တခါတုန်းက
by Eingyin Khaine on Monday, June 20, 2011 at 1:35pm
ကျမနဲ့သူငယ်ချင်း ကျောက်မြောင်းမှာ မုန့်သွားစားကြတုန်းက
အဒေါ်ကြီးတယောက်က အနားလာပြီး "ဟဲ့ ညီးက ကိုမြမောင် သမီးလေးမှလား… ဖြူဖြူမှလား"
"ရှင် မဟုတ်ပါဘူး"
"ငါညီးကိုသိပါတယ်အေ"..သံသယဖြင့်ကြည့်နေသေးသည်။ "ကိုမြမောင်သမီးဖြူဖြူနဲ့ တူရန်ကော"
"သူက ဂျင်းပါ၊ အင်ကြင်း" ဟု သူငယ်ချင်းကပြောလိုက်သည်
"ဘာ နာမည်က ဂျင်း ဟုတ်လား"
"ဟုတ်ကဲ့ ဂျင်းက နာမည်က အင်ကြင်းပါ၊ ဟိုလေနာမည်က အင်ကြင်း အမြန်ခေါ်တာ သူငယ်ချင်းတွေက ဂျင်းဖြစ်သွားတာ"
"အမလေး ဖြစ်ရလေ အင်ကြင်းဆိုတာပန်းနာမည် ခုက စားတဲ့ ငရုပ်သီးတို့ ကြက်သွန်ဖြူတို့လိုလိုပါလား"
"ရှင်.."
"ဟိဟိ ဂျင်းက ဆေးဘက်ဝင်တယ်လေ အဒေါ်ရဲ့" ဟုကျမသူငယ်ချင်းက စသလိုပြောလိုက်သည်။
"အော ယတြာယာချေတာလား နာမည်ကိုဂျင်းလို့ခေါ်တာက ငါ့ တို့လမ်းထဲမှာ ဗေဒင်ဆရာ သိပ်မှန်တာ သူကနာမည်ပြောင်း ကင်ပွန်းတပ် ယတြာသိပ်ကောင်း ညီးတို့မေးချင်ရင် ငါလိုက်ပို့ပေးမယ်လေ"။
"ဟို…နေပါစေ ၀ါသနာမပါလို့ပါ"
"အမလေးအေ ညီးတို့ခေတ်လူငယ်တွေ အဲဒါတွေခက်တာပေါ့ ဗေဒင်တို့ ယတြာတို့ဆိုတာ ယုံရတယ်.. ငါပြောပြအုံးမယ် ကြုံတုန်း…………."
"ဟုတ်ကဲ့.. ဟုတ်.."
အဒေါ်ကြီးက ဆက်ပြီး
"ညီးကအလုပ်လုပ်သလား ဘယ်မှာလုပ်တာလဲ" "သူက ဆေးကုမဏီမှာ လုပ်တယ်လေ................"
"ရှင် ဘယ်သူလဲ"
"အော ဖြူဖြူကပေါ့ ငါ့တူမနဲ့ အတူတူလုပ်တာလေ"
"ဟို ...ဘယ်မှာမှ မလုပ်ပါဘူး"
"အမလေး ဒီအရွယ်ရောက်ပြီ ဘာမှမလုပ်ဘူးလား ညီးတို့က"
"ဒါဖြင့် အိမ်ထောင်ကျပြီလား ယောက်ကျားကကော ဘာလုပ်လဲ"
"ဟင့်အင်း ဂျင်းတို့ကယောက်ကျားမရှိပါဘူး။ မယူရသေးပါဘူး"
"ဟဲ့ ယောက်ကျားလည်းမရှိ အလုပ်လည်း မရှိဆို ဒီခေတ်မှာ မဖြစ်သးပါဘူး။ ငါစပ်ပေးရမလား"
"တော်ကြာနောက်ကျနေမယ် အမယ် ငါစပ်ပေးလိုက်တာလေတို့တလမ်းကျော်က ကောင်မလေးဖြင့် ခု ကောင်းစားလို့ တိုက်နဲ့ ကားနဲ့ ။ သင်္ဘောသားကြိုက်လား ငါ့အသိသားတွေနိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေလည်းရှိတယ်".....
"နေပါစေအဒေါ်ရယ်.. ဟဲဟဲ မယူပါရစေနဲ့ ကျမတို့က အလုပ်များတယ်လေ…"
"ဘာတွေများတာတုန်း မိန်းကလေးဆိုတာ အရွယ်ရှိတုန်းယူရတာ..ဒါနဲ့ ညီးကကော ဘာလုပ်တာလဲ"
"ကျမက ဂိုက် သူက ကျောင်းသူလေ"
"ဘာ ဂိုက်လဲ" "ငါအလုပ်ရှာပေးရမလား ငါရှာပေးလို့ အလုပ်ရတဲ့သူတွေတပုံကြီး"
"ရပါတယ်..ဂိုက်က စကားပြန်လေအဒ်ါရဲ့ သူကတော့ စာလည်းရေးတယ် စာရေးဆရာမပေါ့.. ဟိ"
ကျမက သူငယ်ချင်းကို လှမ်းတို့လိုက်သည်၊ သူငယ်ချင်းက လျှာရှည်နေသေးသည်။
"ဘာစာရေးဆရာမလဲ လွန်းထားထားတို့ ဘာတို့လိုလား ဘာရေးတာလဲ ငါဖြင့် လမင်းမိုမိုသိပ်ကြိုက်တာ"
"ငါကအချစ်အလွမ်းဝတ္ထုဆို သိပ်ကြိုက် .....ကိုရီးယားကားတွေထဲ လိုပေါ့အေ"
"မဟုတ်ပါဘူး အဲလို...ဟိုလေ ဘလော့တို့ Facebookတို့မှာ ဆောင်းပါးလို အတွေ့အကြုံလေးတွေပဲရေးတာပါ"
"ဘာ ဘလောက်ဟုတ်လား ဘာ ဘလောက်လဲ ညီးက မြို့ထဲမှာနေတာလား"" နောက် ဘာလဲ ဖေဘုတ်က"
"မဟုတ်ဘူး ဖေ့စ်ဘွတ်ပါ အဒေါ်ကလည်း ဟိဟိ"
"အဲဒါဘာတုန်း"
"ဟို အင်တာနက်လေ သိတယ်မှလား"
"အော ညီးက အင်တာနက်ဆိုင်မှာ အလုပ်လုပ်တာပေါ့ ဟုတ်လား"
"မဟုတ်ပါဘူး ကျောင်းတက်နေတာလေ ခုနကပြောတာ"
"အော ရွာသာကြီးမှာလား ငါ့တို့အိမ်ဘေးနားကကလေးမလေးလည်းအဲဒီမှာတက်တာလေ….."
