"စာရေးဆရာကြီးနှင့် အင်တာဗျူး"
[By Han Thit Nyeim]
သတင်းထောက်။ ။ မင်္ဂလာပါ စာရေးဆရာကြီး...
စာရေးဆရာကြီး။ ။ ဟုတ်ကဲ့၊ မင်္ဂလာပါ။
သတင်းထောက်။ ။ စာရေး ဆရာကြီးလို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထားရတာလေးကို ရှင်းပြပေးစေချင်ပါတယ်။
စာရေးဆရာကြီး။ ။ ဒါက ဒီလိုပါ။ “စာရေးဆရာကြီး”ဆိုတော့ စာရေးတဲ့ ဆရာကြီးပေါ့... ဒီနေရာမှာ စာရေးတာကတော့ ထားလိုက်ဗျာ။ ပထမဆုံး ဆရာကြီးဆိုတာကို ရှင်းဖို့ လိုတယ်။
သတင်းထောက်။ ။ ဟုတ်ကဲ့
စာရေးဆရာကြီး။ ။ ဆရာကြီးဆိုတာ မပြောခင် “ဆရာ” ဆိုတဲ့ စကားလုံးကို အရင်ဆုံး ကြည့်ရအောင်... ဥပမာဗျာ... ဆိုက်ကားဆရာ။ ဆိုက်ကားကို ဆရာကျအောင် နင်းတဲ့လူကို ဆိုက်ကားဆရာလို့ခေါ်တယ်။
သတင်းထောက်။ ။ ဟုတ်...
စာရေးဆရာကြီး။ ။ ဗေဒင်ကို ဆရာကျအောင် တတ်တဲ့သူကိုကျတော့ ဗေဒင်ဆရာ၊ ဆေးဆရာ၊ ဓာတ်ပုံဆရာ... အဲလိုတွေ ဆိုကြတယ်လေဗျာ။
သတင်းထောက်။ ။ ဟုတ်
စာရေးဆရာကြီး။ ။ အဲဒါတွေက ပညာရပ်တစ်ခုကို ကျွမ်ကျွမ်းကျင်ကျင် ပရောဖက်ရှင်နယ်လိုမျိုး တတ်မြောက်သူတွေပေါ့
သတင်းထောက်။ ။ ဒါဆိုရင် စာရေးဆရာဆိုတာကလည်း စာရေးခြင်းကို ဆရာကျအောင် ကျွမ်းကျင်ပိုင်နိုင်တဲ့ သူပေါ့။
စာရေးဆရာကြီး။ ။ အင်း... အဲဒါက တခြားသူတွေ အတွက်တော့မှန်တယ်။ ကျွန်တော့်အတွက်တော့ မမှန်ဘူး။
သတင်းထောက်။ ။ အင်း၊ ဆရာကြီး ဘယ်လို ဖွင့်ဆိုတာလဲ...
စာရေးဆရာကြီး။ ။ ကျွန်တော့်ရဲ့ ဆရာဆိုတာက သူများတွေကို ဆရာလုပ်တာ။ ဥပမာ... ကျောင်းဆရာ၊ နည်းပြဆရာ တွေလို့ပေါ့... ကျောင်းဆရာဆို စာသင်ကျောင်းမှာ ဆရာလုပ်တာလေ...
သတင်းထောက်။ ။ အင်း... ဟုတ်ကဲ့။
စာရေးဆရာကြီး။ ။ ဒီတော့ ကျွန်တော်ပြောချင်တဲ့ “စာရေးဆရာ” ဆိုတာက စာတွေရေးပြီး သူများကို ဆရာလုပ်တဲ့သူတွေကို ပြောတာ...
သတင်းထောက်။ ။ အော်...
စာရေးဆရာကြီး။ ။ ဆရာကြီးဆိုတာကတော့ ဆရာတွေထက် ပိုပြီးတော့ ကြီးမြတ်တယ်၊ ကြီးကျယ်တယ် ဆိုတာပေါ့ဗျာ။ ဒီတော့ စာရေးဆရာကြီးဆိုတာက စာတွေကြီးကြီးကျယ်ကျယ်ရေးပြီး သူများတကာကို ဆရာကြီး လုပ်တဲ့သူပေါ့ဗျာ။
သတင်းထောက်။ ။ အင်း...
စာရေးဆရာကြီး။ ။ ကြားဖူးတယ် မဟုတ်လား... ဆရာမပြ ငါးပိဖုတ်တောင် နည်းမကျ... ဆရာကောင်းတပည့် ပန်းကောင်းပန် တဲ့။ ခင်ဗျားတို့တွေ စနစ်တကျဖြစ်အောင်၊ နည်းလမ်းတကျ ဖြစ်အောင် ကျွန်တော်က ဆရာကြီး လုပ်နေရတာပေါ့ဗျာ။
သတင်းထောက်။ ။ ဟုတ်... အဲလို ဆရာလုပ်တော့ကော လူတွေက သဘောကျ လက်ခံလား...
