Tuesday, July 12, 2011

အာဇာနည်နေ့

 (တက္ကသိုလ်နေဝင်း) (ဗိုလ်ချုပ်၏အပါးတော်မြဲ၊ ဗိုလ်ထွန်းလှ)

by Myo Myint on Tuesday, July 12, 2011 at 7:12pm
“ပျောက်သောသူ ရှာလျှင်တွေ့ သေသောသူ ကြာလျှင်မေ့”
ဤကား မြန်မာလူမျိုးတို့ ပြောနေကျ ဆိုရိုးစကားပင်ဖြစ်သည်။
ယေဘူယျအားဖြင့် မှန်ကန်သောဆိုရိုးစကားလည်းဖြစ်ပါ၏။
အထူးသဖြင့် အချိန်ကာလကြာမြင့်လာသော် သေသောသူအား တဖြည်းဖြည်းမေ့လျော့ကာ နောက်ဆုံး လုံးလုံးသတိမရတော့သော အခြေအနေမျိုး ဖြစ်လာတတ်သည်။

ဤသို့လျှင် ယျေဘူယျအားဖြင့် မှန်ကန်သောဆိုရိုးစကားနှင့်ပတ်သက်၍ ချွင်းချက်တော့ရှိနေပါသည်။
ယင်းချွင်းချက်ကား လွန်ခဲ့သော(၆၃)နှစ် ၁၉၄၇-ခုနစ်၊ ဇူလိုင် (၁၉)ရက်၊ စနေနေ့က ဖြစ်ပွားခဲ့သော မြန်မာ့သမိုင်းတွင် အလွန်အရုပ်ဆိုး အကျည်းတန်ပြီး မည်သို့မှဖျောက်ဖျက်ပစ်၍မရနိုင်သည့် အစွန်းအထင်း၊ အမည်းကွက်ကြီး (သို့မဟုတ်)နိုင်ငံတော်လုပ်ကြံမှုကြီးဖြစ်ရာ မှ အမျိုးသား ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အပေါင်းပါ အာဇာနည်ခေါင်းဆောင်ကြီးများအတုံးအရုံးနှင့် ရေတိမ်နစ် ကျ ဆုံးခဲ့ရခြင်းသည် အချိန်ကာလမည်မျှပင်ကြာမြင့်စေကာမူ မေ့ပျောက်၍မရနိုင်သည့် ချွင်းချက်ဖြစ်သည်ဟု ဆိုချင်ပါသတည်း။
အထူးသဖြင့် (၁၉-၇-၄၇)နေ့က ဖြစ်ရပ်နှင့်တကွ ယင်းဖြစ်ရပ်မတိုင်မီတစ်လအတွင်းက ဖြစ်ရပ်များကို အနီးကပ်သိရှိခဲ့ရသူ ကျွန်တော့် အဖို့ မမေ့နိုင်ရုံမကပြင်းစွာ နာကျည်းကြေကွဲခြင်း၊ ယူကြုံးမရဖြစ်ခြင်း၊ ဖြေမဆည်နိုင်အောင်ပူဆွေးဝမ်းနည်းခြင်းစသော စိတ်လှုပ်ရှား မှုဒဏ် ကို နှစ်စဉ် ဇူလိုင်လနီးကပ်လာတိုင်း အလူးအလဲခံစားရတတ်ပါသည်။
ဘာကြောင့် ဤသို့ဆိုရကြောင်းကိုလည်း ယခု ဆက်လက်ဖော်ပြလတ္တံသော အကြောင်းအချက်များက အဖြေပေးနိုင်လိမ့်မည် ထင်ပါ သည်။
