Friday, June 10, 2011

ဆေးရုံပေါ်က သုံးသောင်းတန် အတွေ့အကြုံ

by cherrymyodaw on Thursday, June 9, 2011 at 4:06pm
(၂၀၁၁ ခုနှစ် မေလ ၁၉ ရက်နေ့ထုတ် 7 Day News ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းမှာ မီဒီယာ ကဏ္ဍကို အလေးထားဖို့ ပြောပြီးနောက် စာပေစိစစ်ရေးက လျှော့ပေါ့ ပေးလာတဲ့ အထဲမှာ ဒီဆောင်းပါးဟာ ကျန်းမာရေး ၀န်ကြီးဌာနရဲ့ အခြေအနေကို မီးမောင်းထိုး ပြပေးလိုက်တဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ဒီလို ဆောင်းပါးများဟာ ကောင်းမွန်သော အုပ်ချုပ်မှု စနစ်နဲ့ သန့်ရှင်းသော အစိုးရအဖွဲ့ ပေါ်ပေါက်ရေး အတွက် အထောက်အကူ ဖြစ်နိုင်တဲ့ တိုးတက်မှုများပဲ ဖြစ်ပါတယ်။)

ဆေးရုံတင်ရက် တနင်္လာနေ့ ဖြစ်သည့်အတွက် ရာဂဏန်း ရှိသော လူအုပ်ကြီးက စာရင်း ပေးသွင်းရာ ကောင်တာ အနီးတွင် အုံခဲနေသည်။ ၁၀ ပေနီးပါးမျှ ရှည်လျားသည့် ကောင်တာ စားပွဲ အစွန်းအား ယင်းလူအုပ်ကြီးက ဝိုင်းအုံ၍ အတွင်းဘက်သို့ အာရုံစူးစိုက် နေကြသည်ကို တွေ့ရသည်။ လူများလွန်းသည့် အတွက် ကောင်တာ နောက်ကွယ်တွင် ရှိနေသည့် စာရေးမ နှစ်ဦးကိုပင် မမြင်ရတော့။ တစ်ယောက် တစ်ပေါက် ပြောဆိုသံများက ယင်းအနီးတွင် ညံစီ၍ နေသည်။
''ဒီနားမှာ လာအုံ မနေကြနဲ့လို့ ပြောနေတာ။ နားမလည်ကြဘူးလား။ ဘယ်လို ဟာတွေမှန်းကို မသိဘူး'' ရုတ်တရက် ထွက်ပေါ် လာသည့် စာရေးမ၏ စိတ်ညစ်ညူး နေသော အသံက လူအုပ်ကြီးကို ထိရောက်မှုမရှိ။ ကြားနေကျ စကားများ ဖြစ်သည့်အတွက် မမှုသည်လည်း ဖြစ်ဟန်တူသည်။
ထိုကောင်တာ အနီးတစ်ဝိုက်တွင် ရှိသည့် ကုမ္ပဏီ တံဆိပ်များနှင့် ခုံတန်းလျား ပေါ်တွင် လူနာများက ပြည့်ကျပ်နေသည်။ ထိုမျှမက ကျဉ်းမြောင်းသော စင်္ကြံ လျှောက်လမ်းပေါ်တွင် ဖျာကြမ်းခင်းလျက် ပတ်တီး အပြည့်ဖြင့် လူနာများ၊ စတီးလ်ရိုး ထိုးထိုး ထောင်ထောင်နှင့် လူနာများ လဲလျောင်း နေကြသည်။ ယင်းမှာ ရန်ကုန်မြို့ အရေးပေါ်နှင့် ပြင်ပ လူနာဌာန မြင်ကွင်း ဖြစ်သည်။
စင်စစ်တွင် ထိုလူနာများ အားလုံးသည် ဆေးရုံ တက်ရောက် ကုသခွင့် ရရန်နှင့် ရက်ချိန်း ပြသရန် နံနက် ၇ နာရီ ကတည်းက လာရောက် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ အချို့က ၁ဝ နာရီတွင် တာဝန်ကျ ဆရာဝန်နှင့် ပြသခွင့်ရသည်။ အချို့မှာ ၁၁ နာရီမှ ပြသခွင့် ရကြသည်။
