ရာဟုလာ သို့မဟုတ် ဝေဒနာများနဲ့ ပန်းချီဆရာ
by ဗမာပြည်ဖွား ညီနောင်များ on Sunday, July 3, 2011 at 9:47pm
ခြံဝန်းရှေ့တွင် ရပ်လိုက်ပြီး ခြံထဲသို့ လှမ်းအကြည့်တွင် အဘိုးအိုတဦး ဒရင်းမ်ဘတ် (ပက်လက်ကုလားထိုင်) ပေါ်တွင် စောင့်ကြောင့်ထိုင်ကာ စာဖတ်နေသည့် မြင်ကွင်းက ဖမ်းစားလိုက်သည်။
စွပ်ကျယ်လက်ပြတ်နှင့် ကွက်စိတ်ပုဆိုး အစိမ်းရောင် ၀တ်ထားပြီး စာအုပ်တအုပ်ကို သဲကြီး မဲကြီး ဖတ်နေသည့် အဘိုးအို၏ ရှေ့တွင် ရေးဆွဲလက်စ ပန်းချီကားတချပ် ရှိနေ၏။ ဒရင်းမ်ဘတ်ဘေး မြေကြီးပေါ်တွင် ခုံကလေးဖြင့် တင်ထားသော စုတ်တံတချို့နှင့် ဆေးဘူးများ ရှိနေသည်ကိုလည်း ခြံအပြင်ဘက်မှ လှမ်းမြင်နေရသည်။
အသားညိုညို မျက်နှာဝိုင်းဝိုင်းနှင့် အသက် ၅၀ ကျော်အရွယ် ခပ်၀၀ အမျိုးသမီးကြီးတဦးက တံခါး လာဖွင့်ပေးသည်။ ပန်းချီဆရာကြီး ရာဟုလာ၏ဇနီး ဒေါ်မြ၀င်းဖြစ်သည်။
ဆရာကြီး၏ ဇနီးသည်က အိမ်ရှေ့ရှိ ပန်းချီပြခန်း တံခါးကို ဖွင့်ပြီး ကြိုဆိုလိုက်သောကြောင့် ခပ်သေးသေး ပန်းချီပြခန်းကလေးကို စိတ်ဝင်စား မိသွားသည်။
ဆေးအဖြူရောင်သုတ် ၀ါးထရံများဖြင့် ဆောက်လုပ်ထားသော ပန်းချီပြခန်းတွင်းဝယ် ပန်းချီကားများကို ခပ်ကျဲကျဲ အဆင်ပြေစွာ ချိတ်ဆွဲထားသည်။ အခန်းထောင့် တနေရာတွင်တော့ ၁၄ လက်မ အရွယ်အစား ရုပ်မြင်သံကြား စက်တလုံးနှင့် ပန်ကာ တလုံး ရှိနေသော်လည်း ကျန်ပစ္စည်းများကတော့ ပန်းချီဆရာတယောက်၏ ပုံမှန် အသုံးအဆောင်များသာ ဖြစ်သည်။
ပန်းချီပြခန်းကလေး၏ နောက်တွင် ပန်းချီဆရာကြီးရာဟုလာ၏ ပုံတူကြီးတကား ချိတ်ဆွဲထားသော ပန်းချီဆရာနေထိုင်သည့် ခပ်သေးသေး ခြေတံရှည် အိမ်ကလေး ရှိသည်။ ထိုအိမ်ကလေးကိုလည်း ဆေးအဖြူရောင် သုတ်ထားသော ၀ါးထရံဖြင့်သာ ဆောက်လုပ်ထားသောကြောင့် အမြင်ရှင်းသန့်သည်။ ဆေးရနံ့ ကတော့ အနည်းငယ် ပျံ့လွင့်နေသည်။
ထိုပန်းချီပြခန်း၏ဘေး အိမ်ကလေး၏ မျက်စောင်းထိုးတွင် အရိပ်ရ အပင်ကြီးတပင်ရှိသည်။ ထိုအပင်အောက်တွင် ပန်းချီဆရာကြီးက ဒရင်းမ်ဘတ်ခင်းကာ နေလေ့ရှိကြောင်း ဇနီးဖြစ်သူက ပြောပြသည်။
