Saturday, June 4, 2011

"ထိုနှစ်က ပျားတို့သည် မချို မှိုတို့သည် မပေါက် ယာတို့သည် ခြောက်ကုန်၏"

၁၉၅၅ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်။
 နေရာမှာ ပခုက္ကူခရိုင်၊ ထွန်ရွာ အနီးတွင် ဖြစ်သည်။
 ထိုစဉ်က ဗမာပြည် ကွန်မြူနစ်ပါတီ ဌာနချုပ်သည် ထွန်ရွာတွင် စခန်း ချထားချိန် ဖြစ်သည်။
 ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟို ဌာနချုပ်သို့ တပ်မတော်မှ "ထိုးစစ်" ဝင်တော့မည် ဟူသော အသံများ ဟိုမှသည်မှ ကြားလာရသည်။ ခန့်မှန်း ပြောဆိုသံတွေ ညံလာသည်။ ထို့ကြောင့် ဗဟိုဌာနချုပ် စခန်းတွင် ထိုးစစ်အတွက် ပြင်ဆင် ကြလေသည်။ ဗဟိုကင်းတပ် ကိုလည်း ပို၍တပ်လှန့် ထားလေသည်။ သခင်သန်းထွန်း ခေါင်းဆောင်သော ဗဟို ကော်မတီသည် အထူးသဖြင့် ဗဟို ဌာနချုပ်ရုံးမှ အရေးကြီးသော၊ ထိပ်တန်းလျှို့ဝှက် ဖြစ်သော စာရွက် စာတမ်းများကို ဦးစားပေး၍ စဉ်းစားကြသည်။ အထူး အရေးကြီးပြီး ထိပ်တန်း လျှို့ဝှက် အဆင့်အတန်းရှိ စာရွက် စာတမ်းများ ဖျက်ဆီး ပစ်ရေးကို အဓိက ဦးစားပေးပြီး စဉ်းစားခဲ့ကြသည်။ ဆုံးဖြတ်ချက် ချခဲ့ကြသည်။


ထိုအတွင်းတွင် ထိုစဉ်က တပ်မတော်မှ ဗိုလ်မှူးချုပ်ကျော်ဇောနှင့် ဆက်သွယ်သည့် စာရွက်စာတမ်း များကိုလည်း ထိန်းသိမ်း မထားတော့ဘဲ လုံးဝ ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ချက် ချခဲ့ကြသည်။
 ထိုအချိန်က သခင်သန်းထွန်းနှင့် သခင်ချစ်တို့က ရဲဘော်ထွန်းစိန် (ဒလ ကိုထွန်းစိန်၊ ဗဟိုဌာနချုပ် ရုံးအုပ်၊ ယခု ကွယ်လွန်) ကို ခေါ်ပြီး အထူးလျှို့ဝှက် လုပ်ငန်း တစ်ရပ်အဖြစ် ထားရှိ ဆောင်ရွက်ရန် အောက်ပါအတိုင်း ညွှန်ကြားခဲ့ လေသည်-