နံနက် ၆ နာရီ ကတည်းက ထပ်ထားသည့် စာအုပ်က ၁ဝ နာရီ ထိုးသည်အထိ နာမည်ခေါ်သံ မကြားရသေး။ ထို့ကြောင့် ကောင်တာ တာဝန်ခံဟု ဆိုရမည့် စာရေးမထံ စုံစမ်းရာ ''ရှင်တို့ စာအုပ်ကို ဘာမှ မလုပ်ဘူးနော်။ စောင့်နေ။ မစောင့်နိုင်ရင် အတွင်းထဲမှာ သွားရှာကြည့်'' ခပ်မာမာ ထွက်လာသည့် စကားလုံး တို့ကြောင့် ဘာဆက် မေးရမည် မသိ။ ခက်သည်က ညွှန်ပြသည့် အတွင်းမှာ ဆရာမ ၁ဝ ဦးခန့် ရှိနေသည်။ မိမိနောက်တွင် ထပ်ထားသည့် လူနာအချို့ ဆရာဝန်နှင့် ပြနေကြပြီ ဖြစ်သည်။ ထပ်ထားသည့် စာအုပ်ပုံ အတွင်း၌လည်း စာအုပ်ကို မတွေ့မိသေး။
သို့နှင့် ဆေးမှတ်တမ်း ဌာန၊ ဆရာဝန် အခန်းဝ၊ ကောင်တာ စသည့် နေရာများကို အခေါက်ခေါက် အခါခါ ပြေးလွှား ရှာဖွေ ရသည်။ မည်သည့် နေရာတွင်မှ လူနာစာအုပ်ကို မတွေ့တော့။ မေးမြန်း စုံစမ်းလွန်း၍ တာဝန်ကျ စာရေးမတို့၏ အော်ငေါက်မှု ကိုသာ ခံရသည်။
၁၁ နာရီနီးပါး ရှိနေပြီ ဖြစ်သည့် အတွက် စာအုပ်ထပ်ရာ ကောင်တာ တာဝန်ကျ စာရေးမကို လိုက်ရှာရတော့သည်။ ဆေးရုံကြီး အရေးပေါ်ဌာနက အခန်း မှန်သမျှ စုံလုနီးပါး ရှိသောအခါ ဆေးမှတ်တမ်း ဌာနတွင် သတင်းစာ တစ်စောင် ကိုင်ဖတ်လျက် အေးအေးလူလူ ရှိနေဟန် တူသော စာရေးမကို တွေ့ရသည်။
အဖြေက ပြသရမည့် ဆရာဝန်နှင့် Ward အား စာအုပ်တွင် မှားယွင်း ရေးသားထား၍ ပယ်ထားခဲ့ခြင်း ဖြစ်သည်ဟု ဆို၏။ ထိုအခါမှ နံနက် စောစောက ကောင်တာနားတွင် အုံခဲနေသော လူအုပ်ကြီးကို သတိရမိသည်။ စာအုပ်အား စောင့်မကြည့်ဘဲ နေမိသော မိမိ ကိုယ်တိုင်ပင် အပြစ် တင်လိုက်မိသည်။
ထိုနေ့က နေ့လယ် ၁ နာရီခန့်တွင် ဆေးရုံ၏ သက်ဆိုင်ရာ Ward ထဲတွင် ဆေးရုံ တက်ရောက်ခွင့် ရသည်။
- စရိတ်မျှပေး ကျန်းမာရေး
- ချို့တဲ့သူများ အတွက် စရိတ်မျှပေး စနစ်ကို ကျင့်သုံးသည်။
ထိုစာတန်းငယ်များကို ဆေးရုံတွင်း နေရာ တော်တော် များများတွင် တွေ့တွေ့ နေရသည်။ ဆေးရုံတင်ပြီး ဒုတိယနေ့ သွေးအမျိုးအစား စစ်ဆေးရန် ဓာတ်ခွဲခန်းသို့ သွားရသည်။ Ward ထဲမှ တာဝန်ကျ ဆရာဝန် ရေးပေးလိုက်သည့် လိုအပ်သည့် ပစ္စည်းများ ဝယ်ယူရန် ဖြစ်သည်။
ဓာတ်ခွဲခန်း ဌာနကလည်း တစ်ခုတည်း ရှိ၍လားမသိ၊ များလိုက်သည့်လူ။ တန်းစီနေရသည့် အချိန်က နေ့လယ် ၁၂ နာရီ..
