ရှေ့ကို မျှော်ကြည့်လိုက်သော်
ရွှေပွဲလာ ပရိတ်သတ်များ ခင်ဗျား.. ဖော်ပြမယ့် အက်ဆေးက Looking Ahead ဆိုတဲ့ သွားလေသူ ဒေါက်တာ မောင်မောင်ရဲ့ ရေဒီယို မိန့်ခွန်းကို လျောက်ပတ်အောင် ချုံ့ပြီး ဘာသာ ပြန်တာပါ။ ဒေါက်တာမောင်မောင်ဟာ “Burma’s Teething Time” “မြန်မာပြည် သွားပေါက်ချိန် ဆိုတဲ့ ခေါင်းစဉ်နဲ့ ၁၉၄၉ က ဟောပါတယ်။ ကလေးတွေ သွားပေါက်တဲ့ အချိန်လိုပဲ ၁၉၄၉ ခုနှစ် လွတ်လပ်ရေး ရခါစ မြန်မာပြည် ဟာလည်း အလားသဏ္ဍန် တူပါတယ်။ မြန်မာပြည်ဟာ ယခုအချိန်ကော ဘယ်လိုလည်း။ ဒီမိုကရေစီ သွားပေါက်ချိန် ပေပဲလား။ နှိုင်းယှဉ် ဝေဖန်တော် မူကြဖို့ပါ။
“ယခု ရင်ဆိုင်နေရတဲ့ အကျပ်အတည်းက မကြာသင့်ပါဘူး။ ပုံမှန် အခြေအနေ ပြန်ရောက်မှာပဲ။ အကျပ်အတည်း ဆိုတာ ကြာရှည် ကြာမြော မဖြစ်နိုင်ဘူး။ အကြာကြီး ကြာတယ် ဆိုရင် အကြပ်အတည်း ဆိုတဲ့ အဓိပ္ပါယ် ယုတ်လျော့ သွားမှာပါ။ ယခု ကြုံနေရတဲ့ အခက်အခဲတွေရဲ့ နိဂုံးဟာ မကြာတော့ဘူး ဆိုရင် ကျုပ်တို့က နောင်လာ လတ္တံ့သော ငြိမ်းချမ်းတဲ့ ခေတ်ကြီး အတွက် ကိုယ့်ကိုယ်ကို ပြင်ဆင် သင့်တာပ။ အစီအစဉ်လေးတွေ ချသင့်တာပ။ ငြိမ်းချမ်းတဲ့ ခေတ်ကြီး ဆိုတောင်မှ အဲဒီ ခေတ်ကြီးဟာ လွယ်လှမယ် မဟုတ်ဘူး။ ကျုပ်တို့က ဒုတိယ ကမ္ဘာစစ်ကြီးရဲ့ ဒဏ်ချက်တွေက နာလန် ထသေးတာ မဟုတ်ဘူး။ ပြည်တွင်း ဒုက္ခတွေက စနေပြီ။ ပြန်လည် တည်ဆောက်ထားတာ တွေလည်း မြန်မြန် ပျက်နေပြီ။
ကျုပ်တို့က နောက်ပြန်ဆုတ် နေတာပဲ။ ငြိမ်းချမ်းရေး ရသော် (ငြိမ်းချမ်းရေး ရမှာကတော့ သေချာတယ်) အသစ်က ပြန်စရမှာ။ ဖြတ်သန်း ကျော်လွှားခဲ့တာ တွေကို ထပ်ဖြတ် ရလိမ့်မယ်။ ဒါမျိုးဟာ အလုပ် အများကြီး လုပ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်။ မနားမနေ ပြင်းပြင်းထန်ထန် လုပ်ရလိမ့်မယ်။ စွန့်လွှတ်အနစ်နာ ခံရလိမ့်မယ်။ ကိုယ်ကျိုး စွန့်ရမှာတွေ အများကြီး လုပ်ရမယ် ဆိုတဲ့ အဓိပ္ပါယ်လည်း