(ဥက္ကဋ္ဌ)
-ကိုကြီးမြင့် (ပဲခူးက) ပါတီကို ပေးထားတဲ့ စစ်ရေး သဘောထားတွေ ရှိတယ်။ ဒါဟာ ပါတီရဲ့ ထိပ်တန်း လျှို့ဝှက်တွေ ဖြစ်တယ်။ ဒါတွေဟာ ပါတီအတွက် သေရေး ရှင်ရေးတမျှ အရေးကြီးတယ်။ ဘယ်သူ့ လက်မှ အရောက် မခံနိုင်ဘူး။ ဖျက်ဆီး ပစ်ရလိမ့်မယ်။
(ချစ်)
-ဥက္ကဋ္ဌ ပြောထားတဲ့ ဒီစာရွက် စာတမ်းတွေကို ခင်ဗျား ကိုယ်တိုင်ပဲ လုံးဝ (လုံးဝ) ဖျက်ဆီး ပစ်လိုက်ပါ။ မီးရှို့ရုံ သာမက ပြာတွေကိုတောင် ကိုယ်တိုင် ချေပစ်ပါ။ အမှုန့်ဖြစ်အောင် လုပ်ပါ။
(ထွန်းစိန်)
-ဟုတ်ကဲ့။ အထူး အရေးတကြီး ကိစ္စ ဖြစ်ကြောင်း နားလည် သဘောပေါက် ပါတယ်။ ညွှန်ကြားချက် အတိုင်း တစ်သွေမတိမ်း လိုက်နာ ဆောင်ရွက်သွားပါ့မယ်။
(ဥက္ကဌ)
-နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ဗိုလ်နေဝင်းရဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တပ်မဟာ (၁၀) ဒီဘက်ကို ထိုးစစ် လာတော့မှာ ဖြစ်တယ်။ ထိုးစစ်မလာခင် ကြိုတင် ဖျောက်ဖျက်ဖို့လိုတယ်။
(ချစ်)
-ပါတီနဲ့ စပ်လျဉ်းတဲ့ လျှို့ဝှက်ချက်တွေ တစ်လက်မတောင် ရန်သူ့လက်ထဲ အရောက် မခံနိုင်ဘူး ဆိုတာကို ရဲဘော် နားလည်ဖို့ လိုတယ်။ အထွေအထူး တင်ပြစရာရှိရင် တင်ပြပါ။
(ထွန်းစိန်)
-မရှိပါဘူး။
(ဥက္ကဌ)
-ညနေပိုင်းကျရင် ခင်ဗျား လက်ထဲကို ကျုပ်နဲ့ ဆရာချစ် ဗိုလ်ကျော်ဇောဖိုင်ကို လက်ရောက် အပ်မယ်။ ညွှန်ကြားချက် အတိုင်း တသွေမတိမ်း လုပ်ပါ။ ဆောင်ရွက်ပြီးစီးရင် ချက်ချင်းပြန်ပြီး တင်ပြပါ။
(ချစ်)
-ခင်ဗျားပြန်နိုင်ပြီ။

ရဲဘော်ထွန်းစိန် (ဒလ) ဖွင့်ဟတိုင်ပင်
 စင်စစ်အားဖြင့် ရဲဘော်ထွန်းစိန် (ဒလ) အား အထူးကိစ္စ အဖြစ် ထိပ်တန်းလျှို့ဝှက် အဆင့်ရှိစာများ ဖျက်ဆီးရန် တာဝန်ပေး လိုက်ခြင်းမှာ ပါတီအစဉ်အလာ ကြီးမားခြင်းနှင့် ရဲဘော်ကြီးမြင့် (ပဲခူး)၊ ဗိုလ်ကျော်ဇောတို့နှင့် အလွန် သံယောဇဉ် ကြီးကြသူများ ဖြစ်ခြင်း တို့ကြောင့်ပင် ဖြစ်သည်။ ၎င်းအပြင် ဖက်ဆစ်ဂျပန် တော်လှန်ရေးတွင် တိုင်း (၄) စစ်ရေးခေါင်းဆောင် ဗိုလ်ကျော်ဇော နှင့်အတူ သေအတူ ရှင်မကွာ တာဝန် ထမ်းဆောင်ခဲ့ကြ သူများလည်း ဖြစ်ခဲ့သော ကြောင့်ပင်။

