Monday, July 4, 2011

အိပ်ဇိုးဒပ်(နိုင်ငံတခု မွေးဖွားခြင်း)

အိတ်ဇိုးဒတ် သို့မဟုတ် နိုင်ငံတစ်ခုမွေးဖွါးခြင်း ဆိုတဲ့စာအုပ်ကို အွန်လိုင်းမှာ လိုက်ရှာတော့ ဦးမင်းဒင်ရဲ့ ဘလော့မှာ သေချာရေးထားတာတွေ့လို့ ကိုယ်ဖတ်ချင်တဲ့နေရာလေးကိုပဲ ကော်ပီယူပြီးတော့ အများလည်းဖတ်လို့ရအောင် မြန်မာနိုင်ငံ စာပေစိစစ်ရေးကနေ တရားဝင်ကင်းလွတ်ခွင့် ရ...ခဲ့တဲ့ နေရာလေးကိုပဲ ပိုင်းခြားဖေါ်ပြလိုက်ပါတယ်။ မူရင်းပိုင်ရှင် စာရေးဆရာမင်းဒင်ရဲ့ မူရင်းပို့စ်နဲ့ မူရင်းရည်ရွယ်ချက်များကို ဖတ်ချင်သေးတဲ့သူများ ဒီလင့်ခ်မှာ သွားဖတ်နိုင်ပါသေးတယ်ခင်ဗျာ။ 
အပိုင်း ၁ - http://tiny.cc/3h6me
အပိုင်း ၂ - http://tiny.cc/ods77
___________________________________________________________________________
အောက်မှာဖော်ပြထားတာဟာ မောင်မိုးသူ ဘာသာပြန်တဲ့ အိပ်ဇိုးဒပ်(နိုင်ငံတခု မွေးဖွားခြင်း) ဆိုတဲ့  စာအုပ် ထဲက ကောက်နှုတ်ဖော်ပြထားချက်ပါပဲဗျာ။ ပါလက်စတိုင်းမှာ အခုလတ်တလော ဆင်နွှဲနေတဲ့  အစ္စရေး တွေ ဘာကြောင့်  ကုလသမဂ္ဂရုံးကိုပါ မချန် ဒုံးကျည်နဲ့ပစ်ပြီး လူပါးဝနိုင်သလဲ၊ အစ္စရေးဟေ့ဆိုရင် ကြားတာနဲ့ တကမ္ဘာ လုံး ဘာကြောင့် အမြီးကုပ်ကုန်သလဲ။ ဘာကြောင့် အစ္စရေးတွေထင်တိုင်းကြဲ နေုနိုင်သလဲ။ သူတို့ ခံယူတဲ့  လူမျိုးရေးခံယူချက်ကိုက ဘာလဲ။ နိုင်ငံတခု မွေးဖွားခဲ့သူတွေ ဘယ်လို တိုက်ခဲ့ အောင်ခဲ့တယ်ဆိုတာ သိကို သိသင့်တယ်၊ တဆိတ်လောက် ဖတ်ကြည့်စေချင့်သဗျာ။
.........................
"၁၉၄၆ ခုနှစ်၏ ဒေးဗစ်နှင့် ဘီလူးကြီး ဂိုလိုင်ယက် ၏ တိုက်ပွဲ " ဟူသော ခေါင်းစဉ်ဖြင့် မတ်ပါကား၏ သတင်းသည် ကမ္ဘာ့သတင်းစာများတွင် ပါလာ လေ ၏။
.........................
ကျနော်ဟာ ဆိုက်ပရပ်ကျွန်း ကီရီနီးယားမြို့ က ဒီသတင်းကို ရေးနေတာပါ။ ကီရီနီးယား ဆိပ်ကမ်းဟာ ဗြိတိသျှပိုင် ဆိုက်ပရပ်ကျွန်းရဲ့  ဒေါင့်စွန်းတစ်နေရာ ကဆိပ်ကမ်းကလေး တစ်ခုဖြစ်ပါတယ်။ ဆိုက်ပရပ်ကျွန်းဟာ ထင်ရှားတဲ့  ရာဇဝင်များစွာနဲ့  ကျွန်းတစ်ခု ဖြစ်ပါတယ်။ ဒီဆိုက်ပရပ်ကျွန်းမှာ စစ်ပြေးဂျုးလူမျိုးများကို ထိန်းသိမ်းထားတဲ့  ဗြိတိသျှစခန်းရှိပါတယ်။
ဒီနေ့  ဒီအချိန်မှာ ဆယ်နှစ်မှ ဆယ့်ခုနစ်နှစ် အရွယ်ရှိကြတဲ့  ဂျုးလူမျိုးကလေးတွေဟာ စစ်ပြေးစခန်းမှ ထွက်ပြေးလာပြီး၊ အိပ်ဇိုးဒပ် ဆိုတဲ့သဘောင်္ပေါ် ရောက်နေပြီး ပါလက်စတိုင်းကို ထွက်ပြေးဖို့  စီစဉ်နေကြပါတယ်။ အဲဒီ ဂျူးကလေးအားလုံးဟာ ဂျာမန် အကျဉ်းစခန်း မှ လွတ်မြောက်ကျန်ရစ်သူများ ဖြစ်ပါတယ်။ ဗြိတိသျှများက အချိန်မီသိသွားသဖြင့် ဆိပ်ကမ်းမှ ခွာရေးမှာ ပြဿနာဖြစ်နေပါတယ်။ ဂျူးကလေးသုံးရာ တင်ထားသော အိပ်ဇိုးဒပ် သဘောင်္ပေါ်မှ ပြောရေးဆိုခွင့်ရှိသူက သဘောင်္တခုလုံး ဒိုင်းနမိုက်ဖြင့် ဆင်ထားပြီး ဗြိတိသျှစစ်သားများကတစ်စုံတစ်ရာ နှောင့်ယှက်ပါက သဘောင်္တစ်ခုလုံးကို ဖောက်ခွဲပြီး အားလုံးသေပစ်ကြရန် အဆင်သင့်ဟု ကြေညာနေပါတယ်။ အခြေအနေမှာ သည်အတိုင်းဖြစ်နေပါတယ်။
လန်ဒန်
..................
ဗိုလ်ချုပ်ကြီး ဆာကလာရင့် ထရေဗာ ဘရောင်းနင်းသည် သတင်းစာကို ပစ်ချလိုက်လေ၏။ သူသည် အစီရင်ခံစာ အားလုံးကို ပြန်၍ စစ်ဆေးနေမိ၏။ မတ်ပါကား၏သတင်းသည် ဥရောပ တစ်ခွင်လုံးသာမက အမေရိကန်အထိ ရိုက်ခတ်နေပြီ ဖြစ်သည်။ ဗိုလ်ချုပ် ဆပ်သာလင်ထံမှ ညွှန်ကြားချက် တောင်းလွှာသည် သူ့ ရှေ့ မှာရောက်နေ၏။
ဗိုလ်ချုပ်ကြီးထရေဗာသည် ထိုအဖြစ်မှာ သူ့ကြောင့် အဓိကဖြစ်ကြောင်း သူ့ ဘာသာသူသိ၏။ သူကပင် ဆပ်သာလင်ကို ဆိုက်ပရပ်သို့  လွှတ်ခဲ့သည် မဟုတ်ပါလား။ မေဂျာ အဲလစ်စတာက တိုင်စာပို့ ခဲ့သော်လည်း ဘာမှ ဖြစ်စရာမရှိဟု အောက်မေ့ကာ သည်အတိုင်း ထားခဲ့မိသည်။ ပြဿနာမှာမိုးမီး လောင်နေပြီဖြစ်၍ အရှေ့ အလယ်ပိုင်းဆိုင်ရာ ကိုင်တွယ်နေရသူ ဗြိတိသျှတာဝန်ခံအားလုံး
ဆွေးနွေးဖို့ ဖြစ်လာ၏။
ထိုအစည်းအဝေးဤ ဗိုလ်ချုပ်ကြီး ထရေဗာက ..
"ကျုပ်တို့ မှာ ပြဿနာဖြစ်နေပြီ ၊ ဂျူးကလေးသုံးရာကို ပါလက်စတိုင်း လွှတ်လိုက်ပြန်ရင်လည်း ကျုပ်တို့ရဲ့ မဟာမိတ် အာရပ်နိုင်ငံတွေက မကျေမနပ် ဖြစ်လိမ့်မယ်၊ မလွှတ်လို့ ဝင်တိုက်ပြန်ရင် ဂျူးတွေက တကယ်ဗုံးခွဲပြီး သတ်သေကြပြန်ရင်လည်း ကမ္ဘာ့အလယ်မှာ ကျုပ်တို့ အရှက်ကွဲမယ်၊ ဒီကိစ္စမယ် ဂျူးတွေက သူတို့ ရဲ့ ဝါဒဖြန့်ချိဖို့  ကြိုတင်စီစဉ်ထားတာ၊ ဒီတော့ အကောင်းဆုံးနည်းလမ်းကတော့ ဂျူးတွေ ဝါဒဖြန့်နိုင်အောင် အိပ်ဇိုးဒပ်ကို လွှတ်လိုက် ရင် အကောင်းဆုံးပဲ ထင်တယ်"
အရှေ့ အလယ်ပိုင်း တာဝန်ခံ ဗိုလ်ချုပ်ကြီး ဘရက်ရှော သဘောမတူနိုင်ပေ။
ထို့ ကြောင့် "ကျုပ်အကြီးအကဲ ဖြစ်နေသမျှ အိပ်ဇိုးဒပ်သဘောင်္ကို ထွက်ခွင့်မပေးနိုင်ဘူးဗျာ၊ ဒါပဲ "
.................
သို့ 
မတ်ပါကား
လိပ်ခုံးဟိုတယ်
ကီရီနီးယားမြို့ ၊ ဆိုက်ပရပ်ကျွန်း။
သတင်းက တဖြည်းဖြည်း တန်ဖိုးတက်နေပြီ၊ ဆက်ပို့ပါ။
ကင်ဘရက်ဘူရီ
လန်ဒန်။
...................
ကီရီနီးယားမြို့ ၊ ဆိုက်ပရပ်ကျွန်း
မတ်ပါကား၏ သတင်း
ရှုခင်းတစ်ခုလုံးမှာ အတော်ခွကျနေပါ၏။ စစ်သားတစ်ထောင်လောက်ရှိသော ဗြိတိသျှစစ်သားများသည် တင့်ကားများ၊ အမြောက်များ ကိုင်ဆောင်၍ ဘာလက်နက်မှ မပါသော အိပ်ဇိုးဒပ်သဘောင်္ကို ငေးကြည့်နေရပါသည်။ အိပ်ဇိုးဒပ်သဘောင်္၏ တိုက်ပွဲမှာ ပထမပတ်တွင် ဘယ်သူ့ဘယ်သူမှ အနိုင်မရဘဲ သရေဖြစ်နေသည်။ နှစ်ဖက်စလုံးမှာ ကိုယ့်နေရာမှာကိုယ် ရပ်၍နေကြသည်။ ယနေ့ အထိ ဗြိတိသျှများမှာလည်း သဘောင်္ပေါ်တက်ရန် မကြိုးစားကြ။ အိပ်ဇိုးဒပ် သဘောင်္ပေါ်မှ ဂျူးကလေးများမှာလည်း ဂျူးသီချင်းများကို ဆို၍နေကြ၏။
