ဘ၀အေးငြိမ်းချမ်းသာမှု
တက္ကသိုလ်(သင်္ခ)
ရေးသားသည်။
လောကတွင် ဖြည့်၍ မပြည့်နိုင်သောအရာ သုံးမျိုးရှိသည်ဟု ဆိုသည်။ ယင်းသုံးမျိုးမှာ-
- အလျှံတညီးညီးတောက်လောင်နေသော မီးပုံကြီး
- အပြောကျယ်သည့် ပင်လယ်သမုဒ္ဒရာ
- အလိုလောဘကြီးသူတို့ဖြစ်၏။
အလျှံတညီးညီး တောက်လောင်နေသော မီးပုံကြီးသည် လောင်စာမည်မျှပင် ထည့်သော်လည်း ထည့်သမျှအားလုံးကို ပြာဖြစ်သည်အထိ လောင်ကျွမ်း စေသည်။ နောက်ထပ် လောင်စာထည့်လျှင်လည်း လောင်၍ မဆုံးနိုင်။
ထို့အတူ အပြောကျယ်သည့်ပင်လယ် သမုဒ္ဒရာသည်လည်း မြစ်ချောင်းအသွယ်သွယ်မှ ရေ များမည်မျှစီးဝင်စေကာမူ ပြည့်လျှံသည်ဟူ၍မရှိပေ။
လောဘကြီးသောသူသည်လည်း ထိုနည်း နှင်နှင်ပင်ဖြစ်ပါ၏။ လောဘကြီးသူသည် ဥစ္စာ ပစ္စည်းမျိုးစုံမည်မျှပုံ၍ ဖြည့်ဆည်းပေးစေကာမူ ဘယ်သောအခါမျှ ဖြည့်၍မပြည့်နိုင်။ အမြဲတမ်း လိုအပ်ချက်ရှိနေမည်သာတည်း။
ဤသို့ဆိုသဖြင့် လူတွေ လောဘမရှိရဘူး လား။ မရှိသင့်ဘူးလားဟူ၍ မေးစရာရှိ၏။ အဖြေက ရှင်းပါသည်။ လူတိုင်းလောဘရှိ သင့်၏။ လောဘမရှိ၍ မဖြစ်။ လူဖြစ်လာ လျှင် လောဘတော့ရှိရပေမည်။
လောဘလုံးဝမရှိ၍ လိုချင်တပ် မက်စိတ်မရှိပါက စားဝတ်နေရေးအတွက် မည်သူကလာ၍ ဖြည့်ဆည်းပေးမည် နည်း။ မိမိအပါအ၀င် မိသားစု၏ ဘ၀ ရပ်တည်ရေးအတွက် မိမိတွင် တာဝန်ရှိ၏။ ထိုတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်နိုင်ရန် လောဘ ရှိဖို့တော့လို၏။ သို့သော် ယင်းလောဘသည် 'သမ လောဘ'ဖြစ်သင့်၏။
သမလောဘဟူသည်မှာ ပုထုဇဉ်လူသား တို့အတွက် အသက်ရှင်ရပ်တည်နိုင်ရန် တရားသဖြင့် ရှာဖွေအသက်မွေးမှုပင်ဖြစ်သည်။ အကုသိုလ်စေ တသိက်ဟုဆိုရသော်လည်း တရားသဖြင့် မျှမျှတတ ရှာဖွေခြင်း၊ မိမိအတွက် ရသင့်ရထိုက်သော ဥစ္စာစီးပွား ကို အများကျေနပ်လက်ခံနိုင်သောနည်းလမ်းဖြင့် ရယူ စုဆောင်းခြင်းသည် သမလောဘ(၀ါ)မျှတသော လောဘပင်ဖြစ်ပါ၏။
သမလောဘ၏ ဆန့်ကျင်ဘက်မှာ '၀ိသ မလောဘ'ဖြစ်သည်။ မိမိနှင့် မပတ်သက်သောအရာ၊ မသက်ဆိုင်သော ပစ္စည်းများကို တပ်မက်လိုချင်စိတ် ဖြင့် မတရားနည်းလမ်းမျိုးစုံသုံးစွဲရယူခြင်းသည် '၀ိသမ လောဘ'ဖြစ်၏။ မိမိအကျိုးစီးပွားတစ်ခုတည်းအတွက် လူအများကို ထိခိုက်နစ်နာစေသော ဆင်ခြင်တုံတရား ကင်းမဲ့စွာ လွန်လွန်ကြူးကြူးရှာဖွေစုဆောင်းခြင်းပင် ဖြစ်သည်။
