Thursday, June 2, 2011

ကမ္ဘာ့ အသိအမှတ်ပြု မြန်မာဘာသာပြန်

 Written by မောင်ရိုး    Thursday, 02 June 2011 15:44

လူထုကို စည်းရုံး လှုံ့ဆော်တဲ့ နိုင်ငံခေါင်းဆောင် အသီးသီးရဲ့ မိန့်ခွန်းတွေဟာ ကမ္ဘာမှာ ထင်ရှား ခဲ့ပါတယ်။ ဘယ်နိုင်ငံမှာ မဆို ကြုံတွေ့ရတဲ့ စစ်ပွဲတွေ၊ အကျပ်တည်း တွေကြားမှာ ရုန်းထွက်ဖို့ အတွက် တိုင်းပြည် ခေါင်းဆောင်တိုင်းက လူထုရဲ့ထောက်ခံမှုကို ရရှိအောင် မိန့်ခွန်းတွေ ပြောလေ့ရှိတယ်။ ဒီမိန့်ခွန်းတွေဟာ အခြေအနေ အချိန်အခါလည်း ကိုက်ညီရမယ်။ လှုံ့ဆော်မှုလည်း ရှိဖို့ လိုပါတယ်။ ဒုတိယ ကမ္ဘာစစ် ကာလက ဖက်ဆစ် ဂျာမန်တွေရဲ့ ဗုံးမိုးကြဲချ ခံနေရတဲ့ လန်ဒန်မြို့သူ မြို့သားတွေကို ပြောကြားတဲ့ ၀န်ကြီးချုပ် ချာချီရဲ့ မိန့်ခွန်းဟာ နာမည်ကြီးခဲ့သလို အောက်တိုဘာတော်လှန်ရေး အောင်ပွဲခံတဲ့ ၁၉၁၇ ခုနှစ် ကရင်မလင်မှာ ပြောကြားခဲ့တဲ့ လီနင်ရဲ့မိန့်ခွန်းဟာလည်း ကျော်ကြားခဲ့ပါတယ်။ အဲဒီလိုပဲ “အနီးဆုံး ရန်သူကို ရှာတိုက်ကြ” ဆိုတဲ့ ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလက အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ စစ်ထွက် မိန့်ခွန်းဟာလည်း ထင်ရှားခဲ့တယ်။


အဲဒီလို ထင်ရှားတဲ့ မိန့်ခွန်းတွေထဲမှာ အမေရိကန် ပြည်ထောင်စုရဲ့ ၁၆ ဆက်မြောက် သမ္မတ အေဘရာဟင် လင်ကွန်းရဲ့ ဂက်တီးစဘာ့ဂ် မိန့်ခွန်းဟာလည်း ကမ္ဘာကျော် မိန့်ခွန်းတစ်ခု၊ ပြည်သူလူထုကို စည်းရုံး သိမ်းသွင်းနိုင်တဲ့ မိန့်ခွန်းတစ်ခု၊ ယနေ့တိုင် ထင်ရှားနေတဲ့ ဒီမိုကရေစီ လှုံ့ဆော်ရေး မိန့်ခွန်း တစ်ခုအဖြစ် ကျော်ကြားနေပါတယ်။ ဒီမိန့်ခွန်းကို လင်ကွန်းဟာ အမေရိကန် ပြည်တွင်း စစ်ကြီးကို အဆုံးအဖြတ် ပေးပြီး ကျွန်စနစ်ကို ဆန့်ကျင်တဲ့ အမေရိကန် ပြည်သူတွေ အောင်ပွဲရတဲ့ အချိန်မှာ ပြောကြားခဲ့တာ ဖြစ်တယ်။

