နက်သောအသိတွင် ဆင်ခြင်နိုင်စွမ်းရှိသည်
by Khin Maung Maung on Saturday, May 14, 2011 at 5:20am
ဗုဒ္ဓ၏ ကာလာမသုတ်သည် ခောတ်ပေါ် စဉ်းစားနည်းတို့ထက် သာလွန်သော ဆင်ခြင်မှုကို ပေးစွမ်းထားသည်။ အကြောင်းတစ်ခု၊ ယုံကြည်မှုတစ်ခုအတွက် အစမ်းသပ်ခံလည်း ဖြစ်သည်။ အများစုသော သူတို့တွင် အမှန်တကယ် နက်သောအသိမရှိကြ။ ထို့ကြောင့် ဆင်ခြင်နိုင်စွမ်းတစ်စုံတစ်ရာ အင်အားနည်းကြရသည်။ သာမန်သိ၊ ပြန်ပြောကောင်းရုံ သိမှုကို နက်သောအသိဖြင့် ယုံမှတ်ထားကြသောကြောင့် လိုရာခရီးမရောက်နိုင်ကြချေ။
အစဉ်အလာဗုဒ္ဓဘာသာဝင်တို့သည် သုတဥာဏ်အဆင့်မျှသာ သိနိုင်ကြသည်။ ဗုဒ္ဓဘာသာနှင့်ပတ်သက်သော ထဲထဲဝင်ဝင်ရှိလှသည့် လေးလေးနက်နက်ဖြစ်သည့် အတွေး၊ အမြင်၊ အကျင့်မှာ ခိုင်မြဲမှု မရှိသေးပါချေ။ သုတမှတဆင့် ဖြစ်သောဥာဏ်၊ အသိမျှသာ ဖြစ်သည်။ ထို့ကြောင့် မိမိနှင့်ပတ်သက်၍သာ ဦးစားပေးတတ်သည့် ဆန္ဒပေါ်သာ ရပ်တည် သည်။ ရှင်သန်သည်။ ရှေ့ရှုကြလေ့ရှိသည်။ တရားသည့်သဘော၊ မတရားသည့်သဘော ကောင်းစွာ ခံယူချက်လည်း မရှိနိုင်။ ရပ်တည်ချက်မှာ မိမိကောင်းစားရေး၊ `ငါ´ ဗဟိုပြုအတွေးသာလျှင် ဖြစ်သည်။
ထို့ကြောင့် မတရားနည်းလမ်းများဖြင့် ရှာဖွေစုစည်းခဲ့သော ဓနတို့ထဲမှ ပြန်လည်လှူဒါန်းခြင်းကို သန့်ရှင်းမှု ဖြစ်စဉ်အား မေ့ထား၍ ကုသိုလ်ရသည်ဟု ထင်မှတ်ကြသူများ ဖြစ်လာကြသည်။ကြွားဝါ၊ ဂုဏ်ပြိုင်လို၍ လှူဒါန်းခြင်းကို စေတနာအရင်းခံထား လှူဒါန်းခြင်းဖြင့် မှားယွင်းနေဖြစ်ကြသည်။ နက်သောအသိ မဖြစ်၍ ဆင်ခြင်နိုင်စွမ်းမဲ့သောကြောင့် ဖြစ်သည်ဟု ကောက်ချက်ချနိုင်ပေသည်။
သုတဥာဏ်လွန်၍ သစ္ဆိကတဥာဏ်သို့ ရောက်သောအခါ ကိုယ်တိုင်ဖြစ်ကြည့်သော သဘောပါလာ သောကြောင့် ကိုယ်ချင်းစာတတ်လာသည်။ နှိပ်ကွပ်သူဖြစ်စဉ်က ကိုယ်ချင်းမစာတတ်ရခြင်းမှာ သုတဥာဏ်အဆင့်မျှသာ ရှိသောကြောင့် ဖြစ်သည်။ အနှိပ်စက်ခံဘ၀ကို ကိုယ်ချင်းစာနိုင်လာလျှင် နှိပ်စက်မည်၊ ဖိနှိပ်မည် မဟုတ်တော့ချေ။ နက်သောအသိဖြစ်ပါမှ ဆင်ခြင်နိုင်စွမ်းက နောက်မှ ကပ်ပါလာသည်ဖြစ်သည်။ ထိုဥာဏ်အဆင့်ရောက်သောအခါ သတ္တ ဗဟိုပြုမှ ခွါထွက်သွားပြီး ဖြစ်သည်။ `ငါ´ဟူသော အခြေခံဖြင့် မစဉ်းစားတော့။ ကိုယ့်အတွက်ထက် အများအတွက်၊ ကိုယ့်လူမျိုးအတွက်၊ ကိုယ့်ပတ်ဝန်းကျင်အတွက်၊ ကိုယ့်တိုင်းပြည်အတွက် အခြေခံ စဉ်းစားလာသည်။ ထို့ထက် ပါရမီ ရင့်ကျက်လာပါက သတ္တ၀ါအားလုံးအတွက်၊ လောကအတွက် ဗဟိုပြု စဉ်းစားတတ်လာပါသည်။ အတ္တသည် ရွံ့ရှာဖွယ်ရာလည်း ဖြစ်လာ၏။ စက်ဆုပ်ဖွယ်ရာလည်း ဖြစ်လာရတော့သည်။
