Saturday, June 18, 2011

ဒီမိုကရေစီကို ရွာကလူတွေသိအောင် လုပ်ပေးကြပါ

- ဇော်ဇော်အောင်

by Ye Myint Thu on Friday, June 17, 2011 at 1:14pm
အခုတလော မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာ ဒီမိုကရေစီအကြောင်း ရေးကြသားကြ၊ အခေါ်အပြောရှိလာတာ ၀မ်းသာစရာပါပဲ။ လောကွတ်ပြောတာ မဟုတ်ပါ။ သိပ်ဖြစ်သင့်တဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒါပေမဲ့ ခက်နေတာက ခက်နေတာ ခက်နေတာပါပဲ။ အဲသလို ရေးသားတင်ပြနေကြတာ (လေးစား ကျေးဇူးတင်စရာ ကောင်းပေမဲ့) ရွာက လူတွေဆီ ရောက်ရဲ့လား။ ရွာက လူတွေ နားရောလည်ကြရဲ့လား ဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ ကျွန်တော်တော့ သိပ်မရောက်ဘူး ထင်ပါတယ်။


ရွာက လူတွေဆိုတော့ ဘယ်သူတွေလည်း ဆိုတာ နည်းနည်းရှင်းဖို့ လိုအပ်ပါလိမ့်မယ်။ “ကမ္ဘာာကြီး ပြားသွားတာ ရွာက လူတွေ မသိလိုက်ဘူး” ဆိုတဲ့ ဆောင်းပါးတစ်စောင် ကျွန်တော် ရေးခဲ့ပါတယ် (နွယ်နီ၊ နိုဝင်ဘာ၊ ၂၀၁၀)။ ထပ်ပြီး တင်ပြပါရစေ။ ရွာကလူတွေဆိုတာ အစွန်အဖျား ကျေးလက်တောရွာက တောသူ တောင်သားတွေကိုသာ ပြောတာ မဟုတ်ပါဘူး။ အလွယ်ဆုံး အရှင်းဆုံး ပြောရရင် ဆင်းရဲသားတွေကို ပြောတာပါ။ သမိုင်းဝင် “နဂါးနီခေတ်”က စကားလုံးတစ်လုံး ရှိခဲ့တယ်။ “လူမွဲ” ဆိုတဲ့ စကားလုံးပါပဲ။ ပစ္စည်း ဥစ္စာမွဲတယ်၊ ဓနငွေကြေး မွဲတယ်၊ အသိပညာ မွဲတယ်၊ ဥာဏ်မွဲတယ်၊ အစစအရာရာ မွဲတေနေတဲ့ လူတွေ အားလုံးကို ခြုံခေါ်လိုက်တာပါ။ ကျေးလက်တောရွာတွေမှာ ရှိသလို မြို့ကြီးမြို့ငယ်တွေမှာလည်း ရှိတယ်။ မြန်မာတစ်ပြည်လုံးမှာ ရှိတဲ့ ဆင်းရဲသား လူမွဲအားလုံးကို ခြုံခေါ်လိုက်တာလို့လည်း ပြောနိုင်ပါတယ်။ အထက်က စကားနဲ့ ပြန်ဆက်ရရင် ဒီမိုကရေစီအကြောင်း ရေးသာတင်ပြနေကြတာ (များသောအားဖြင့် ) “သေစာ ရှင်စာ”လောက်သာ တတ်တဲ့ အဲဒီလူမွဲထုကြီးဆီကို တကယ်ရောက်ပါ့မလား ဆိုတာ စဉ်းစားစရာ ဖြစ်မနေဘူးလား။ ဒီမိုဆိုတာ ဘာကို ပြောတာ၊ ကရေစီနဲ့ ကရာစီးယားဆိုတာ ဘာကို ပြောတာလို့ သရုပ်ခွဲပြောနေရုံနဲ့ သူတို့ သိနိုင်ကြပါ့မလား။ ဂရိဒီမိုကရေစီက ဘယ်လို၊ အေသင် ဒီမိုကရေစီဆိုတာက ဘယ်လို ပြောနေတာကို သူတို့ သိပါ့မလား။ (မသကား အေသင်ချိုဆွေလောက်တော့ သိချင်သိမယ်)  ကျွန်တော် စဉ်းစားမိတာ ပြောနေတာပါ။ အရေးကြီးတဲ့ အချက်ကတော့ အဲဒီရွာက လူတွေရဲ့ အသိပညာအဆင့်အတန်း၊ ဗဟုသုတအဆင့်အတန်း၊ ဒီထက် ပိုပြောရင် ယဉ်ကျေးမှု အဆင့်အတန်းက စကားပြောလိမ့်မယ် ထင်ပါတယ်။ ဆွေးနွေးကြပါ။

စကားအလျဉ်းသင့်လို့ ပြောစရာကလေးတွေ ပြောခဲ့ချင်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားပြီး “မာ့က်စ်ဝါဒ”ဆိုတာ မရှိတော့ဘူး။ ပါးစပ်သရမ်းတဲ့ လူတွေကတော့ မာ့က်စ်ဝါဒ မြောင်းထဲ ရောက်သွားပြီလို့ ပြောကြတယ်။ ကျွန်တော်ကတော့ လက်မခံဘူး။ ပညာရှင်တစ်ယောက်ကတော့ ဒီလို ရေးဖူးတယ်။
History has not erased Marx, but vindicated him.
သမိုင်းက မာ့က်စ်ကို ပယ်ဖျက်ခဲ့တာ မဟုတ်ဘူး။ မာ့က်စ် (သူ့) ဘက်က ရပ်တည်ဂုဏ်ဆောင်ခဲ့တာ ဖြစ်တယ် (ကျွန်တော့် ဘာသာပြန်မျှသာ ဖြစ်တယ်)။
(Randy Martin, 2002 "On your Marx: Rethinking Socialism and Left, University of Minnesota မင်နီဆိုတာ တက္ကသိုလ်၊ စာ ၁၄)
ဘာကြောင့် ဒါကို ပြောရသလဲဆိုတော့ မာ့က်စ် (Marx) နဲ့ အိန်ဂျယ် (Engles) ဆိုတဲ့ လူကြီးနှစ်ယောက်ကို ကျွန်တော် မပစ်ပယ်သေးလို့ပါပဲ။ သူတို့ ပညာဉာဏ် အမြော်အမြင်တွေ၊ အဆိုအမိန့်တွေကို ကျွန်တော် ပစ်ပယ်လို့ မရလို့ပါပဲ။ မာ့က်စ် ကွယ်လွန်တော့ လန်ဒန်မြို့ဟိုင်းဂိတ် (Highgate) သုဿန်မှာ မြှုပ်နှံခဲ့တယ်။ အဲဒီ ဈာပနအခမ်းအနားမှာ အိန်ဂျယ်ပြောခဲ့တဲ့ ဈာပနမိန့်ခွန်း (graveside speech လို့လည်း ခေါ်ကြတယ်) ဟာ ကျော်ကြားပါတယ်။ အဲဒီမိန့်ခွန်းထဲမှာ ဒီလိုပါပါတယ်။
mankind must first of all eat, drink, have shelter and clothing, before it can persue politics, science, art, religion, etc.
