စိတ်.. အဆာဖြေမှု
ပျားတွေ၊ ပန်းတွေ၊ ပင့်ကူတွေ အကြောင်းရေးနေရင်း တန်းလန်းနဲ့ လူတွေအကြောင်း ခဏလေး ရေးခွင့်ပြုပါ။
ဇွန်လ ၁၅ရက်နေ့က ကနေဒါနိုင်ငံ၊ ဗင်ကူးဗားမြို့မှာ ရုန်းရင်ဆန်ခတ်ပြုမှုတစ်ခု ဖြစ်သွားပါတယ်။ ဖြစ်ရခြင်းအကြောင်းကတော့ ရေခဲပြင်ဟော့ကီ ဗိုလ်လုပွဲမှာ ယူအက်စ်က ဘော့စတွန်အသင်းကို ရှုံးသွားလို့ပဲ ဖြစ်ပါတယ်။ ဒီဟော့ကီက ကနေဒါနိုင်ငံရဲ့ အမျိုးသားအားကစားတော့ မဟုတ်ပါဘူး။ ကနေဒါနိုင်ငံရဲ့ အမျိုးသားအားကစားက Lacrosse ပါ။ ဒါပေမယ့် ဟော့ကီက ပိုနာမယ်ကြီးပါတယ်၊ ပိုလည်း ကြမ်းတမ်းတယ်။ ဟော့ကီ ကစားသမားတွေဟာ ပိုက်ဆံတွေ ဒေါ်လာသန်းချီရသလို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်များလည်းဖြစ်ပါတယ်။ သူတို့အတွက် အမှတ်တယ ကျောက်တိုင်တွေဘာတွေစိုက်လို့ အချို့တွေက မကြိုက်ကြပါဘူး။ အာဖဂန်တို့ အရှေ့အလယ်ပိုင်းတို့မှာ ဒုက္ခခံအသက်သွားပေးတဲ့ ကနေဒီယန်စစ်သားလေးတွေကို ဂုဏ်ပြုရမယ့်အစား ငွေကြေးနဲ့ကစားတဲ့ ရေပေါ်ဆီ ကနေဒီယန်အားကစားသမားတွေကို ဂုဏ်ပြုတာဟာ မဖြစ်သင့်ဘူးဆိုပြီး ခဏခဏ အသံတွေထွက်ပါတယ်။
ဒီဟော့ကီဟာ ယူအက်စ်နဲ့ကနေဒါ နိုင်ငံချင်းပြိုင်တဲ့ ပွဲတော့မဟုတ်ပါဘူး။ ကနေဒါနဲ့အမေရိကန်၂နိုင်ငံက အသင်းတွေ ဖလားရဖို့ အသင်းချင်းယှဉ်ပြိုင်တဲ့ ပွဲပါ။ ဗိုလ်လုပွဲမှာ ကနေဒီယန်အသင်း၂သင်း ထိပ်တိုက်တွေ့နိုင်သလို၊ အမေရိကန်အသင်း၂သင်းလည်း ဖြစ်နိုင်ပါတယ်။ အသင်းထဲက အားကစားသမားတွေဟာလည်း ကနေဒီယန်တွေ၊ အမေရိကန်တွေ၊ ဥရောပသားတွေ အကုန်ရောနေတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ရက်ကတော့ ဗင်ကူးဗား Canucks အသင်းနဲ့ ဘော့စတွန် Bruins အသင်းတို့ ယှဉ်ပြိုင်တာပဲ ဖြစ်ပါတယ်။ ဘော့စတွန်အသင်းမှာ ကနေဒီယန် ၂ယောက်ပါသလို၊ ကနေဒီယန်အသင်းမှာလည်း အမေရိကန်အားကစားသမားတွေရှိပါတယ်။ ဒါပေမယ့် ဘော့စတွန်အသင်းက သာနေတယ်။ (အမေရိကန်တွေဟာ တော်တဲ့ ကနေဒီယန် အားကစားသမားတွေကို ငွေနဲ့အမြဲဝယ်ပါတယ်… အားကစားသမားတင် မဟုတ်ပါဘူး၊ သူနာပြုတွေ အဆိုတော်တွေ၊ entertainment သမားတွေနဲ့ အခြားသော ပရိုတွေကိုလည်း ၀ယ်ပါတယ် –ကနေဒါအရှေ့ဖျားက ကနေဒါပိုင်တဲ့အခြမ်းက သိပ်လှတဲ့ ကမ္ဘာကျော် နိုင်ရာဂရာ (နိုင်ဂရာလို့ မြန်မာတွေခေါ်တယ်ထင်ပါတယ်) ရေတံခွန်ကြီးကို အမေရိကန်တွေ အခုထိ မ၀ယ်သေးဘူးဆိုတဲ့ ဆိုရိုးစကားက ကနေဒီယန်တွေကြားမှာ ရေပန်းစားပါတယ်) အဲဒီတော့ သာမန်အားကစားသမားတွေသာ ကျန်ခဲ့သော… Canucks တွေ နိုင်မယ်ဆိုရင်လည်း Luck နဲ့ပဲ နိုင်မယ့်သဘောရှိနေခဲ့တယ်။ ဒီကစားပွဲဟာ ဘောလုံးနဲ့တော့ မတူပါဘူး။ ပွဲစဉ်အနိုင်အရှုံးပေါ်မှာ အမှတ်ပေးတာပါ။ ပွဲစဉ် ရပွဲမှာ အစပိုင်းတွေမှာ Canucks က ဦးဆောင်နေခဲ့ပေမယ့် ဘော့စတွန်က ဂိုးသွင်းရင် ဂိုးရည်တွက်တွေ အများကြီးပိုများတယ်။
အဲဒီနေ့က ဖြစ်ချင်တော့ လပြည့်နေ့ကလည်းဖြစ်နေတယ်။ (လပြည့်နေ့ဆိုရင် တခုခုဖြစ်တတ်တယ်ဆိုပြီး ဒီကအချို့တွေက အယုံအကြည်ရှိတတ်တယ်) တစ်မြို့လုံးကလည်း နေ့လည် ၂နာရီလောက်ကတည်းက တိတ်ဆိတ်နေပြီ။ ရုံးတွေ တော်တော်များများကလည်း ပွဲကြည့်ဖို့ အလုပ်စောစော ဆင်းပေးကြတယ်။ ညနေ ငါးနာရီပွဲစမှာမို့ နေ့လည် ၃နာရီလောက်ကတည်းက လမ်းတွေဟာ အကုန်တိတ်ဆိတ်ကုန်ပြီ။
အဲဒီနေ့မှာ ဗင်ကူးဗားအသင်း နိုင်နိုင်ရှုံးရှုံး မြို့ထဲမှာ ဆန္ဒပြကြမှာပဲလို့ သတင်းတွေ က ထွက်နေတယ်။
ဒီလိုနဲ့ ထင်ထားတဲ့အတိုင်း ဗင်ကူးဗားက လေးဂိုး-ဂိုးမရှိနဲ့ ဘော့စတွန်ကို ရှုံးသွားပါတယ်။ ည ဂ နာရီလောက်မှာတော့ မြို့ထဲက အထင်ကရ လမ်းမကြီးတွေပေါ်မှာ ဆူပူမှုတွေ စတော့တာပါပဲ။ ပုလိပ်ကားတွေကို မှောက်လှန်ပြီး မီးရှို့သူကရှို့၊ ဆိုင်တွေကိုခွဲပြီး တွေ့ရာပစ္စည်းတွေ မ သွား၊ စားသောက်ဆိုင်တွေထဲမှာလည်း အရက်ပုလင်းတွေ ပန်းကန်ပြားတွေ ပန်းကန်းပြားပျံတွေလို ၀ဲပျံပြီး ဖြစ်ချင်တိုင်းဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ Billboard ကြီးတွေပေါ်တက်ပြီး ပြိုမကျ-ကျ အောင် ခုန်သူခုန်၊ ဆွဲချသူချ ဖြစ်နေခဲ့တယ်။ အလှသစ်ပင်တွေတောင် မချန် တက်ခုန်သူခုန်၊ တွန်းလှဲသူလှဲနဲ့ ဖြစ်ချင်တိုင်းဖြစ်တယ်လို့ သိရပါတယ်။ ရဲတွေက မျက်ရည်ယိုဗုံးတောင် သုံးပြီး လူစုခွဲပေမယ့် ည ၁၁ ကျော်ထိ မပြီးနိုင်ကြသေးဘူးလို့ သိခဲ့ရပါတယ်။