၁၉၄၇ခုနစ်၊ ဇူလိုင်လဆန်းတွင် ‘ဘီအိုဒီ’ ခေါ် ဗြိတိသျှစစ်တပ်ပင်မ လက်နက်ခဲယမ်းသိုလှောင်ရေးတပ်မှ ဘရင်းဂန်း၊ တော်မီဂန်း၊ စတင်း ဂန်းစသောမောင်းပြန်လက်နက်များနှင့်တကွခဲယမ်းကျည်ဆန် အမြောက်အမြားကို ပစ္စည်းထုတ်ပုံစံအတုများဖြင့် မသမာသူတစ်စုက ထုတ်ယူသွားကြောင်းကို Special Branch ခေါ်ရဲတပ်ဖွဲ့ဌာနချုပ်၏ ‘သတင်းတပ်ဖွဲ့’က သတင်းရသဖြင့်ပြည်ထဲရေးဝန်ကြီးမှတဆင့် အစိုးရအဖွဲ့ထံ သတင်းပို့အစီရင်ခံခဲ့ပါသည်။
ထိုအချိန်က ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းသည် နိုင်ငံခြား ခရီးထွက်နေ၍ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ပျော်ဘွယ်ဦးမြက ခေတ္တ ပြည်ထဲရေးဝန်ကြီးအဖြစ်တာဝန်ယူနေပါသည်။
ဖော်ပြပါ လက်နက်ခဲယမ်းများ လိမ်လည်ထုတ်ယူသွားခြင်းနှင့် ပက်သက်၍ အစိုးရအဖွဲ့က လိုအပ်သလိုဆောင်ရွက်ရန် ခေတ္တပြည်ထဲရေး ၀န်ကြီးအား တာဝန်ပေးလိုက်ပါသည်။
ဝန်ကြီးဦးမြလည်း ပြည်ထဲရေးဝန်ကြီးဌာနက တိုက်ရိုက်ကွပ်ကဲသော (နောက်ပိုင်း ပြည်ထောင်စုစစ်ရဲတပ် UMP ဖြစ်လာသည်။) သောင်း ကျန်းမှု နှိမ်နင်းရေးတပ်မှ တပ်စိတ်တစ်စိတ်ကို လက်နက်ခဲယမ်းအပြည့်အစုံ (မောင်းပြန်သေနတ်များအပါအ၀င်)နှင့်ဗိုလ်ချုပ် အောင် ဆန်း၏ ရုံးခန်းပြင်ဘက်တွင် လုံခြုံရေးတာဝန်ချထားလိုက်သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ သဘောထားကိုသိထားသူ ၀န်ကြီးဦးမြသည် လက်နက်ကိုင်တပ်စိတ် လုံခြုံရေးအစောင့်ချထားခြင်းကို ဗိုလ်ချုပ် အား လုံးဝအသိမပေးခဲ့ချေ။ ထို့ပြင် ကျွန်တော့်ကိုလည်း နှစ်ယောက်ချင်းတွေ့၍ ရုံးခန်းအပြင်ဘက်လုံခြုံရေးတပ်စိတ်ချထားကြောင်းကို ဗိုလ်ချုပ်အား မပြောရန်မေတ္တာရပ်ခံခဲ့ပါသည်။ ကျွန်တော်လည်း အလိုက်သိစွာနှင့်ပင် ဦးမြအားကတိပေးပြီး ဗိုလ်ချုပ်အား မပြောဘဲနေ လိုက်ပါသည်။
သို့ရာတွင် ကံဆိုးချင်တော့ တစ်နေ့ ဗိုလ်ချုပ်နှင့်ကျွန်တော်တို့ရုံးဘက်လာပြီး ဗိုလ်အောင်ကျော်လမ်းဘက်တံခါးပေါက်မှ ရုံးခန်းသို့အ၀င် တွင်မလှမ်းမကမ်းရှိ ဘဏ္ဍာရေးဝန်ကြီးဌာနဘက်သို့ချိုးကွေ့သည့် ထောင့်နားမောင်းပြန်သေနတ်ကိုင် ရဲဘော်သုံးလေးဦးကို ဗိုလ်ချုပ်က လှမ်းမြင်သွားပါသည်။