''ကဲ ဒီမှာ ရှိတဲ့လူတွေ ညနေမှ ပြန်လာပါ။ ဓာတ်ခွဲခန်း နေ့လယ်ပိတ်ပါပြီ'' ဓာတ်ခွဲခန်း အတွင်းမှ စာရေးမ တစ်ဦး၏ ခပ်ကျယ်ကျယ် အော်သံကြောင့် ခြေလှမ်းတို့ တုန့်သွားရသည်။ ယနေ့ရမှ ဖြစ်မည် ဟူသော တာဝန်ကျ ဆရာဝန်၏ အမှာ စကားကြောင့် တန်းစီ ပိတ်ကွယ်နေသော လူတန်းကို မည်သို့ ဖြတ်ကျော် သွားသည်ကို မသိ။ ကောင်တာမှ စာရေးမကို ချဉ်းကပ်ရသည်။
''မရတော့ဘူး။ ညနေမှလာ'' မော့မကြည့်ဘဲ ပြောလာသော စကားအတွက် ထပ်မံ တောင်းဆို ရတော့သည်။ ထိုအခါကျမှ ပွင့်လင်းသော စကားတစ်ခွန်း ထွက်လာသည်။ ''အဆင်ပြေအောင် လုပ်ပေးမယ်လေ။ မုန့်ဖိုးတော့ ပေးသွားပေါ့။ ခဏစောင့်နေ'' မည်သို့ဆိုစေ အဆင်ပြေမည် ဟူသော စကားကြောင့် ကျေကျေ နပ်နပ်ပင် စောင့်နေလိုက်သည်။ မိမိလောက် အထာမနပ်သော၊ ဆေးရုံဝန်ထမ်းနှင့် မပေါင်းတတ်သော သူအချို့ မကျေမချမ်းနှင့် ပြန်သွားကြသည်။
ယင်း ဓာတ်ခွဲခန်း စာရေးမ၏ အကူအညီကြောင့် ၅,ဝဝဝ ကျပ် ကုန်ကျမည့် ပစ္စည်းများအား ၈,ဝဝဝ ကျပ်ဖြင့် ရရှိခဲ့သည်။ ဤသည်ကိုပင် စာရေးမက ''ဒီမှာက ကိုယ်တာ ရှိတော့တာ မဟုတ်ဘူးနော်။ အဆင်ပြေအောင် ရှာပေးရတာ'' ဟု ဆိုသည်။ ဓာတ်ခွဲခန်း အတွက် ပေးထားသော ပစ္စည်းများကို အခြားနေရာမှ ရှာပေးရသည် ဆိုသည့်အတွက် ထူးဆန်း နေသလိုပင်။ မည်သို့ဖြစ်စေ မုန့်ဖိုး ၃,ဝဝဝ ပေး၍ ပြေလည်သည် ကပင် ကျေးဇူးတင်ရမည်။ ထို့နောက် ဓာတ်မှန်ခန်း၊ ဓာတ်မှန်ရွေးရန် ကျသင့်ငွေ ၂,၅ဝဝ ကျပ် ရှင်းပြီးသောအခါ ဓာတ်မှန် ကူးပေးသည့် တာဝန်ကျ ဝန်ထမ်းကို လက်ဖက်ရည်ဘိုး ၅ဝဝ ဟု ဆိုသဖြင့် ပေးခဲ့ရသေးသည်။ ယင်း ဓာတ်မှန်ခန်းမှ အပြန်တွင် မြင်ရ ကြားရသည်များက ဆက်တိုက် ဆိုသလိုပင် စင်္ကြံ လမ်းတွင် ထိုင်နေသည့် အမျိုးသမီးကြီးက ပိုက်ဆံ အထပ်လိုက် ကိုင်လျက် ဘေးတွင် ကူညီ ဆောင်ရွက် ပေးလိုသည့် အပြာရောင် ဝေ့စ်ကုဒ်နှင့် အိန္ဒိယကပြား အမျိုးသား သုံးဦးခန့်က ဝန်းရံလျက် ရှိသည်။ ထိုအထဲမှ ခေါင်းဆောင် ဖြစ်ဟန်တူ သူက ''ဓာတ်မှန်ခရယ်၊ အီးစီဂျီ ခရယ် ၁ဝ,ဝဝဝ ပေးလိုက်'' ထိုအမျိုးသမီးကလည်း ပေးသည်။ ထိုငွေကျပ် ၁ဝ,ဝဝဝ အားယူ၍ သွက်လက်စွာ ထွက်သွား ကြတော့သည်။ အမှန်တော့ ထိုနှစ်ခုအတွက် ပုံမှန် ကျသင့်ငွေမှာ ၄,ဝဝဝ ကျပ် ဝန်းကျင် သာ ဖြစ်သည်။