လည်ချောင်း ကင်ဆာရောဂါကြောင့် လည်ပင်းတွင် အပေါက်ဖောက်ပြီး ခဲရာခဲဆစ် အသက်ရှူ နေရသည့် အရိုးအပြိုင်းပြိုင်းနှင့် အသက် ၆၉ နှစ်အရွယ် ပန်းချီဆရာကြီး ရာဟုလာရှေ့သို့ ရောက်သွားချိန်မှာတော့ ပန်းချီဆရာက ဖတ်လက်စ စာအုပ်ကိုဘေးသို့ချကာ နွေးထွေး သန့်စင်သော မျက်လုံးများဖြင့်ကြည့်ရင်း ပြုံးပြ နှုတ်ဆက်သည်။
လွန်ခဲ့သော ၁ နှစ်နှင့် ၄ လ ၀န်းကျင်ကတည်းက လည်ချောင်းကင်ဆာ ရောဂါကို သိရှိပြီး ဝေဒနာ ခံစားနေရခြင်း ဖြစ်ကြောင်း၊ ၎င်း သေဆုံးရမည်ကို သိပြီး ချိန်ကတည်းက ပိုတည်ငြိမ်လာပြီး ပန်းချီကားများ ဆက်တိုက် ရေးဆွဲနေခဲ့ခြင်း ဖြစ်ကြောင်း ပန်းချီဆရာ၏ ဇနီးသည် ဒေါ်မြ၀င်းက ပြောပြသည်။
မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့် သတင်းကြားချိန်တွင် မခံစားနိုင်တော့သဖြင့် ပန်းချီကားတချပ် ရေးဖြစ်ခဲ့သည်ဟု ပြောပြပြီး ပြခန်းထဲရှိ သူ့ပန်းချီကားကို ဇနီးအား ယူခိုင်း၍ ပြသည်။
ပန်းချီကားက အကျဉ်းထောင်ထဲတွင် ခြေချင်းခတ် အကျဉ်းသား နှစ်ဦးနှင့် တခြားအကျဉ်းသားများတို့ ကြမ်းပြင်ပေါ်တွင် လဲနေသော ပုံဖြစ်သည်။ အနီရောင်၊ အပြာရင့်၊ အပြာနု၊ မရမ်းစေ့ရောင်တို့ကို ရောစပ် ရေးချယ်ထားသောကြောင့် ပန်းချီကားက အားကောင်းစွာ ဖမ်းစားသည်။
“လွတ်ငြိမ်းချမ်းသာခွင့် သတင်းကြားရတော့ အကျဉ်းသားတွေအတွက် စိတ်မကောင်းဖြစ်လွန်းလို့ မခံစားနိုင်တော့ဘူး။ ထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေကို မြင်လာပြီး ကားရေးပါတယ်” ဟု ပန်းချီဆရာကြီးက ခဲရာခဲဆစ် အသက်ရှုလိုက်၊ နားလိုက် တလုံးချင်း ပြောပြသည်။
စကားပြောလိုက်တိုင်း လည်ပင်းတွင် ဖောက်ထားသော အပေါက်မှ လေတရှဲရှဲ ထွက်နေသော်လည်း ပန်းချီဆရာကြီးမှာ အားယူပြီး စိတ်ပါလက်ပါနှင့် နိုင်ငံရေးကြောင့် သူထောင်ကျခဲ့ရသော ၇ နှစ်တာ ကာလအကြောင်းကို ပြောပြသည်။