ချက်ချင်း ဘာမှမပြောဘဲ ဗိုလ်ချုပ်သည် ရုံးခန်းတွင်းသို့ရောက်တော့မှ ကျွန်တော့်အား နှစ်ယောက်ချင်း ခေါ်မေးပါသည်။
“ဟေ့ကောင်၊ ငါ့ရုံးခန်းရှေ့က လက်နက်ကိုင်ရဲဘော်တွေက ဘာလုပ်တာလဲ”
“ပြည်ထဲရေးဝန်ကြီးက လိုအပ်တယ်ထင်လို့ လုံခြုံရေးအစောင့်ချထားတာပါ”
ကျွန်တော်က ရှင်းပြသည်ကို ဗိုလ်ချုပ်သည် သဘောကျဟန်မတူပါ။
“မလိုပါဘူးကွာ။ ငါ့ကို ဘယ်သူကမှလည်း လုပ်ကြံမှာမဟုတ်ပါဘူး။ ငါကလည်း မစိုးရိမ်ဘူး။ ငါ့ရုံးခန်းရှေ့မှာ လက်နက်ကိုင်ရဲဘော်တွေ ချထားတာကို ငါ မမြင်ချင်ဘူး။ ဒီတော့ မင်းကိုယ်တိုင် ခုချက်ချင်း ပြည်ထဲရေးဝန်ကြီးဦးမြဆီသွားပြီး ငါက ညွှန်ကြားတယ်လို့ပြော။ ငါ့ရုံးခန်းရှေ့က လက်နက်ကိုင်ရဲဘော်တွေကိုချက်ချင်း ပြန်ရုပ်ခိုင်းလိုက်။ ကဲ…မင်း အခုပဲ သွားပြောပေတော့”
ဗိုလ်ချုပ်က တိကျပြတ်သားစွာပြောသဖြင့် ကျွန်တော်လည်း ပြည်ထဲရေးဝန်ကြီးဌာနသို့ အမြန်သွားရောက်၍ ၀န်ကြီးပျော်ဘွယ်ဦးမြအား ဗိုလ်ချုပ်ကအမိန့်ပေးလိုက်ပုံကို ပြောပြလိုက် ပါသည်။
ဝန်ကြီး ဦးမြသည် အလွန်စိတ်မကောင်းဖြစ်သွားပုံရပါသည်။
“ခက်တော့တာပဲကွာ၊ ငါတို့က လုံခြုံရေးအတွက် လိုအပ်တယ်ထင်လို့ လက်နက်ကိုင်တပ်စိတ်ချထားတာကို ဗိုလ်ချုပ်က မြင်သွားတာ ဆိုးတာပဲ။ ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ၊ သူ့အမိန့်ကိုလည်း တို့က မနာခံလို့မဖြစ်ဘူး၊ ငါတော့ စိတ်မကောင်းဘူးကွာ”
ဤသို့ ငြီးငြူရင်းနှင့်ပင် ၀န်ကြီးဦးမြသည် သက်ဆိုင်ရာသို့ တယ်လီဖုန်းဆက်၍ ဗိုလ်ချုပ်ရုံးခန်းရှေ့မှ လက်နက်ကိုင်လုံခြုံရေးတပ်စိတ်ကို ချက်ချင်းရုပ်သိမ်းရန် အမိန့်ပေးလိုက်ရပါတော့သည်။
ထိုနေ့ ညနေဘက် ရုံးမှအိမ်သို့အပြန်တွင် ဗိုလ်ချုပ်သည် စကားများများမပြောဘဲ တစ်စုံတစ်ခုကိုစဉ်းစားနေဟန်ဖြင့် ငြိမ်နေရင်းမှ ရုတ်တ ရက် ကောက်ခါငင်ခါကျွန်တော့်အား မေးခွန်းထုတ်ပါသည်။
“ဟေ့ တို့အိမ်မှာနေတဲ့ ရဲဘော်တွေမှာလက်နက်ရှိသလား”
“မရှိပါဘူး။ ဗိုလ်ချုပ် သူတို့က ပြည်သူ့ရဲဘော်တွေဆိုတော့ တရားဝင်လက်နက်ကိုင်တပ်ဖွဲ့ဝင် မဟုတ်တဲ့အတွက် လက်နက်မရှိကြပါဘူး”