လူဟာ နိုင်ငံရေး၊ သိပ္ပံပညာ၊ ဘာသာရေး အစရှိတာတွေကို မလိုက်စားခင် သူ့အတွက် စားရေး၊ သောက်ရေး၊ နေရေး၊ ၀တ်ရေးကိစ္စတွေကို အရင်ဖြည့်ဆည်းရတယ် (ကျွန်တော့်ဘာသာပြန်မျှသာ ဖြစ်တယ်)။
စား ၀တ် နေရေး လို့ ကျွန်တော်တို့ သိနေကြတယ် (နိုင်ငံရေး စကားအခက်ကြီးမျာတော့ Means of subsistence ရှိတယ်)။ စာဝတ်နေရေးအတွက် မနက်မိုးလင်းက မိုးချုပ် လှုပ်ရှားရုန်းကန်နေရသူတစ်ယောက်။ ဆိုပါတော့၊ မြွေရေခွံအိတ်တစ်လုံးနဲ့ လက်ထဲမှာ သံစူးကောက်တစ်ချောင်းနဲ့ တစ်နေကုန်တစ်နေခန်း အမှိုက်ပုံတကာ လှည့်ပြီး ပလတ်စတစ်ကောက်နေရတဲ့ မိန်းမတစ်ယောက်။ ဘယ်နည်းမှ အခုလို ပုံမျိုး ရေးနေကြတဲ့ ဒီမိုကရေစီဆောင်းပါးကို နားလည်နိုင်မှာ မဟုတ်ဘူး။ ဒီအကွာအဝေး (distance) နဲ့ ဒီကွက်လပ် (space)ဟာ သမိုင်းနဲ့ချီ ရှိလာခဲ့တာ ကြာလှပါပြီ။ ခေတ်တွေပြောင်း၊ စနစ်တွေ ပြောင်းတယ် ဆိုလည်း သူတို့ကတော့ ဒုံရင်း ဒုံရင်းပါပဲလား။ သူတို့ ဘာမှ မသိရှာကြပါဘူး။

သူတို့ ဘာမှ မသိရှာကြပါဘူး။ ဒီမိုကရေစီ စနစ်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံ သူတို့မှာ မရှိသလောက်ပါပဲ။ သူတို့ဟာ “ဘ၀သမား”တွေ ဖြစ်တယ်။ လက်တွေ့ဘ၀အရ ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း ကိုယ့်အလုပ်ကိုယ် လုပ်ချင်ကြတယ်။ ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်ဘူး။ မကြောက်မရွံ့ မစိုးရိပ်ရဘဲ အသင့်အတင့် စားသောက်နေထိုင်နိုင်အောင် အသက်မွေးဝမ်းကျောင်းကလေး တစ်ခုလောက်ရရင် သူတို့ ကျေနပ်ကြတယ်။ ကြောက်ရွံ့ထိတ်လန့်မှုနဲ့ ချို့တဲ့မှု မရှိဘဲ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် သိက္ခာရှိတဲ့ ဘ၀ကလေး လိုချင်ကြတာပါပဲ။ အဲဒါတွေကို သူတို့ ပြောပြတတ်ချင်မှ ပြောပြတတ်မယ်။ ဒီမိုကရေစီဆိုရာမှာလည်း ဒီလိုပဲ၊ သူတို့ ပြောပြတတ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဘ၀အရ ဒီလို အခြေအနေမျိုးကို သူတို့ လိုလားကြတယ်။ ဒီမိုကရေစီလို့ ပြောလိုက်တာနဲ့ သူတို့ ကောင်းကောင်း နားမလည်ပေမဲ့ ငါတို့ လိုချင်တာများ ဖြစ်လေမလားလို့ နားစွင့်နေကြရှာတယ်။ ခေါင်းဆောင်ကတော့ ဒီလို ဆိုမိန့်ဖူးတယ်။