၁၈၆၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ အမေရိကန် ပြည်ထောင်စု ပင်ဆယ်ဗေးနီးယား ပြည်နယ်၊ ဂက်တီးစဘာ့ဂ်မြို့မှာ ပြောကြားတဲ့ မိန့်ခွန်းဟာ အလွန် ထင်ရှားခဲ့တဲ့ အတွက် အမေရိကန် နိုင်ငံရေး သမား တွေနဲ့ အမေရိကန် ပြည်သူတွေက ယခု ထက်တိုင် လမ်းညွှန် မိန့်ခွန်းအဖြစ် ကိုးကားနေဆဲ ဖြစ်ပါတယ်။ အမေရိကန် ပြည်တွင်းစစ်ဟာ ၁၈၆၁ ခုနှစ်ကနေ ၁၈၆၃ ခုနှစ်အထိ တောင်ပိုင်းနဲ့ မြောက်ပိုင်း တိုက်ခိုက် ခဲ့ပါတယ်။ အမေရိကန်မှာ ဆိုးရွားလှတဲ့ ကျေးကျွန် စနစ်ကို လက်မခံတဲ့ မြောက်ပိုင်း တပ်တွေနဲ့ ကျေးကျွန် စနစ်ကို သက်ဆိုး ရှည်စေချင်တဲ့ တောင်ပိုင်းသားတွေ တိုက်ခိုက် ခဲ့တာပါ။ နောက်ဆုံး ကျေးကျွန်စနစ် ဖျက်သိမ်းချင်တဲ့ သူတွေ အနိုင်ရခဲ့ပြီး သမ်္မတလင်ကွန်းက ဒီမိန့်ခွန်းကို ဂက်တီးစဘာ့ဂ်မြို့မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်က စာပေလောက စာအုပ်တိုက်ကနေ ဇော်ဟန်ဇော်ရဲ့ အေဗရာ ဟမ်လင်ကွန်း၏ ဂက်တီးစဘာ့ဂ်နှင့် အခြား သမိုင်းဝင် မိန့်ခွန်းများ ဆိုတဲ့ စာအုပ် ထွက်လာခဲ့တယ်။ သမ္မတ လင်ကွန်းပြောခဲ့တဲ့ ကျော်ကြားလှတဲ့ မိန့်ခွန်းတွေ အပြင် ဂက်တီးစဘာ့ဂ် မိန့်ခွန်းများကို ဖတ်ရတဲ့ အတွက် စာရေးတဲ့ သူကိုရော၊ စာအုပ် တိုက်ကိုရော ကျေးဇူးတင်ဖို့ ကောင်းပါတယ်။
ဒါပေမဲ့ အေဘရာဟင် လင်ကွန်းရဲ့ ဂက်တီးစဘာ့ဂ် မိန့်ခွန်း မြန်မာပြန်ဆိုမှုဟာ ဇော်ဟန်ဇော်ဟာ ပထမဆုံး မဟုတ်ဘူး ဆိုတာကိုတော့ ရေးပြချင်တယ်။ ဒီစာအုပ်ကို အားထုတ် ကြိုးပမ်းရာမှာ အရင်က ဘာသာပြန်ခဲ့တဲ့၊ ကမ္ဘာနဲ့ ချီပြီးလည်း ထင်ရှားတဲ့ မြန်မာဘာသာပြန် အကြောင်းကို စာရေးသူက ထည့်သွင်း ရေးသားသင့်တယ် ဆိုတာ ပြောချင်ပါတယ်။ ကမ္ဘာကျော် ဂက်တီးစဘာ့ဂ် မိန့်ခွန်းကြီးကို အမေရိ ကန်ပြည်ထောင်စု ၀ါရှင်တန်မှာ ရှိတဲ့ ကွန်ဂရက် စာကြည့်တိုက်မှာ ထားရှိတဲ့ ဘာသာပြန်တွေထဲမှာ မြန်မာနိုင်ငံက ပြန်ဆိုတဲ့ ဂက်တီးစဘာ့ဂ် မြန်မာ ဘာသာပြန်ကို ထားရှိခဲ့လို့ပါပဲ။ အမေရိကန် ကွန်ဂရက် စာကြည့်တိုက်က ဂက်တီး စဘာ့ဂ်မိန့်ခွန်း ဘာသာပြန်ဆိုဖို့ အတွက် စာကြည့်တိုက်က တာဝန်ရှိတဲ့ ရွိုင်းပီ ဘက်စလာ Roy P.Besterက ကမ္ဘာ့နိုင်ငံ အသီးသီးက ဘာသာပြန် ဆရာတွေကို ဘာသာ ပြန်ပေးဖို့ မေတ္တာ ရပ်ခံရာမှာ မြန်မာနိုင်ငံကလည်း ပါဝင်ခဲ့ပါတယ်။