နောက်တစ်နေ့တွေမှာတော့ တစ်မြို့လုံးကလူတွေဟာ အဲသလို ဆူပူဆန္ဒပြသူတွေကို ရှုံ့ချကြပါတယ်။ ဒီလိုသောင်းကျန်းသူတွေကြောင့် ဗင်ကူးဗားဟာ ပျော်ပွဲရွှင်ပွဲ လုပ်ခွင့်မရှိတာ၊ ပျော်စရာပွဲလုပ်တိုင်း ထသောင်းကျန်းသူတွေကြောင့် မြို့တော်ဝန်က ဘာမှ ပျော်ပွဲရွှင်ပွဲ လုပ်မပေးတာ လို့ ဆိုကြပါတယ်။ မြို့တော်ဝန်ကလည်း ဒီလိုဖြစ်တာကို သူသိပ်ရှက်ကြောင်း မိန့်ခွန်းထွက်ပြောပါတယ်။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုတ်ရတဲ့ အဖြစ်ကို ရင်နာကြောင်း၊ လွန်ခဲ့တဲ့နှစ်က အိုလံပစ်ပွဲကို အောင်မြင်စွာ ငြိမ်းချမ်းစွာ ကျင်းပနိုင်ခဲ့ပေမယ့် ဒီဟော့ကီပွဲလေးမှာမှ ဒီလိုလုပ်တာ မသင့်တော်ကြောင်း၊ လုပ်တဲ့သူတွေကို မြေလှန်ရှာမည်ဖြစ်ကြောင်း၊ ယခုခေတ်ကလည်း cell phone တွေနဲ့ ဗွီဒီယိုရိုက်ထားလို့ တစ်ယောက်မှ လွတ်မှာ မဟုတ်ကြောင်း ပြောသွားပါတယ်။
အခြားတိုင်းပြည်တွေမှာ အခုလိုဆူပူဆန္ဒပြတယ်ဆိုရင် ခိုင်လုံတဲ့ အကြောင်းတွေကြောင့် ဆူပူဆန္ဒပြကြတာဖြစ်ပြီး ဗင်ကူးဗားက လူတွေကတော့ ကစားပွဲလေးတစ်ခုပေါ်မှာ ဆန္ဒပြ/ရုန်းရန်းဆန်ခတ် ဖြစ်တယ်ဆိုတာ မဖြစ်သင့်ကြောင်း လူတိုင်းလိုလိုက ပြောနေကြပါတယ်။ တီဗွီတွေရှေ့မှာ လူစွမ်းကောင်းလုပ်ပြီး ဒီလိုအဖြစ်မျိုးကို လုံးဝရှုံ့ချကြောင်း၊ သိပ်ရှက်စရာကောင်းကြောင်း၊ Canucks အနေနဲ့ ဗိုလ်လုပွဲထိ တက်လာတာကို ဂုဏ်ယူသင့်ကြောင်း၊ ဒီလိုကမ္ဘာမှာ ကိုယ့်အရှက်ကို ကိုယ်မခွဲသင့်ကြောင်း အသံကောင်းဟစ်ပြတဲ့ လူငယ်တွေကိုလည်း မြင်ရပါတယ်။
ဒီနေ့ကစပြီးတော့လည်း မိဘတွေက ဒီကိစ္စမှာပါဝင်တဲ့ လူငယ်တွေကို သူတို့ကိုယ်တိုင် ရဲကိုတိုင်ပြီး အကြောင်းကြားလို့ လာဖမ်းခိုင်းကြတယ်လို့ သိရပါတယ်။ အချို့လူငယ်တွေကလည်း နောင်တရမိပါတယ်ဆိုပြီး ရဲစခန်းမှာ သွားရောက်အဖမ်းခံကြတယ်။