“ဒီမိုကရေစီ ဟူသည်မှာ အစိုးရပုံစနစ်တစ်ခုမျှသာ မကသေးဘဲ လူတစ်ဦးချင်းကို ရိုသေလေးစားသည့်အပေါ်၌ အခြေခံထားသော လူမှုရေးနှင့် သဘောတရားရေးရာတို့အား စုစည်းပေါင်းစပ်ထားသော စနစ်ဖြစ်သည်ဟု မြန်မာပြည်သားတို့က ယူဆထားကြပါသည်။ ၎င်းတို့ကို မည်သည့်အတွက် ဒီမိုကရေစီကို လိုလားကြပါသနည်းဟု မေးသော အခါ၌ နိုင်ငံရေးတွင် စိတ်ဝင်စားမှုအနည်းဆုံး ဆိုသူတို့ကပင် “ကျွန်တော်တို့ အနေနဲ့ကတော့ ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း ကိုယ့်အလုပ်ကိုယ် လုပ်ချင်တာပါပဲ။ ဘယ်သူ့ကိုမှ ဒုက္ခ မပေးချင်ပါဘူး။ မကြောက်မရွံ့ မစိုးရိမ်ရဘဲ အသင့်အတင့် စားသောက်နေထိုင်နိုင်လောက်အောင် အသက်မွေးဝမ်းကျောင်းကလေး တစ်ခုလောက်သာ လိုချင်တာပါ”လို့ ဖြေကြားမှာ ဖြစ်ပါတယ်။ ထိုနည်းအားဖြင့် ဆိုသော် ချို့တဲ့မှု ကြောက်ရွံ့မှုမှ ကင်းဝေး၍ အေးချမ်းတည်ငြိမ် သိက္ခာရှိသော ဘ၀မျိုးကို အာမခံနိုင်သည့် အခြေခံ လူ့အခွင့်အရေးများကို မြန်မာပြည်သားတို့က လိုလားခြင်း ဖြစ်ပါသည်။”
(ဒီမိုကရေစီ ရှာပုံတော် (၁၉၉၃)၊ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြား စာတမ်းများ (ed) Dr Aung Khin, La Haule Books ၊ စာ ၁၀၅)

အဲဒီ ဆင်းရဲသား ပြည်သူ “ရွာက လူ”တွေရဲ့ ဘ၀အ၀န်းအ၀ိုင်းဟာ သိပ်ကျဉ်းပါတယ်။ “ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်”ဆိုတာ သူတို့အတွက် ခက်ခဲပါတယ်။ သူတို့ဟာ အရာရာကို “ရွာကြည့်ကြည့်” တဲ့ အဆင့်မှာပဲ ရှိတယ်။ အများစုက စိုက်ရေပျိုးရေ မိုးရေရဖို့၊ ဓာတ်မြေသြဇာ သက်သက်သာသာနဲ့ ရဖို့၊ ဒီဇယ်ဆီဈေး သက်သက်သာသာ ဖြစ်ဖို့၊ စပါးသီးနှံပေါ်ချိန်မှာ ဈေးကောင်းကောင်းနဲ့ ရောင်းရဖို့၊ စပါးသီးနှံပေါ်ပြီဆိုရင် အလှူအတန်းကောင်းကောင်း လုပ်နိုင်ဖို့၊ ဒါလောက်ပါပဲ။ ကမ္ဘာကြီး ပြားသွားတာတို့၊ ဂလိုဘယ်လိုက်ဇေးရှင်းတို့၊ အိုင်တီတော်လှန်ရေးတို့၊ ဈေးကွက် စီးပွားရေးစနစ်တို့၊ ပို့စ်မော်ဒန်ဝါဒတို့ ဘာမှ မသိကြပါဘူး။ 'electoral authoritarian regime' ရွေးချယ်တင်မြှောက်တဲ့ တစ်ပါတီအာဏာရှင်စနစ်ဆိုတာလည်းမအကြားဖူးကြပါဘူး။ သူတို့ဟာ “အပ္ပသုတ”နည်းတဲ့၊ သုတမွဲတဲ့ သူတွေ ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ သူတို့ မသိကြပါဘူး။ ခေါင်းဆောင်ကတော့ ဒီလို ပြောဖူးတယ်။
“ဒီမိုကရေစီစနစ်နှင့် ပတ်သက်သော အတွေ့အကြုံဟူ၍ ပြည်သူတို့တွင် မရှိသလောက်ပင် ဖြစ်သော်လည်း ယဉ်ကျေးသော လူ့အဖွဲ့အစည်းတွင် ဒီမိုကရေစီရှိထိုက်သည်ဟု ၎င်းတို့၏ လက်တွေ့ဘ၀အသိဉာဏ်အရ ယုံကြည်လာကြပါသည်။
(၎င်း၊ ညွှန်းပြီး၊ စာ ၉၈)
“လက်တွေ့ ဘ၀အသိဉာဏ်”လို့ သုံးနှုန်းခဲ့ပါတယ်။ စဉ်းစားကြည့်ပါ။ ပလေတို ပြောတာ မဟုတ်ဘူး။ သောမတ်ဂျက်ဖာဆင် ပြောတာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ် ၁၅၀ လောက်က Alexis de Tocqueville ပြောခဲ့တာ မဟုတ်ဘူး။ သူတို့ဘ၀အရ သိလာခဲ့ကြတာ၊ သူတို့ လက်တွေ့ဘ၀အရ တောင့်တတာ၊ မျှော်လင့်တာ၊ လိုချင်တာတွေဟာ ပညာတတ်တွေ၊ ပညာရှင်တွေ ပြောနေကြတဲ့ ဒီမိုကရေစီဆိုတဲ့ ဟာကြီးပါပဲ။ သူတို့ကတော့ မသိရှာကြပါဘူး။ ကျွန်တော် ဒီလို ပြောတာ ချဲ့ကားပြောတာပါကွာလို့ ထင်ရင်၊ ထင်တဲ့ ပုဂ္ဂိုလ်ကျေးဇူးပြုပြီး ရွာကိုသွား၊ ရွာသားတွေနဲ့ စကားပြောကြည့်ပါ။ အခု ရေးနေကြတဲ့ ဒီမိုကရေစီ စာပေတွေ ပြပြီး နားလည်သလား မေးကြည့်ပါ။ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေအထိ သွားစရာ မလိုပါဘူး။ ရန်ကုန်အစွန်အနားက ရွှေပြည်သာတို့၊ လှိုင်သာယာတို့လောက်နဲ့ပဲ ပွဲပြီးပါတယ်။ သိပ်ကြီးမားတဲ့ ပြဿနာပါ။ သိပ်ကျယ်ပြန့်တဲ့ ပြဿနာပါ။ အမြစ်တွယ်နေတာ ကြာလှပါပြီ။ အားလုံး စဉ်းစားကြဖို့ပါ။ ရွာကိုသွားပြီး ရွာသားတွေနဲ့ စကားပြောကြည့်ပါ။

အဲဒီတော့ ကျွန်တော် အဓိက ပြောချင်တာက သူတို့ဘ၀အတွက် တကယ်လိုအပ်နေတဲ့ ဒီမိုကရေစီဆိုတာ သူတို့ သိအောင် လုပ်ပေးကြပါ ဆိုတဲ့ အချက်ပါပဲ။ ကျွန်တော်တို့ ပညာရှင်တွေ၊ ပညာတတ်တွေ၊ စာရေးဆရာတွေ လုပ်ကြရလိမ့်မယ်လို့ ထင်ပါတယ်။ ရေးကြသားကြရပါမယ်။ ဟောကြပြောကြရပါမယ်။ ဆွေးနွေးတင်ပြကြရပါမယ်။ အခု စလုပ်ရင် သိပ်နောက်မကျသေးဘူး ထင်ပါတယ်။ ကျွန်တော်တို့ လုပ်ကြရအောင်။ တစ်ခုတော့ ပြောဖို့ ရှိလာနိုင်ပါတယ်။ ဒါဖြင့် အခု ရေးသားနေကြတာတွေ မရေးရတော့ဘူးလား။ အခု ရေးနေတဲ့ ဒီမိုကရေစီ စာပေတွေ ပစ်လိုက်ရနေတာ့မလားလို့ မေးစရာ ရှိလာပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော့်သဘောကို ဆက်လက်တင်ပြသွားပါမယ်။ သဘောတူရင် ထောက်ခံပါ။ သဘောမတူရင် ကန့်ကွက်ပါ။ ဒါဟာ အခြေခံ ဒီမိုကရေစီ တရားတစ်ခု၊ အခြေခံ လူ့အခွင့်အရေးတစ်ခု ဖြစ်ပါကြောင်း။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...