Tuesday, July 12, 2011

ဗိုလ်ချုပ်အောင်ဆန်းထံမှ ပေးစာတစ်စောင်

by Wai Maw on Tuesday, July 12, 2011 at 6:49pm
 
 ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် ဖွဲ့စည်းခဲ့သည်။စတင်ဖွဲ့စည်းစဉ်က ဦးဆောင်ပါဝင်ခဲ့ကြသူများမှာ တပ်ဖွဲ့သေနာပတိ- ဗိုလ်ချုပ်အောင်ဆန်း၊ ဒုတိယတပ်ဖွဲ့သေနာပတိ- ဗိုလ်မှူးအောင်(ရဲဘော်သုံးကျိပ်)၊ အထွေထွေဌာနကြီးမှူး- ဗိုလ်ထွန်းလင်း၊ ကော်မတီဝင်များ -ဗိုလ်လရောင်(ရဲဘော်သုံးကျိပ်)၊ ဗိုလ်မှူးဖိုးကွန်း၊ ဗိုလ်ဗတင်၊ ဗိုလ်လှအေး၊ ဗိုလ်တင်အုန်း၊ ဗိုလ်အောင်မင်း၊ ဗိုလ်ပု တို့ဖြစ်ကြသည်။

 ၁၉၄၆ ခုနှစ် မတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်သွားသော သခင်စိုးက အလံနီကွန်မြူနစ်ပါတီကို ထူထောင်ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင် သော ဖဆပလ အဖွဲ့ချုပ်ကို အမျိုးမျိုးစွပ်စွဲရုံသာမက ဗိုလ်ချုပ်ထူထောင်သော ပြည်သူ့ရဲဘော်တပ်ဖွဲ့ကိုပင် နယ်ချဲ့လက်ကိုင်တုတ်အဖြစ် ပြောဆိုခဲ့သည်။ ပြည်သူ့ရဲဘော်တပ်ဖွဲ့နှင့်အပြိုင် ၄င်း၏အလံနီကွန်မြူနစ်ပါတီဝင် များနှင့် အလံနီစောင့်တပ်ကို ဖွဲ့စည်းခဲ့သည်။ ထို့ပြင် ပြည်သူ့ရဲဘော်တပ်ဖွဲ့အား ပြည်သူ့ရန်သူတပ်ဖွဲ့၊ ၀ါးရင်းတုတ်တပ်ဖွဲ့ ဟူ၍ ၄င်း၏အာဏာသစ်ဂျာနယ်မှ စွပ်စွဲရေးသားခဲ့သည်။ ပြည်သူ့ရဲဘော်တပ်ဖွဲ့အား ထိုသို့ စွပ်စွဲပြောဆိုနေသဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်သူ့ရဲဘော်တပ်ဖွဲ့ ညွှန်ကြားချက်အမှတ် (၁၀)ကို ထုတ်ပြန်ခဲ့ပြီးနောက် သခင်စိုးနှင့်ပတ်သက်သော သတင်းဆောင်းပါးမှန်သမျှ ပြည်သူ့ရဲဘော်ဂျာနယ်တွင် ထည့်သွင်းရေးသားခြင်းမပြုရ ဟူသော စာတစ်စောင်ကို ပြည်သူ့ရဲဘော်ဂျာနယ်သို့ အောက်ပါအတိုင်း ရေးသား ပေးပို့ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းထံမှ ပေးစာ ပြည်သူ့ရဲဘော်ဂျာနယ်အတွက်
အတွဲ ၁ အမှတ် ၁၀ ၀ါဆိုလဆုတ် ၄ ရက်နေ့ထုတ် ပြည်သူ့ရဲဘော်ဂျာနယ်ကို ဖတ်မိရာ အချို့သော ဆောင်းပါး များမှ မသင့်လျော်ဟု ငါထင်သည်။ ယနေ့ထိထွက်လာသမျှသော ပြည်သူ့ရဲဘော်ဂျာနယ်များကို အကြောင့် အမျိုးမျိုးကြောင့် ငါကိုယ်တိုင်ကောင်းစွာ လမ်းညွှန်မပြနိုင်ခဲ့သည်မှာ ငါ့တာဝန်လည်း ရှိတော့သည်။ အကယ်၍ ဤကိစ္စတွင် အပြစ်ရှိချေက ငါသည်လုံးဝတာဝန်ယူရန် အသင့်ပင်ရှိနေသည်။ ယနေ့ကစ၍ကား ပြည်သူ့ရဲဘော် ဂျာနယ်ကိုတတ်နိုင်သမျှ ဦးစီးညွှန်ပြရန်ကြိုးစားပါမည်။ သို့သော် မညီညွတ်သောအကြောင်းများကြောင့် အမြဲတမ်း ညွှန်ပြခြင်းမပြုနိုင်ခဲ့သော် အောက်ပါအချက်တို့ကို အမြဲလိုက်နာစေလိုသည်။