တစ်ကယ်ကတော့ လူတွေရဲ့ အတွင်းစိတ်ကို မြင်ရတော့တာပါပဲ။ ဒီလို အဖြစ်က ၁၉၉၄ တုန်းက ဒီလိုပဲ ဗင်ကူးဗားအသင်းက နယူးယောက်အသင်းကို ရှုံးတုန်းကလည်း မြို့ထဲမှာ အကြီးအကျယ်ဖြစ်သွားခဲ့သေးတယ်။ တစ်ကယ်ဆို လူငယ်အချို့က ဒါကို စောင့်နေကြတာပါ။ မြို့ဟာ စည်းကမ်းရှိတယ်၊ အေးချမ်းတယ်၊ crime နဲတယ်… ဒီတော့ ပျင်းစရာကောင်းလာတယ်။ သူများတိုင်းပြည်တွေမှာ ငလျင်လှုပ်၊ ရေကြီး၊ အစိုးရက ဖိစီး.. ။ ဒီမှာက နေ့စဉ်ပုံမှန် အေးချမ်းစွာ စားသောက်နေရတယ်၊ ဘာမှ စိတ်လှုပ်ရှားစရာမရှိဘူး။ အလုပ်နဲနဲလုပ်တာနဲ့ လိုချင်တာ အကုန်နီးပါးရတယ်။ သူတို့ရဲ့ အခြေခံစိတ်ဓာတ်တွေကလည်း အနည်းနဲ့အများကတော့ မြင့်နေကြပြီးဖြစ်တယ်။ (အရင်တုန်းကတော့ လက်မခံချင်ဘူး၊ ရုပ်ဝတ္ထုသမားတွေဆိုပြီး အနောက်နိုင်ငံကလူတွေကို ကျမကိုယ်တိုင် ပြောချင်ပေမယ့် သူတို့မှာ ထိုက်တန်လုံလောက်ကောင်းမွန်တဲ့ အတွေးအခေါ်တွေ တော့ရှိပြီးဖြစ်တယ်) အဲဒီနေ့ကတော့ ပြည့်စုံတဲ့ဘ၀တွေရဲ့ စိတ်အစာကျွေးချင်မှုကြီးကို ကျမ မြင်နေမိတယ်။ စိတ်လှုပ်ရှားစရာ တစ်မြို့လုံး ညီတူညီမျှ ဘုံစိတ်ဝင်စားစရာက ဒီ ဗိုလ်လုပွဲပဲ ရှိတယ်။ ဒီလိုဗိုလ်လုပွဲကို ရောက်လာဖို့ကလည်း ဆယ်စုနှစ်တစ်စုကြာချင်ကြာတတ်တော့….. ဒီအခွင့်ရေးကို လက်လွတ်မခံဘဲ ဆူပူကြတဲ့ စိတ်အစာကျွေးမှု တစ်ခု။
ကား ရ စင်းမှောက်တယ် (အရည်တွက် မသေချာပါ)။ သန်းနဲ့ချီတဲ့ ကားတွေထဲမှာ ခုနှစ်စင်းကို မှောက်ပြီး မီးရှို့တော့လည်း ဘာဖြစ်လည်း၊ ကား insurance ကုမဏီက ပိုင်ရှင်ကို ပြန်လျော်ပေးမှာပဲ.. ကံကောင်းရင် ကားအသစ်တောင် ရဦးမယ်။ ဆိုင်တွေကလည်း အကုန် အာမခံရှိပြီးသားဆိုတော့ စိတ်ညစ်ရတာကလွဲပြီး အကုန်အသစ်ပြန်ရမှာ.. ဒီလို တွေးဖြစ်ကြလိမ့်မယ်ထင်တယ်။