ပြင်သစ် နိုင်ငံက အင်ဒရေး မော်ရွိုင်းလို စာရေး ဆရာကြီးတွေ ဂက်တီးစဘာ့ဂ် မိန့်ခွန်းကို ဘာသာပြန်ခဲ့သလို မြန်မာ နိုင်ငံကလည်း ဆရာတိုက်စိုးက တရားဝင် ဘာသာပြန်ဆို ခဲ့လို့ပါပဲ။ အခု ဇော်ဟန်ဇော်က ဂက်တီးစဘာ့ဂ် မိန့်ခွန်းကို ဘာသာ ပြန်ဆိုမှုဟာ သပ်သပ်ရပ်ရပ် ရှိပါတယ်။ ကြိုးစား ပြန်ဆို ထားမှန်းလည်း သိပါတယ်။ ဒါပေမဲ့ မူရင်း အင်္ဂလိပ် ဘာသာကို ဖော်ပြနိုင်ရင် အလွန် ကောင်းမယ်လို့ ထင်ပါတယ်။ တစ်ချိန် တည်းမှာလည်း ဆရာတိုက်စိုး ဘာသာ ပြန်ဆိုခဲ့တာကို ဖော်ပြရင်တော့ ကောင်းမယ်လို့ ယူဆလို့ ရေးသား လိုက်ရခြင်း ဖြစ်ပါတယ်။ ဆရာ တိုက်စိုးဟာ ဂက်တီးစဘာ့ဂ် မိန့်ခွန်း ဘာသာ ပြန်ဆိုတဲ့ အတွက် စာမူခတော့ မရပါဘူး။ ကွန်ဂရက် စာကြည့်တိုက်က ဂုဏ်ပြု မှတ်တမ်းလွှာတော့ ပေးအပ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာ အမေရိကန် ၀ါရှင်တန်မြို့ကို သွားပြီး ဂုဏ်ပြု မှတ်တမ်းလွှာ သွားရောက် ယူတယ်လို့လည်း သိရပါတယ်။

ဂက်တီးစဘာ့ဂ် မိန့်ခွန်း ဘာသာပြန်နဲ့ ပတ်သက်ပြီး ဆရာတိုက်စိုး ပြောတာကတော့-“အဲဒီတုန်းက ၁၉၇၅ ခုနှစ် လောက်ဖြစ်မယ် ထင်တယ်။ ကျွန်တော်က ယဉ်ကျေးမှု ဌာနမှာပါ။ အမေရိကန် ကွန်ဂရက် စာကြည့်တိုက်က ဘာသာ ပြန်ပေးဖို့ အကြောင်းကြားစာ ရောက်လာပါတယ်။ အင်္ဂလိပ် ဘာသာနဲ့ ဂက်တီးစဘာ့ဂ် မိန့်ခွန်းကို ကျွန်တော် ဘာသာပြန်ပါတယ်။ ပြန်ပြီးတဲ့ အခါ ဆရာဇော်ဂျီကို တည်းဖြတ်ပေးဖို့ ကျွန်တော့် စာမူတွေ သွားပေး ပါတယ်။ ဆရာက သေသေချာချာ တည်းဖြတ်ပေးပါတယ်။ ပြီးတဲ့အခါ ကျွန်တော်က ဒီမိန့်ခွန်းကို ပြင်သစ်က အင်ဒရေ မော်ရွိုင်းလို နာမည်ကြီး စာရေးဆရာကြီးတွေ ဘာသာပြန်တဲ့ အတွက် ကျွန်တော်တို့ဆီက ဆရာဇော်ဂျီ နာမည်ထည့်ပါ။

ဆရာက အားလုံး တည်းဖြတ် ပေးထားတာပဲ။ မင်းပြန်တာ၊ ငါတည်းဖြတ် ပေးတာပဲ ရှိတယ်။ အားလုံး မင်းပြန်ထားတာပဲ။ မင်းနာမည်ပဲ ထည့်ရမှာပေါ့လို့  ပြောတဲ့အတွက် ကျွန်တော့် နာမည်ရင်း ဘာသာပြန်သူ သန်းထွတ်လို့ ထည့်ပေးလိုက်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်က မြန်မာနိုင်ငံ ယဉ်ကျေးမှု ဌာနက တာဝန်ရှိ ပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ တရားဝင် ဘာသာပြန်ပေးတာ ဖြစ်တယ်။ စာရေးဆရာ တိုက်စိုး အနေနဲ့ ဘာသာပြန်တာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော့် နာမည်ရင်း သန်းထွတ်လို့ ထည့်လိုက်တာပါ။