ဗုဒ္ဓဘာသာဝင်တို့တွင် မှန်ကန်စွာ သက်မွေးဝမ်းကျောင်းပြုခြင်းသည် အရေးကြီး၏။ ငယ်စဉ် အတွေ့အကြုံ နည်းပါး၊ အသိနည်းပါးသေး၍ မှန်ကန်စွာ မဖြစ်လျှင် မထောင်းသာတတ်သော်လည်း အရွယ်ရောက်၊ ရင့်ကျက်သည့်အခါ မိမိ၏လုပ်ရပ်တို့ မှန်ကန်စွာနှင့် ဆန့်ကျင်နေလျှင် အတော်ပင် မေးငေါ့စရာ ဖြစ်ရပေမည်။ မှန်ကန်စွာ ဟူသည်နှင့်ညီညွတ် လျှင် ခောတ်သစ်အရ (win-win) ဟူသော နှစ်ဘက်အကျိုးဖြစ် အခြေအနေဖြစ်၏။ မှန်ကန်စွာနှင့် ဆန့်ကျင်လျှင် တစ်ဖက်ဘက်က အကျိုးပျက်သည်သာ ဖြစ်သည်။ နောက်လိုက်ဘ၀တွင် မထောင်းသာလှသော်လည်း ရှေ့ဆောင်တို့ အဆင့်တွင်မူ မှန်ကန်စွာနှင့် ဆန့်ကျင်လျှင် ပျက်စီးရမည့်သူတို့မှာ တစ်ဦးတစ်ယောက် မဟုတ်နိုင်ကြတော့ချေ။
လူတို့သည် အတ္တ၏သားကောင်ကား မှန်၏။ ဆင်ခြင်မှုနည်းပါး၍ အသိမနက်နိုင်သမျှ ကာလပတ်လုံး အတ္တနှင့် ကိုယ်ကျိုးစီးပွား အခြေခံမှ ခွါနိုင်မည်မဟုတ်။ လူတိုင်း အတ္တကြီးကြလျှင် အားနည်းသူတို့ နေစရာ ရှိနိုင်ကြတော့မည် မဟုတ်၊ ဆင်ခြင်နိုင်မှ တစ်စုံတစ်ရာ အင်အားကောင်းလာလျှင် နက်နဲသောအသိတို့ ရှိလာမည်ဖြစ်ပြီး အတ္တတို့ အတော် အတန် ပါးသွားမည်သာဖြစ်သည်။ လောကအတွက်ဟူသော အဆင့်၊ သတ္တ၀ါများအားလုံးအတွက် ဟူသော
မရောက်လျှင်သော်မှ Self Interest ဟူသော မိမိဗဟိုပြုအတွေးအခေါ်မှ National Interest ဟူသော နိုင်ငံအကျိုး၊ လူမျိုးအကျိုး ဟူသော အဆင့်အထိ စဉ်းစားနိုင်၊ ခံယူလာနိုင်မည်ဖြစ်သည်။ အိမ်ထောင်ဦးစီးဟူသော အစုအဖွဲ့ငယ်လေး ၏ ဦးဆောင်သူ အဆင့်မှ C.E.O ဟူသော အဖွဲ့အစည်းကြီးများ အလယ်၊ နိုင်ငံ၊ ဒေသအဆင့် ဟူသော ခေါင်းဆောင်များ အဆုံးကောင်းစွာ အသိနက်နိုင်ကြလျှင် တစ်စုံတစ်ရာ အေးချမ်းမှုကို ရနိုင်မည်ဖြစ်သည်။
Sympathy သည် ခံစားမှုဟူသော Emotion မှဖြစ်ပေါ်လာ၍ Empathy ဟူသော နားလည်နိုင်စွမ်းသည် ဦးနှောက်၊ အသိဖြင့် ဆင်ခြင်နိုင်ပါမှ ဖြစ်နိုင်သောအရာ ဖြစ်သည်။ သုတဥာဏ်အဆင့်တွင် Empathy ဟူသော စာနာ မျှဝေ ခံစားနိုင်စွမ်း ရှိမည်မဟုတ်ချေ။ သစ္ဆိကတဥာဏ်သည် လောကလွန်သဘော ရှိသည်ဖြစ်သောကြောင့် အတ္တဗဟိုမှ လည်းခွါပြီးဖြစ်သောကြောင့် သတ္တ၀ါတိုင်းကို Empathy ဖြစ်နိုင်ပါသည်။
ထိုသောအခါ ငြိမ်းချမ်းခြင်းမှာ များစွာဝေးကွာမည် မဟုတ်တော့ပါချေ………
Nay Zin Latt
0 comments:
Post a Comment