.....................
အခြေအနေမှာ သရေအနေအထားမှာ ရှိနေဆဲဖြစ်ပါ၏။
မတ်၏ သတင်းများမှာ နေ့ စဉ်ထုတ်ပြန်နေ၏။ သတင်းတစ်ခုပြီးတစ်ခုသည် ပို၍ စိတ်ဝင်စားစရာ ကောင်းလာ၏။
စီစီ ဘရက်ရှောသည် ဝါရင့်နိုင်ငံရေးသမား ဖြစ်သည့်အတိုင်း မတ်ပါကား၏ သတင်းကို ချေပရန် တခြားသတင်းဌာနများ အကူအညီဖြင့် သတင်းထုတ်ပြန်လိုက်၏။
ဂျူးများသည် တကယ်ရိုးသားရိုးမှန်ပါက ကလေးသုံးရာကို ဓားစာခံလုပ်ကာ ဤမျှ ရက်စက်သော အပြုအမူကို လုပ်၍ သတင်းဖန်တီးမည် မဟုတ်ပါ။
ဤအရေးအခင်းကို ခေါင်းဆောင်နေသော အယ်ရီ ဘင်ကင်နင်မှာ တရားမဝင်သော အရေးအခင်းများကို ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။
ကမ္ဘာအရပ်ရပ်၌ ဤသတင်းသည် အငြင်းအခုံဖြစ်ဖွယ်ရာ ပြဿနာဖြစ်လာ၏။
နယူးယောက်တွင် အိပ်ဇိုးဒပ်သည် ဆိပ်ကမ်းမှမခွာနိုင်ရ ဟူသောဘက်မှ လေးလေး တလေး ဖြင့် အလောင်းအစားဖြစ်နေ၏။
ထိုအချိန်တွင် အိပ်ဇိုးဒပ်သဘောင်္ တာဝန်ခံ အယ်ရီ ဘင်ကင်နင်က မတ်ပါကားအား သဘောင်္ပေါ်တက်၍ သတင်းယူခွင့်ပြုလိုက်လေ၏။
....................
အိပ်ဇိုးဒပ်တာဝန်ခံ အယ်ရီဘင်ကင်နင်နှင့်မတ်ပါကားတို့ ၏ တရားဝင်ဆွေးနွေးချက်များ
ကျနော် မတ်ပါကားသည် ပထမဆုံးသတင်းထောက်အဖြစ် အိပ်ဇိုးဒပ်သဘောင်္ပေါ်သို့  တက်၍ သတင်းယူခွင့် ရပါသည်။
သဘောင်္ပေါ်သို့ ရောက်သည်နှင့် ကျွန်ုပ်သည် အင်္ဂလိပ် သတင်းထုတ်ပြန်ချက်အရ ဘင်ကင်နင်သည် ဂျူးအဖျက်သမားဖြစ်ပြီး ဝှိုက်ဟော ဆွေးနွေးချက်များကို ပိုမိုဆိုးရွားအောင် ဖန်တီးနေခြင်းဟုတ်မဟုတ်ကို စတင်မေးမြန်းပါသည်။
အယ်ရီဘင်ကင်နင် ဆိုသူမှာ အရပ်ခြောက်ပေ၊ ဆံပင်မည်းမည်း၊ မျက်လုံးပြာပြာနှင့် ထွားကျိုင်းလှသူ တစ်ဦးဖြစ်ပါသည်။
သူက ..
"ကျုပ်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်နေတာကို ကျုပ်ဂရုမစိုက်ပါဘူး၊ တစ်ခုတော့ ရှိတယ်ပေါ့လေ၊ ကျုပ်ကို လူဆိုးလို့ ပြောနေကြတဲ့  ဗြိတိသျှတွေဟာ တစ်ခါကသူရဲကောင်း ဆုတံဆိပ်ရခဲ့တဲ့ ဗြိတိသျှစစ်တပ်ရဲ့  ကက်ပတိန်တစ်ယောက် ဖြစ်ခဲ့ကြောင်းကိုတော့ လုံးဝ မဖော်ပြကြပါလား။ ဟုတ်ပါတယ်၊ ကျုပ်ဟာ ပြဿနာလုပ်နေတဲ့ ဂျူးတစ်ယောက် ဖြစ်တယ်ဆိုတာ အမှန်ပါပဲ၊ ဆက်ပြီးတော့လည်း ကျုပ်တို့ဂျူးတွေကို နေရာမှန်ဖြစ်တဲ့  ပါလက်စတိုင်းကို ပြန်မပေးမချင်းတိုက်ပွဲဝင်နေအုံးမှာပဲ၊ ကျုပ်ရဲ့ ခံယူချက် မှန်နေသမျှ ကာလပတ်လုံး ဘယ်သူက ဘာပြောပြော ကျုပ်ဂရုမစိုက်ပါဘူး"
ကျနော်သည် ဗြိတိသျှတို့က အိပ်ဇိုးဒပ်နှင့် ပတ်သက်၍ စွပ်စွဲချက်အကြောင်းမေးရာ၊ အယ်ရီဘင်ကင်နင်က ..
" ကျုပ်တို့  ဂျူးတွေဟာ အားလုံးယိုတဲ့  ချေး ပုဇွန်ဆိတ်ခေါင်း ပုံချတာမျိုးက ရိုးနေပါပြီ၊ ဝှိုက်ဟော ဆွေးနွေးပွဲဟာ နှစ်တွေသာ ကြာလာတယ်၊ ဘာမှမထူးခြားခဲ့ပါဘူး၊ ဗြိတိသျှတွေဟာ ၁၉၁၇ ခုနှစ်က ပါလက်စတိုင်းဟာ ဂျူးတွေရဲ့  မွေးရပ်မြေဖြစ်ကြောင်း ဝန်ခံခဲ့တဲ့  ကတိစကားတွေကို အခုမေ့ပစ်ဖို့ ကြိုးစားနေကြပါတယ်၊ အခုမှ ဗြိတိသျှတွေဟာ ဂျူးကလေးတွေရဲ့ အသက်ကို ညှာတာဖို့  ကောင်းပါတယ်ဆိုပြီး ဟန်ဆောင်မျက်ရည်ကျတာကိုပဲ ကျုပ်ကတော့အံ့သြပါတယ်၊ ကျုပ်တို့  အိပ်ဇိုးဒပ်သဘောင်္ပေါ်မှာ ရှိတဲ့  ကလေးအားလုံးဟာ သူတို့သဘောနဲ့ သူတို့  အသက်စွန့်ဖို့  ဆုံးဖြတ်ထားကြတာပါ၊ ဒီကလေးတွေဟာ ဟစ်တလာရဲ့  ရက်စက်မှုအောက်က တလောကမှ လွတ်လာကြတာမို့  သူတို့အတွက် လွတ်လပ်ရေးမရရင် သေတာဟာ မဆန်းဘူးလို့  ခံယူကြပြီးသားဖြစ်ပါတယ်၊ တကယ်လို့  ဝှိုက်ဟောအဖွဲ့ ဟာ ဒီကလေးတွေကို တကယ်သနားရိုးမှန်ရင် ကျုပ်တို့ တစ်ဖွဲ့ လုံးကို ပါလက်စတိုင်း သွားခွင့်ပေးလိုက်ရုံပဲ ရှိပါတယ်။
ကျုပ်နောက်ဆုံးပြောချင်တဲ့ စကားကတော့ သမ္မာကျမ်းစာထဲက အပိုဒ်ကလေးတစ်ခုကို ဖတ်ပြချင်တာပါပ "
ပြောပြောဆိုဆို ဘင်ကင်နင်က သမ္မာကျမ်းစာထဲမှ စာပိုဒ်တစ်ခုကို ပြပါသည်။
"ဘုရားသခင်က အစ္စရေးတိုင်းပြည်ကို တကွဲတပြားစီဖြစ်နေသော ဂျူးများနှင့် တည်ဆောက်ရမည့်အရေးမှာ သူ၏ တပည့်ဖြစ်သူ ဂျက်ကော့နှင့် သူ၏သားမြေးများ အစဉ်အဆက် လုပ်ဆောင်ရမည့်  ကိစ္စဖြစ်ပေသည်။"
အယ်ရီ ဘင်ကင်နင်သည် သမ္မာကျမ်းစာအုပ်ကို ချလိုက်၏။ ထို့ နောက်သူက ..
"ဝှိုက်ဟောမှ ပုဂ္ဂိုလ်များနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ ကို ကျုပ် စကားတခွန်း ပြောလိုက်ချင်ပါတယ်၊ သည်စကားမှာ လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ကပြောပြီးသား စကားဖြစ်ပါတယ်၊ ကျုပ်ရဲ့ လူမျိုးတွေကို လွှတ်လိုက်ပါ "
ဟူ၏။
.....................
"ကျုပ်ရဲ့ လူမျိုးတွေကို လွှတ်လိုက်ပါ " ဟူုသော သတင်းပါပြီးနောက် မတ်ပါကားသည် ဂိုင်ဒီယွန်း စစ်ဆင်ရေး စခဲ့ပုံ အကြောင်းများကို ခရေစေ့တွင်းကျ အစမှပြန်၍ ဖော်ပြလိုက်လေသည်။ အယ်ရီ ဘင်ကင်နင်တို့ က မည်သို့ မည်ပုံ ဗြိတိသျှ ထရပ်ကားများ အသုံးချပုံများ ပါလာ၍ ဗြိတိသျှတို့ သည် နောက်တစ်ခါ ထပ်၍သိက္ခာကျပြန်၏။
မတ်၏ အကြံပေးချက်အရ အယ်ရီသည် ကမ္ဘာသတင်းထောက်များ အိပ်ဇိုးဒပ်ပေါ်သို့  တက်၍ သတင်းယူခွင့်ပြုလိုက်လေသည်။
ဗိုလ်ချုပ်ကြီး ဆာကလာရင့် ထရေဗာ ဘရောင်းနင်းသည် ဆိုက်ပရပ်သို့ တိုးတိုးတိတ်တိတ် လေယာဉ်ဖြင့် ရောက်လာခဲ့လေသည်။ အစည်းအဝေးတစ်ခုပြီး တစ်ခုထိုင်ကြ၏။ အခုအချိန်မှ ထွက်ခွင့်ပေးလိုက်ပါက မဟာအရှက်တော်ကြီး ဖြန်းဖြန်းကွဲတော့မည်ဖြစ်၏။