“ဂက်တီးစဘာ့ဂ်မိန့်ခွန်းကို လင်ကွန်းပြောတာနဲ့ပတ်သက်ပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဲဒီတုန်းက လင်ကွန်း သမ္မတကြီး ဖြစ်နေပြီ။ ဒါပေမဲ့ စကားပြော သိပ်မကောင်းဘူး။ ဒီတော့ အမေရိကန် အစိုးရ အဖွဲ့က စကားပြော ကောင်းတဲ့ တရားဟော ဆရာကို ပြောခိုင်းဖို့ စီစဉ်တယ်။ သမ္မတကြီး ပြောချင် ပြောပါစေပေါ့။ မပြောရင် တရားဟော ဆရာကို ပြောခိုင်းဖို့ စီစဉ်တယ်။ လင်ကွန်းကဂက်တီးစဘာ့ဂ်ကို ရထားနဲ့ လာခဲ့တယ်။ ရထားပေါ်မှာ ဒီမိန့်ခွန်းကို ကောက်ရေးတယ်။ ရေးစရာ စာရွက် မရှိတော့ ဘောက်ချာစာရွက် အဟောင်းနောက်မှာ ရေးခဲ့တယ်လို့ ဆိုပါတယ်”
လို့ ဆရာတိုက်စိုး ပြောခဲ့ဖူးပါတယ်။

ဂက်တီးစဘာ့ဂ်မိန့်ခွန်းကို ဘာသာပေါင်း ၃၀ ဘာသာ ပြန်ထားတာ ကွန်ဂရက် စာကြည့်တိုက်မှာ ပြသခဲ့တယ်။ ပြန်ထားတဲ့ ဘာသာတွေကတော့ အင်္ဂလိပ်၊ ပြင်သစ်၊ ပေါ်တူဂီ၊ စပိန်၊ အီတလီ၊ ဂျာမန်၊ ဒတ်ခ်ျ၊ ဒိန်းမတ်၊ နော်ဝေ(ဘော့သဲမဲလ်)၊ နော်ဝေ(နိုင်နော့စ် လ်)၊ ဆွီဒင်၊ ဖင်လန်၊ ပိုလန်၊ ချက်၊ ဆလိုဗက်၊ ရုရှား၊ ဟန်ဂေရီ၊ ဆာ့ဘ် (ခရိုအေးရှား)၊ ဂရိ၊ တူရကီ၊ ပါရှား၊ အီရန်၊ အာရေဗျ၊ ဟီးဗရူး၊ အူရဒူ၊ မြန်မာ၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ တာရလော့လ် (ဖိလစ်ပိုင်) တို့ဖြစ်ပါတယ်။
ယခု ဂက်တီးစဘာ့ဂ်မိန့်ခွန်းမူရင်း အင်္ဂလိပ် ဘာသာကို ဖော်ပြလိုက်ပါတယ်။

ADDRESS DELIVERED AT THE DEDICATION OF THE CEMENTERY AT GETTYSBURG

Four score and seven years ago our fathers brought forth on this continent, a new nation, conceived in Liberty, and dedicated to the proposition that all men are created equal.

Now we are engaged in a great civil war, testing whether that nation, or any nation so conceived and so dedicated, can long endure. We are met on a great battle-field of that war. We have come to dedicate a portion of that field, as a final resting place for those who here gave their lives that that nation might live. It is altogether fitting and proper that we should do this.

But, in a larger sense, we can not dedicate -- we can not consecrate -- we can not hallow -- this ground. The brave men, living and dead, who struggled here, have consecrated it, far above our poor power to add or detract. The world will little note, nor long remember what we say here, but it can never forget what they did here. It is for us the living, rather, to be dedicated here to the unfinished work which they who fought here have thus far so nobly advanced. It is rather for us to be here dedicated to the great task remaining before us -- that from these honored dead we take increased devotion to that cause for which they gave the last full measure of devotion -- that we here highly resolve that these dead shall not have died in vain -- that this nation, under God, shall have a new birth of freedom -- and that government of the people, by the people, for the people, shall not perish from the earth.
ABRAHAM LINCOLN.
NOVEMBER 19, 1863


ထိုအင်္ဂလိပ် ဘာသာဖြင့် ရေးသားပြောဆိုထားတဲ့ လင်ကွန်းရဲ့မိန့်ခွန်းကို ဆရာ တိုက်စိုးက ယခုလို မြန်မာဘာသာနဲ့ ပြန်ဆိုထားခဲ့ပါတယ်။