ဤသို့သော သမိုင်း နောက်ခံနှင့် အစဉ်အလာကို ကြည့်ပြီး သခင်သန်းထွန်းနှင့် သခင်ချစ်တို့က ရဲဘော်ထွန်းစိန် (ဒလ) အား ယုံကြည်စွာ တာဝန် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းနေ့ နေ့လည်ပိုင်းတွင် ရဲဘော်ထွန်းစိန် (ဒလ) က “ဟေ့….မောင်စိန်မြင့် (ရဲဘော်ဘခက်)၊ ငါ့ကို ဥက္ကဌနဲ့ သခင်ချစ် တို့က အထူးတာဝန် ပေးအပ်တယ်ကွ။ အဲဒီ တာဝန် ပေးအပ်အပြီးမှာ ငါ အမျိုးမျိုး စဉ်းစားတယ်ကွာ။ အဘက်ဘက် ကလည်း စဉ်းစားခဲ့တယ်ကွာ” ဟု နိဒါန်းပျိုးကာ ဇာတ်စုံ ခင်းပြတော့သည်။

ရဲဘော်ထွန်းစိန် (ဒလ) သည် ရဲဘော်ဘခက်အား အထူးတလည် ခင်မင်လေသည်။ ညီလို၊ တူသားနောင်မယ်လို အထူး သံယောဇဉ် ရှိသည်။ ဘာမဆို ယုံကြည်စွာ ဖွင့်ဟ ပြောကြားလေ့ ရှိသည်။ တိုင်ပင်လေ့ ရှိသည်။ ဘခက် ကလည်း အလားတူပင် သဘောထားသည်။ ယခု ကိစ္စကိုလည်း “မင်းကို ယုံကြည်တဲ့ အတွက် ဖွင့်ဟ တိုင်ပင်တာ ဖြစ်တယ်။ ဘယ်သူ့ကိုမှ ထုတ်ဖော် မပြောကြား မိပါစေနဲ့၊ နှုတ်လုံ စေလိုတယ်” ဟု ပြောကြားလေသည်။

ဆက်လက်၍လည်း “ဒီစာရွက် စာတမ်းတွေဟာ နောင်တစ်နေ့မှာ ပါတီ အတွက်ရော ဗိုလ်ကျော်ဇော အတွက်ပါ တန်ဖိုး မဖြတ်နိုင်တဲ့ အထောက်အထားတွေ ဖြစ်လာ လိမ့်မယ်လို့ ငါယူဆမိတယ်။ ငါတို့ အသေအချာ စနစ်တကျ ဝှက်ထား နိုင်ရင်လည်း ဖျက်ဆီး ပစ်တာနဲ့ အတူတူပါပဲကွာ။ မင်း ဘယ်လို သဘောရသလဲ” ဟု ရဲဘော်ထွန်းစိန် (ဒလ) က အလေးအနက် တိုင်ပင် ပြောကြားလေသည်။

ရဲဘော်ဘခက်က “ခင်ဗျား အကြံဉာဏ်ကို ကျွန်တော် ငြင်းပယ်စရာ မရှိဘူး။ လက်ခံပါတယ်။ စိတ်အချရဆုံး ဖြစ်အောင် ကျွန်တော် စီစဉ်ပါ့မယ်။ ကျွန်တော်တို့ နှစ်ဦးအတွင်းသာ သိတဲ့အတွက် လုံခြုံပြီး ဖြစ်ပါလိမ့်မယ်” ဟု ပြန်ကြားလိုက်သည်။ ဘခက်၏ ပြန်ကြား ပြောကြားချက် အပေါ် ရဲဘော်ထွန်းစိန် (ဒလ) သည် အားရသွားပုံ ရသည်။ မျက်နှာလည်း ဝင်းပ ကြည်လင် သွားသည်။ ယင်းနောက် စခန်းရုံးဘက်သို့ ပြန်လည်ထွက်ခွာ သွားလေတော့သည်။