ကီရီနီးယား ဆိုက်ပရပ် (အေပီ သတင်းဖော်ပြချက်)

အရှေ့အလယ်ပိုင်း သဲကန္တာရ သူရဲကောင်းဖြစ်သော ဗိုလ်ချုပ်ကြီး ဆာကလာရင့် ထရေဗာ ဘရောင်းနင်းသည် ဆိုက်ပရပ်ကျွန်းသို့ တိုးတိုးတိတ်တိတ် ရောက်လာ၏။ ဗိုလ်ချုပ်ကြီး ထရေဗာ ရောက်လာခြင်းသည် ဆိုက်ပရပ်ကျွန်း၏ အုပ်ချုပ်မှုအာဏာကို လက်ပြောင်းယူခြင်းဟု အားလုံးက ခန့်မှန်းနေကြ၏။ သူရောက်လာခြင်းသည် အိပ်ဇိုးဒပ် အရေးအခင်းအတွက် မူပြောင်းခြင်း ဖြစ်ချင်ဖြစ်မည်၊ သို့တည်းမဟုတ် ဆိုက်ပရပ် အုပ်ချုပ်ရေး အတွက် လူ ပြောင်းခြင်း ဖြစ်ချင်ဖြစ်မည်ဟု အကဲခတ်သမားများက ယူဆနေကြပါသည်။
မတ်သည် သဘောင်္ပေါ်ရောက်သည်နှင့် ကာရင်ကလီမင့်ကို တွေ့လို၍ ခဏခေါ်ပေးရန် အယ်ရီကို ပြောလိုက်၏။
သဘောင်္ပေါ်ရှိကလေးများ အခြေအနေမှာ သိပ်မကောင်းပါ။သူတို့တစ်တွေသည် ကျဉ်းကျပ်စွာ နေရခြင်း၊ ရေမချိုးရခြင်းနှင့်တခြားသော အကြောင်းအကြောင်းများကြောင့် ညှိုးချုံးလျက် ရှိလေ သည်။ အယ်ရီကမူ ဘာမှ မထူးခြားသောအသွင်ကို ဆောင်လျက်။

“အပြင်ဘက်က အခြေအနေကို ပြောပါဦး မတ်”
"သိပ် အပြောင်းအလဲ မရှိဘူး၊ ထရေဗာ ဘရောင်းနင်း ဝင်လာပေမဲ့ ဘာမှမထူးခြားဘူး၊ သတင်းကတော့ တစ်နေ့တခြား ပိုကြီးလာပါတယ်၊ ခင်ဗျား အတွက်ရော ကျုပ်အတွက်ပါ အကျိုးရှိပါတယ်၊ ကျုပ်ကလည်း သတင်းကောင်းတစ်ပုဒ် ရတယ်၊ ခင်ဗျားတို့လည်းဗြိတိသျှတွေရဲ့ အရှိုက်ကို ဆော် နိုင်ခဲ့တယ်ပေါ့၊ ဒါပေမဲ့ ကြားရသလောက်ကတော့ဗြိတိသျှတွေက လျှော့ပေးမယ် မထင်ဘူး”
"ဒီတော့ ခင်ဗျား ဘာကို ဆိုလိုချင်တာလဲ မတ်”
"သြော် .... ကျုပ်ပြောချင်တာက အခုအခြေအနေမှာ အင်္ဂလိပ်တွေထက် လူစိတ်ရှိတယ် ဆိုပြီး ကမ်းးကိုကပ်ပေးလိုက်ရင် ကျုပ်တို့သတင်းတွေ ကလည်း အကြီးဆုံး ဖော်ပြနိုင်မယ်၊ ကမ္ဘာတစ်ဝှန်းးလုံးရဲ သနားခြင်းလည်း ခံရမယ်”
"နေပါဦး၊ ခင်ဗျားကို ကစ်တီက လွှတ်လိုက်တာလား မတ်"
"အို .. မဆိုင်တာတွေ ပြောမနေစမ်းပါနဲ့၊ ကြည့်စမ်းပါဦး၊ ကလေးတွေရဲ့ အခြေအနေတွေကို၊ လူရုပ်တောင် မပီတော့ဘူး”
"သူတို့ဘာလုပ်နေတယ်ဆိုတာ သူတို့ ဘာသာသိပါတယ်”
"နောက်တစ်ခု ရှိသေးတယ်နော် အယ်ရီ၊ အခုနေတော့ ကျုပ်တို့သတင်းက သတင်းကြီး မျက်နှာဖုံး သတင်းပါပဲ၊ ဒါပေမဲ့ ဘယ်သူက ဘယ်လိုပြောနိုင်မှာလဲ၊ နက်ဖြန်ပဲ ဖရင့်ဆင့် နာစထရာက ဘယ်သတင်းစာသမားကို လက်သီးနဲ့ ထိုးလိုက်တာနဲ့ မျက်နှာဖုံးသတင်းက ပြုတ်သွားမှာ”