ဂက်တီးစဘာ့ဂ်တိုက်ပွဲနေရာတွင် စစ်သင်္ချိုင်းအဖြစ်ဖြင့် အထိမ်းအမှတ် ပြုပွဲ၌ အဟောအပြော မိန့်ခွန်း

ဤယနေ့မှ စ၍ရေသော် လွန်ခဲ့သော ရှစ်ဆယ့်ခုနစ်နှစ် ကာလအခါက ကျွန်ုပ်တို့၏ ဘိုးဘေးဘီဘင် တို့သည် ဤအမေရိက တိုက်တွင် လူသစ်ပြည်သစ်ကို ထူထောင် ခဲ့ကြသည်။ ထိုလူသစ် ပြည်သစ်သည် အခြား မဟုတ်။ လွတ်လပ်ရေး စိတ်ဓာတ်၌ သန္ဓေ တည်ခဲ့သည်လည်း ဖြစ်၍ လူခပ်သိမ်းကို ဘုရားသခင်က ညီတူညီမျှ ဖြစ်သည့် တရားတော်ကို လက်ကိုင် ပြုခဲ့သည်လည်း ဖြစ်သော လူသစ်ပြည်သစ် ဖြစ်သည်။

ယခုအခါတွင် ကျွန်ုပ်တို့သည် ပြည်တွင်းစစ် ဖြစ်နေသည်။ ဤပြည်တွင်းစစ် သည် ဤတိုင်း၊ ဤပြည်၏ တည်တံ့ ခိုင်မြဲရေး အတွက်သော် လည်းကောင်း၊ အထက်က ဆိုခဲ့သော လွတ်လပ်ရေး စိတ်ဓာတ်၌ သန္ဓေ တည်ခဲ့သည်လည်း ဖြစ်၍ ဘုရားသခင်က လူခပ်သိမ်းကို ညီတူညီမျှ ဖန်တီးသည် ဟူသော တရားတော်ကို လက်ကိုင်သည် လည်းဖြစ်သော တိုင်းပြည် တစ်ခုခု၏ တည်တံ့ခိုင်မြဲရေး အတွက်သော် လည်းကောင်း မှတ်ကျောက်သဖွယ် ဖြစ်သည်။ ယခုအခါတွင် ကျွန်ုပ်တို့သည် ဤပြည်တွင်း စစ်၏ စစ်မြေပြင်ပေါ်သို့ ရောက်လာ ဆုံမိကြသည်။ ဤသို့ရောက်လာ ဆုံမိကြခြင်းသည် ဤစစ်မြေပြင်၏ တစ်စိတ်တစ် ဒေသကို လူသစ်ပြည်သစ် တည်တံ့မြဲအောင် အသက်စွန့်ခဲ့ကြသော အာဇာနည်များ အတွက် ခေါင်းချရာ အရပ်အဖြစ် သတ်မှတ် အပ်နှင်းရန် ဖြစ်သည်။ ထိုသို့ သတ်မှတ် အပ်နှင်းခြင်းသည် ပြုသင့် ပြုထိုက်သော အမှုပင် ဖြစ်သည်။

အမှန်စစ်စစ် ဤနေရာကို ကျွန်ုပ် တို့က ဤသို့သတ်မှတ် အပ်နှင်းနိုင်သည် လည်းမဟုတ်။ သမုတ်နိုင်သည်လည်း မဟုတ်။ အလေးအမြတ် ပြုနိုင်သည်လည်း မဟုတ်။ ဤစစ်မြေပြင်၌ သက် စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသော သေလူရော ရှင်လူပါ သမုတ်ခဲ့ကြသည် ဖြစ်သောကြောင့် ကျွန်ုပ်တို့ သမုတ်ခြင်းထက် သာလွန်ထူးကဲ မြင့်မြတ်လှပေသည်။ ဤနေရာတွင် ကျွန်ုပ်တို့၏ ချီးကျူး စကားကို ကမ္ဘာ သိလျှင်လည်း နည်း နည်းသာဖြစ်မည်။ မှတ်မိလျှင်လည်း တစ်ခဏ ကြာသာဖြစ်မည်။