အပြစ်များကိုသာ ပြခဲ့
၁။ သခင်စိုးနှင့် ပတ်သက်သောဆောင်းပါးမျိုး မထည့်သွင်းမီ ငါ့ထံလာပြစေလိုသည်။ ဤဆောင်းပါးမျိုးကို မှန်တိုင်း ထည့်သွင်းပြသသင့်သည်ဟု မထင်။ မှန်လည်း မှန်သည်။ တိုင်းပြည်လည်းအကျိုးရှိမည်ဟု အပြန်ပြန် အလှန်လှန် သုံးသပ်စစ်ဆေးဝေဖန်ပြီးမှသာ ဤဆောင်းပါးမျိုးကို ထည့်သွင်းရမည်။ ယထာဘူတ တရားတိုင်း အတိုချုပ်၍ သခင်စိုးနှင့်ပတ်သက်သော ဆောင်းပါးကိုဝေဖန်ရမည်ဆိုလျှင် ရေးသမျှ ဟုတ်ပင်ဟုတ်သော်လည်း ယထာဘူတကျသည်ဟု မဆိုနိုင်သေး။ အဆိုပါဆောင်းပါးမှာ သခင်စိုး၏အပြစ်များကို သာပြသည်။ သခင်စိုး၏ အကောင်းပိုင်းကို ချန်ပစ်ခဲ့သည်။ သူ့တွင်ရှိသော အပြစ်များကို ဖော်ပြချင်လျှင် သူ့တွင်ရှိသော အချက်ကောင်း များကိုလည်း ထုတ်ပြရန်အသင့်ရှိရမည်။ ပြည်သူ့ရဲဘော်ဂျာနယ်သည် ပြည်သူ့ရဲဘော်တပ်ဖွဲ့၏ ဂျာနယ်ဖြစ် သည်။ ပြည်သူ့ရဲဘော်တပ်ဖွဲ့သည် တိုင်းသူပြည်သားလူထုများ၏ အဖွဲ့ဖြစ်သည်။ “တိုင်းပြည်သည် ရဲဘော်အတွက် မဟုတ်၊ ရဲဘော်သည် တိုင်းပြည်အတွက် ဖြစ်စေရမည်။” ဗမာစကားပုံ တစ်ခုလို “ချစ်စေလိုခံ တွင်းလက်လေးသစ်၊ မုန်းစေလို ခံတွင်းလက်လေးသစ်” မဖြစ်စေနှင့်။ ဒီနည်းကား…..ပါတီသည် တိုင်းပြည် အတွက်မဟုတ်ဘဲ၊ တိုင်းပြည်သည် ပါတီအတွက် ပြုလုပ်ကြသော နိုင်ငံရေးပါတီများ၏ ထုံးနည်းများဖြစ်သည်။ ငါတို့မလိုက်နာသင့်။
          မည်သို့ဖြစ်စေ ယခုအခါ နယ်ချဲ့သမားများနှင့် အပေါင်းပါများသည် သခင်စိုးဂိုဏ်းကို မူလတွင်ဖဆပလ အစရှိသည်တို့ကို ဖြိုဖျက်ရန် လက်နတ်သဖွယ် အသုံးပြုရန် ပင်းပေးနေရာမှ သခင်စိုးဂိုဏ်းကို မတရားအသင်း အကြေငြာခဲ့ပြီ၊ အဘယ်ကြောင့်နည်း
(၁)    သခင်စိုးဂိုဏ်းနောက်တွင် လူထုအထောက်အခံမရှိသဖြင့် တစ်ကြောင်း
(၂)    လက်ဝဲဂိုဏ်းသားအချို့၏ အမှားများကိုအခွင့်အရေးယူကာ မူလတွင် သွေးမူးသွေးတမ်း စိတ်လွှမ်းမိုး လာသည်ကို ပြန်လည်ထိမ်းချုပ်လာနိုင်မည်ဆိုလျှင် စားနေကျ ကြောင်ပါးဥာဏ်များ ပြန်ရလာကာ သခင်စိုး ဂိုဏ်းနောက်တွင်သာ လူထုမရှိသော်လည်း ဖဆပလ အမျိုးသား ညီညွတ်ရေးအင်အား ပြည်သူ့ရဲဘော်တပ်ဖွဲ့ အင်အား အမှန်ကိုမြင်နိုင်မြင်လာသဖြင့် မူလတွင်သခင်စိုးဂိုဏ်းနှင့် ပြည်သူ့ရဲဘော် ဖဆပလ အစရှိသည်တို့ကို ရောနှော၍ ၀ါးလုံးရှည်နှင့် ရမ်းမည်တကဲကဲ ဖြစ်လာရာမှအားနည်းရာအပိုင်းမှစ၍ ဖြိုဖျက်သည့်ပရိယာယ်ကို သုံးလိုသဖြင့် တစ်ကြောင်း။
(၃)    သခင်စိုးဂိုဏ်းနှင့် မူလကွန်မြူနစ်ဂိုဏ်း ဖဆပလ ပြည်သူ့ရဲဘော်အဖွဲ့ အစရှိသည်တို့ဟာ ကိုယ့်အမှား တွေကိုယ်ပြင်ကြပြီး ပြန်၍အစေးကပ်နိုင်မည့် လမ်းစများပေါ်ပေါက်လို့ငြားဖြစ်လာမူ ဖြစ်မြောက်အောင် မပြုလုပ် စေလိုသဖြင့် တစ်ကြောင်း။