သူ့ အမည်ရင်းမှာ ဦးအောင်မြင့် ဖြစ်ပြီး ရွှေဘို ဇာတိဖြစ်သည်။ သူသည် ၁၉၅၇ ခုနှစ် ၅ တန်း ကျောင်းသား ဘ၀ကတည်းက နိုင်ငံရေးကို စိတ်ပါဝင်စားခဲ့ပြီး ကွန်မြူနစ်ဝါဒကို သက်ဝင်ယုံကြည်သူ သခင်စိုး၏ တပည့်ဖြစ်ခဲ့ကြောင်း ပြောပြသည်။
၁၉၆၂ ခုနှစ်တွင် နိုင်ငံရေးမှုဖြင့် အင်းစိန်ထောင်တွင် ၄ နှစ်၊ ကိုကိုးကျွန်းတွင် ၃ နှစ်နှင့် ၂ လ အကြာ နေထိုင် ခဲ့ရသည်ဟု ဆိုသည်။
သူသည် ပန်းချီဆရာအဖြစ် ပင်ပန်း ဆင်းရဲကြီးလှစွာ ရပ်တည်ခဲ့ရသူလည်း ဖြစ်သည်။ ရွှေဘိုမြို့တွင် ဘယ်ပန်းချီ ဆရာမှ မလုပ်ခဲ့ဘူးသော အလုပ်ပေါင်းစုံကို လုပ်ခဲ့ရသူဖြစ်ပြီး ပန်းချီကား များကို စိတ်ရှိတိုင်း လျှောက်ရေးခဲ့သူ ဖြစ်ကြောင်း ပြောပြသည်။
“လူတွေကတော့ ရူးတယ်ပြောကြတယ်။ ရောင်းရမယ့် ကားတွေ မရေးဘူး၊ ဘာတွေ လျှောက်ရေးမှန်း မသိဘူးလို့ အမြဲပြောတယ်။ ကျနော်က အခုအချိန်ထိ စိတ်ထဲ ရှိတာပဲ ရေးတယ်။ လူတွေက ကျနော့်ကို ပန်းချီဆရာ အဖြစ်တောင် အသိအမှတ်မပြုပါဘူး။ အရူးပဲ လို့တောင်ပြောကြတယ်” ဟုပြောရင်း ရယ်သည်။
သူက ပန်းချီကို ၀ါသနာပါသောကြောင့် ပန်းချီဆရာအဖြစ် ရပ်တည်နိုင်ရေးအတွက် ကားနံပါတ်ကအစ၊ ဆိုင်းဘုတ်များအဆုံး ရေးရင်း အသက်မွေးဝမ်းကျောင်း ခဲ့ရသည်။ ဖခင်ဖြစ်သူက ခြံဝယ်ပေးကာ စိုက်ပျိုးရေး လုပ်ခိုင်းသော်လည်း သူက ဆိုက်ကားနင်း၍ ပန်းချီရေးခဲ့ကြောင်း ပြောပြသည်။
“ဒီကြားထဲမှာ ဆိုက်ကားနင်းရင်း၊ ဈေးရောင်းရင်း ပင်ပန်းပါတယ်ဗျာ။ ကုန်ကုန်ပြောရင် အရက်တောင် ချက်ရောင်းခဲ့ရတဲ့ ဘဝတွေ။ အဲဒါက ဒီဘက်က ဘဝပေးတဲ့ ဝမ်းစာလို့သတ်မှတ်ပါတယ်။ ကျနော်တို့မှာ စားစရာမရှိလို့ ကျောင်းတွေ၊ ဘုရားပွဲတွေက အိမ်သာ တွေမှာ ကျား၊ မ လို့လည်း လိုက်ရေးရပါတယ်” ဟု သူက ဆိုသည်။
ပန်းချီရာဟုလာ ရေးသော ကားတိုင်းတွင် သူ့ဘ၀ အစိတ်အပိုင်းများနှင့် သူ့ခံစားချက်များ ပါဝင်နေသည်။ ခံစားရတိုင်း ပန်းချီကားရေးသော သူသည် လွန်ခဲ့သော ၇ နှစ် ကျော်ခန့်က ရန်ကုန်တွင် ပြပွဲတပွဲ လုပ်ဖြစ်လိုက်သောကြောင့် ထိုက်သင့်သော အောင်မြင်မှု ရရှိခဲ့ကြောင်း ပြောပြသည်။