ထိုနေ့ ညနေပိုင်းကို ဘခက် ကောင်းစွာ မှတ်မိနေသည်။ နှင်းယွန်းဂိမ္မာန် ကာလ ဖြစ်သည်။ နွေရောက်တော့မည်။ သို့သော် နှင်းဇာလွှာတို့ လွှမ်းခြုံထားဆဲ ဖြစ်သည်။ အအေးဓာတ်က မသိမသာ ခိုအောင်း နေသေးသည်။ နှင်းနှင့် မြူမကွဲ သေးသည့် ထိုနေ့ ညဦးပိုင်းတွင် ရဲဘော်ထွန်းစိန် (ဒလ)သည် ဘခက် တဲသို့ ရောက်ရှိလာ လေသည်။ နံနက်ပိုင်းက ၎င်းပြောကြား ခဲ့သည့် ကိစ္စအတွက် လာရောက်ခြင်း ဖြစ်သည်။ ၎င်းနှင့်အတူ သံပုံး တစ်လုံးကိုလည်း ယူလာသည်။ ဘခက်က သံပုံးကို အထပ်နှစ်ထပ် ပြုလုပ်စေခဲ့သည်။ ဗိုလ်ကျော်ဇောနှင့် စပ်လျဉ်းသော လျှို့ဝှက်ဖိုင်တွဲကို သံပုံး အတွင်းခန်းသို့ ဘခက် ကိုယ်တိုင် စနစ်တကျ ထည့်သွင်း ထားရှိလိုက်သည်။ ယင်းနောက် သံပုံးကို အသင့်ထားရှိသည့် ခဲဂဟေနှင့် မီးတို့ပြီး ပိတ်လိုက်သည်။ အပြင်အဖုံး ကိုလည်း ခဲဂဟေဖြင့်ပင် မီးတို့ပြီး ပိတ်လိုက်သည်။ ကျေနပ်လောက်အောင် ပိတ်ပြီးသော အခါ ဘခက်၏ တဲအတွင်းဝယ် ခေတ္တ သိမ်းဆည်းထားလိုက်လေသည်။

မှတ်ချက်။ (အဆိုပါ ခဲဂဟေကို ပါတီ ဝါယာလက် ဌာနမှ ဘခက်ကိုယ်တိုင် သွားရောက် ငှားရမ်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။)

ဗိုလ်ကျော်ဇော၏ စာထုပ်အား သွားရောက်မြေမြှပ်ခြင်း

နောက်တစ်နေ့ နံနက် အစောပိုင်း နံနက် ၃း၀၀ နာရီခန့် နှင်းတွေ တအားကျနေသည့် အချိန်၊ ချမ်းခိုက်ခိုက် တုန်နေသည့် အချိန်၊ လူခြေပြတ်သည့် အချိန်တွင် ဘခက် နေထိုင်ရာ တဲ၏ အနောက်မြောက်ဘက် နှစ်မိုင်ခန့် အကွာ ပျဉ်းကတိုး ပင်ကြီး ရှိရာသို့ ရှေးရှုထွက်ခွာခဲ့ကြသည်။ ယင်းတို့ နှင့်အတူ အသင့်စီမံ ထားရှိပြီးသော ပေါက်တူးနှင့် ပေါက်ပြားများ ကိုလည်း ယူဆောင်ခဲ့ကြသည်။ သတ်မှတ်နေရာ ဖြစ်သည့် ပျဉ်းကတိုး ပင်ကြီးအောက် ရောက်သောအခါ ကျင်းများ တူးကြသည်။ ကျင်းကို တစ်နေရာတည်း မဟုတ်ဘဲ သုံးနေရာ ခွဲ၍ တူးခဲ့သည်။ ထိုစဉ်အခိုက် လယ်ယာ လုပ်ငန်းခွင် သွားမည့် အသက် (၃၀) ခန့်ရှိ အားကောင်း မောင်းသန် ရွာသားတစ်ယောက် ပေါက်ချလာသည်။ ထိုသူကို ဘခက်တို့မသိ၊ ဘခက်တို့ ဘာလုပ်နေသည် ကိုလည်း ထိုသူမသိ။