"မဟုတ်ပါဘူး
"ဒါဆို ဒဂုံမှာပေါ့ဟုတ်လား"
"မဟုတ်ပါဘူး နိုင်ငံခြားမှာပါ"
"အေး သိပြီ နိုင်ငံခြားဆိုတော့ စင်ကာပူမှာပေါ့ " "အမလေးတို့ အိမ်နားက ကလေးမတွေ အကုန် စင်ကာပူမှာချည်းပဲ ငါ့တူတောင် စင်ကူပူမှာ အလုပ်လုပ်နေတာ သူကတလတလ ရတဲ့ပိုက်ဆံမနည်းပါဘူး" " ငါ့ကိုတောင် ဟိုတလက လုံခြည်ပို့ပေးသေး ညီး သိတယ်မှလားသူ့ကို………………………"
"ဟို မသိပါဘူး မဟုတ်ပါဘူး"
"သူက ကိုရီးယားမှာ ကျောင်းတက်တာ၊ ခုခဏပြန်လာတာလေ"
"ဟင် ဟုတ်လား အမလေး ဒါဆို ညီး ဂျူမုံကိုတွေ့ခဲ့လား ပြောလိုက်စမ်းပါအေ ငါကသိပ်ကြိုက်တာလို့"
"ဘေယောင်းဂျွန်းဆိုလည်း သိပ်သဘောကျတာ ညီးသိတယ်မှလား ဟိုကားမှာလေ………………………………………….."
"ဟို..မတွေ့ဘူးပါဘူး တွေ့ရတာခက်တယ်လေ" ဘာပြောရမှန်းပင်မသိတော့ပါ၊
ကျမသူငယ်ချင်းက ရီပြီး .."သူလား တွေ့ပြီးပြီး ဒါရိုက်တာရင် မင်္ဂလာဆောင်တုန်းကတောင်သွားလိုက်သေးတယ်"
"အမလေးတကယ်လား သူမိန်းမယူတာ ငါဖြင့်မကျေနပ်ပါဘူးအေ.." "ဒီတိုင်းနေဖြစ်သားနဲ့ နောက်တခါတွေ့ရင်ပြောလိုက်စမ်းပါ. မြန်မာပြည်ကိုလာလည်ဖို့"
ငါက…………………………………………….. ကိုရီးယားဇတ်လမ်းတွေအကြောင်းပြန်ရောက်သွားပြန်သည်။
အမြန်ဖြတ်ရသည်။ သူငယ်ချင်းကိုကပ်ပြီး." ဟေ့ ငါတို့ဆိုင်ကထမှဖြစ်တော့မယ်" …….."ပိုက်ဆံရှင်းမယ်"
"သွားတော့မယ်နော်အဒေါ်"
"နေပါအုံး ကိုရီးယားအကြောင်းမေးမလို့" " ဒါနဲ့ ညီးပြန်ရင် ငါစာထည့်ပေးလိုက်မယ် ဟိုမင်းသား ဘယ်သူ ………………………သူ့ဆီကိုလေ.."
"ဟုတ်ကဲ့ ဟုတ်.... နောက်မှ မေးနော် ဂျင်းတို့ အိမ်က နောက်ကျရင်စိတ်ပူနေမှာ စိုးလို့ပြန်တော့မယ်"
"အေးအေး ငါပြောတာတွေမမေ့နဲ့နော် ပြောလိုက်အုံး" "ဂျန်ဂျဲဟော့က ငါ့အသဲစွဲလို့…နော်" "ဒါနဲ့ ဘာတဲ့ ငရုပ်သီးလား ဟိုနာမည်က…"
"ဂျင်းပါ"..
"အေးအေး မှတ်ထားမှာ ခုမှသတိရတယ် မနက်ဖြန်ဈေးသွားရင် ငါလည်း ဂျင်း ၀ယ်ရအုံးမယ် အိမ်မှာလည်း ကုန်နေပြီ"
"ဂျင်း…ဂျင်း" "ကိုမြမောင်သမီးလေးနဲ့ အတော်ကိုတူတာ..."
"ငါလည်းသွားအုံးမှ"
အင်ကြင်း
19 June 2011.
3:37 pm.
0 comments:
Post a Comment