ထိုအချိန်၌ ကာရင်သည် အခန်းထဲဝင်လာ၏။

"ဟယ်လို ... မစ္စတာ ပါကား”

ကာရင်သည် မတ်ပေးလိုက်သော ကစ်တီ၏ စာကိုယူ၍ လက်ဆောင်ထုပ်ကိုတော့ ငြင်းလိုက်သည်။ တခြားအလျင်က လက်ဆောင်များကိုလည်း ကာရင်ငြင်းခဲ့သည်ပဲ ဖြစ်ပါသည်။ မတ်က ..

"'ဒုက္ခပါပဲ၊ မင်းက မယူတာက အရေးမကြီးဘူး၊ ကျုပ်က ကမ်းပေါ်ရောက်ရင် ကစ်တီကို ဘယ်လို ပြောရမှန်းကို မသိတော့ဘူး၊ ဒီမှာ အယ်ရီ၊ ဒီကလေးမကို ကြည့်စမ်း၊ သူ့ မျက်လုံး မျက်ခွံတွေ ညိုပြီး အကွင်းလိုက်ကြီး ဖြစ်နေတာ တွေ့ရဲ့လား၊ နောက်ထပ် နှစ်ရက် သုံးရက်ဆိုရင် ခင်ဗျား သဘောင်္ပေါ်မှာ ပြဿနာ ဖြစ်လာတော့မှာပဲ"

အယ်ရီကမူ တိကျပြတ်သားစွာဖြင့် ..

"ကျုပ်တို့ဟာ တစ်ကမ္ဘာလုံးက ပြည်သူတွေရဲ့ စိတ်ဝင်စားမှုကို ယူနေတာ အဓိက မဟုတ်လား၊ ဒီမှာ တစ်ခုတော့ ရှင်းရှင်းသိဖို့လိုတယ် မစ္စတာ ပါကား၊ ကျုပ်တို့ဟာ ဘယ်နည်းနဲ့မှ ကာရောင်လို စခန်းကို မပြန်ဘူး၊ ကျုပ်တို့တိုက်ပွဲကို ဥရောပမှာ ရှိနေတဲ့ ဂျူးဒုက္ခသည် တစ်သန်းလောက် စောင့်ကြည့် နေကြတာ၊ ဒီတိုက်ပွဲဟာ သူတို့အတွက် အဖြေပဲ၊ ဒီမယ် မတ်၊ သေသေချာချာမှတ်ပြီး သတင်းသာ ရေးပေတော့၊ နက်ဖြန်ခါ ကစပြီး ကျုပ်တို့ကို မလွှတ်ရင် သဘောင်္တစ်စင်းလုံး အစာငတ်ခံမယ်၊ ကျုပ်တို့အထဲက ကလေးတစ်ယောက်ယောက်ဖြစ်ဖြစ်၊ လူကြီးတစ်ယောက်ယောက်ပဲဖြစ်ဖြစ် မေ့မြော သွားရင် သူတို့ကြောင့်ဆိုတာဗြိတိသျှတွေ သိရအောင် သဘောင်္ကုန်းပတ်ပေါ်မှာ တင်ပြမယ်ဗျာ၊ ဒါပဲ”
"ခင်ဗျား ရက်စက်လှချည့်လားဗျား၊ ရက်စက်လှချည်လား၊ လူမှဟုတ်သေးရဲ့လား"
"ကျုပ်ကို ခင်ဗျား ခေါ်ချင်သလိုသာခေါ်ပေတော့၊ ကျုပ်က ဒုက္ခသည် မိဘမဲ့ကလေးတွေနဲ့ ပြန်တိုက်နေရတာကို သဘောကျတယ်လို့များ အောက်မေ့နေသေးလား ဟင်၊ တခြားလက်နက်တို့ တပ်တို့ မရှိတော့လို့ တင့်ကားတွေကို ဘာနဲ့မှ ပစ်စရာ မရှိလို့ပဲ၊ စစ်သဘောင်္ကြီးတွေကို ဘာနဲ့ ခုခံရမှာ လဲ၊ ကျုပ်တို့မှာ လက်နက်ဆိုလို့ကျုပ်တို့ ယုံကြည်ချက်ပဲ ရှိတော့တယ်၊ နှစ်ပေါင်းနှစ်ထောင်ကျော်က အတိုက်ထုတ်ခံခဲ့ရတဲ့ ကျုပ်တို့တစ်တွေဟာ အခုပြန်တိုက်ရမယ်၊ ဒီတိုက်ပွဲမှာ ကျုပ်တို့နိုင်မှကို ဖြစ်မယ်"
...........................
အခန်း(၁၉)

အိပ်ဇိုးဒပ်၏ တိုက်ပွဲခေါ်သံကလေးများ အစာငတ်ခံကြပြီ။ ကလေးများသည် ကာရောင်လို စခန်းသို့ပြန်မည့်အစား အစာငတ်ခံရန် ဆုံးဖြတ်လိုက်ကြခြင်း။

ထိုသတင်းသည် ကမ္ဘာ့သတင်းစာအားလုံး၏ မျက်နှာဖုံးသတင်းဖြစ်သွားလေသည်။ အိပ်ဇိုးဒပ် ခေါင်းဆောင် အယ်ရီဘင်ကင်နင်သည် ခုခံရေးစစ်ပွဲမှ မမျှော်လင့်ဘဲ တန်ပြန် ထိုးစစ်ဆင်လိုက်ခြင်း ဖြစ်ပေသည်။ ယခုအခါ အပြန်အလှန် စောင့်ကြည့်နေသည့် အခြေအနေမှ တိုက်ပွဲခေါ်သံကို ကလေးများ အစာငတ်ခံခြင်းဖြင့် စလိုက်ပေပြီ။

အိပ်ဇိုးဒပ် သဘောင်္နံဘေးတွင် အင်္ဂလိပ်၊ ပြင်သစ်၊ ဟီဘရူးဘာသာဖြင့် ဆိုင်းဘုတ်ကြီးများ တင်လိုက်ကြ၏။ ဆိုင်းဘုတ်မှာ ..

အစာငတ်ခံတိုက်ပွဲ တစ်နာရီရှိပြီ ...။

အစာငတ်ခံတိုက်ပွဲ ဆယ့်နှစ်နာရီရှိပြီ ..။

ဆယ်နှစ်အရွယ်၊ ဆယ့်နှစ်နှစ်အရွယ်၊ တစ်ဆယ့်ငါးနှစ်အရွယ်ရှိ ယောက်ျားကလေး နှစ်ယောက်၊ မိန်းကလေး တစ်ယောက်တို့သည် အားပြတ်လဲကျသွားသဖြင့် အများပြည်သူ မြင်နိုင်စေရန် သဘောင်္ကုန်းပတ်ပေါ်သို့ တင်လိုက်၏။