ဤတွင် ဘခက် စဉ်းစားလိုက်သည်။ နံနက် လင်းလာလျှင် လူအသွားအလာ ရှိလာနိုင်သည်။ မေးမြန်းစူးစမ်း တာတွေ လုပ်လာနိုင်သည်။ လျှို့ဝှက် ဆောင်ရွက်၍ ရမည် မဟုတ်တော့။ မိုးမလင်းခင် ကျင်းများတူးခြင်း ပြီးပြတ်ဖို့ လိုသည်။ သို့ဖြစ်၍ ကိုထွန်းစိန် (ဒလ) အား အကျိုးအကြောင်း ပြောပြရသည်။ ကိုထွန်းစိန် (ဒလ)၏ သဘော တူညီချက်ရသည်နှင့် ထိုလူရွယ် အား မေတ္တာရပ်ခံ အကူအညီတောင်းကာ ဆက်လက်၍ မြေကျင်းများကို တူးခိုင်းခဲ့သည်။

ထိုကျေးရွာသား မြန်မာလူငယ်သည် ရိုးသားပုံရသည်။ ကူညီလိုစိတ် ရှိပုံရသည်။ မည်သည့်အကြောင်းကြောင့်ဟု တစ်လုံးတစ်ပါဒမျှ မမေးခဲ့ ဘခက်တို့ အကူအညီ တောင်းသည့်အတိုင်း ဘခက်တို့ တူးလက်စ ကျင်းများကို လူတစ်ရပ်ထိုင် အနက်ထိ တူးပေးခဲ့သည်။ ကျင်းများတူးပေးပြီးနောက် အဆိုပါ လူရွယ်အား ပြန်လွှတ်လိုက် သည်။ ၎င်းလူရွယ်သည်လည်း လယ်ယာလုပ်ငန်းခွင်သို့ ဆက်လက်ထွက်ခွာသွားတော့သည်။ ကျေးဇူးတင် စကားပင် မပြောလိုက်ရ၊ ဆေးလိပ်ပင် မတည်လိုက်ရပေ။

ကျင်းများမှာ ချောင်းနံဘေးတွင် ရှိလေသည်။ သို့သော် ချောင်းမှာ ရေမရှိ။ ချောင်းချောက်သာ ဖြစ်သည်။ မိုးတွင်း ရောက်မှသာ ရေအနည်းငယ် စီးသည့် ချောင်းဖြစ်သည်။ ရေလျှံခြင်း တစ်ကြိမ်တစ်ခါမျှ မရှိဖူးချေ။

လူခြေပြတ်သည်နှင့် ဗိုလ်ကျော်ဇော၏ လျှို့ဝှက်စာများ ပါဝင်သော နှစ်ထပ် အလုံ ပိတ်ထားသည့် သံပုံးကို ရဲဘော် ထွန်းစိန်နှင့် ဘခက်တို့ ကိုယ်တိုင် ရွေးချယ်ထားသည့် ကျင်းအတွင်း၌ ထည့်သွင်း လိုက်သည်။ ပြီးနောက် ကျင်းကို ခြေရာ လက်ရာမပျက် မြေများ ပြန်ဖို့ခဲ့သည်။ မနီးမဝေးရှိ တူးပြီး ကျန်မြေကျင်း နှစ်ကျင်းကိုလည်း အလားတူပင် မြေများ ပြန်လည်ဖို့ခဲ့သည်။ သင်္ကာ မကင်းစေသည့် အနေအထား လုံးဝ မရှိစေရ။ ကျေနပ်လောက်အောင် ဆောင်ရွက်ပြီးမှသာ ရဲဘော်ထွန်းစိန်နှင့် ဘခက်တို့ စခန်းသို့ ပြန်လည် ထွက်ခွာခဲ့သည်။ ထိုရောအခါ အရှေ့မိုးကောင်းကင်မှ ရောင်နီပျို့စ ပြုပြီကို မြင်တွေ့ရတော့သည်။

