလည် နိုင်မယ့် အခြေအနေ ရောက်လာတယ်။ အမေရိကန်ရဲ့ ကစားပွဲ ဥပဒေသသစ်က သူတို့ ဝင်ကစားလို့ ဖြစ်နိုင်မဲ့ အခြေအနေ ရှိတာကိုး။ အားလုံး ကောင်းပါသတည်း ဆိုတဲ့ ရလဒ်မျိုး ထွက်လာဖို့ ကျတော့ ကစားပွဲ ဥပဒေသ သက်သက်နဲ့ ဖြစ်မှာ မဟုတ်ဘူး။ ဝင်ကစားတဲ့ သူတွေနဲ့ပဲ ဆိုင်သွားပြီ။
ဂရိတွေးခေါ်ပညာရှင်ကြီး ဟီရာကလိတပ်စ်က အပြောင်းအလဲမှတစ်ပါး ဘယ်အရာမှ ရှင်ကျန် တည်တံ့တယ် ဆိုတာ မရှိဘူးလို့ ပြောခဲ့ဖူးပါတယ်။ ကစားပွဲရဲ့ ဥပဒေသတွေဟာ အမြဲတမ်း ပြောင်းနေဦးမှာပဲ။ ကစားပွဲရဲ့ ဥပဒေသကို ကိုယ်ကြိုက်သလို ပြန်ပြောင်းနိုင်မလား၊ ဒီအတိုင်းပဲ ဝင်ကစားမလား၊ မကစားဘဲ ဘေးထွက် ထိုင်မလား၊ ဝင်ကစားရင်းနဲ့ ပြောင်းနိုင်အောင် လုပ်မလား ဆိုတာတော့ စဉ်းစားစရာပဲပေါ့။
အခြေအနေမှန်ကတော့ ကစားပွဲရဲ့ ဥပဒေသဟာ ပြောင်းသွားပြီ ဆိုတာပါပဲ။
ရည်ညွှန်း။ ။Bangkokpost မှဆောင်းပါးရှင်Voranai Vanijaka ၏ဆောင်းပါး၊ကမ္ဘာ့သတင်းများနှင့် Jorgen W.Weibull “Evolutionary Game Theory ကို ဆင့်ပွားတွေးခေါ် ကိုယ်တိုင် ရေးသားခြင်းဖြစ်ပါသည်။
ဇေ၀င်းနောင်

0 comments:
Post a Comment