ယင်းအနီးမှပင် အီးစီဂျီ အခန်းရှေ့တွင် တွေ့မြင် ရသည်ကလည်း စိတ် မသက်သာ စရာပင်။ အီးစီဂျီ အခန်းအတွင်းမှ တာဝန်ကျ ဆရာဝန်တို့ စစ်ဆေး အဖြေလွှာအား ရယူရန်အတွက် အခန်းဝတွင် အမည်ခေါ်ပေး၊ စာရွက်ကမ်းပေးသည့် စာရေးမက တစ်စောင်ကျပ် ၅ဝဝ ကျပ်စီ တောင်းခံသည်။ ပေါ်ပေါ် ထင်ထင်ပဲ ဖြစ်ပါသည်။ ပြေစာရှင်းပြီး သော်လည်း ယင်း အမျိုးသမီးအား ၅ဝဝ ကျပ် မပေးနိုင်သော လူအချို့ အော်ငေါက် ခံရသည်။ ''ဒါတောင် မပါဘူးပေါ့။ နားမလည်ဘူး လား'' ယင်းအခန်း အနီးတွင် ငွေ ၅ဝဝ အဆင်သင့် ကိုင်ဆောင် စောင့်ဆိုင်း နေသူများကိုလည်း တွေ့ရသည်။
အာထရာဆောင်း စစ်ဆေးသည့် အခန်းဝမှနေ၍ တာဝန်ကျ ဆရာဝန်များ ကြားနိုင်လောက်သည့် အသံမျိုးနှင့် အကူ ဝန်ထမ်းက လူနာရှင် တစ်ဦးအား ပြောနေခြင်း ဖြစ်သည်။
ဖခင်အတွက် ဆေးရုံတွင် ၁ဝ ရက် နီးပါးမျှ နေ့စဉ်နှင့်အမျှ ကြုံတွေ့ရသည်မှာ အတွေ့အကြုံ များစွာ ရရှိသည်ဟုပဲ ဆိုရမည်လား မသိ။ တကယ်တမ်းတွင်မူ ရန်ကုန် ဆေးရုံကြီးတွင် တာဝန်ကျနေသော စာရေးနှင့် အကူ (သူနာပြု မဟုတ်သော) ဝန်ထမ်းများမှာ လူနာနှင့် လူနာရှင်များ အတွက် အလွန် အရေးပါလှသည်ဟု ထင်သည်။ ဆေးရုံစာရင်း ပေးသွင်းသည့် အချိန်မှ အစပြု၍ ပြန်လည် ဆင်းခွင့်ရသည် အထိ ၎င်းတို့၏ အကူအညီနှင့် မလွတ်၊ နေ့စဉ်နှင့် အမျှ ဓာတ်ခွဲခန်း၊ သွေးဘဏ်၊ ဆေးပေး၊ ဆေးဝယ်၊ ဓာတ်မှန်၊ အာထရာဆောင်း စသည့် စစ်ဆေးမှုများ အတွက် လူနာအား တွန်းလှည်းနှင့် အပို့ အကြို စသည့် ကိစ္စရပ်များသည် ၎င်းတို့မပါ၍ မဖြစ်သော အခြေအနေ များလည်း တွေ့နေခဲ့သည်။ သို့သော် ယင်းအကူ များမှာ လစာ ရရှိနေသော်လည်း ယင်းလစာမှာ ၎င်းတို့၏ နေ့စဉ်ဝင်ငွေနှင့် ယှဉ်လျှင် ပြောပလောက် စရာ မရှိဟုထင်သည်။
ယင်းနှင့် ပတ်သက်၍ ဆေးရုံတွင် မြင်တွေ့ ခဲ့ရသည့် ဝန်ထမ်း အချို့၏ အပို ဝန်ဆောင်မှု ရငွေများအား ခန့်မှန်း ကြည့်မိ သည်။ Ward တစ်ခုတွင် တာဝန်ကျ ဝန်ထမ်းတစ်ဦး၊ ၎င်းသည် ယင်း Ward တစ်ခုလုံး၏ လူနာများ အတွက် ဆောင်ရွက် ပေးရသည်။ Ward တစ်ခုတွင် အနည်းဆုံး အမျိုးသားလူနာ ၂ဝ၊ အမျိုးသမီး လူနာ ၂ဝ စီရှိသည်။ ထိုအထဲ လူနာ ၁ဝ ဦးစီခန့်သည် နေ့စဉ်ပုံမှန် အထက်တွင် ဆိုခဲ့သည့် ကိစ္စရပ်များ ဆောင်ရွက်ရသည် ဆိုပါစို့။ လူနာတစ်ဦး တစ်ကြိမ်လျှင် ၅ဝဝ ကျပ်နှင့် လူနာ ၁ဝ ဦးအတွက် ၁ဝ ကြိမ် ဆိုလျှင်ပင် သူ့ဝင်ငွေ ၅,ဝဝဝ ကျပ်ရှိနေပြီ ဖြစ်သည်။ မြင်တွေ့ ရသည်က လူနာရှင် တစ်ဦးလျှင် နေ့စဉ် ၂ ကြိမ်မျှ အနည်းဆုံး အခြားဌာနများသို့ ဝင်ထွက်ရမည် ထင်သည်။ ထိုပမာဏ ပင်လျှင် ဘွဲ့ရဝန်ထမ်း တစ်ဦး၊ ကုမ္ပဏီ ကျွမ်းကျင် ဝန်ထမ်း တစ်ဦး၏ လစာနီးပါး တစ်သိန်းခွဲမျှ ရှိနေပြီ ဖြစ်သည်။
တစ်ဖန် ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ အာထရာဆောင်း စသည် တို့တွင်လည်း အလားတူပင် ဆေးရုံ ၁ဝ ရက် အတွင်း ယင်းနေရာ များတွင် လေ့လာ မိသလောက် နေ့စဉ် နှင့်အမျှ လူ ၅ဝ ထက်မနည်း ဓာတ်မှန်ခန်းတွင် အပိုအဖြစ် လူတိုင်းနီးပါး ၅ဝဝ ကျပ်စီ ပေးရသည်။ မပေးဘဲ အဓွန့် တက်သူများ ဝန်ထမ်းများနှင့် အဆင်မပြေ ဖြစ်သည်။ တစ်ဦး ၅ဝဝ ကျပ်၊ ဦးရေ ၅ဝ ဆိုလျှင် ၎င်း ဓာတ်မှန်ခန်း တာဝန်ခံ၏ ဝင်ငွေမှာ ကျပ်နှစ်သောင်းခွဲပင်။ ၅ဝ မရှိနှင့် ၂ဝ ဦးဆိုလျှင်ပင် နေ့စဉ်ဝင်ငွေ ၁ဝ,ဝဝဝ ကျပ်၊ တစ်လလျှင် သုံးသိန်းကျပ်၊ အလားတူ အခြားသော ဆက်ဆံရေး ဌာနတိုင်းတွင် လူနာ၊ လူနာရှင်နှင့် တိုက်ရိုက် ဆက်ဆံခွင့် ရရှိသည့် အကူ ဝန်ထမ်းများ၏ အရေးပါမှုမှာ အလွန် ကြီးမားလျက် ရှိသည်။
''တစ်ခုခုဆိုရင် သူတို့ပဲ ရှိတာလေ။ ကိုယ်တွေက လည်လည် ဝယ်ဝယ်လည်း မရှိတော့ တစ်ခုခုဆို သူတို့နောက်လိုက်၊ တောင်းသလောက် ပေးရတာပဲ'' ယင်းစကားကို ဆိုသူက ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် အစာအိမ် ရောဂါဖြင့် တက်ရောက် ကုသခဲ့သော ဧရာဝတီ တိုင်းဒေသကြီးမှ လူနာတစ်ဦး ဖြစ်သည်။
ဆေးရုံကြီးရှိ အထွေထွေ ဝန်ထမ်းတစ်ဦး၏ အဆိုအရ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် အောက်ခြေဝန်ထမ်း ၄ဝဝ ဝန်းကျင် ခန့်ရှိပြီး၊ ပုံမှန် လစာမှာ ၄ဝ,ဝဝဝ ကျပ် ရရှိသည်ဟု စုံစမ်းသိရှိရသည်။