အစာငတ်ခံတိုက်ပွဲ နာရီ နှစ်ဆယ်ရှိပြီ ...။

နောက်ထပ်ကလေးဆယ်ယောက် ကုန်းပတ်ပေါ်ရောက်လာပြန်လေ၏။
.....................
"ဒုက္ခပါပဲ ကစ်တီရယ်၊ ထိုင်နေစမ်းပါဦး၊ လမ်းလျှောက်လိုက် .. ထလိုက် ... ထိုင်လိုက်နဲ့၊ ကစ်တီ ကြည့်ရတာ မောလိုက်တာ"
"ဘယ့်နှယ်လုပ်ပြီး ထိုင်နိုင်မှာလဲ မတ်ရယ်၊ ဒီ အယ်ရီဆိုတဲ့လူက ကလေးတွေကို ဘယ်လောက်ကြာကြာ အစာငတ်ခံခိုင်းမှာလဲ၊ အားလုံးသေကုန်ကြလိမ့်မယ်၊ ကစ်တီ သဘောင်္ကို လှမ်းမကြည့်ရဲတော့ဘူး၊ ကာရင်များ ကုန်းပတ်ပေါ်ရောက်နေပြီလား မသိဘူး"
"ကာရင် မပါပါဘူးလို့ ကိုယ်ပြောနေတာ ဆယ်ကြိမ်မကတော့ဘူး"
"ကလေးတွေက နဂိုကမှ သန်သန်မာမာတွေ မဟုတ်ရတဲ့အထဲမှာ သဘောင်္ပေါ်မှာ ကျပ်တည်းကျပ်တပ်နဲ့ ရက်နှစ်ပါတ်နေခဲ့ရပြီးပြီ၊ အခုတစ်ခါ အစာ ငတ်ခံရပြန်တယ် ဆိုတော့ ကစ်တီဖြင့် တွေးတောင် မတွေးရဲဘူး၊ ဒီ အယ်ရီဆိုတဲ့လူဟာ လူမှ ဟုတ်ရဲ့လား မသိဘူး၊ လူစိတ်မှ ရှိရဲ့လား မသိဘူး”
"ကိုယ်လည်း ဒါကို တွေးနေတာပဲ၊ ကိုယ်တို့ ဂျူးတွေကို နားမှလည်ရဲ့ လားလို့၊ သူတို့ ဒီလောက်မက်မက်မောမော သွားချင်နေတယ် ဆိုတဲ့ ပါလက်စတိုင်းဟာ ဘာမှ ရှိတာမဟုတ်ဘူး၊ နေပူကျဲကျဲနဲ့ သဲတွေပဲ ရှိတဲ့ကန္တာရကြီး ကစ်တီ၊ ဘာကြောင့်များ အသက်စွန့်ပြီး ကန္တရကြီးထဲ ရောက်ဖို့ တိုက်ပွဲဝင်နေကြပါလိမ့်”
"အို ... သူတို့ဘက်က ကာကွယ်မနေစမ်းပါနဲ့မတ်ရယ်”
"ကာကွယ်နေတာ မဟုတ်ဘူး ကစ်တီ၊ အခြေအနေအားလုံးကို ပြန်ဆန်းစစ်ကြည့်နေတာ၊ အခုအစာငတ်ခံတယ် ဆိုတာ အယ်ရီ ဘင်ကင်နင် တစ်ယောက်တည်း သဘောနဲ့လုပ်လို့ ရတာ မဟုတ်ဘူး၊ ကာယကံရှင် ကလေးတွေကိုယ်တိုင်ပါမှ ဖြစ်တာ၊ အခုဟာ ကလေးတွေက ရာခိုင်နှုံးပြည့် သူ့နောက်က ထောက်ခံနေကြတယ် ကစ်တီ"
“အဲဒါ ကစ်တီ ရင်နာတာပေါ့၊ သူတို့တစ်တွေဟာ ဘာကြောင့်များ ဒီလောက် သစ္စာကြီးနေကြပါလိမ့်”

ထိုအချိန်တွင် တယ်လီဖုန်းက မြည်လာသည်။ မတ်သည် ကောက်ယူနားထောင်ပြီး ပြန်ချလိုက်၏။
ကစ်တီက ..

"ဘာတဲ့လဲဟင် ... ဘာတဲ့လဲ"
"ကုန်းပတ်ပေါ်ကို နောက်ထပ်ကလေးတွေ တင်လိုက်ရသတဲ့"
"ဟုတ်လား .. ဘုရားဘုရား၊ ကာရင်များ ပါနေမလား မသိဘူး"
"မသိဘူးလေ၊ အခုစုံစမ်းပေးပါ့မယ်"
“မတ်”
"ဟင် ..."
"ကစ်တီ အိပ်ဇိုးဒပ်ပေါ် သွားချင်တယ် မတ် ရယ်"
"အို ...မဖြစ်နိုင်တာပဲ”
"ကစ်တီ ဆက်ပြီး သည်းမခံနိုင်တော့ဘူး”
"မဟုတ်သေးဘူး ကစ်တီ၊ ကစ်တီ သဘောင်္ပေါ်တက်ကြည့်ရင် ဇာတ်လမ်းက တစ်ခါတည်း ဆက်သွားတော့မှာ၊ ဘယ်တော့မှ ပြီးမှာ မဟုတ်တော့ဘူး"
“မဟုတ်ပါဘူး မတ် ရယ်၊ ကာရင် အသက်ရှင်နေတယ်ဆိုတာ ကိုယ်တိုင်သိရရင် ကစ်တီ ကျေနပ်ပါပြီ၊ ကာရင်က သဘောင်္ပေါ်မှာ ဒုက္ခခံစားနေရတဲ့ အချိန်မှာ ကစ်တီက ဒီဟိုတယ်မှာ ငုတ်တုတ်ကြီး ထိုင်မနေနိုင်ဘူး၊ စီစဉ်ပေးပါဦး နော် ... နော်"

မတ် သည် သက်ပြင်းချလိုက်၏။

“ကိုယ် ကြိုးစားပါ့မယ် ကစ်တီ ရယ်”
.......................
အစာငတ်ခံတိုက်ပွဲ ၃၅ နာရီရှိပြီ .....။

ရောမနှင့် ပဲရစ်မြို့တွင် ဒေါသဖြစ်နေသော လူအုပ်ကြီးက ဗြိတိသျှသံရုံးကို သွားဝိုင်းပြီး ဆန္ဒပြနေကြပြီး ရုန်းရင်းဆန်ခတ် ဖြစ်မည့်အတွက် ရဲနှင့် ထိန်းသိမ်းရသည့် အခြေအနေသို့ ရောက်လာ၏။ ကိုပင်ဟေဂင်မြို့၊ စတော့ဟုမ်းမြို့များတွင် ဆန္ဒပြပွဲများ ဖြစ်နေကြပြီ။

အစာငတ်ခံတိုက်ပွဲ ၃၈ နာရီရှိပြီ ...။

ဆိုက်ပရပ်ကျွန်းမှာပင် ဗြိတိသျှများကို မကျေမနပ်နှင့် ဆန္ဒပြပွဲများလုပ်နေကြရာ ပွဲလမ်းသဘင်များ၊ ဇာတ်ရုံများ၊ ရုပ်ရှင်ရုံများ ပိတ်လိုက်ရလေ၏။ ဆိုက်ပရပ်ကျွန်း တစ်ခုလုံးမှာလည်း တစပြင်လို ဖြစ်လာ၏။

အစာငတ်ခံတိုက်ပွဲ ၄၀ နာရီရှိပြီ ...။

အယ်ရီ ဘင်ကင်နင်သည် သူ့အားဝိုင်းကြည့်နေကြသော သူ့ရဲဘော်များကို ကြည့်လိုက်၏။ ဇက် က စတင်၍ ....
"ကျုပ် စစ်သားပါဗျာ၊ တိုက်ရဲပါတယ်၊ သေရဲပါတယ်၊ ဒါပေမဲ့ ဒီကလေးတွေ အစာငတ်ခံပြီး တစိမ့်စိမ့်သေကုန်မှာတော့မကြည့်ရက်ဘူး"

အယ်ရီက ...

"ပါလက်စတိုင်းမှာ ဆိုရင် ဒီအရွယ်ကလေးတွေဟာ လက်နက်ကိုင်ပြီး တိုက်ပွဲဝင် နေကြတာပဲဟာ"
"လက်နက်ကိုင်ပြီး သူသေကိုယ်သေ တိုက်တာက တစ်မျိုးပဲ၊ အခုဟာက အစာငတ်ခံပြီး အသေခံနေတာက တစ်မျိုးပဲဟာ"
"ဟုတ်တယ်လေ၊ ဒါလည်း တိုက်ပွဲပုံစံ တစ်မျိုးပေါ့"

ဂျော့ယာကိုနီသည် ဒုတိယကမ္ဘာစစ်ကြီး တစ်လျှောက်လုံးတွင် အယ်ရီနှင့် ပုခုံးချင်းယှဉ်၍ တိုက်ပွဲဝင် လာခဲ့သူ ဖြစ်သည်။ သူသည် သက်ပြင်းချလိုက်ပြီး ...

"ကျွန်တော့်အနေနဲ့ ခင်ဗျားကို တစ်ခါမှ မဆန့်ကျင်ဖူးပါဘူး အယ်ရီ၊ ဒါပေမဲ့ ဒီကလေးတွေထဲက တစ်ယောက်ယောက် သေဆုံးသွားတာနဲ့ လူတွေက ကျုပ်တို့ကို အပြစ်တင်ကြတော့မှာပဲ ထင်တယ်”

အယ်ရီက သဘောင်္ကပ္ပတိန် ဘင့်ရှောဘတ်ကို ကြည့်လိုက်၏။
ဘင့် ရှောဘတ်က ..