ကျွန်တော်က အမှန်အတိုင်းပြောလိုက်ပါသည်။ သည်တော့မှ ဗိုလ်ချုပ်သည် သူ၏ စိတ်ထဲ ဖြစ်ပေါ်ခံစားမိပုံကို ပြောပါသည်။
“ငါကိုယ်တိုင်ကတော့ သေရမှာလည်း မကြောက်ဘူး။ ဘယ်သူကမှလည်း ငါ့ကို လုပ်ကြံမယ်မထင်ဘူး။ ဒါပေမယ့်ကွာ အိမ်မှာရှိတဲ့ ကလေးတွေအတွက်တော့ ငါစိုးရိမ်သလိုဖြစ်မိတယ်။ဒီတော့ လိုလိုမယ်မယ်ပေါ့ကွာ။ သက်ဆိုင်ရာကို ဒီနေ့ပဲမင်းကိုယ်တိုင်သွားပြီး ငါက ခိုင်းတယ်လို့ပြော။ သင့်တော်မယ့် လက်နက်နည်းနည်းပါးပါးထုတ်ယူပြီး အိမ်က ရဲဘော်တွေကို ပေးထားလိုက် ဒါပဲ”
ဤသို့အမိန့်ပေးသဖြင့် ကျွန်တော်လည်း အိမ်ပြန်ရောက်သောအခါ သက်ဆိုင်ရာနှင့်ဆက်သွယ်အစီအစဉ်လုပ်ပြီး တော်မီဂန်းတစ်လက်၊ စတင်းဂန်းတစ်လက်၊ ခြောက်လုံးပြူးနှစ်လက်တို့ကို ကျည်ဆံများနှင့်တကွ ထုတ်ယူကာ တာဝါလိန်းလမ်းဗိုလ်ချုပ်အိမ်တွင်နေသော ရဲဘော်များအား ပေးထားလိုက်ပါသည်။
နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့သည်မှာ ၁၉၄၇-ခုနစ်၊ ဇူလိုင်လ (၁၉)ရက် စနေနေ့ ဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ (ကက်ဘိနက်) အစည်းအဝေးကျင်းပနေခိုက် မသမာသူ လူသတ်သမားအ ဖွဲ့က ၀င်ရောက်လုပ်ကြံပစ်ခတ်ခြင်းဖြစ်သည်။
အမှန်တော့ ယင်းဝန်ကြီးအစည်းအဝေးသည် ဇူလိုင် (၁၉) ရက် စနေနေ့တွင် ကျင်းပရန်မဟုတ်ပဲ “ဇူလိုင် (၁၆)ရက် ဗုဒ္ဓဟူးနေ့” တွင် လုပ်ရမည်ဖြစ်သည်။
ဤနေရာတွင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ အစည်းအဝေးအကြောင်း အနည်းငယ်ရှင်းပြရန်လိုပေလိမ့်မည်။
၁၉၄၆-ခု၊ စက်တင်ဘာလ (၂၆) ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းအစိုးရအဖွဲ့အာဏာကို လက်ခံရယူပြီးချိန်မှစ၍ ၀န်ကြီးအဖွဲ့ အစည်း အဝေးကို အပတ်စဉ် စနေနေ့ နံနက်(၁၀) နာရီ ကျင်းပနေကျဖြစ်သည်။ ထိုအချိန်က ဂဠုန်ဦးစောသည် ဘုရင်ခံကတိုက်ရိုက်ခန့်အပ်ထား သော ၀န်ကြီးတစ်ဦးဖြစ်နေရာ သူသည်လည်း အပတ်စဉ်စနေနေ့တိုင်း ကျင်းပသော ၀န်ကြီးအဖွဲ့အစည်းအဝေးသို့ တက်ရသည်။ သို့ရာတွင်၁၉၄၇-ခုနစ်၊ ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်ဗြိတိသျှအစိုးရတို့ သဘောတူချုပ်ဆိုသော “အောင်ဆန်း အက်တလီစာချုပ်” ကိုဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့ သဘောမတူဘဲကန့်ကွက်ကြသဖြင့် မြန်မာပြည်ပြန်ရောက်လာသောအခါ ဦးစောနှင့်သခင်ဗစိန်တို့သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးအဖြစ်မှ နှုတ်ထွက်သွားကြရသည်။
ထို့ကြောင့် သူတို့နှစ်ဦးသည် နောက်ပိုင်း ဗိုလ်ချုပ်ဦးဆောင်သော အစိုးရအဖွဲ့အစည်းအဝေးများသို့ မတက်ကြရတော့ချေ။
ဗြိတိန်နိုင်ငံမှ ပြန်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် အပတ်စဉ်ဝန်ကြီးအဖွဲ့ (ကက်ဘိနက်) အစည်းအဝေးကို စနေနေ့ မလုပ်တော့ ဘဲ ဗုဒ္ဓဟူးနေ့ကျင်းပရန် ပြောင်းရွှေ့သတ်မှတ်လိုက်သည်။
ယင်းအကြောင်းကို ဂဠုန်ဦးစောကမသိ။ ၀န်ကြီးအဖွဲ့အစည်းအဝေးသည် စနေနေ့ (၁၀) နာရီကျင်းပမြဲ ကျင်းပနေသည်ဟု ထင်မှတ်နေ သည်။
၁၉၄၇-ခုနစ်၊ ဇူလိုင်လ၏ တတိယမြောက် အစည်းအဝေးကို ဇူလိုင် (၁၆) ရက် ဗုဒ္ဓဟူးနေ့တွင် ကျင်းပရန်သတ်မှတ်ထားပြီးဖြစ်ရုံမက အစည်းအဝေးဖိတ်စာများကို ၀န်ကြီးအသီးသီးထံသို့ ဖြန့်ဝေထားပြီး ဖြစ်သည်။
သို့သော် ဇူလိုင် (၁၆) ရက်၊ ဗုဒ္ဒဟူးနေ့တွင် တိုင်းပြည်ပြုလွှတ်တော်၏ ဆပ်ကော်မတီတစ်ခုဖြစ်သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေရေး ဆွဲရေးကော်မတီ အစည်းအဝေးကျင်းပရန် ကြိုတင်သတ်မှတ်ထားပြီးဖြစ်နေသည်။အစည်းအဝေးနှစ်ခုတိုက်နေကြောင်းကို ကျွန်တော်က ဗိုလ်ချုပ်ထံသတင်းပို့တင်ပြသောအခါ ဗိုလ်ချုပ်က “လွှတ်တော်ကော်မတီအစည်းအဝေးက အရေးကြီးတယ်၊ လူကြီးတွေလည်း ပါနေ တယ်။ ဒါကြောင့် အဲ့ဒီအစည်းအဝေးကို ဒီတိုင်းပဲထား၊ ကက်ဘိနက်အစည်းအဝေးကိုတော့စနေနေ့ပြောင်းလုပ်လိုက်၊ ၀န်ကြီးတွေဆီကို လည်း ဖိတ်စာအသစ်ရိုက်ပြီးပေးလိုက်”ဟု အမိန့်ပေးလိုက်ရာ “မမေ့နိုင်သော ဇူလိုင် ၁၉ ရက်နေ့” တွင် အစိုးရအဖွဲ့အစည်းအဝေး ကျင်း ပဖြစ်သွားကာ နိုင်ငံတော်လုပ်ကြံမှုကြီးလည်း ဖြစ်ပွားခဲ့ရပါတော့သည်။
