Thursday, June 16, 2011

ကစ်ဆင်ဂျားပြောတဲ့ တရုတ်ရဲ့စိန်ခေါ်မှု

by Lu Cifer on Thursday, June 16, 2011 at 9:46pm


အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျားရဲ့ ‘On China’ ဆိုတဲ့ စာအုပ်သစ် ထွက်လာသည်။ ကစ်ဆင်ဂျားမှာ သမ္မတနစ်ဆင် လက်ထက်
အမျိုးသား လုံခြုံရေး အကြံပေး ထမ်းဆောင်စဉ် လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်က ၀ါရှင်တန်အစိုးရနှင့် တရုတ်ကွန်မြူနစ် အစိုးရကြား ပုံမှန် ဆက်ဆံရေး ရရှိဖို့ လျှို့ဝှက်ခရီးဖြင့် စတင် လမ်းဖောက်ပေးခဲ့သူ ဖြစ်သည်။


ယခု သူ့စာအုပ်သစ် ထွက်ပြီးနောက် CNN မှ ဖားရဒ် ဇာကာရီးယားက တရုတ်ပြည်ရဲ့ လက်ရှိ တိုးတက်လာမှု အပေါ် ကစ်ဆင်ဂျားရဲ့ အမြင်ကို တွေ့ဆုံမေးမြန်းခဲ့သည်။

ကစ်ဆင်ဂျားက တရုတ် ကွန်မြူနစ်အစိုးရရဲ့ စီးပွားရေးနဲ့ အခြားပါဝါတွေ တိုးတက်လာမှုက အမေရိကန် ပြည်ထောင်စုအတွက် ‘အကြီးမားဆုံး စိန်ခေါ်မှုပဲ’ ဟု ၀န်ခံပြောခဲ့သည်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် လေးခုလောက်က တရုတ်က အခုလို အမေရိကန်ကို စီးပွားရေးနဲ့ နည်းပညာမှာ ပြိုင်ဆိုင်နိုင်လောက်တဲ့ ဂလိုဘယ် ပါဝါမျိုး ရှိလာမယ်လို့ အရိပ်အမြွက် မြင်ခဲ့တာများ ရှိသလားလို့ ဇာကာရီးယားက မေးတော့၊ ကစ်ဆင်ဂျားက “စိတ်ကူးလို့တောင် မရပါဘူး။ ဘယ်သူကမှလည်း တရုတ်ကို ဒီလိုအနေထားမျိုးထိ ရောက်လာမယ်လို့ မမျှော်လင့်ခဲ့ပါဘူး” ဟု ပြန်ဖြေခဲ့သည်။

ကစ်ဆင်းဂျား ရဲ့ ခရီးစဉ် စပြီးကတည်းက အမေရိကန်နှင့် တရုတ် ဆက်ဆံရေးမှာ နှစ် ၄၀ ကျော် ပုံမှန် တည်ငြိမ်မှု ရှိခဲ့ကြောင်း၊ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ တရုတ်က စီးပွားရေး မော်ဒန်နိုက် ဖြစ်ဖို့အတွက် အမေရိကန်ရဲ့ အကူညီရယူဖို့ ကြိုးစားခဲ့ရကြောင်း၊ အမေရိကန် နိုင်ငံခြားရေး မူဝါဒကိုလည်း တရုတ်က လူမသိသူမသိ ထောက်ခံခဲ့ရတွေ ရှိကြောင်း ဇာကာရီးယား က ပြောသည်။ သို့သော် တရုတ်က ယခု အခြေအနေ အပြောင်းအလဲတွေ လုပ်လာပြီး၊ နိုင်ငံခြားရေး မူဝါဒ စာမျက်နှာသစ် စဖွင့်နေပြီလို့ အချို့က မြင်နေကြောင်း ပြောတော့ ကစ်ဆင်ဂျားက

“အထူးသဖြင့် မကြာခင်က ကမ္ဘာ့စီးပွားရေး အကျပ်အတည်းဖြစ်ပြီးတော့ ကမ္ဘာ့အင်အား ချိန်ခွင်လျှာမှာ အခြေခံ အပြောင်းအလဲတွေ ရှိလာတာကို တရုတ်တို့ မြင်လာတယ်။ နိုင်ငံတာကာ ဇာတ်ခုံပေါ် တရုတ်ရဲ့ အရေးပါမှုနဲ့ အဲဒီ အကျိုးရလဒ်တွေကို သူတို့ တွေ့လာကြတယ်။ နို့ပေမဲ့ ဒါတွေအားလုံးဟာ အမေရိကန်ရဲ့ အမှားနဲ့ အားနည်းချက်တွေလို့တော့ မပြောသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ အမေရိကန်တွေက ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်ကိုပဲ လွှမ်းမိုးခဲ့တာ။ တရုတ်က လွန်ခဲ့တဲ့ နှစ် ၂၀၀၀ မှာ နှစ်ပေါင်း ၁၈၀၀ လောက်တောင် လွှမ်းမိုးခဲ့ဖူးတာပဲ။ သူပြန်ကြီးကျယ်လာတာလည်း အဆန်းတော့ မဟုတ်ဘူး” ဟု ပြောသည်။