"ခင်ဗျားက ခေါင်းဆောင်ပဲ အယ်ရီ၊ ခင်ဗျားကြိုက်သလို ဆုံးဖြတ် တိုက်ပွဲဝင်နိုင်ပါတယ်၊ ဒါပေမဲ့ သဘောင်္သားတွေကတော့ စိတ်လှုပ်ရှားနေကြပြီလေ၊ သူတို့က ဒီပုံစံနဲ့တိုက်ပွဲဝင် ရမယ်လို့မှ ကြိုမသိခဲ့ရတာ"
"ဒါဖြင့် ခင်ဗျားက အရှုံးပေးချင်ပြီလား"

ဘင့်ရှောဘတ်သည် သူကိုယ်တိုင် ပါးစပ်မှ အရှုံးပေးရန်လည်း ပြောမထွက်၊ သူတို့၏ တိတ်ဆိတ်မှုမှာ အရှုံးပေးချင်သည့်အတွက် မဲပေးနေသည့် အလား။ အယ်ရီသည် ဒေးဗစ်အား ...

"ကဲ ... ဒေးဗစ် ဆိုပါဦး၊ မင်းရဲ့ထင်မြင်ချက်လည်း မကြားရသေးပါလား"

ဒေးဗစ်သည် ပညာတတ်ဖြစ်သည်။ ဘာသာရေးကိုင်းရှိုင်းသူ ဖြစ်သည်။ အားလုံးရဲဘော်များသည် သူ့လောက် ဘာသာရေးကို ကိုင်းရှိုင်းသူ တစ်ယောက်မှ မရှိ။

သူသည် ကျိုးကြောင်းမြော်မြင်တတ်သူလည်း ဖြစ်သည်။ ဒေးဗစ်က ...

"နာဇီ ဟစ်တလာရဲ့ လက်ချက်နဲ့ ကျုပ်တို့ဂျူးလူမျိုး ၆သန်းကျော်လောက်ဟာ ဘာ့ကြောင့်မှန်း မသိကြဘဲ အဆိပ်ငွေ့ခန်းထဲမှာ သေခဲ့ကြတယ်၊ ကျုပ်တို့ အိပ်ဇိုးဒပ်ပေါ်က လူသုံးရာသေသွားရင် ဘာ့ကြောင့် သေရတယ်ဆိုတာ ကျုပ်တို့ ကိုယ်တိုင်က သိတယ်၊ တစ်ကမ္ဘာလုံးက သိတယ်၊ ဟို လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင် ကျော်ကျော်က ကျုပ်တို့ဂျူးလူမျိုးတွေဟာ ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်တိုင်းကိုယ့်ပြည်နဲ့ ရှိနေတုန်းက ရောမအင်ပါယာ၊ ဂရိအင်ပါယာရှင်တွေကို တစ်ယောက်မကျန် ခုခံခဲ့တဲ့ အစဉ်အလာ ရှိပါတယ်၊ ဘာဆဲလားမြို့၊ ဂျေရုဆလင်မြို့တွေမှာ အသေခံတိုက်ခဲ့ကြ တာပဲ၊ မာဆာဒါမြို့မှာ ဆိုရင် ကျုပ်တို့ဂျူးတွေဟာ ရောမတပ်သားတွေကို လေးနှစ်လုံးလုံး ခုခံနိုင်ခဲ့တယ်၊ နောက်ဆုံး ရောမတွေ နိုင်လို့မြို့ထဲ ရောက်တဲ့အခါ ကျတော့လည်း ကျုပ်တို့ ဂျူးလူမျိုးတွေကို တစ်ယောက်မှ အသက်နဲ့မတွေ့ရတော့ဘူး၊ အလောင်းတွေပဲ တွေ့ရတော့ တယ်။ ဝါဆောဂက်တို စခန်း မှာလည်း ကျုပ်တို့ဂျူးလူမျိုးတွေရဲ့ မျိုးရိုး အစဉ်အလာအတိုင်း တစ်ယောက်မကျန် တိုက်ပွဲဝင် အသေခံသွားခဲ့ကြတာပဲ မဟုတ်လား၊ တစ်ကမ္ဘာလုံးမှာ ကျုပ်တို့ ဂျူးလူမျိုးတွေလောက် လွတ်မြောက်ရေးတိုက်ပွဲအတွက် အသေခံ တိုက်ရတဲ့လူမျိုး တစ်ခုမှ မရှိဘူး၊ တကယ်လို့ ကျုပ်တို့အနေနဲ့အခု အနေ အထားမှာ အရှုံးပေးပြီး သံဆူကြိုးဝင်းထဲ ပြန်ဝင်သွားကြမယ် ဆိုရင် ဂျူးလူမျိုးတွေရဲ့ အစဉ်အလာ ပျက်သွားမှာပေါ့"

အားလုံးသည် ဘာမှ စကားမပြောနိုင်ကြတော့ဘဲ ငြိမ်သွားကြလေ၏။
အယ်ရီက ...

"ကဲ ... ဘာပြေစရာ ရှိကြသေးလဲ"

အားလုံးဘာမှ မပြောတော့။

အစာငတ်ခံခြင်း ၄၂နာရီ ရှိပြီ ...။

အစာငတ်ခံခြင်း ၄၅ နာရီရှိပြီ ...။

တစ်ကမ္ဘာလုံးမှ နိုင်ငံအသီးသီးသည် ကလေးများအတွက် ဆန္ဒပြခြင်း၊ ဆုမွန်ကောင်းတောင်းခြင်းများ ပြုလုပ်နေ၏။

အစာငတ်ခံခြင်း ၄၇နာရီရှိပြီ ...။

သတင်းသည် နာရီနှင့်အမျှ ပို၍ စိတ်လှုပ်ရှားဖွယ် ဖြစ်လာ၏။
...................
ကစ်တီသည် အိပ်ဇိုးဒပ်သဘောင်္ပေါ်သို့တက်ခွင့် ရသည်နှင့် ချက်ချင်း သဘောင်္ပေါ် ရောက်လာ၏။ သေဘာၤတစ္ခုလံုးမွာ လႈပ္ရွားမႈ သိပ္မရွိၾက။ ကလေးအားလုံးသည် အားမရှိတော့ သဖြင့် နေရာတွင်ပင် ခွေလျက်သား လဲနေကြ၏။ ကစ်တီက အနားရှိ ဒေးဗစ်အား ....

"ကျွန်မ မေ့မြောသွားတဲ့ ကလေးတွေကို အရင် ကြည့်ချင်တယ်"

ဒေးဗစ်သည် ကစ်တီအား မေ့မြောနေသော ကလေးများထံ ခေါ်သွားလေသည်။ မေ့မြောနေသော ကလေးပေါင်းမှာ ခြောက်ဆယ်တိတိ ရှိသည်။ ကစ်တီသည် ကလေးများကို တစ်ယောက်ပြီး တစ်ယောက် သွေးတိုးစမ်းလိုက်၊ မျက်ခွံကိုလှန်ပြီး မျက်သားမျက်ဆန်များကို ကြည့်လိုက်နှင့် အခြေ အနေကို အကဲခတ်နေ၏။ တစ်ချိန်လုံး သူမကိုယ်တိုင်ပင် မေ့မြောသွားသည်ဟု မှတ်ထင်သွားလေသည်။
ထောင့်တစ်နေရာတွင် ကာရင်ကို တွေ့ရသည်။ သူမနံဘေးတွင် ဒပ်သည် အိပ်ပျော်နေ၏။ ကစ်တီသည် ရင်ခုန်ရပ်သွားသလို ခံစားရ၏။ ကာရင့်အနား တိုးကပ်သွားကာ တိုးတိုးကလေး ....

"ကာရင်၊ ကာရင် .. သတိရသလားဟင်၊ ကစ်တီပါ"

ကာရင်၏ မျက်လုံးများမှာ ပွင့်လာ၏။

"ကစ်တီ"
"ဟုတ်ပါတယ် ကာရင်၊ ကစ်တီပါ"

ကာရင်သည် သူ၏ အားမရှိတော့သော လက်များဖြင့် ကစ်တီကို မီသမျှ လှမ်းဖက်လိုက်၏။

"ကာရင့်ကို မထားခဲ့ပါနဲ့နော် ကစ်တီ၊ ကာရင် ကြောက်လွန်းလို့ပါ"
"အေးပါ ကလေးရယ်၊ ကစ်တီ အနားမှာ အမြဲရှိနေပါ့မယ်"

ကာရင် ပြန်မှိန်းသွားသည်နှင့် ကစ်တီသည် အပြေးအလွှား ဆေးပစ္စည်းများ ထားရာ စတိုခန်းသို့ဒေးဗစ်နှင့်အတူ သွားလေသည်။ ဆေးပစ္စည်းများမှာလည်း အနည်းအကျဉ်းသာ ရှိ၏။
ကစ်တီက ...