ဤသည်တို့ကား ၁၉၄၇-ခုနစ်၊ ဇူလိုင်လဆန်းက အမှန်တကယ်ဖြစ်ခဲ့သော ဖြစ်ရပ်များဖြစ်ရာ နေ့လယ်ပိုင်း ပြန်လည်သုံးသပ်ကြည့်သော အခါ အလွန်ဝမ်းနည်းယူကြုံးမရဖြစ်စရာကောင်းလောက်အောင် ကံကြမ္မာ၏လှည့်စားမှု သို့မဟုတ် အလှည့်အပြောင်းများကိုတွေ့ရ ပါ သည်။
ပထမအချက်အနေဖြင့် အကယ်၍သာ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ရုံးခန်းရှေ့မှ လက်နက်ကိုင်လုံခြုံရေးတပ်စိတ်ကို ရုပ်သိမ်းရန် အမိန့် မပေးခဲ့လျှင်။
ဇူလိုင် ၁၉ ရက်နေ့ကျတော့ လူသတ်သမားအဖွဲ့ ဗိုလ်ချုပ်တို့အား လုပ်ကြံရန်လာသောအခါ လုံခြုံရေးတပ်စိတ်နှင့်တိုက်ပွဲဖြစ်ရုံသာရှိမည်။ လုပ်ကြံမှုကြီးတော့မဖြစ်နိုင်။
တိုက်ပွဲဖြစ်လျှင်လည်း လုံခြုံရေးတပ်စိတ်က လူအင်အား၊ လက်နက်အင်အားပိုကောင်းသဖြင့် လူသတ်သမားအဖွဲ့အား တစ်ယောက်မ ကျန် သုတ်သင်ခြေမှုန်းပစ်နိုင်မည်မှာ သေချာသည်။
အကယ်၍သာ တိုင်းပြည်ပြု လွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီ က ဇူလိုင် (၁၆) ရက်နေ့တွင် အစည်းအဝေး ကျင်းပရန်ချိန်းမထားခဲ့လျှင်ဝန်ကြီးအဖွဲ့ (ကက်ဘိနက်) အစည်းအဝေးကို ခါတိုင်းအပတ်စဉ် ကျင်းပနေကျဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၆)တွင် ကျင်းပဖြစ်မည်။ ဗုဒ္ဓဟူးနေ့တိုင်း ကျင်းပသောဝန်ကြီးအဖွဲ့အစည်းအဝေးအကြောင်း မသိသူ ဂဠုန်ဦးစောသည် သူ၏လူသတ်သမားအဖွဲ့ အား ဇူလိုင်လ ၁၉ ရက် စနေနေ့တွင်လွှတ်မည်ဖြစ်သည်။ သို့ဖြစ်လျှင် ၀န်ကြီးအစည်းအဝေးမရှိ၍လုပ်ကြံမှုကြီးလည်း ဖြစ်ပွားမည်မဟုတ်ချေ။
အကယ်၍သာ လူသတ်သမားအဖွဲ့သည် ဗိုလ်ချုပ်အား အတွင်းဝန်ရုံးတွင်မလုပ်ကြံပဲ ဗိုလ်ချုပ်၏နေအိမ် (ဗဟန်းတာဝါလိန်းလမ်း ယခု ဗိုလ်ချုပ်တည်ရှိရာ)တွင်လာရောက်လုပ်ကြံပါက သူတို့သည် ဗိုလ်ချုပ်ရှိရာ အိမ်ပေါ်ထပ်သို့ပင်တက်နိုင်မည်မဟုတ်။ ဗိုလ်ချုပ်၏ အမိန့်ဖြင့် ကျွန်တော်ကိုယ်တိုင်လက်နက်တပ်ဆင်ပေးထားသော