သို့ရာတွင် ဤအာဇာနည် ပုဂ္ဂိုလ်တို့ သက်စွန့် ကြိုးပမ်း ဆောင်ရွက်ခဲ့သည်ကိုကား ကမ္ဘာက မေ့နိုင်တော့မည် မဟုတ်။ အမှန်စင်စစ်မှာ ထိုသို့ သတ်မှတ်အပ်နှင်း၍ သမုတ်ခြင်း၏ သဘောသည် ကျွန်ုပ်တို့ အတွက် သာဖြစ်ရာ သက်စွန့်ကြိုးပမ်း အမှုထမ်း ခဲ့ကြသော အာဇာနည်တို့၏ မပြီးဆုံးသေးသော လုပ်ငန်းကို ကျွန်ုပ်တို့က ဆက်လက်၍ လုပ်ကိုင်သွားရန် ဖြစ်သည်။ ကျွန်ုပ်တို့ အဖို့မှာ ကျဆုံးသွားသော အာဇာနည်တို့၏ ရည်မှန်းချက် ပန်းတိုင်အတွက် ထိုကျဆုံးသွားသော အာဇာနည်တို့၏ စိတ်ဓာတ်မျိုးကို ဆတက်ထမ်းပိုး တိုး၍ ပွားများရမည် ဖြစ်သည်။

ကျွန်ုပ်တို့ အဖို့မှာ ကျဆုံးခဲ့သော လူတို့သည် အကျိုးမဲ့ အသက် စွန့်ခဲ့ကြသည့် အဖြစ်သို့ မရောက်အောင် အလေး အနက် သန်္နိဋ္ဌာန် ချမှတ်ကြရမည်ဖြစ်သည်။ ကျွန်ုပ်တို့ အဖို့မှာ ပြည်သူ့အကျိုး အတွက် ပြည်သူက တင်မြှောက်သော ပြည်သူ့ အစိုးရသည် ဤကမ္ဘာမြေပြင် ၌ ပျောက်ကွယ်သွားခြင်း မရှိအောင် ဆောင်ရွက်ကြရမည် ဖြစ်သည်။

အေဘရာဟင်လင်ကွန်း - ၁၈၆၃ခု၊ နိုဝင်ဘာလ ၁၉ ရက်
မြန်မာဘာသာပြန်ဆိုသူ သန်းထွတ်

ယခု ဆရာတိုက်စိုး ဘာသာပြန်တဲ့ ဂက်တီးစဘာ့ဂ်မိန့်ခွန်းဟာ ယနေ့အချိန် ထိ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန် မြို့တော် ကွန်ဂရက် စာကြည့်တိုက် Library Congress စာကြည့်တိုက်မှာ ပြသထားပါတယ်။ ယခု ဖော်ပြတဲ့ အင်္ဂလိပ ဘာသာနဲ့ မိန့်ခွန်းဟာလည်း အေဘရာဟင်လင်ကွန်း ရေးသားခဲ့တဲ့ မိန့်ခွန်းဖြစ်ပါတယ်။ မူရင်းအင်္ဂလိပ် ဘာသာနဲ့ ဆရာတိုက်စိုး ဘာသာပြန် တွေကို ဖော်ပြပြီးတဲ့အခါမှာ ယခုဆရာ ဇော်ဟန်ဇော်ရဲ့ ဘာသာပြန်ဆိုချက်ကို လည်း ဖော်ပြလိုက်ပါတယ်။


ပင်ဆဲလ်ဗေးနီးယားပြည်နယ် ဂတ်တီးစဘာ့ဂ်မြို့စစ်သင်္ချိုင်းဂုဏ်ပြု ဖွင့်လှစ်ပွဲ၌ မိန့်ကြားသောမိန့်ခွန်း
(၁၈၆၃ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်)

လွန်ခဲ့သောနှစ်ပေါင်း ၈၀ ပြည့်နှစ် တွင် ကျွန်ုပ်တို့၏ ဘိုးဘွားများသည် ဤတိုက်ကြီးပေါ်တွင် နိုင်ငံသစ်ကြီး တစ်နိုင်ငံ တည်ထောင်ပေးခဲ့ပါသည်။ နိုင်ငံသစ်ကြီးတွင် လွတ်လပ်မှု သန္ဓေ တည်လာခဲ့ပါသည်။ လူသား အားလုံးသည် တန်းတူရည်တူ ဖြစ်သည်ဟူသော အဆိုပြုချက် တစ်ရပ်ကိုလည်း ရည်စူး သတ်မှတ်ခဲ့ပါသည်။