စာရေးဆရာကြီး။ ။ ဟာ... လက်မခံလို့ ရမလားဗျ... ဒီလိုဗျာ... ဆရာလုပ်တတ်ဖို့လည်း လိုတယ်ဗျ... ဆရာမလုပ်တတ်ရင်တော့ ဘယ်သူကမှ လက်ခံမှာ မဟုတ်ဘူး။
သတင်းထောက်။ ။ ဟုတ်...
စာရေးဆရာကြီး။ ။ ဒီတော့ ဆရာလုပ်ချင်ရင် လုပ်တာ ဆရာကျနေဖို့တော့ လိုမယ်။ ကိုယ်လုပ်တာက ပုံမလာကြီးနဲ့ သူများသွား ဆရာလုပ်လို့တော့ မဖြစ်ဘူးလေဗျာ။
သတင်းထောက်။ ။ ဒီတော့ ဆရာကြီးက သူများတွေကို ဆရာကြီးသွားလုပ်ဖို့ သူများတကာ လုပ်တာတွေအကုန် လုပ်တတ်နေရမှာပေါ့...
စာရေးဆရာကြီး။ ။ အဲလိုလည်း မဟုတ်ဘူးဗျ... သူများလုပ်တာတွေ လုပ်တတ်နေဖို့ မလိုဘူး ကိုယ်လုပ်တာတွေ ဆရာကျနေဖို့ပဲ လိုတာ...
သတင်းထောက်။ ။ ဘယ်လိုမျိုးလဲ...
စာရေးဆရာကြီး။ ။ အော်... ဒီလိုဗျာ... လူတွေ နားလည်လောက်တဲ့ စာတွေကို လူတွေနားလည်သွားအောင် နားလည်သလို ရေးလိုက်တာမျိုး ဆိုရင်...
သတင်းထောက်။ ။ အဲဒါဆိုရင် ဆရာကျတာပေါ့...
စာရေးဆရာကြီး။ ။ နိုးနိုး... အဲလို လူတွေ နားလည်အောင် လုပ်ရင် ပြိန်းသွားမှာပေါ့... ဘယ်လာ ဆရာကျတော့မှာလဲဗျ...
သတင်းထောက်။ ။ အမ်...
စာရေးဆရာကြီး။ ။ တကယ်က လူတွေ နားမလည်လောက်တဲ့ အရာတွေကို... လူတွေ ပိုပြီး နားမလည်သွားအောင် နားမလည်သလို ရေးလိုက်ရင် ကိုယ့်စာတွေက ဆရာကြီး အထာတွေ ဖြစ်သွားပြီ...
သတင်းထောက်။ ။ အော်... ဟုတ်လား...
စာရေးဆရာကြီး။ ။ ဟုတ်တယ်... နားမလည်လေ လူတွေ ပိုအထင်ကြီးလေ... ဆရာပိုကျလေပဲ...
သတင်းထောက်။ ။ ဒါဆိုရင် ဆရာကြီးရဲ့ စာတွေကို ဖတ်ပြီး ဘာအသိပညာ၊ တစုံတရာမှ မရနိုင်တော့ဘူးလား...
စာရေးဆရာကြီး။ ။ ဟ... ရရမှာပေါ့... စာရေးတယ်ဆိုတာ အသိပညာ တစုံတရာ ပါသလိုလို... ထည့်ထားသလိုလို ဖြစ်နေရမှာ... ခင်ဗျားစာကိုဖတ်ပြီး ဘာမှ မရဘူးဆို ဘယ်သူက လာဖတ်ချင်မှာတုန်း... မဟုတ်ဘူးလား... ဒီတော့ ပါကို ပါရမယ်
သတင်းထောက်။ ။ ဟုတ်ကဲ့...
စာရေးဆရာကြီး။ ။ ဒီတော့ စာထဲမှာ အသိပညာတွေ၊ အတတ်ပညာတွေ၊ ကိုယ့်ရဲ့ စေတနာ၊ ဝါသနာ၊ အနစ်နာတွေ... အဲလို အကျိုးရှိရာတွေ အကုန် သိမ်းကျုံးပြီးတော့ ထည့်... လူတွေက သူတို့ အကျိုးတစုံတရာ မရရင် ဘယ်သူမှ အချိန်ကုန်ခံပြီး ခင်ဗျားစာတွေကို ဖတ်မှာ မဟုတ်ဘူးလေ...
