Thursday, June 13, 2013

ကျွန်တော် နှင့် OTC

by Zay Yar Phyo (Notes) on Thursday, June 13, 2013 at 8:41am

"ကလေး အသက်မရှိတော့ ဘူး သေပြီ"

ဟု ကျွန်တော်က ဖြည်းညင်းလေးတွဲ့ စွာ ပြောလိုက်သည်
ကလေး ဧ။် မိခင်ထံမှ ရှိုက်သံ တစ်ချက် အင့်ခနဲ ထွက်လာသည်။
ကလေးဧ။် ဖခင်ကို လှမ်းကြည့်လိုက်တော့ မျက်စိမျက်နှာ မကောင်း။ယောက်ျားသားမို့  ဝမ်းနည်းစိတ်ကို အံတင်းခံထားပုံရသည်။
ကျွန်တော် အသက်ဇီဝိန်မရှိတော့ တဲ့ ကလေးလေးဧ။် ရုပ်အလောင်းကို ကြည့်ရင်းတွေးမိသည်။

ကလေးက အလွန်ဆုံးရှိလှ ခြောက်နှစ်အရွယ် သူမိဘတွေ အပြောအရတော့ ပထမတန်းကျောင်းသားလေး။ ကျောင်းဖွင့်တာတောင် တစ်လမပြည့်သေးဘူး။ပထမတန်းသင်ခန်းစာ တွေကိုတောင် ကောင်းစွာ ဖတ် ရအုံးမှာ မဟုတ်သေး။

အခုတော့ သူချစ်သော သူ့ ကိုချစ်သော သူ့ မိဘတွေ သူ ရဲ့ သူငယ်ချင်းအတန်းဖော်တွေကို ဆွေမျိုးတွေ ဆရာမတွေကို ခွဲပြီး ဘဝတစ်ပါးကို ကူးပြောင်းသွားရှာပြီ။

ဇာတ်လမ်းကို နောက်ကြောင်းပြန်ပြရင်တော့ လွန်ခဲ့တဲ့ ခြောက်ရက်လောက်က စပြောရမည်။
ပထမတန်းတက်နေသည့် ကျောင်းသားလေး တစ်ယောက် ချောင်းဆိုးသည်။ ချွဲတွေလည်း ပါသည်။ မိဘနှစ်ပါးလုံးကလည်း အလုပ်ကိုယ်စီ နှင့် မိုးလင်းမိုးချုပ် အလုပ်လုပ်ရသူတွေ မို့ လို့  ကလေးကို ဂရုမစိုက်အား။
အဖွားဖြစ်သူနှင့် အတူ ပစ်ထားရသည်။ အဖွားဖြစ်သူကလည်း ရှေးရိုးစွဲ အဖွားဖြစ်သူဆိုတော့ ကလေး ချောင်းဆိုးတာကို ပေါ့ပေါ့တန်တန် သာမန်ကာလျှံကာလောက်သဘောထားပြီး
ဆေးမြီတို များနှင့် ကုသည်။ တစ်ရက်နှစ်ရက်လောက် ထိ အခြေအနေက မထူးခြားသေး။ချောင်းဆိုးမြဲ ဆိုးသည်။ချွဲတွေလည်း ပါမြဲ။
တနေကုန်ကျောင်းသွား။ ကျောင်းကပြန်လာ အဖွားဖြစ်သူနှင့် အတူရှိနေပြီး မိရင်းဖရင်းတွေနှင့် အိပ်ချိန်လေးမှာပဲ အတူနေရသည့် ပထမတန်းကျောင်းသားလေးဟာ ညပိုင်းမှာပါ ချောင်းတွေ အရမ်းဆိုးလာတော့ မိဘတွေကပါ သတိထားမိလာသည်။ ဒါပေမယ့် မိဘနှစ်ပါးလုံးက အလုပ်အကိုင်နှင့် ရှုပ်နေသူမို့ ကလေးကို ကောင်းကောင်းဂရုမစိုက်အား။ ဒီတော့ ဆေးခန်း ဆေးရုံ သွားပြဖို့  အချိန်မပေးနိုင်ပေ။
သူတို့ အိမ်နားက ဆေးဆိုင်ကနေ တွဲစပ်ရောင်းချသည် ချောင်းဆိုးပျောက်ဆေး စပ်ဆေး တွဲ များကို ဝယ်ပြီး တိုက်သည်။