ယခုအခါတွင် ကျွန်ုပ်တို့သည် ပြည်တွင်းစစ်ကြီး တစ်ရပ် ဆင်နွှဲနေရပါ သည်။ ကျွန်ုပ်တို့၏ နိုင်ငံတော် တစ်နည်းအားဖြင့် လွတ်လပ်မှုနှင့် တန်းတူ ညီမျှရေး ရည်စူးမှုအထိ နိုင်ငံတစ်နိုင်ငံ သက်ဆိုးရှည်နိုင်မှု ရှိ/မရှိ စမ်းသပ်ခံနေ ရပါသည်။ ကျွန်ုပ်တို့သည် ထိုစစ်ပွဲကြီး၏ စစ်တလင်းကြီး တစ်ခုပေါ်တွင် တွေ့ဆုံ နေရပါသည်။ ကျွန်ုပ်တို့သည် ထိုစစ်တလင်းကြီး အစိတ်အပိုင်း တစ်ခုကို နိုင်ငံတော်ကြီး တည်တံ့ ခိုင်မြဲရေး အတွက် အသက် ပေးသွားကြသူများ နောက်ဆုံး နားခိုရာ နေရာတစ်ခု အဖြစ် ရည်စူး  သတ်မှတ်ရန် ရောက်လာကြခြင်း ဖြစ်ပါသည်။ ထိုသူတို့ အတွက် ယခုကဲ့သို့ ရည်စူး သတ်မှတ် ပေးလိုက်သည်မှာ ကျိုးကြောင်းဆီလျော် မှုရှိပါသည်။

မည်သို့ပင် ဖြစ်စေ ကျယ်ကျယ်ပြန့်ပြန့် ထပ်မံ စဉ်းစားကြည့်သော အခါ  ဤမြေပြင် ကြီးကို ကျွန်ုပ်တို့ အနေဖြင့် ရည်စူး သတ်မှတ် ဂုဏ်ပြုနိုင်ခြင်း မရှိပါ။ စွန့်လွှတ် လှူဒါန်း ခြင်း မပြုနိုင်ပါ။ လေးစား မြတ်နိုးမှု မပြုနိုင်ပါ။ ဤမြေပြင်ကြီးပေါ်တွင် တိုက်ရင်းခိုက်ရင်း အသက် စွန့်သွားခဲ့ရ သူများ၊ အသက် မသေရှင်သန် ကျန်ရစ်သူများက မြင့်မြတ်သော နေရာကြီး အဖြစ် စတေးခံ သတ်မှတ်ထားပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အာဏာ စွမ်းအား တစ်ထွာတစ်မိုက်ဖြင့် ယင်းမြေပြင်ကြီးအား ထပ်မံ ဂုဏ်ပြု အမွှမ်းတင်ရန် သို့မဟုတ် သူတို့၏ ဂုဏ်သိက္ခာ ကျဆင်းစေရန် ပြုနိုင်စွမ်း မရှိပါ။ ကျွန်ုပ်တို့ ဤနေရာသို့ လာရောက်၍ မည်သို့မည်ပုံ ပြောဆိုခဲ့ကြသည်ကို လူများ အနေဖြင့် အချိန်ကြာမြင့်စွာ အမှတ် ရချင်မှရလိမ့်မည်။ ကျွန်ုပ်တို့၏ စကားကို ကမ္ဘာ လောကကြီးကလည်း များစွာ အလေး ပြုမိကြလိမ့်မည် မဟုတ်ပါ။

သို့ရာတွင် ထိုသူတို့ ဤမြေပြင်ကြီး ပေါ်တွင် မည်သို့ လုပ်ဆောင် သွားခဲ့ကြသည်။ မည်သို့ အသက် စွန့်သွားခဲ့သည် ဆိုသော အချက်ကိုမူ မည်သည့် အခါမှ မေ့ပစ်လိုက်ကြမည် မဟုတ်ပါ။ ဤနေရာတွင် သူတို့ တိုက်ယူ ပေးခဲ့ကြသော အပြီး မသတ်နိုင်သော လုပ်ငန်း တာဝန်တစ်ရပ်ကို အသက်ရှင် ကျန်ရစ်သူတို့ ဆက်လက် ဆောင်ရွက်ရန် ပေးအပ် ချန်ထားခဲ့ကြပါသည်။ ကျွန်ုပ်တို့ အနေဖြင့် ဤနေရာကြီးတွင် ကျွန်ုပ်တို့ ရှေ့မှောက် ကျန်ရှိခဲ့သော မဟာ တာဝန်ကြီးကို ဆက်လက် ဆောင်ရွက်သွားဖို့သာ ရှိပါသည်။