ရန်ကုန် ဆီဒိုနားဟိုတယ်တွင် တကိုယ်တော်ပြပွဲ ကျင်းပဖြစ်ခဲ့ခြင်းမှာ အဆိုတော် ဇော်ဝင်းထွဋ်ကြောင့်ဟု သိရသည်။ ဇော်ဝင်းထွဋ် မင်းကွန်းတွင် ကျောင်းလာဆောက်ရင်း ခင်မင်သွားခဲ့ပြီး နောက်ပိုင်း ၂၀၀၄ ခုနှစ်က ဆီဒိုနား ဟိုတယ် မင်းတုံးခန်းမတွင် တနှစ်တာလုံး သူ့ပန်းချီကားများ ပြခဲ့ရကြောင်း၊ ဆီဒိုးနားတွင် ပြရသောကြောင့် ၀မ်းသာပြီး အဆိုတော်ကို ကျေးဇူး တင်ခဲ့ကြောင်း၊ သို့သော် စာပေစိစစ်ရေးက ပန်းချီကားတချို့ကို ဖြုတ်ခိုင်းခဲ့သောကြောင့် လွတ်လပ်မှု မရှိခဲ့ကြောင်း၊ ဆီဒိုးနား ဟိုတယ်က ပြပွဲကို ဆင်းရဲသား ပြည်သူများ လာရောက် မကြည့်ရှုနိုင်သောကြောင့် သဘောမကျကြောင်း သူက ဆိုသည်။
သူက ပန်းချီကားများကို ပြပွဲများတင်ကာ တကားလျှင် ငွေကျပ်သိန်းနှင့်ချီ ရောင်းချချင်သော ပန်းချီဆရာမျိုး မဟုတ်ပေ။ သူ့ ပန်းချီကားများကို မ၀ယ်နိုင်သော်လည်း ကြည့်ချင်သော ဆင်းရဲသား ပြည်သူများကို ပြချင်သူ၊ လမ်းဘေး ပလက်ဖောင်းတွင် ချပြချင်သူ၊ ပိုက်ဆံမရှိ သော်လည်း နယ်ပြပွဲများ လုပ်ပြီး ပန်းချီကားများကို တကယ်လိုချင်သူအား အခမဲ့ပေးချင်သူ ဖြစ်ကြောင်း ပြောပြသည်။
“ရန်ကုန်မှာ ပန်းချီကားတချပ်ကို ငွေကျပ် ၂ သိန်း၊ ၃သိန်း၊ လေးငါးသိန်းနဲ့ ရောင်းနေကြတော့ ကျနော် တော်တော် ကြောက်သွားတယ်။ ပန်းချီဆရာတွေ အတွက်လည်း စိတ်ပူမိပါတယ်” ဟု ပန်းချီဆရာကြီးက တွေးတွေးဆဆ ဆိုသည်။
အနုပညာ မပါသော ပန်းချီကားများရေးခြင်းဖြင့် ပြည်သူကို မညာချင်ကြောင်းလည်း သူက ရှင်းပြသည်။
“ပြောချင်တာက အနုပညာမှာ နည်းပညာတွေ၊ လိုင်းတွေ၊ မာနတွေ၊ ပညာပြချင်တာတွေ လွှမ်းသွားရင် အနုပညာ ဆိုတဲ့ဟာ မရနိုင်ဘူး။ စုတ်တံနဲ့ပဲရေးရေး၊ ဒီ့ပြင် ပစ္စည်းတွေ၊ ဆေးတွေနဲ့ရေးရေး ခံစားရတာတွေနဲ့ ပေါင်းရေးမှသာ အနုပညာ တခုကို ရနိုင်ပါတယ်။ ဒီကိစ္စမှာ လိပ်ပတ်လည်အောင် ပြောရတာ တော်တော် ခွကျတယ်ဗျာ။ ပန်းချီရေးတာ၊ အရုပ်ရေးရတာ မခက်ဘူးဗျ။