မျက်မှောက်လောက၊ မျက်မှောက်ကမ္ဘာ တွင် လူတစ်ဦးနှင့် တစ်ဦး၊ မိသားစုတစ်စုနှင့်တစ်စု၊ လူမျိုး တစ်မျိုးနှင့် တစ်မျိုး၊ တိုင်းပြည် တစ်ပြည်နှင့်တစ်ပြည် စစ်မက်ဖြစ်ပွားခြင်း၊ တိုက်ခိုက်ခြင်း စသည်တို့ ဖြစ်ပေါ် လာရ၏။ အင်အားကြီးသူက အင်အားနည်းသူကို နိုင် ထက်ကလူပြုမူ၏။ ခြုံ၍ဆိုရလျှင်နိုင်ငံရေး၊ စီးပွားရေး၊ စစ်မက်ရေးရာမှစ၍ မိသားစုလူမှုရေးကဏ္ဍမျိုးစုံအထိ ကိုယ်ကျိုးကို ရှေးရှုသည့် '၀ိသမလောဘ'ကသာလျှင် ခြယ်လှယ်လျက်ရှိသည်ကို တွေ့ မြင်နိုင်သည်။
ဝိသမလောဘသမားတို့၏ သဘောဆန္ဒကား 'ရလေလိုလေ အိုတစ္ဆေ'သာဖြစ်၏။ သောက်လေ သောက်လေ ငတ်မပြေသည့် 'ဆားငန်ရည်'နှင့် လည်း တူ၏။ ၀ိသမလောဘသမား၏ သဘောသဘာဝကို ကမ္ဘာကျော်အီစွပ်ပုံပြင်များမှ ကုလားအုတ်နှင့် အလား တူကြောင်း ဥပမာပေးတတ်ကြ၏။
တစ်ခါသော် ကုလားအုတ်တစ်ကောင်နှင့် ခရီးသွားယောက်ျားတစ်ဦးသည် သဲကန္တာရအတွင်း ခရီး ထွက်ခဲ့ကြ၏။ ညအချိန်ရောက်သည့်အခါ သဲကန္တာရ အတွင်း၌ ရွက်ဖျင်တဲထိုး၍ နားကြ၏။ ကုလားအုတ် သည် တဲအပြင်ဘက်တွင် နေရသဖြင့် အေးလာသည့် အတွက် တဲအတွင်းသို့ ဦးခေါင်းတစ်လုံးစာနေရာပေး ရန် သူ့သခင်ထံ တောင်းပန်၏။ တဲအတွင်းသို့ ဦးခေါင်း ၀င်ခွင့်ရလျှင် လည်ပင်းပါ သွင်းထားလေသည်။ လည် ပင်းသွင်း၍ မကြာမီ ရှေ့ခြေထောက်နှစ်ချောင်းကိုပါ ထိုးသွင်းလိုက်၏။ ရှေ့ခြေထောက်နှစ်ချောင်းတဲအတွင်း သို့ရောက်လျှင် နောက်ခြေထောက်နှစ်ချောင်းကို အတင်း သွင်းလေတော့သည်။ နောက်ခြေထောက်နှစ်ချောင်း သွင်းပြီး တဲအတွင်းသို့ရောက်သည်နှင့် တဲထဲမှာရှိနေ သော သူ့သခင်ကို ကန်ထုတ်လိုက်လေတော့သည်။
အထက်ပါပုံပြင်ကို လေ့လာကြည့်ခြင်းဖြင့် ကုလားအုတ်နှင့် တူသော ၀ိသမလောဘသမားတို့၏ အမူအကျင့်ကို ကောင်းစွာ သိနိုင်၏။ ယင်းတို့သည် ကျေးဇူးတရားကို နားမလည်၊ ကိုယ်ချင်းစာနာထောက် ထားမှုနတ္ထိ၊ မိမိပိုင်ပစ္စည်းနှင့် ရောင့်ရဲတင်းတိမ်မှုမရှိ၊ သူတစ်ပါးပိုင်ဆိုင်သော ပစ္စည်းဥစ္စာကို လိုချင်တောင့် တခြင်းသည် ၀ိသမလောဘသမားတို့၏ ဥပဓိရုပ်ပင် ဖြစ်သည်။
ထို့အပြင် မိမိလက်ထဲမှ ပစ္စည်းနှင့်အခြား သူလက်ထဲမှ ပစ္စည်းအတူတူဖြစ်ပါလျက် မိမိလက်ထဲ မှ ပစ္စည်းကို အကောင်းမထင်။ အခြားသူလက်ထဲမှ ပစ္စည်းကို အကောင်းထင်လျက်လိုချင်တပ်မက်တတ် လေသည်။
ဝိသမလောဘသမားတို့သည် ရုပ်ဝတ္ထု ပစ္စည်းများအပေါ်၌သာ အလိုရမ္မက်ကြီးခြင်းမဟုတ်။သူတစ်ပါးမြှောက်ပင့်ခြင်းကိုခံလို၏။ ကြည်ညိုပူဇော် ခံလို၏။ အထင်ကြီးခံလို၏။ အလေးစားခံလို၏။ ဤ သည်တို့မှာ ၀ိသမလောဘသမားတို့၏ ပြယုဂ်ပင်ဖြစ် ၏။
0 comments:
Post a Comment