ဘခက်တို့ တာဝန်ကြီး တစ်ရပ်ကို လုံခြုံစိတ်ချစွာ ထမ်းဆောင်ပြီး ဖြစ်၍ အပြန် ခရီးလမ်းတွင် ခြေသွက်လှသည်။ နံနက်ခင်း၏ ရှင်းသန့် ချိုမြသော လေများကို တဝကြီး ရှူသွင်းလိုက်ရသဖြင့် ဘခက်တို့ နှစ်ယောက် ပေါ့ပါး၍ လာသည်။ သွက်လက်၍ လာသည်။ မကြာမီမှာပင် စခန်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။

ထိုသည်မှ စ၍ ထို အကြောင်းအရာနှင့် စပ်လျဉ်းပြီး ဘခက် တစ်ယောက် မည်သူမည်ဝါ ကိုမျှ၊ မည်သူတစ်ဦး တစ်ယောက် နှင့်မျှ ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ပေ။ ရဲဘော်ထွန်းစိန် (ဒလ) သည်လည်း အလားတူပင် ဖြစ်ပေလိမ့်မည်။ ထိုနှစ် ဖေဖော်ဝါရီလ မကုန်မီ အတွင်း ဗမာပြည် ကွန်မြူနစ် ပါတီသည် ထွန်ရွာ၊ သက်ကယ်ကျင်း ရွာမှ စခန်းပြောင်းရွှေ့ ခဲ့ကြသည်။ အနောက်ရိုးမရှိ အလည်ဟန်ထောက် ရွာတည်ရှိရာ တောင်ကြောကို ဖြတ်ပြီး စေတုတ္တရာ မြို့နယ် ကင်းပွန်းခြုံ ရွာသို့ ပြောင်းရွှေ့ အခြေစိုက်ခဲ့ကြသည်။

ရိုးသားသော အညာသား

မြန်မာ့တပ်မတော် တပ်မဟာ (၁၀) မှ တပ်မဟာမှူး ဗိုလ်မှူးကြီး ကြည်ဝင်း ဦးစီးသော အောင်မာဃ စစ်ဆင်ရေးသည် ၁၉၅၆ နှစ်ဆန်းတွင် စတင်ခဲ့သည်။ အထက်မြန်မာပြည် ပခုက္ကူခရိုင် အတွင်းရှိသော ဗမာပြည် ကွန်မြူနစ်ပါတီ ဌာနချုပ်ကို ထိုးစစ်ဆင်ခဲ့သော စစ်ဆင်ရေးကြီး ဖြစ်သည်။ ထိုစစ်ဆင်ရေး ကာလတွင် တပ်မတော်သည် ထွန်ရွာ၊ သက်ကယ်ကျင်းရွာ များသို့လည်း ရောက်ရှိခဲ့သည်။

တာဝန် ရှိသူများက ထွန်ရွာသားတို့ကို သူကြီးအိမ်တွင် စုစည်းစေပြီး ကွန်မြူနစ် သောင်းကျန်းသူ များအား လက်သင့် မခံရန်၊ ဆက်သွယ်သူ များရှိက လာရောက်တိုင်ကြားရန်၊ ၎င်းတို့နှင့် စပ်လျဉ်းသော လက်နက်မှ အစ စာရွက် စာတမ်းများ အပါအဝင် လက်ဝယ်ရှိပါကလည်း လာရောက်အပ်နှံရန်၊ မြေမြှပ်ထားရှိပါကလည်း လာရောက်သတင်းပေးပို့ရန်၊ ယင်းသို့ မဟုတ်ဘဲ ကွယ်ဝှက် ထားရှိပြီးမှ တပ်မတော်မှ ဖော်ထုတ် တွေ့ရှိရပါက သူပုန်အားပေး အနေဖြင့် တည်ဆဲ ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းတို့ကို ရှင်းလင်း ပြောကြားလေသည်။