ကလေးတွေ သင်ရင်တောင် တတ်တယ်။ တကယ်ရေးရင် တော်တော်ခက်တာ။ ရေးတိုင်းလည်း မရနိုင်ပါဘူး။ ပန်းချီရေးတာ ရိုးသားမှ ရတယ်၊ အကျိုး မျှော်ကိုးလို့လည်း မရဘူး” ဟု သူက ပြောသည်။
ပင်ပန်း ခက်ခဲစွာဖြင့် စကားပြောနေရသည့် သူ့ကို မြင်ရသူတိုင်းအတွက် စိတ်မသက်သာဖွယ်၊ စိတ်မကောင်းဖြစ်ဖွယ် ခံစားကြရ သော်လည်း သူကတော့ ဝေဒနာကြားကပင် တက်ကြွစွာဖြင့် ဆက်ပြောချင်နေဆဲ ဖြစ်သည်။
“ဒီဘက် နောက်ပိုင်းကတော့ ဝေဒနာတွေချည်းပါပဲ။ ဒီပဲယင်း အရေးအခင်းဖြစ်တယ်၊ ကျနော်က မနေနိုင်တော့ဘူး။ ကြားရတော့ မျက်စိထဲမှာ ပုံရိပ်တွေ ထင်လာပြီး ရေးတော့တာပဲ။ ရန်ကုန်မှာ ကျောင်းသားတွေ ပြဿနာ တက်တယ် ကြားရတယ်၊ ဘုန်းကြီးတွေ လမ်းပေါ်တက်ပြီး မေတ္တာပို့ကြတာ ကြားရတယ်။ ကျနော် မခံနိုင်တော့ဘူး။ ကျနော့် ကားတွေ နည်းတာ မဟုတ်ဘူး ရေးဖြစ်ပါတယ်” ဟု ပန်းချီဆရာက ပြောရင်း ချောင်းဆိုးလာသောကြောင့် အနီးရှိ ယပ်ခတ်ပေးနေသော ဇနီးသည်က ရေခွက် ကမ်းပေးကာ ရေတိုက်သည်။
စကားဆက်မပြောနိုင်လောက်အောင် ချောင်း ဆက်တိုက် ဆိုးလာသောကြောင့် ရေသောက်ရင်း အနားယူနေရသော ခင်ပွန်းသည် ကို ပြုစုပေးရင်း ဇနီးဖြစ်သူက ပန်းချီဆရာကြီးအကြောင်း ဆက်ပြောပြသည်။
“ရွှေဘိုကနေ မင်းကွန်း ဒီမှာ အခြေချပြီးတော့ ပန်းချီရေးတာနဲ့ လုပ်ကိုင်စားသောက်ကြတာ။ သားအကြီးကလည်း သူ့အဖေလို ပန်းချီဆွဲတာပဲ။ သားအလတ်က မြို့မှာ စန္ဒရားတီးတာ၊ မောင်ငြိမ်းချမ်းတဲ့။ သမီးငယ်ကတော့ သူနာပြုဆရာမ။ သူတို့ လုပ်စာနဲ့ သူတို့ပဲ။ အခုတော့ သူက လည်ချောင်း ကင်ဆာဖြစ်ပြီးကတည်းက ဆေးရုံတက်ရ၊ လည်ချောင်းခွဲရနဲ့ ကျန်းမာရေး မကောင်းတဲ့ ကြားက ၀ါသနာတအားပါရှာတာ။ အိပ်ရင်တောင်မှပဲ ဖြောင့်ဖြောင့် မအိပ်ဘူး။ ကားရေးမပျက်ဘူး” ဟု ဒေါ်မြ၀င်းက ခင်ပွန်းသည်၏ ကျောဘက်မှ ယပ်တောင် ဖြည်းဖြည်း ခတ်ပေးရင်း ဆိုသည်။
ဒေါ်မြ၀င်းသည်လည်း သီချင်းအဆိုကောင်းသူ၊ အနုပညာ ဝါသနာကြီးသူ ဖြစ်ပြီး ပန်းချီဆရာ၏ ပါရမီ ဖြည့်ဖက်ကောင်း တဦး ဖြစ်သည်။
“အန်တီကတော့ သူ့ရဲ့ပါရမီကို ဖြည့်ရတာပဲ။ သူ ပန်းချီရေးရင် ပန်းချီဆေးခွက် ချပေးတယ်၊ ရေသွန်ပေးတယ်၊ စုတ်တံ ဆေးပေးတယ်၊ အဲဒီလိုပေါ့” ဟု ဒေါ်မြဝင်းက ပြောသည်။