ကစ်ဆင်ဂျားက ဆက်ပြီး “ကျနော်တို့ အမေရိကန် ကမ္ဘာ့ထဲကို ၀င်လာတာဟာ လွှမ်းမိုးဖို့လည်း မဟုတ်သလို၊ နောက်ဆုတ်ဖို့လည်း မဟုတ်ဘူး။ ကျနော်တို့က အင်အားအကြီးဆုံး အဖြစ် ဆက်ရှိနေဦးမှာပဲ။ သို့သော် ဒီလို ကမ္ဘာ့အနေအထားမျိုးမှာ ကျနော်တို့ ကိုယ့်ဟာကိုယ် ဘယ်လိုပြုပြင် နေထိုင်သွားကြမလဲဆိုတာ ကျနော်တို့အတွက် အကြီးမားဆုံး စမ်းသပ်မှုပဲ။ အင်အားပါဝါအရ တရုတ်က ကျနော်တို့ နောက်မှာ အနီးကပ်ဆုံး ရှိလာနေပြီ။ ဒါဟာ ရှုပ်ထွေးတဲ့ သမိုင်းလည်း ဖြစ်သလို၊ အကြီးဆုံး စိန်ခေါ်မှုလည်း ဖြစ်ပါတယ်” ပြောသည်။

သို့ပေမဲ့ နောက်ထပ် စစ်အေးတိုက်ပွဲမျိုး ထပ်မဖြစ်အောင် ရှောင်ဖို့ ကစ်ဆင်းဂျားက သတိပေးသည်။ “လူ့အဖွဲ့အစည်း နှစ်ခု ထိပ်တိုက်ရင်ဆိုင်လိုက်၊ ညှိလိုက် လုပ်နေရတဲ့ ရှည်ရှည်လျားလျား ကာလမျိုးကို ထပ်ဦးမတည်သင့်ဘူး၊ ဒါဟာ အဖြေ မဟုတ်ဘူး” ဟု ဆိုသည်။

နစ်ဆင်နှင့် ဂျာရယ်ဒ် ဖို့ဒ် သမ္မတနှစ်ဆက်အောက်မှာ နိုင်ငံခြားရေး ၀န်ကြီး လုပ်ခဲ့ဖူးတဲ့ ကစ်ဆင်ဂျားက “လက်ရှိ သမ္မတ ဘားရခ် အိုဘားမားရဲ့ တရုတ်ကို ချည်းကပ်မှုက အခြေခံအားဖြင့် မှန်ကန်ပါတယ်။ တရုတ်နဲ့ ပတ်သက်ပြီး ကျနော်တို့မှာ အဓိက လိုအပ်နေတာက ကျနော်တို့ နှစ်နိုင်ငံစလုံး ဘယ်ကိုသွားနေကြသလဲဆိုတာ နှစ်ဘက်စလုံး တွေးနိုင်မယ့် ဘုံနားလည်မှုကို ရအောင် လုပ်ရမယ်” ဟုဆိုသည်။

“သမ္မတ နစ်ဆင်နဲ့ ကျနော်တို့ တရုတ်နဲ့ ဆက်ဆံရေးမှာ အကောင်းဆုံး လုပ်ခဲ့ကြတယ်လို့ ယုံကြည်ပေမဲ့၊ လက်တွေ့ကျတဲ့ ပြဿနာတွေအပေါ်မှာ super skills နဲ့ ကိုင်တွယ်ခဲ့တယ် လို့တော့ ပြောလို့မရပါဘူး။ သို့သော် ကျနော်တို့ စိတ်ထဲမှာ ဘာတွေရှိတယ်၊ ရေရှည် ဘာတွေ ရည်မှန်းထားတယ် ဆိုတာတွေ နာရီပေါင်းများစွာ အချိန်ယူပြီး တရုတ်အစိုးရကို ပြောပြခဲ့တယ်။ တရုတ်ဘက်ကလည်း ဒီလို အချိန်ပေး တုံ့ပြန်ဆောင်ရွက်ခဲ့ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ဒီနေ့အခြေအနေအတွက် လုံလောက်မှု မရှိသေးပါဘူး” ဟု ပြောသည်။