သတင်းထောက်။ ။ ဘယ်လိုကြီးလဲဗျာ... နားမလည်အောင်လည်း ရေးရမယ် အသိပညာ ဘာညာ သရကာတွေလည်း ထည့်ရမယ်ဆိုတော့...
စာရေးဆရာကြီး။ ။ ဒီလိုဗျာ... အိပ်မွေ့ချခြင်း အကြောင်းကိုရေးတယ်... လူတွေနားမလည်အောင် အင်္ဂလိပ်စကားလုံးကြီးတွေ ထည့်ပြီးရေး... ခေါင်းစဉ်အကြီးကြီးတွေပေး... လူတွေက ဖတ်ပြီးနားမလည်...
သတင်းထောက်။ ။ နားမလည်တော့ ဆရာ့ကြီးကို ဝေဖန်ကြတော့မပေါ့...
စာရေးဆရာကြီး။ ။ ဟားဟား... ထင်လို့ပါဗျ... မသိတဲ့လူတွေ၊ နားမလည်တဲ့ လူပြိန်းတွေအဖို့ ဒါတွေဟာ တကယ့်ကို အဆီအနှစ်၊ တန်ဖိုးရှိတဲ့ စာကောင်းပေမွန်တွေလို့ ထင်နေတာ... နားမလည်အောင် ရေးလေ... လူတွေ အထင်ကြီးလေပဲ...
သတင်းထောက်။ ။ ဟုတ်လားဗျ...
စာရေးဆရာကြီး။ ။ အမှန်ပေါ့... လူတွေနားမလည်အောင် အင်ဂျင်နီယာပညာတွေ၊ ကွန်ပျူတာပညာတွေ၊ စိတ်ပညာတွေ စတာ စတာတွေကို ဟိုက တစ်စ၊ ဒီက တစ်ပိုင်း ဖြတ်ညှပ်ကပ်လုပ်ပြီး ကိုယ်ပဲ သုသေတန ပြုထားသလိုလို... ကိုယ်ပဲ တွေ့ရှိထားသလိုလို လုပ်ပြီးတော့သာရေး... ဆရာကျတဲ့ ဆရာကြီး စာတွ ဖြစ်ပြီပေါ့...
သတင်းထောက်။ ။ ဟုတ်လား...
စာရေးဆရာကြီး။ ။ ပြီးတော့... ငါသည် အများနှင့် လူထုကောင်းကျိုးအတွက် မျှဝေနေတယ်၊ လုပ်ကိုင်နေတယ်ဆိုတာတွေ... အဲဒါမျိုးတွေကို စာထဲမှာပါအောင်ရေး... ပါကို ပါရမယ်... အများကြီး မဟုတ်တောင် ရိပ်ဖမ်းသံဖမ်းလေးတော့ ထည့်ရမယ်... ဒါဆိုရင် ခင်ဗျားဟာ အပြောဘဲ မဟုတ်ဘူး အလုပ်တွေ တကယ်လုပ်တဲ့သူဆိုပြီးတော့လည်း အထင်တွေ ကြီးကြမယ်...
သတင်းထောက်။ ။ အင်း... ဆရာလုပ်ဖို့က တယ်ခက်တာပဲ... အဲ... ဆရာ့ဆရာကြီးလုပ်ဖို့က ပိုတောင် ခက်ပါလား။
စာရေးဆရာကြီး။ ။ အမှန်ပေါ့... ကိုယ်က ဘက်စုံ၊ စွယ်စုံရတဲ့ ဆရာကြီးအထာ ဖြစ်နေဖို့ လိုတယ်လေ... မဟုတ်ရင် ဘယ်သူကမှ အထင်ကြီးမှာ မဟုတ်ဘူး။
သတင်းထောက်။ ။ ဟုတ်ကဲ့... ခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူး အကြီးကြီး တင်ပါတယ် စာရေးဆရာကြီးခင်ဗျား... နောက်ဆုံးအနေနဲ့ ဆရာကြီးရဲ့ စကားလေး... အဲ... စကားကြီးတစ်ခွန်းလောက် ဖြစ်ဖြစ်...
စာရေးဆရာကြီး။ ။ အားလုံးကို ပြောလိုက်မယ်... ဆရာကာပြန် အာခေါင်လှံစူး သွားမယ်... ဒါကြောင့် ကောင်းကောင်းကန်းကန်း နေကြပါလို့... ဒါပဲ...။
သတင်းထောက်။ ။ ဟုတ်ကဲ့...။
.............................. .............................. .............................. ....
မေတ္တာဖြင့်
ဟန်သစ်ငြိမ်

..............................
မေတ္တာဖြင့်
ဟန်သစ်ငြိမ်
0 comments:
Post a Comment