“ဆေးဝါးကလည်း နည်းနည်းပဲ ရှိပါလား၊ ကဲပါလေ၊ ကလေးတွေ အတတ်နိုင်ဆုံး နေသာထိုင်သာ ရှိအောင်တော့ လုပ်ပေးရမှာပေါ့၊ အဲဒါ ဒေးဗစ်နဲ့ ဂျော့တို့က ကူလုပ်ပေးမှ ရမယ်”
“ရပါတယ်၊ ကစ်တီက ခိုင်းစရာရှိတာသာ ခိုင်းပါ”
“တချို့ကလေးတွေက စိုးရိမ်ရတယ်၊ အဖျားဝင်လာမှာ စိုးရတယ်၊ ရေဖတ်တိုက်ပြီး အဖျားချပေးရမယ်၊ ကုန်းပတ်ပေါ် ကျတော့လည်း လေသိပ်တိုက် တယ်၊ ဒါကြောင့် ကုန်းပတ်ပေါ်က ကလေးတွေကို ခြုံစရာခြုံပေးထားရမယ်၊ နောက်ပြီး လှုပ်ရှားနိုင်တဲ့ကလေးကြီးတွေနဲ့ လူကြီးတွေက သဘောင်္ တစ် ခုလုံးကို သန့်ရှင်းရေး လုပ်မှ ဖြစ်မယ်”

ကစ်တီ သည် ပါးစပ်ကလည်းပြော၊ လက်ကလည်း ဇယ်ဆက်သလို အလုပ်များကို တွန်းလုပ်လေရာ ဒေးဗစ်၊ ဂျော့ နှင့် လှုပ်ရှားနိုင်သူတို့သည် ကစ်တီ ခိုင်းသမျှ လုပ်ပေး နေရတော့၏။

သို့သော် အခြေအနေက မကောင်းပေ။ ပင်လယ်ရေကို ခွက်နှင့်ခပ်ပစ်ရသလို တစ်ယောက်ကို ပြုစု၍ မဆုံးမီ သုံးလေးယောက်က လဲပြန်သည်။ ဆေးဝါးက မပြည့်စုံ၊ ရေကလည်း နည်း၊ တခြားပစ္စည်း ပစ္စယ ကလည်း မရှိ။ နောက်ပြီး အရေးကြီးဆုံး လက်နက်ဖြစ်သည့် အစာကိုလည်း သုံးခွင့်မရှိ။

အစာငတ်ခံခြင်း ၈၁ နာရီ ရှိပြီ ...။

မေ့မြောသွားသော ကလေးမှာ ဆယ်ယောက်တိုးလာပြီး၊ ခုနှစ်ဆယ်ဖြစ်သွား၏။ သဘောင်္ကို စောင့်ကြည့်နေကြသော ပရိသတ်မှာဗြိတိသျှများကို အော်ဟစ်ကျိန်ဆဲ နေကြ၏။
ဗြိတိသျှစစ်သား အချို့မှာ သူတို့ကိုယ်တိုင်ပင် ကလေးများ၏ ဒုက္ခကို မကြည့်ရက်တော့ဘဲ ဤတာဝန်မှ တခြားသို့ ပြောင်းပေးပါဟု တောင်းဆိုခြင်းများ ဖြစ်လာကြ၏။

အစာငတ်ခံခြင်း ၈၂နာရီ ရှိပြီ ....။

ကာရင်သည် မေ့မြောသွားရာ ကုန်းပတ်ပေါ်ပို့လိုက်ရ၏။

အစာငတ်ခံခြင်း ၈၃နာရီ ရှိပြီ ...။

ကစ်တီ သည် ကုလားထိုင် တစ်လုံးပေါ်သို့ပစ်လှဲချလိုက်၏။ ကစ်တီသည် ၃၅နာရီလုံးလုံး မနားဘဲ အလုပ်လုပ်နေခဲ့သဖြင့် တစ်ကိုယ်လုံးမှာ နွမ်းပြီး ပျော့နေသည်။ အယ်ရီသည် ဘရမ်ဒီတစ်ခွက်ငဲ့လိုက်ပြီး ကစ်တီအားလှမ်းပေးလိုက်၏။

“ကဲ... ခင်ဗျားက ဆန္ဒပြတဲ့အထဲမှာ မပါဘဲဗျာ၊ ဒါလေးတော့ သောက်လိုက်ပါဦး”

ကစ်တီသည် ပေးလာသော ခွက်ကို တခါတည်း မော့ပစ်လိုက်၏။ လည်ချောင်းထဲ ပူဆင်းသွား၏။ နောက်တခွက် ထပ်ထည့်ပေးသည်ကို ယူသောက် လိုက်မှ လူသည် လန်းလာ၏။ ကစ်တီသည် အယ်ရီ ဘင်ကင်နင်ကို စိုက်ကြည့်လိုက်၏။

အယ်ရီသည် သန်မာထွားကျိုင်းလှသူ ဖြစ်သည်။ အစာငတ်ခံတိုက်ပွဲ၏ ဒဏ်မှာ သူ့ကို မည်သို့မှ မထိခိုက်သလိုပင်။ ကစ်တီသည် အယ်ရီ၏ အေးစက် သော မျက်လုံးများကို ကြည့်ပြီး အယ်ရီ၏ ဦးနှောက်ထဲတွင် နောက်ထပ် ဘာတွေကြံစည်နေမည်ကို ကစ်တီ မသိနိုင်။ သည် အယ်ရီ ဆိုသောလူတွင် ကြောက်လန့်သောစိတ်၊ ဝမ်းနည်းသောစိတ် ခံစားမှုများ ရှိမှ ရှိပါ့မလားဟု သံသယ ဝင်လာ၏။
အယ်ရီက ...

“ခင်ဗျား ကျုပ်ဆီကို လာတွေ့မယ်ဆိုတာ ကျုပ်က မျှော်လင့်ပြီးသားပါ”
“ကျွန်မ ရှင့်ကို ဘယ်တော့မှ မတောင်းပန်ဘူး အယ်ရီ ဘင်ကင်နင်၊ တောင်းပန်လို့မရဘူး ဆိုတာ သိပြီးသား၊ မေ့မြောနေတဲ့ ကလေးတွေ ထဲမှာ ဆယ့်လေးငါးယောက်ဟာ အခုပုံ အတိုင်းဆိုရင် မကြာခင် သေကုန်ကြတော့မယ် ဆိုတဲ့အကြောင်း အဖြစ်မှန်ကို ရှင့်ထံမှာ လာတင်ပြတာ၊ ရှင့် ရင်ထဲမှာ ဘယ်လိုများ သဘောရသလဲ ဟင်"
“ကျုပ်ကို စော်ကားစွပ်စွဲတာတွေ ခံရဖန်များလွန်းလို့ ကျုပ်အရေထူနေပါပြီ၊ ခင်ဗျားကရော ကလေးအားလုံးအတွက် လူစိတ်ရှိနေတာလား၊ တစ်ယောက်တည်း အတွက်လား”
“ကျွန်မ ရှင့်ကို ဘာမှ ရှင်းပြစရာ မလိုဘူး”
“ခင်ဗျားက မိန်းကလေးတစ်ယောက်အတွက် တောင်းပန်နေတဲ့လူ၊ ကျုပ်က တိုင်းပြည်မဲ့ ဖြစ်နေတဲ့ ဂျူးလူမျိုးတွေ အားလုံးအတွက် တောင်းပန်နေတဲ့ လူဗျာ့"
“တော်ပြီ .. တော်ပြီ။ ကျွန်မ ဘာသာ လုပ်စရာရှိတာကို သွားလုပ်တော့မယ်၊ ဒါထက် ရှင်က ကျွန်မကို ဘာဖြစ်လို့ အိပ်ဇိုးဒပ် သဘောင်္ပေါ်တက်ခွင့် ပေးရတာလဲ ဟင်”

အယ်ရီသည် ပြတင်းပေါက်မှ စစ်သဘောင်္များကို လှမ်းကြည့်လိုက်၏။ ပြီးမှ နောက်လှည့်မကြည့်ဘဲ ...