တရုတ်ရဲ့ လူသိရှင်ကြား လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ကစ်ဆင်ဂျားက ဝေဖန်ဖို့ တွန့်ဆုတ်နေမှာလားလို့ မေးတော့ သူက
“ဒီကိစ္စကို ကျနော် လုံးဝ နှောင့်နှေးနေမှာ မဟုတ်ပါဘူး။ ကျနော်က ဒီမိုကရေစီကို လေးစားမြတ်နိုးသူပါ။ အာဏာရှင်စနစ်နဲ့ အာဏာရှင် ယန္တရားကို လက်မခံသူပါ။ တစ်ချိန်ထဲမှာပဲ တရုတ်ခေါင်းဆောင်မှုကို ဆယ်စုနှစ်အတော်ကြာ ထောက်ခံ ယုံကြည်လာတဲ့ လူအနည်းစုလည်း ရှိနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်သူ ရှုံးသူ မရှိဘူး ဆိုတဲ့ နည်းလမ်း ဩဇာကို အသုံးပြုပြီး ဒီမိုကရေစီ ဦးတည်ချက်ကို ရောက်အောင် လုပ်နိုင်တဲ့ အခြေအနေ ကျနော်တို့မှာ ရှိပါတယ်”

“ကျနော် တရုတ်နဲ့ စဆက်ဆံကတည်းက လူသိရှင်ကြား ထိပ်တိုက်တိုးမှုတွေကို ရှောင်ခဲ့ပြီး၊ ပုဂ္ဂိုလ်ရေး ဆွေးနွေးမှုတွေ ပိုလုပ်ခဲ့တယ်။ ဒါ သဘောထားကွဲလွဲမှုကို ချည်းကပ်ရမယ့် အစစ်အမှန် သဘာဝ ဖြစ်ပါတယ်။ အဲဒါက ရည်ရွယ်ချက်ပန်းတိုင်ကို လျှော့ပေးတာ မဟုတ်ပါဘုး”

သမ္မတ အိုဘားမား ဟာ ‘ကစ်ဆင်ဂျားဝါဒီ’ လားလို့ မေးတော့ သူက “အိုဘားမားဟာ ‘အိုင်ဒီယာတွေရဲ့ ပါဝါစွမ်းအားကနေသာ ကမ္ဘာ့ကြီးကို သိမ်းကျုံးစုစည်းလို့ ရမယ်၊ အိုင်ဒီယာတွေနဲ့သာ ကမ္ဘာကြီးကို လွှမ်းမိုးထားလို့ ရနိုင်တယ်ဆိုတာကို  လက်ခံယုံကြည်ထားသူလို့ ကျနော် မြင်ပါတယ်”

“အိုဘားမားဟာ စိတ်ကောင်း ရှိသူပါ။ ဒါပေမဲ့ လက်တွေ့ ကမ္ဘာမှာ ဘာတွေဖြစ်နေသလဲဆိုတာလည်း ကြည့်တတ်သူ တစ်ဦးပါ။ သူစကားပြောရင် အိုင်ဒီယာတွေ ကသာ ကမ္ဘာအတွက် အရေးကြီးသလို ပြောပေမဲ့၊ အလုပ်လုပ်ရင်တော့ လက်တွေ့အခြေအနေကို သတိထား ဆောင်ရွက်သူပါ။ ဒါကြောင့် သူ့အပြုအမူနဲ့ အပြောအဆိုဟာ ကျနော့် ရည်ရွယ်ချက်ပန်းတိုင်နဲ့ အခြေခံအားဖြင့် နီးစပ်ပါတယ်။ အိုဘားမားကတော့ ဒါကို ကြော်ငြာလိုမှာ မဟုတ်ပါဘူး” ဟု ကစ်ဆင်ဂျားက ပြောခဲ့သည်။
http://www.youtube.com/watch?v=VLgQC7pEuco
ဝင့်ထန်း
ရည်ညွန်း CNN's "Fareed Zakaria's GPS"
On China by Henry Kissinger

Wednesday, 15 June 2011 01:25
http://www.maukkha.org/index.php?option=com_content&view=article&id=1684%3A2011-06-15-01-34-50&catid=92%3Alibrary-&Itemid=386

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...