ဤအကြောင်းများကြောင့် ဖြစ်သည်ဟု ငါယူဆသည်။ မည်သို့ဖြစ်စေ ငါတို့သည် သခင်စိုး၏ ကမူးရူးထိုး လမ်းမှောက်မှားသော ကျင့်ထုံးများကို မလိုက်နာနိုင်သော်လည်း သခင်စိုးနှင့်ပတ်သက်၍ နောက်နောင်တွင် မည်သည့်ဆောင်းပါးသတင်းကိုမျှ ပြည်သူ့ရဲဘော်ဂျာနယ်တွင် မထည့်သွင်းစေလို့ မထည့်သွင်ရ။
နည်းပရိယာယ်လုပ်ငန်း 
၂။ ရွေးကောက်ပွဲနှင့် ပတ်သက်သော ဆောင်းပါးတစ်စောင်လည်း ဖတ်ရသည်။ ဤကိစ္စမျိုးကို ယခုအခါ ယတိပြတ် ဆုံးဖြတ်၍မဖြစ်နိုင်၊ ယခုအခါ ရွေးကောက်ပွဲဝင်ခြင်း၊မ၀င်ခြင်း စသည်တို့မှာ ငါတို့၏ အဓိက လုပ်ငန်းမဟုတ်၊ သို့သော် အရမ်းမဲ့ ပစ်ပယ်သင့်သော ကိစ္စမဟုတ်။ ဤကိစ္စမျိုးမှာ အခြေအနေအချိန်အခါ အားလျော်စွာ ပြုသင့်ကပြု-မပြုသင့်ကာမပြုရသော နည်းပရိယာယ် လုပ်ငန်းတစ်ရပ်သာ ဖြစ်သည်။ ငါပြောပြီး ပြောဆဲ ပြောလတ္တံ့ ဖဆပလ မိန့်ခွန်းများကို လေ့လာစေလိုသည်။
၃။  တစ်ခါက ပါတီတွေဖျက်ရန် တိုက်တွန်းချက်ကို ပြည်သူ့ရဲဘော်ဂျာနယ်တွင် တွေ့မိသလိုလိုရှိသည်။ ဤကိစ္စမျိုးမှာလည်း ယခုလက်ရှိ ဗမာပြည်အခြေအနေတွင် အဖျင်းဆုံး ၂ဖက် ၂လမ်း စဉ်းစားစရာရှိသော ကိစ္စမျိုးဖြစ်သည်။ စိတ်မြန်လက်မြန် ပြုလုပ်သင့် ဆုံးဖြတ်သင့်သော ကိစ္စမဟုတ်။ မည်သို့ဖြစ်စေ နောက်နောင် တွင် နိုင်ငံရေးတွင် လည်ကောင်း တိုင်းပြည်တွင် လည်ကောင်း၊ အငြင်းပွားမည့်ဆောင်းပါး ထင်မြင်ချက် သတင်းအရပ်ရပ်ကို မထည့်သွင်းစေလို ရဲဘော်များနှင့် သက်ဆိုင်သော ၀တ္တုများ၊ အကြံဥာဏ်များ ဆောင်းပါး များ၊ သတင်းများကိုသာ အဓိကထား၍ ပြည်သူ့ရဲဘော်ဂျာနယ်ကို ထုတ်ဝေစေလိုသည်။
နိုင်ငံရေးတွင်လည်ကောင်း ရပ်သူ ရပ်သားကိစ္စအ၀၀တွင် လည်ကောင်း ပြည်သူ့ရဲဘော်တပ်ဖွဲ့သည် ဓားခုတ်ရာ လက်ဝင်မလျှိုမိစေရန် ကြီးမားသော သတိဝီရိယဖြင့် ငါတို့သည် ငါတို့တစ်မျိုးလုံး ယခုရေးနှင့် နောင်ရေးတို့ကို ကာကွယ်ကြရမည်။
          ဤစာတွင် သခင်စိုးအပေါ် တစ်ဖက်စောင်းနင်း ရေးသားမှုကို မလိုလားသည့် ဗိုလ်ချုပ်ဆောင်ဆန်း၏ သမာသမတ်ကျသော စိတ်ဓာတ်၊ မျှတသော စိတ်ဓာတ်တို့ကို တွေ့မြင်နိုင်ပေသည်။ နယ်ချဲ့သမား၏ သွေးခွဲသပ်လျှိုသော ရည်ရွယ်ချက်များကိုလည်း ကွက်ကွက်ကွင်းကွင်း ဖော်ပြခဲ့သည်။  နိုင်ငံရေးအရ အငြင်းပွား မည့် အရေးအသားမျိုးကို ရှောင်ကြဉ်ကြရန် သတိပေး လမ်းညွှန်ထားသည်ကို တွေ့ရှိရပေသည်။

အောင်မြင့်ဦး
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁ အမှန် ၅၀
၇-ဇူလိုင်-၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...