ကျဆုံး သွားသူများ နောက်ဆုံး အချိန်ထိ ပြည့်ပြည့်၀၀ ရည်စူး လုပ်ဆောင်သွားခဲ့သော တာဝန်ကြီးကို ကျွန်ုပ်တို့ တိုးတက် ထမ်းဆောင်သွားရပါလိမ့်မည်။ သူတို့ သေဆုံးခဲ့ရခြင်းသည်ကား အချည်းနှီး မဟုတ်ဟု ကျွန်ုပ်တို့ ဤနေရာတွင် သန်္နိဋ္ဌာန် ချရပါလိမ့်မည်။ ဘုရားသခင်၏ ဦးဆောင်မှုကို ခံယူ၍ နိုင်ငံတော် သစ်ကြီးတွင် လွတ်လပ်ရေး ဖွားမြင်မှုသစ် တစ်ရပ် ပေါက်ပွား လာစေရမည်။ ထို့ပြင် ပြည်သူ အပေါင်း၏ အစိုးရ၊ ပြည်သူ အပေါင်းက တင်မြှောက်ခဲ့သော အစိုးရ၊ ပြည်သူအပေါင်းက ပေါ်ထွန်း လာခဲ့သော အစိုးရတို့သည် ဤကမ္ဘာ မြေကြီးပေါ်တွင် မည်သည့် အခါမှ ပျောက်ဆုံး ပျက်သုဉ်း သွားလိမ့်မည် မဟုတ်ပါ...လို့ ဘာသာပြန် ထားခဲ့ပါတယ်။

အခုလို မူရင်းနဲ့အတူ ဘာသာပြန် ၂ မျိုးကို တင်ပြ လိုက်ရတာဟာ စာဖတ်သူတွေ အနေနဲ့ ဘာသာပြန်ဆိုခြင်း သမိုင်းကို သိရှိကြ ရအောင်လည်း ဖြစ်ပါတယ်။ ဇော်ဟန်ဇော် အနေနဲ့ အားကြိုးမာန်တက် စနစ်တကျ ဘာသာပြန်ဆို ရေးသားခဲ့တဲ့ အတွက် စာဖတ်သူတွေ အဖို့ အကျိုးများစွာ ဖြစ်ထွန်းပါ တယ်။ ဆရာတိုက်စိုး ဘာသာပြန် ဆိုခဲ့တဲ့ အကြောင်းကို နှောင်းခေတ် လူငယ်အတော် များများ မသိရှိကြလို့ ယခုလို ဖော်ပြလိုက်ခြင်းလည်း ဖြစ်ပါတယ်။

ဂက်တီးစဘာ့ဂ် မိန့်ခွန်းရဲ့ အနှစ်ချုပ်ဟာ-
“ယနေ့ ကမ္ဘာကြီးမှာ ကမ္ဘာ့ ပြည်သူအပေါင်း တောင်းဆိုနေကြတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးတို့ အတွက် အလွန်လေးနက်တဲ့ “ပြည်သူ့ အကျိုးအတွက် ပြည်သူက တင်မြှောက်သော ပြည်သူ့ အစိုးရသည် ဤကမ္ဘာကြီး၌ ကွယ်ပျောက် မသွားအောင် ဆောင်ရွက်ရမည် ဖြစ်သည်”ဆိုတဲ့ စကားကို အလေးအနက် နှလုံးသွင်းရင်း ယခုလို ညွှန်းဆို ရေးသားလိုက် ရခြင်း ဖြစ်ပါတယ်။


မောင်ရိုး
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၁)
---------------------------------------------------------------------------------------------------------------------------
The Gettysburg Address - Gettysburg, Pennsylvania - November 19, 1863
On June 1, 1865, Senator Charles Sumner commented on what is now considered the most famous speech by President Abraham Lincoln. In his eulogy on the slain president, he called it a "monumental act." He said Lincoln was mistaken that "the world will little note, nor long remember what we say here." Rather, the Bostonian remarked, "The world noted at once what he said, and will never cease to remember it. The battle itself was less important than the speech."

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...