Friday, June 3, 2011

လွှတ်တော်ထဲက မြန်မာအမျိုးသမီးများ

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော်နဲ့ ပတ်သက်ပြီး ဆန့်ကျင်ဝေဖန် ပြောဆိုနေမှုတွေ ထဲမှာ လွှတ်တော် ကိုယ်စားလှယ်တွေ ထဲမှာ အမျိုးသမီး ကိုယ်စားလှယ် နည်းတယ်ဆိုတဲ့ အချက်လည်း ပါပါတယ်။

၁၉၄၈ ခုနှစ် ကစပြီး ပါလီမန် စနစ်မှာရော၊ လမ်းစဉ်ပါတီခေတ် ပြည်သူ့လွှတ်တော် မှာရော အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်ခဲ့မှု အခြေအနေကို ပြန်လေ့လာတဲ့အခါ Weekly Eleven မှာပါတဲ့ သတင်းတစ်ပုဒ်မှာ အခုလို တွေ့ ရပါတယ်။


၁၉၄၈ ခုနှစ်ကနေ ၁၉၅၂ ခု အတွင်းမှာ ပြည်သူ့လွှတ်တော် (အဲဒီအချိန်က လူမျိုးစုလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် နှစ်ခု ရှိခဲ့ပါတယ်။) အမတ် ၂၅၅ ဦးမှာ အမျိုးသမီး ကိုယ်စားလှယ် ၇ ဦး ရှိခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်ကနေ ၁၉၆၁ ခုနှစ်အထိ မှ အမတ် ၂၅၀ ဦးရှိပြီး အမျိုးသမီး ကိုယ်စားလှယ် တစ်ဦးပဲ ပါပါတော့တယ်။
၁၉၇၄ ခုနှစ် လွှတ်တော်မှာတော့ လွှတ်တော် ကိုယ်စားလှယ် ၄၈၃ ဦးရှိပြီး အမျိုးသမီး ကိုယ်စားလှယ် ၈ ဦး ပါဝင်ပါတယ်။ ၁၉၇၈ ခုနှစ် လွှတ်တော်မှာတော့ လွှတ်တော် ကိုယ်စားလှယ် ၄၆၂ ဦးရှိပြီး အမျိုးသမီး ကိုယ်စားလှယ် ၁၁ ဦး ပါဝင်ပါတယ်။ ၁၉၈၂ ခုနှစ် လွှတ်တော်မှာတော့ လွှတ်တော် ကိုယ်စားလှယ် ၄၇၄ ဦးရှိပြီး အမျိုးသမီး ကိုယ်စားလှယ် ၁၂ ဦးပါဝင်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ ရွေးချယ်ခံရတဲ့ အမျိုးသမီး ကိုယ်စားလှယ် စုစုပေါင်းက ၁၅ ဦးရှိပါတယ်။
၂၀၁၁ ခုနှစ် ပြည်ထောင်စု လွှတ်တော်မှာတော့ အမျိုးသမီး ကိုယ်စားလှယ် ပါဝင်မှုကို အောက်ပါအတိုင်းတွေ့ရပါတယ်
၁။ အမျိုးသားလွှတ်တော် ရွေးချယ်ခံ ကိုယ်စားလှယ်။ ၁၅၆ ဦးမှာ ၆ ဦး။
၂။ ပြည်သူ့လွှတ်တော် ရွေးချယ်ခံ ကိုယ်စားလှယ် ၃၃၀ ဦးမှာ ၁၃ ဦး။
စုစုပေါင်း ၁၉ ဦး။
ပြည်နယ်နဲ့ တိုင်းဒေသကြီး အဆင့် လွှတ်တော်များမှာ အမျိုးသမီး ကိုယ်စားလှယ်များ ပါဝင်မှုကိုတော့ စုစည်း မရသေးလို့ မတင်ပြနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ပြည်နယ်၊ တိုင်းဒေသကြီး ၁၄ ခုမှာ ၁၀ယောက်တော့ ပါနိုင်တယ်လို့ ယူဆရပါတယ်။ ဒါကြောင့် အခု ပြည်ထောင်စု လွှတ်တော်မှာ ပါလာတဲ့ အမျိုးသမီး ကိုယ်စားလှယ် အရေအတွက်ဟာ မြန်မာ့နိုင်ငံရေး သမိုင်းမှာတော့ အများဆုံးလို့ပြောရမှာ ဖြစ်ပါတယ်။
အခုအချိန်မှာ ကျားမ မခွဲခြားပဲ အခွင့်အရေး ပေးရမယ် ဆိုတဲ့ Gender Issue ဟာ နိုင်ငံတကာမှာ ဦးစားပေး ဆွေးနွေး နေတဲ့ ကိစ္စ ဖြစ်ပါတယ်။ မြန်မာ့ လူနေမှုစနစ်ဟာ ဘယ်တုံးကမှ ကျားမ ခွဲခြားမှု မရှိခဲ့ဘူး ဆိုတဲ့ အချက်ဟာ ကျွန်တော်တို့ ဂုဏ်ယူရမယ့် အချက် ဖြစ်ပါတယ်။ အခု အခြေခံဥပဒေ မှာလည်း ပုဒ်မ ၃၄၈၊ ၃၄၉၊ ၃၅၀၊ ၃၅၁၊ ၃၅၂ တို့မှာ အမျိုးသမီး များရဲ့ တန်းတူ ရပိုင်ခွင့်နဲ့ အခွင့်အရေးများကို အာမခံတဲ့ အချက်များကို ပြဋ္ဌာန်းထားတာ တွေ့နိုင်ပါတယ်။