အထက်တွင် ဖော်ပြခဲ့သည့် ဝန်ထမ်းများ၏ ဝင်ငွေအား တွက်ချက် ကြည့်ခြင်းမှာ ၎င်းတို့၏ ဝင်ငွေနှုန်းအား အဓိကထား ပြောလိုခြင်း မဟုတ် ယင်း၏ နောက်ဆက်တွဲ အချက်များကလည်း ရှိသေးသည်။ ပထမ အချက်မှာ နေရာတိုင်း နီးပါးတွင် လူနာရှင်ထံမှ ကူညီကြေး ရယူလိုမှု များပြား လာခြင်းကြောင့် လူနာနှင့် ဝန်ထမ်း ဆက်ဆံရေး မပြေလည်မှုများ၊ လူနာရှင် ဘက်မှ မလိုအပ်သည့် အပို ကုန်ကျငွေများ များပြားလာခြင်း ဖြစ်သည်။
ယင်းနှင့် ပတ်သက်၍ သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးတွင် အလုပ်သင် ဆရာဝန်အဖြစ် ဆောင်ရွက်လျက် ရှိသူ တစ်ဦးက ''တကယ်တမ်း ပြောရင် သူတို့က ဆရာဝန်တွေ ထက်ကို ဆေးရုံမှာ ဝင်ငွေပိုရတယ်။ နောက် လူနာတွေနဲ့ တိုက်ရိုက် ဆက်ဆံရတော့ နောက်ပိုင်းမှာ အာဏာ ပြချင်တာလေး တွေလည်း ဖြစ်လာတာပေါ့'' ဟု ၎င်း၏ အမြင်ကို ပြောသည်။
အမှန်တကယ် တွင်လည်း ဆေးရုံများတွင် ဆေးရုံ လုံခြုံရေး၊ ဓာတ်လှေကားမောင်း ဝန်ထမ်း၊ အကူနှင့် စာရေးများသည် အတော်အတန် အာဏာ ရှိလာသည်ကို ကြုံတွေ့ခဲ့ရသည်။
''ဆေးရုံတက်တဲ့ တစ်လျှောက်လုံး ဆရာဝန် တွေထက် သူတို့ကို ပိုပြီး ကြောက်ရတယ်။ ဆရာဝန်တွေ အော်တာ၊ ငေါက်တာက မရှိတော့ဘူး" ဟု ဆေးရုံ တက်ရောက်နေသူ တစ်ဦးက ယင်းအချက်ကို ထောက်ခံ ပြောဆိုသည်။
ဒုတိယ အချက် အနေဖြင့်မူ အထက်တွင် ဆိုခဲ့သည့် အောက်ခြေဝန်ထမ်း ဝင်ငွေ ကိစ္စသည် တစ်ဖက်က ဆေးရုံ အနေဖြင့် ပြန်ကြည့်မည် ဆိုပါက ယိုပေါက်များဟု ဆိုရမည်လား မသိ။ အဘယ်ကြောင့် ဆိုသော် ယင်းဝန်ထမ်းများသို့ ပေးရသည့် ငွေကြေးသည် ဆေးရုံ၏ တရားဝင် ဝင်ငွေအဖြစ် ပြောင်းလဲနိုင်မည် ဆိုပါက ပို၍ သင့်တော်မည်ဟု ထင်မိသည်။ ထိုသို့ ဆိုလျှင် ကျန်းမာရေး အတွက် အသုံးစရိတ် တိုးလာနိုင်စရာ ရှိသည်။ မိမိ ကိုယ်တိုင်ပင်လျှင် ဆေးရုံတက်သည့် ၁ဝ ရက် အတွင်း ဆေးဖိုးဝါးခ၊ ကုသစရိတ် မပါဘဲနှင့် အပိုပေးငွေ ပြန်လည် တွက်ကြည့်ရာ ဆေးရုံလှည်းတွန်း သမားခ၊ အကူခ၊ ဓာတ်ခွဲခန်း ဝန်ထမ်းခ စသည် စသည်တို့ ပေါင်းကြည့်သောအခါ ကျပ်သုံးသောင်းခန့် ရှိသည်ကို အံ့သြဖွယ်ရာ တွေ့ရသည်။
ထိုစာရင်းအား မှတ်မှတ်ရရ သိမ်းထား လိုက်မိသည်။ ။

(နေလင်းအောင်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...