ပေါက်တယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေး ကာလကြီးဟာ လွယ်မှာ မဟုတ်ဘူး။ အလွန်တရာ အခက် အခဲတွေ ကြုံရလိမ့်မယ်လို့ ကျုပ်ပြောတာ”။ (ဒေါက်တာ မောင်မောင် ပြောတဲ့ ငြိမ်းချမ်းရေး နေရာမှာ ငြိမ်းချမ်းရေး အပြင် ဒီမိုကရေစီရေး ထည့်ပေါင်းပြီး အစားထိုး ကြည့်မိတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ ယခုကာလဟာ ကိုယ်ကျိုး စွန့်ရမှာတွေ အသစ်က ပြန်စရမှာတွေ အနစ်နာ ခံရမှာတွေ အများကြီး လုပ်ရမယ့် ကာလပ။ သို့သော် ဆရာမောင်မောင်ရဲ့ အက်ဆေးကိုပဲ ဆက်ကြည့်ဦးစို့။ )
“ကျုပ်က ငြိမ်းချမ်းရေး ရအောင် လုပ်ရမယ့် အစီအစဉ်ကို အကြံပေး နိုင်တဲ့အထိ မတော်ဘူး။ အဲဒီကိစ္စက ပေါ်လစီတွေ မူတွေ ပါနေလို့ပဲ။ သို့သော် မှတ်ချက်ကလေး တချို့တော့ ပေးချင်တယ်။ ဘယ်အစီအစဉ်ပဲ လုပ်သည် ဖြစ်ပါစေ လုပ်ရမယ့် ဟာတွေပေါ့။ ဘယ်အစီအစဉ် မဆို စာရွက်ပေါ်တော့ ဟန်နေတာ ချည်းပဲ။ မှန်ကန်တဲ့ နည်းလမ်း တော်တည့် မှန်ကန်တဲ့ စိတ်ဓာတ်နဲ့ မလုပ်ရင် ရလဒ် မထွက်နိုင်ဘူး။ ဘယ်လို အစီအစဉ် ဆွဲသည် ဖြစ်ပါစေဆို အောင်မြင်ဖို့ ဆိုတာက ကျုပ်တို့ အပေါ်မှာပဲ မူတည်လိမ့်မယ်။ ဘာ့ကြောင့်တုန်း ဆိုတော့ အကောင်အထည် ဖော်ရမယ့် သူက ကျုပ်တို့လည်းပဲ ပါရမယ်။ ပြည်သူလူထု အကုန်လုံး အမျိုးအနွယ် ကိုးကွယ်သည့် ဘာသာမရွေး အဆင့်အတန်း မရွေးနဲ့ ဆိုင်တယ်။
ပထမအချက်.. စည်းကမ်းက အရေးကြီးတယ်။ ငြိမ်ငြိမ် သက်သက်နဲ့ ချုပ်တည်းမှု ရှိရမယ်။ တာဝန်တွေကို ရပိုင်ခွင့်ဆီ ချည်နှောင်ထား ရမယ်။ ရပိုင်ခွင့်တွေ ရသူဟာ တာဝန်တွေကို ရှိရမယ်။ အစိုးရနဲ့ နိုင်ငံတော်ရဲ့ ကိစ္စတွေမှာ ပြည်သူတွေက ပါဝင်ရမယ်။ အစိုးရဟာ ကိုယ်ရဲ့အတိုင်းအတာ ကိုယ်သိရမယ်။ ဘယ်နေရာ မှာတော့ ရပ်ရမယ်။ ဘယ်အချိန်မှာ ရပ်ရမယ်ကို အစိုးရဟာ သင်ယူရမယ်”။ (ဆရာမောင်မောင် ကတော့ စည်းကမ်း ရှိရမယ်ဆိုပြီး စည်းကမ်းအကြောင်း ဟောနေတာပဲ။ ဟိုတုန်းက ဟောဖို့လိုလို့ နေမှာပ။ ယခု ကျုပ်တို့ ပြည်သူတွေ မှာတော့ စည်းကမ်းတွေ အများကြီးပဲ။ စည်းကမ်းတွေ အများကြီးဆို အများကြီး လိုက်နာရလို့ ပြည်သူလူထုဟာ လွတ်လွတ်လပ်လပ် ချောင်ချောင်ချိချိ ဆိုတာမျိုးပဲ ပိုပြီးလိုချင် ကြပါတယ်။ စည်းကမ်း လုပ်တဲ့ အဖွဲ့အစည်းတွေက အများကြီးပဲ ရပ်ကွက်အုပ်ချုပ်ရေးကစပြီး အထက်ထိ။ စာပေစိစစ်ရေး ဆိုရင် သူတို့ပြောသမျှ ကျုပ်တို့က လိုက်နာတာ ချည်းပ။ တကယ်က အစိုးရဟာ ပြည်သူလူထုကို လွတ်လွတ် လပ်လပ် ချောင်ချောင်ချိချိ ဘယ်လို ထားမလဲပဲ စဉ်းစားဖို့ ကောင်းတာပါ။ စည်းကမ်းလိုက်နာ ဘေးကင်းကွာ ပြည်သူတွေ သိတာပဗျာ ။ ဒေါက်တာ မောင်မောင်ရဲ့ အက်ဆေးကို ဆက်ကြဦးစို့။)
“ဒုတိယအချက် အနေနဲ့ .. ကျုပ်တို့ တစ်ဦးကိုတစ်ဦး ဒီထက် နည်းနည်းပိုပြီး ယုံကြည်ကြဖို့ ကောင်းတယ်။ ချဲ့ကားထားတဲ့ အကြောက်တွေကြောင့် သံသယတွေ ထားနေကြတယ် ကျုပ်တို့အားလုံး တိုင်းပြည် ချစ်တယ်လို့ စဉ်းစားတာမျိုးက မမှန်ကန်ဘူး။ အခြား ပြည်သူ ပြည်သားလည်း ညီတူညီမျှ ချစ်တယ်။ သူတို့လည်း အလုပ်လုပ် နေကြတယ်။ နိုင်ငံခြားသားတွေ တောင်မှ မြန်မာပြည်ကို ချစ်ကြတာတွေ ရှိတယ်။ မြန်မာပြည်ရဲ့ ဖော်ရွေမှုကြောင့်၊ ဆက်နွယ်မှုတွေကြောင့် အကြောင်းကြောင်း ကြောင့် မြန်မာပြည် ကို ချစ်ကြတယ်။ သံသယတွေ နဲ့ချည်း ကြည့်လို့ မတော်ဘူး။ ကျူပ်တို့ အချင်းချင်းလည်း သစ္စာဖောက်လို့ ခေါ်တာမျိုး၊ နယ်ချဲ့ လက်ဝေခံ တပည့်လို့ ခေါ်တာမျိုး မခေါ်ကြစို့နဲ့။ အဖြူ၊ အနီ၊ အပြာ ရောင်တွေလည်း မဆိုးကြစို့နဲ့။ မိတ်ဆွေများ၊ သူငယ်ချင်းများ လို့ပဲ ခေါ်ပြီး အလုပ်အတူတူ လုပ်ကြစို့ ။
တတိယ အနေနဲ့ .. မှားတဲ့အမှားတွေ မအောင်မြင်တာ တွေကို တာဝန်ခံကြစို့။ တခြားသူတွေ အပေါ် အပြစ်တွေ ပုံမချစို့နဲ့။ တာဝန် မယူတာဟာ ပျော့ညံ့တာ မဟုတ်လား။ မမှန်မဟုတ်တဲ့ စိတ်ကူးယဉ် လောက ထဲမှာလည်း မနေသင့် တော့ဘူး။ စိတ်ကူးယဉ် လောကထဲမှာ နေရင်တော့ ရေရှည်မှာ ခါးသီးတဲ့ စိတ်ပျက်စရာ တွေနဲ့ ကြုံရမှာမို့ပဲ။ အစိုးရဟာ ပြည်သူရဲ့ အပြစ်တင်မှုကို မခံရအောင် လုပ်ရမယ်။ အစိုးရဟာ လူထုရဲ့ အားနည်းမှု ကြောင့်လို့ ဆင်ခြေ မပေးသင့်ဘူး။ အရာရှိဟာ အောက်လူ ကြောင့်လို့ တာဝန် လွှဲမချနဲ့။ အောက်လူကလည်း သူမလုပ်နိုင်တာဟာ ဗျူရိုကရေစီ ကြောင့်လို့ မပြောနဲ့။ အလုပ်အတူ လုပ်ကြစို့။ အပြစ် တစ်စုံတရာ ရှိသော် မျှယူကြမယ်။ အယူအဆ အမျိုးမျိုး ရှိမယ်။ သို့သော် အလုပ်တော့ အတူတူ လုပ်ရမှာပဲ။ မူချင်း မတူတာတွေ ရှိရင် ကြိုးစားပြီး ကိုယ့်မူမှန်ကို တစ်ဦးကို ရှင်းပြ။ မရသော်ညှိနိုင်းပြီး အလျှော့အတင်းလုပ်။ ရှိတဲ့ အခြေအနေ ထဲမှာပဲ အတူ အလုပ်လုပ နိုင်မယ့်လမ်းကို လျှောက်ရမယ်။ အတူတွဲ၊ စည်းနဲ့ကမ်းနဲ့ တစ်ဦးကိုတစ်ဦး ယုံကြည်မှုနဲ့ အတူ တာဝန်ယူသော် နိုင်ငံရဲ့ လိုအပ်ချက်နဲ့ အညီ စီစဉ်ထားသော အစီအစဉ်များကို လုပ်ဆောင် နိုင်ကြမှာပ။ ပြောရတာ လွယ်တယ်။ လက်တွေ့ လုပ်ဖို့မလွယ်ဘူး ဆိုတာလည်း ဟုတ်ပါတယ်။ သူများ ဟောရတာ အရသာ ရှိပါတယ်။ ကိုယ်ဟောတာကို ကိုယ်ကျင့်သုံးဖို့ ကတော့ အရသာ မရှိဘူး။ ကျုပ်ကတော့ ကိုယ်ဟောသလို ကိုယ်တိုင်က လိုက်နာကျင့်သုံးဖို့ ကိုယ်စလုပ်မယ်လို့ တွေးထားတယ်။ စာဖက် ပရိတ်သတ်ကြီးခင်ဗျား.. သမ္မတကြီး လုပ်ခဲ့ဖူးတဲ့ ဒေါက်တာမောင်မောင် ဟောတာ မဟန်ဘူလား။ သူကတော့ ကိုယ့်ကိုယ်ကို စပြီး ပြုပြင်မယ်တဲ့။ ကျွန်တော် သင်္ကြန်တွင်းမှာ ဒေါက်တာမောင်မောင် အကြောင်း စာအုပ်တစ်အုပ် ဖတ်ရပါတယ်။ “Dr.Maung Maung a gentleman, scholar, patriot” တဲ့ဗျ။ ရောဘက်တေလာ စုစောင်းထားတဲ့ စာအုပ်ပါ။ Institute of Southeast Asian Studies က ၂၀၀၈ မှာ ထုတ်တဲ့ စာအုပ်ပါ။ ဘာရယ် မဟုတ်ပါဘူး။ တချို့ ဟာလေးတွေ မျှသင့်တယ် ထင်တာနဲ့ ချုံ့ပြီး ပြန်လိုက်တာပဲ။ ယခု အချိန်ဟာလည်း ကျုပ်တို့ပြည်ဟာ သွားပေါက်စ ကလေးနဲ့တူတုန်းပ။
ကိုတာ
0 comments:
Post a Comment