အခု လွှတ်တော်မှာ အမျိုးသမီး ကိုယ်စားလှယ်လောင်းများ နည်းရခြင်းဟာ ကျွန်တော်တို့ မြန်မာ့ လူ့အဖွဲ့အစည်းမှာ အစဉ်အလာ အရ အမျိုးသမီး များဟာ အိမ်ထောင် ထိန်းသိမ်းမှု စီမံခန့်ခွဲရေး အပိုင်း၊ လူမှုရေး အပိုင်းမှာ ပိုမိုလုပ်ဆောင်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး အပိုင်းမှာ ၀င်ရောက်လုပ်ကိုင်မှု နည်းပါးခဲ့တဲ့ အစဉ်အလာက အဓိက အကြောင်း ဖြစ်မယ်လို့ ထင်ပါတယ်။ နောက်ပြီး လူတွေရဲ့ မသိစိတ်မှာ ကိုက နိုင်ငံအုပ်ချုပ်ရေး၊ ဥပဒေပြုရေး အပိုင်းတွေမှာ အမျိုးသား တွေက လုပ်နေကြ ဖြစ်တယ်လို့ အစဉ်အလာအရ ခံယူထားတဲ့ စိတ်နဲ့လည်း ဆိုင်ပါလိမ့်မယ်။ စာဖတ်သူများ ကိုယ်တိုင် အရည်အချင်းတူတဲ့ အမျိုးသား ကိုယ်စားလှယ်နဲ့ အမျိုးသမီး ကိုယ်စားလှယ် နှစ်ဦးကို မဲပေးရင် ဘယ်သူ့ကို ရွေးမလဲ ဆိုတာ စဉ်းစားကြည့်ရင် အဖြေ ထွက်နိုင်ပါတယ်။