လူငယ်တွေဟာ ဒီအဖြစ်ကို ဂုဏ်ယူနေတယ်။ ရဲတွေနဲ့အခုလို အင်အားပြိုင်ပြရတာကို ကျေနပ်နေတယ်။ မီးလောင်နေတဲ့ ကားတွေရှေ့မှာ ပိုစ်အမျိုးမျိုးပေးပြီး ဓာတ်ပုံရိုက်ခံကြတယ်။ မီးလောင်တဲ့ ကားပေါ်တက်ပြီး အပူခံပြီး ဟော့ရှော့လုပ်ပြတယ်။ သစ်ပင်ကိုလှုပ်ခါပြီး သစ်ပင်ပြိုကျအောင်လုပ်သူတွေရန်ကနေ သစ်ပင်ကို ကာကွယ်လာတယ်ဆိုပြီး ဂုဏ်ယူနေကြတဲ့ လူငယ်တွေကလည်း ရှိသေးတယ်။
ဒီလို ရုန်းရင်းဆန်ခတ်ပွဲဖြစ်မယ်ဆိုတာ လူတိုင်းခန့်မှန်းနေကြတယ်။ ကားမီးရှို့ဖို့ လောင်စာဆီဖြည့်ထားတဲ့ ပုလင်းတွေ သယ်လာကြတယ်။ ကုန်တိုက်တွေကို မှန်ခွဲဝင်တယ်။ ပြီးတော့ နီးရာ ဦးထုပ်တစ်လုံးကို ခပ်တည်တည်ဝင်ဆွဲပြီး ဦးထုတ်ဆောင်း ထွက်လာသူတွေကလည်း ရှိသေးတယ်။ ကျန်တာ ဘာမှ မယူဘူး၊ ဦးထုတ်ကိုပဲ ယူပြီး ဂုဏ်ယူထွက်လာတာ.. ဒီဦးထုတ်ကို မှန်ခွဲပြီး ၀င်ယူရလောက်အောင် ဦးထုတ်ကို လိုအပ်နေသူတွေလားဆိုတော့လည်း မဟုတ်ဘူး။ ဦးထုတ်တစ်လုံး ဘယ်လောက်မှလည်း မတန်ဘူးဆိုတာ သူကိုယ်တိုင်လည်း အသိ။
မြို့ကြီးက မီးခိုးတွေအူပြီး ရဲတွေက တုတ်တွေ၊ ဒိုင်းတွေနဲ့ ဒီဘက်ကလာ… ဟိုဘက်က လူငယ်တွေက ခပ်တည်တည်နဲ့ လူစွမ်းကောင်းလုပ်ပြီး ရဲတွေကို ခါးထောက်အော်နေချိန်မှာ.. လမ်းအလယ်ခေါင်မှာ လှဲချပြီး နမ်းနေတဲ့ စတန့်စုံတွဲကလည်း ရှိပါသေးတယ်။ ရုန်းရင်းဆန်ခတ်လုပ်သူများဟာ များသောအားဖြင့် ဗင်ကူးဗားမြို့သားတွေ မဟုတ်ဘူးလို့ ပြောနေကြသူတွေ ရှိသလို… အဲသလို ဆန္ဒပြပွဲ အလယ်တည့်တည့် ကားလမ်းကြီးပေါ်မှာ နမ်းနေတဲ့ လူ၂ဦးဟာလည်း မြိုခံတွေ မဟုတ်တဲ့ ကနေဒါအရှေ့ဖျားတိုရန်တိုကနဲ့ သြဇီက ကျောင်းလာတက်တဲ့ လူ၂ယောက်ဖြစ်တယ်လို့ ပြောကြပါတယ်။ သူတို့ဟာလည်း အင်တာနက်မှာ နေ့ချင်းညချင်း နာမယ်ကြီးသွားပါတယ်လို့ သိရပါတယ်။
သူများတိုင်းပြည်တွေက ထွက်ပေါက်မရှိ မွန်းကြပ်မှုတွေကြောင့် ဆန္ဒပြပေါက်ကွဲပြကြချိန်မှာ.. ကနေဒါနိုင်ငံ ဗင်ကူးဗားက လူငယ်အချို့ကတော့ ပျင်းရိခြင်းတစ်ခုတွက် ထွက်ပေါက်ရှာ လုပ်ကြသလားရယ်လို့ ထင်မိပါတော့တယ်။
ဘာပဲဖြစ်ဖြစ် ဗင်ကူးဗားမြို့မှာ ပြောစရာ တစ်ခုကတော့ ကျန်သွားတာပါပဲရှင်…။

<< http://www.ainchannmyay.com/?p=1140 >>

0 comments:
Post a Comment