အိမ်ရှိရဲဘော်များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်မည်။ ယင်းသို့ တိုက်ပွဲဖြစ်လျှင် အိမ်မှ ပြည်သူ့ရဲဘော်များသည် ဘီဒီအေတပ်မတော်နှင့် ဖက်ဆစ်တော်လှန်ရေးတပ်သားရဲဘော်များဖြစ်၍လက်နက်ကိုင်တွယ်မှု ကျွမ်း ကျင်သည့်ပြင် တိုက်ပွဲအတွေ့အကြုံလည်းရှိသောကြောင့် လူသတ်အဖွဲ့အား အလွယ်တကူပင်တွန်းလှန်တိုက်ခိုက်ပစ်နိုင်မည်ဖြစ်သည်။
သို့ရာတွင် လူသတ်အဖွဲ့သည် ဗိုလ်ချုပ်အိမ်သို့မလာဘဲ လက်နက်ကိုင်အစောင့်မရှိသော အတွင်းဝန်ရုံးသို့ သွားရောက်လုပ်ကြံခဲ့သည်။
ထို့ကြောင့်လည်း လုပ်ကြံမှုကြီး ဖြစ်မြောက်ခဲ့ရသည်။
ဗိုလ်ချုပ်ခမျာ ဖခင်တို့၏ ကြီးမားသောမေတ္တာအဟုန်ကြောင့် လူမမယ်ရင်သွေးငယ်များအတွက် စိုးရိမ်မကင်းဖြစ်ကာ “လိုလိုမယ်မယ် ပေါ့ကွာ”ဟုဆိုပြီး ကျွန်တော့်အားအိမ်မှ ရဲဘော်များအား လက်နက်တပ်ဆင်ခိုင်းခဲ့သည်။ သူ့ကိုယ်သူ အတွက်တော့လုံးဝမစိုးရိမ်ဘဲ “ငါက သေရမှာလည်း မကြောက်ဘူး။ ဘယ်သူမှလည်း ငါ့ကိုလုပ်ကြံမှာ မဟုတ်ပါဘူး”ဟု ပြောခဲ့ရှာသည်။ သို့သော် တကယ်ကျတော့ သူထင် သလိုမဖြစ်ခဲ့။ သူချစ်မြတ်နိုးသောရင်သွေးငယ်များ ဘာမှမဖြစ်ပဲ သူကိုယ်တိုင်ကသာ(၁၉-၇-၄၇)နေ့က မရှုမလှ “ရေတိမ်နစ်” ကျဆုံး ခဲ့ရရှာသည်။
ကံတရားက ဗိုလ်ချုပ်နှင့်တကွ ကျွန်တော်တို့ နိုင်ငံသားအားလုံးကို ဒဏ်ခတ်သလို ပျက်ရယ်ပြုလှည့်စားလိုက်ခြင်းပေလား။
ဗုဒ္ဓရှင်တော်ဘုရား၏ အဆုံးအမအရ ကံ၊ ကံ၏အကျိုးကို ယုံကြည်ရမည်ဟု ညွှန်ပြထားပါသည်။ ထို့ကြောင့် မည်သို့မှ မမေ့နိုင်သော ဇူလိုင် ၁၉ ရက်၊ စနေနေ့က ဖြစ်ရပ်အကြောင်းပြန်ပြောင်းသတိရမိတိုင်း
“သတ္တ၀ါမှန်သမျှ ကံစီမံ ဖန်တီးရာသာ လိုက်နာ၊ နာခံနေကြရသည်ပါတကား”
ဟူသော အဂုင်္တ္တရနိကယ် အဘိဏှသုတ်တော်လာ တရားသဘောအတိုင်း ဆင်ခြင် နှလုံးသွင်း၍ သံဝေဂဥာဏ်ပွားများကြရန်သာ ရှိပါတော့သတည်း။

တက္ကသိုလ်နေဝင်း...... စတိုင်သစ်မဂ္ဂဇင်း(၁၉၉၅)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...