ဒါပေမယ့် ဒီအစဉ်အလာ တွေဟာ မကြာခင် ပြောင်းတော့မယ့် အခြေအနေမှာလည်း ရှိနေပါပြီ။ ၉၀ နောက်ပိုင်းမှာ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေမှာ အမျိုးသမီးတွေ ထိပ်တန်း စီမံခန့်ခွဲမှု နေရာတွေမှာ နေရာယူ လာသလို အလုပ်လုပ်တဲ့ အမျိုးသမီး ဦးရေ တွေလည်း တိုးလာပါတယ်။ အစိုးရဌာန တွေမှာလည်း ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ညွှန်ကြားရေးမှူး စတဲ့ အဆင့်တွေမှာ အမျိုးသမီးတွေ အတော်များများ နေရာရ နေတာကိုလည်း သတင်းတွေမှာ တွေ့နေရပါတယ်။
နောက်ပြီး အခု လွှတ်တော်ရေးရာ ကော်မတီတွေမှာ အမျိုးသမီး ကိုယ်စားလှယ်တွေ ထည့်သွင်း ဖွဲ့စည်းလာတာ ကလည်း ကြိုဆိုရမယ့် အချက်ပါဘဲ။ နောင်မှာ ပညာ အရည်အချင်း၊ နိုင်ငံရေး အရည်အချင်း ပြည့်ဝတဲ့ အမျိုးသမီး ကိုယ်စားလှယ်များ လွှတ်တော် ထဲကို ပိုရောက်လာမယ် ဆိုရင်တော့ ၀န်ကြီးအဆင့်များ အထိ အမျိုးသမီးတွေ ပါလာမှာ ဖြစ်ပါတယ်။ အဓိက ထောက်ပြ ချင်တာကတော့ အမျိုးသမီးများရဲ့ အခွင့်အရေးကို ပိတ်ပင်ထားတဲ့ အတားအဆီးများ အခြေခံဥပဒေမှာ လုံးဝမရှိဘူး ဆိုတဲ့အချက်နဲ့ အမျိုးသမီးများ ကိုယ်တိုင် ပိုမိုပါဝင်ဖို့ အတွက် ဆုံးဖြတ်လှုပ်ရှားဖို့သာ လိုတယ်ဆိုတဲ့ အချက်ပါပဲ။

တကယ်တမ်းပြောရရင် ဒီမိုကရေစီရဲ့ ပထမခြေလှမ်း ဖြစ်တဲ့ အခုရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့် ကိုယ်စားလှယ် အမျိုးသမီး ၁၉ ဦး ပါလာတာဟာ တိုးတက်မှုလို့ ပြောရမှာပါ။ ဘာ့ကြောင့်လည်း ဆိုတော့ ၁၇၇၆ မှာ လွတ်လပ်ရေး ရပြီး ဒီမိုကရေစီကို စကျင့်သုံးတဲ့ အမေရိကန်မှာတောင် ၁၉၁၇ ခုနှစ်ကျမှ ကွန်ဂရက်မှာ ပထမဆုံး အမျိုးသမီး အမတ်တစ်ဦးကို စတင် အရွေးချယ်ခံ ခဲ့ရပြီး အခုအချိန်ထိ အမေရိကန် အထက်လွှတ်တော် မှာတောင် အခုမှ အမျိုးသမီး အမတ် ၁၇ ဦးနဲ့ လွှတ်တော် နှစ်ရပ်ပေါင်း ၅၃၅ ဦးမှာ အမျိုးသမီး ကိုယ်စားလှယ် ၉၁ ဦးပဲ ရှိသေးလို့ဖြစ်ပါတယ်။ ဗြိတိန် အထက် လွှတ်တော်ဆိုရင် ၁၉၅၈ ခုနှစ်အထိ အမျိုးသမီးများကို အထက်လွှတ်တော် အမတ် ဖြစ်ခွင့်မပေးဖို့ ဥပဒေနဲ့ တားမြစ် ခဲ့တာ ဖြစ်ပါတယ်။

ဒီတော့ အခုလွှတ်တော်မှာ အမျိုးသမီး ၁၉ ဦးပဲပါတာကြောင့် အခြေခံဥပဒေ စနစ် တစ်ခုလုံးကို ပုတ်ခတ် ပြောဆိုနေတာဟာ ဓမ္မအဓိဋ္ဌာန် မကျဘူးလို့ ဆိုချင်ပါတယ်။ နောက်ပြီး အမျိုးသမီး ကိုယ်စားလှယ်လောင်း များတာ တစ်ခုထဲနဲ့ ဒီမိုကရေစီ ပိုစစ်တယ်လို့ ပြောလို့ မဖြစ်ဘူးလို့ ထင်ပါတယ်။
ဘာ့ကြောင့်လည်း ဆိုတော့ ရ၀မ်ဒါလွှတ်တော်မှာ အမျိုးသမီး ပါဝင်မှုဟာ ၅၆% နဲ့ ကမ္ဘာပေါ်မှာ အများဆုံးဖြစ်ပြီး အမေရိကန် က ၁၇%၊ ဗြိတိန်က ၂၁% ပဲ ရှိနေလို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံက ဒီမိုကရေစီ ပိုစစ်လည်း ဆိုရင်တော့ ရ၀မ်ဒါလို့ ဘယ်သူမှ ဖြေမယ် မထင်ပါဘူး။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...