“ကစ်တီကို ကျုပ်ကိုယ်တိုင်က တွေ့ချင်နေလို့လားမှ မသိဘဲ"

အစာငတ်ခံခြင်း ၈၅နာရီ ရှိပြီ ...။
.......................
ဗြိတိသျှအာဏာာပိုင်များမှာလည်း ခေါင်းချင်းရိုက်နေကြပါ၏။ သည်ပြဿနာ သူတို့ထင်တာ ထက် ပိုပြီး ကြီးထွားလာသည်ကို ဘယ်ပုံတားဆီး ရမည် မသိ။ ယခုအချိန်မှ အလျော့ပေးရန် ကလည်း သိက္ခာကျပေတော့မည်။ ထိုစဉ် ထောက်လှမ်းရေးတပ်မှူး မေဂျာ အဲလစ်စတာ အခန်းထဲ ဝင်လာပြီး ဘရောင်းနင်းအား သတင်းတစ်ခုပေးလိုက်၏။ ထရေဗာ သည် စာကို ဖတ်ပြီး ...

“ဘုရားရေ၊ ခုမှ ဒုက္ခပဲဟေ့"

စာကို ဗိုလ်ချုပ် ဆပ်သာလင်ကို ပေးလိုက်၏။ စာမှာ ...

အရေးတကြီး
အိပ်ဇိုးဒပ်သဘောင်္မှ တာဝန်ခံဖြစ်သည့် အယ်ရီ ဘင်ကင်နင်က နက်ဖြန်နေ့လည် ဆယ့်နှစ် နာရီ အချိန်မှ အစပြုပြီး တစ်နေ့တစ်နေ့တွင် ကလေး ဆယ် ယောက်သည် သူတို့ကိုယ် သူတို့ သတ်သေကြမည် ဖြစ်ကြောင်း၊ဗြိတိသျှ အစိုးရက အိပ်ဇိုးဒပ်သဘောင်္ကို ပါလက်စတိုင်းသို့ ထွက်ခွာခွင့်မပြုမချင်း တစ်နေ့ဆယ်ယောက်တိတိဖြင့် သဘောင်္ပေါ်မှ လူကုန်သည်အထိ သတ်သေကြရန် ဆုံးဖြတ်ထားကြကြောင်း။လန်ဒန်ဌာနချုပ်တွင်လည်း ထိုသတင်းကြောင့်ပင် ဘရက်ရှော၊ ကရော့ဖို့အစရှိသော အာဏာပိုင်များသည် ခေါင်းချင်းရိုက်နေကြ၏။ အချိန်မှာ ဆယ့်လေးနာရီပဲ လိုတော့သည်။ အမြန်ဆုံးနည်းနှင့် ကမ္ဘာအရပ်ရပ်ရှိ ဂျူးခေါင်းဆောင်များထံ ဤကိစ္စ ကြားဝင်၍ ဖျန်ဖြေပေးရန် ကြေးနန်း ရိုက်လိုက်၏။ ကမ္ဘာ့ဂျူးခေါင်းဆောင်များ၏ ဖျန်ဖြေခြင်းကို အယ်ရီ ဘင်ကင်နင် ကျေနပ်တန် ကောင်းပါရဲ့ဟူသော မျှော်လင့်ချက်နှင့်။ခြောက်နာရီအတွင်း ကြေးနန်းများက ပြန်လာ သည်။ ကမ္ဘာအရပ်ရပ်မှ ဂျူးခေါင်းဆောင်များက တညီတညွတ်တည်း အဖြေပေးကြ၏။
“သူတို့ဖျန်ဖြေမပေးနိုင်”ဟူ၏။

ဘရက်ရှောသည် ဆိုက်ပရပ်ရောက်နေသော ထရေဗာနှင့် ချက်ချင်းဆက်သွယ်ပြီး အိပ်ဇိုးဒပ် ထံသွားပါ၊ဗြိတိသျှအာဏာပိုင်တို့နှင့်ဆွေးနွေးရန် စီစဉ်နေပါသည်၊ ရာဇသံကို နောက်ထပ် နှစ်ဆယ့်လေးနာရီ ရွှေ့ပါဟူ၍။

ထရေဗာ ဘရောင်းနင်းသည် ညွှန်ကြားသည့်အတိုင်း ပြုလုပ်ရာ အယ်ရီ ဘင်ကင်နင်၏ အဖြေရသည်နှင့် လန်ဒန်ကို အကြောင်းကြားရပြန်၏။


အရေးတကြီး
ဘင်ကင်နင်က ဘာမှ ဆွေးနွေးစရာ မရှိဟု အကြောင်းပြန်ပါသည်။ သူ့အနေနှင့် အိပ်ဇိုးဒပ်ကို ထွက်ခွင့်ပြုခြင်းနှင့် မပြုခြင်း နှစ်လမ်းသာ ရှိသည် ဆိုပါသည်။ လိုလားချက်မှာ သူတို့တစ်ဖွဲ့လုံး ပါလက်စတိုင်းသို့လွတ်လပ်စွာ သွားခွင့်ပြုခြင်းပင် ဖြစ်သည်။ ဘင်ကင်နင်က သမ္မာကျမ်းစာမှ စာကို ထပ်မံကိုးကားပါသည်။
“ကျုပ်ရဲ့လူမျိုးတွေကို လွှတ်လိုက်ပါ”

ထရေဗာ ဘရောင်းနင်း

....................
စီစီ ဘရက်ရှောမှာ အိပ်မပျော်တော့။ အိပ်ဇိုးဒပ်မှ ပေးထားသော ရာဇသံ ခြောက်နာရီသာ လိုတော့သည်။ သူ့အနေနှင့် ဝန်ကြီးအဖွဲ့အစည်းအဝေးကို တင်ပြရန် သုံးနာရီပဲ အချိန်ရသည်။ ဖျန်ဖြေဆွေးနွေးဖို့ အချိန်မရှိတော့။

သူသည် အရူးတစ်ယောက်နှင့် တိုက်ခိုက်နေရပြီလား။ ဒီအယ်ရီ ဘင်ကင်နင်ဆိုသူမှာ အသည်းနှလုံးမရှိသောလူ၊ သူ့ကို ဒုက္ခရောက်သည်ထက် ရောက်အောင် နှိပ်စက်နေသည့် လူလား။

“ကျုပ်ရဲ့လူမျိုးတွေကို လွှတ်လိုက်ပါ"

ဘရက်ရှောသည် အိပ်ခန်းထဲမှ မီးကို ပိတ်လိုက်လေ၏။

အရေးတကြီး
နက်ဖြန် နေ့မွန်းတည့်ချိန်မှ အစပြုပြီး တစ်နေ့ဆယ်ယောက်တိတိ သတ်သေကြမည် ဖြစ်ကြောင်း ထပ်မံအတည်ပြု ကြေညာချက်ကို အယ်ရီ ဘင်ကင်နင်က ထုတ်ပြန်လိုက်ကြောင်း။

....................
သတ်သေကြမည် ...။ သတ်သေကြမည်။

ဤအတွေးသည် သူ့အား တစ္ဆေလို ခြောက်လှန့်လျက်ရှိလေသည်။

ဘရက်ရှောသည် တွေဝေ ရှုပ်ထွေးစပြုလာ၏။ ပြီးခဲ့သော သုံးလေးရက်မှာ သူ့အတွက် လောကငရဲလို ဖြစ်နေ၏။ အနှစ်သုံးဆယ်လုံးလုံး အရှေ့အလယ်ပိုင်း ပြဿနာများနှင့် ပေါ်လစီများကို နိုင်နင်းစွာ ကိုင်တွယ်လာခဲ့သူ တစ်ဦးက ဒီပွဲတွင်မှ နှပ်ပစ်ခံရမည့်ကိန်း ပေါ်နေသည်။

သူ့တွင် စစ်တပ်တစ်ခုလုံးနှင့် ရေတပ်တစ်ခုလုံး ရှိသည်။ အိပ်ဇိုးဒပ်လို သဘောင်္မဆိုထားနှင့်၊ ဂျူးလူမျိုးများ ခိုးဝင်သူအားလုံးကို တားနိုင်သည့်အားရှိ၏။ ယခုပြဿနာက တစ်မျိုး။

နောက်ဆုံး ကရော့ဖို့ကို အော်ခေါ်လိုက်၏။ ပြီးနောက် ...

“ဆိုက်ပရပ်က ထရေဗာကို အကြောင်းကြားလိုက်၊ အိပ်ဇိုးဒပ်ကို ပါလက်စတိုင်း သွားခွင့်ပြုလိုက်တော့လို့"

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...