ထိုရောအခါ ဘခက်တို့နှင့် ဆုံတွေ့ခဲ့ပြီး လူတစ်ရပ်ထိုင် မြေကျင်း တူးပေးခဲ့မိသော ကိုရွှေအညာသားသည် အသားများ တဆတ်ဆတ် တုန်လာသည်။ တစ်ဖက်သားက အကူအညီ တောင်းခဲ့ခြင်း အပေါ် မိမိက ရိုးရှင်းစွာ အကူအညီ ပေးခဲ့ခြင်းသာ ဖြစ်သည်။ မိမိဘက်က ရှင်းသည်။ သို့သော် တစ်စုံတစ်ယောက်က မြင်တွေ့သွားပြီး စစ်ဗိုလ်ကြီးများအား ဖော်ထုတ် တိုင်ကြား လိုက်ပါက မိမိဘဝ ရှေ့ရေးမှာ တွေးလို့ မရနိုင်တော့၊ သူပုန်အားပေး ဖြစ်တော့မည်။ ထိန်ချန်မှု ကြောင့်လည်း ပြစ်မှု ကြီးလာစရာ ရှိသည်။ ဖော်ထုတ် ပြောကြားလိုက်ခြင်း ကသာ အသင့်လျော်ဆုံး ဖြစ်ပေမည်ဟု ဆုံးဖြတ် လိုက်သည်။ သို့မဟုတ်ပါက မိခင် မုဆိုးမကြီးအား လုပ်ကိုင်ကျွေးမွေး မည့်သူ မရှိ ဖြစ်ရောကမည်။ ကွန်မြူနစ် များနှင့်မူ နောင်ခါလာ နောင်ခါဈေး ဖြစ်ပစေတော့ဟု ဆုံးဖြတ်လိုက်သည်။ ထိုရိုးသား ဖြောင့်စင်းသော အညာသား လူရွယ်သည် သက်ဆိုင်ရာသို့ ဖြစ်ကြောင်းကုန်စင် သွားရောက် တင်ပြ လိုက်တော့သည်။ သက်ဆိုင်ရာမှ ချက်ချင်းပင် လိုက်လာပြီး ၎င်းပြောကြားသည့် ပျဉ်းကတိုး ပင်ကြီးအောက်၊ ချောင်းချောက်နှင့် မလှမ်းမကမ်း နေရာအား မြေလှန် ရှာတော့သည်။ ထိုရောအခါ အညာသား လူရွယ် ပြောကြားသည့် အတိုင်း မြေမြှပ်ထားသည့် သံပုံးငယ်ကို တူးဖော် တွေ့ရှိရလေသည်။

သံပုံးကို ဖွင့်ဖောက် ကြည့်လိုက်သော အခါ ဗမာပြည် ကွန်မြူနစ်ပါတီ၏ လွန်စွာ အရေးကြီးသော ထိပ်တန်း လျှို့ဝှက် စာတွဲကြီး ဖြစ်နေ လေတော့သည်။ တာဝန်ရှိသူများက တပ်မဟာမှူးထံ ချက်ချင်း သွားရောက် အပ်နှံသည်။ ထိုသည်မှ အစပြုပြီး ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ ဇာတိရုပ် ထုတ်ဖော်ပြသသည့် အမှုအခင်းကြီး ပေါ်ပေါက်လာတော့သည်။

ချုပ်၍ ပြောရလျှင် ရဲဘော်ထွန်းစိန် (ဒလ) ၏ ဆောင်ရွက်ချက်သည် သဘောထား ဆိုးနှင့် ဆောင်ရွက်ခဲ့ခြင်း မဟုတ်ပါ။ စေတနာ လွန်သွားခြင်းသာ ဖြစ်ပါသည်။ သို့သော် ဗိုလ်မှူးချုပ် ကျော်ဇော အတွက်မူ ဆေးခါးကြီး ဖြစ်သွား ပေတော့သည်။ ၎င်းအဖို့ ထိုနှစ်သည် ပျားတို့မချို၊ မှိုတို့မပေါက်၊ ယာတို့လည်း ခြောက်ကုန်သည့် ကိန်းသို့ ဆိုက်ရောက် သွားခဲ့ပါတော့သည်။

အောင်စွမ်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...