လသာသော ညများတွင် မင်းကွန်းပုထိုးတော်ကြီးပေါ်သို့ တက်ပြီး ပန်းချီဆရာက တယောထိုးကာ ဇနီးသည်က သီချင်းဆိုကြောင်း၊ သားကြီးက ပန်းချီပညာအမွေ ယူ၍ ပန်းချီရေးသကဲ့သို့ သားလတ်ကလည်း အနုပညာ အမွေအဖြစ် စန္ဒရားဆရာ ဖြစ်လာသည့် အတွက် ကျေနပ်ကြောင်း ၎င်းက ဆက်ပြောသည်။
ပန်းချီဆရာက ယခုအခါ မင်းကွန်းရွာကလေးတွင်ပင် ပျိုးခင်းအိမ် အမည်ရှိ အခမဲ့ စာဖတ်ဝိုင်းကို ၂၀၀၇ ခုနှစ် ၀န်းကျင်ခန့်က စတင် ထူထောင်ပေး ထားသည်။ ထို့အပြင် ကျောင်းနေအရွယ် ကလေးများကိုလည်း နှစ်စဉ် လွယ်အိတ်၊ စာအုပ်၊ ခဲတံ စသဖြင့် စာရေးကိရိယာများ အခမဲ့လှူဒါန်းပေးလေ့ရှိကြောင်း သိရသည်။
ပျိုးခင်းအိမ် အခမဲ့ စာဖတ်ဝိုင်းကို စတင် တည်ထောင်စဉ်က မိသားစုပိုင် စာအုပ် ၃၁၂ အုပ်ဖြင့် စတင်ခဲ့သော်လည်း ယခုအခါ စာအုပ်ပေါင်း ၂၀၀၀ ၀န်းကျင် အထိ ရှိပြီ ဖြစ်ကြောင်း ဒေါ်မြဝင်းက ပြောပြသည်။
ဝေဒနာခံစားရင်း နောက်ဆုံးအချိန်ကို ပန်းချီဆွဲခြင်းဖြင့်သာ စောင့်မျှော်နေသည်ဆိုသည့် ပန်းချီဆရာကြီးက လက်ရှိ နိုင်ငံရေး ကာလကို ကြိုးစားနေဆဲကာလဟု အမည်တပ်သည်။
“လက်ရှိ နိုင်ငံရေးကတော့ ကြိုးစားနေဆဲ ကာလပါ။ ဒေါ်အောင်ဆန်းစုကြည်ကို အားပေး ထောက်ခံပါတယ်။ အခုလိုပဲ ဇွဲနဲ့ ကြိုစားပေးပါလို့ တိုက်တွန်းပါတယ်။ အမျိုးသား ရင်ကြားစေ့ရေး အောင်မြင်ပါစေဗျာ” ဟု သူက ပြောရင်း ရေးလက်စ ပန်းချီကားကို ဆက်ရေးနေသည်။
ကင်းဘတ်စ် အဖြူပေါ်တွင် သင်္ဘောကြီးတစင်းနှင့် ကျွန်းကလေး တကျွန်းပုံ ရေးလက်စ ပန်းချီကားမှာ ကိုကိုးကျွန်းကို သတိရ လာသောကြောင့် ရေးမိခြင်းဖြစ်ကြောင်း သိရသည်။
ပန်းချီဆရာကြီးသည် ဘ၀ပါသော၊ အနုပညာပါသော၊ နိုင်ငံရေးပါသော၊ ခံစားချက်များဖြင့် ချယ်မှုန်းသော ပန်းချီကားများအား ဆက်တိုက် ရေးသားရင်း သူ၏ နောက်ဆုံး ထွက်သက်ကို တည်ငြိမ်စွာ စောင့်ဆိုင်းနေသူဟု ဆိုရပေလိမ့်မည်။
ကြည်ဝေ(ဆောင်းပါး)
0 comments:
Post a Comment