စပ်ဆေးထဲမှာ ဘာတွေ ပါ လို့ပါမှန်း သူတို့ အနေနှင့် မသိပေမယ့် ပျောက်လောက်သည် အထင်နှင့် ဆေးဆိုင်ကို ယုံကြည်ပြီး ဝယ်တိုက်ပေမယ့် ကလေး ဧ။် အခြေအနေကတော့ အပြောင်းအလဲမရှိ။
ဒီလို နဲ့  သက်သာလောက်မှာ သက်သာလောက်မှာပါ အထင်နှင့် စပ်ဆေးတွေ ဝယ်တိုက်ရင်း အခု ကလေး ဆုံးမယ့်ည နေ ပိုင်း ခြောက်နာရီလောက်မှာ ကလေး အရမ်းအမောဖောက်လာသည်။
ချွဲများပါ အန်သည်။အသက်ရှု ကျပ်သည် ဟုလည်းပြောသည်။ မိဘတွေက အလုပ်က ပြန်မလာ။အဖွားဖြစ်သူကလည်း အူတူတူ ဆိုတော့ ဘာမှ မလုပ်တတ်။

မိဘနှစ်ပါးအလုပ်ကနေ ပြန်ရောက်တော့ ည ၇ နာရီ ခွဲ နေပြီ။ ကလေး ကလည်း အသက်ရှု တွေ မြန်လာသည်။ ချွဲတွေလည်း အန်လာသည်။
ခြေဖျားလက်ဖျားလေးတွေရော နှုတ်ခမ်းတွေပါ ပြာလာသည်။သတိလစ်သလို လိုဖြစ်လာသည်။
ဒီလို နဲ့  မိဘနှစ်ပါးလုံးပါ ပြာယီးပြာယာနှင့် ကလေးကို အမြန်ပွေ့ ချီကာ ဆေးခန်းကို ရောက်ချလာသည်။
တကယ်တမ်းပြောရမည် ဆိုလျှင် ကလေးက အိမ်ကနေ ဆေးခန်းကို အလာ မှာတင်ကို အသက်မပါတော့ပြီ။
ဒါကို သူ့ မိဘနှစ်ပါးလုံးက မသိသေး။ ကလေး သတိလစ်နေသည် အထင်နှင့် ကျွန်တော့် ကို လိုအပ်တာတွေ လုပ်ပေးဖို့ ပြောသည်။

ကလေး ကို ကြည့်လိုက်တော့ cyanosis က တော်တော်လေးကို ဆိုးသည် တစ်ကိုယ်လုံးနီးပါး ကို ပြာနေပြီ။
သူငယ်အိမ်ကို ဖြဲကြည့်တော့ Dilate (ကျယ်) နေပြီ။ Heart sound breath sound ဘာသံမှ မကြားရတော့ ။silent chest ဖြစ်သွားပြီ။
သွေးခုန်နှုန်းလည်း မတိုးတော့။စမ်းမရတော့။ရှင်းရှင်းလင်းလင်းပြောရလျှင် အသက်မရှိတော့ဘူး သေပြီ။ ပြင်းထန် အဆုတ်ရောင် ရောဂါ( severe pneumonia) ဝင်သွားပြီး arrest ရသွားသည်ဟု ထင်သည်။(ကျွန်တော့်အထင်ပြောတာပါ)

မိဘနှစ်ပါးလုံးမှာ မယုံနိုင်သေး။ ကွေးသောလက် မဆန့် မီ ဆန့်သောလက် မကွေးမီ ဆိုသော သေခြင်းတရားဟာ သူတို့ ကို မျက်လှည့်ပြသွားသည်။
လွန်ခဲ့တဲ့ ခြောက်ရက်လောက်က ချောင်းဆိုးပေမယ့် ပျော်ပျော်ရွှင်ရွှင် ဆော့ကစားလိုက် ကျောင်းသွားလိုက် နဲ့ လုပ်နေသော ကလေးလေးတစ်ယောက်ဟာ
အခုချိန်မှာတော့ ကျောင်းလည်း မသွားနိုင်တော့ပြီ ဖေဖေ မေမေ လို့ လည်း သူတို့ ကိုထပြီး မခေါ်နိုင်တော့ပြီ။
ဒီ ပထမတန်းကျောင်းသားလေး တစ်ယောက်ဟာ နောင်တစ်ချိန်မှာ ဘာဖြစ်မယ်မှန်း ဘယ်သူမှ မခန့် မှန်းနိုင်။ အခုတော့ မိဘအတွက်ရော နိုင်ငံအတွက်ရော ရတနာတစ်ပါးကို ပစ်စလက်ခတ်ဆုံးရှုံးလိုက်ရပြီ။

ဒီ အဖြစ်အပျက်လေးက သင်ခန်းစာတွေ အများကြီး ပေးလိုက်သည်။မိဘတွေက အလုပ်ကိုယ်စီနဲ့ ကလေးကို ဂရုမစိုက်နိုင်တာထားပါတော့။
အဓိက ကျွန်တော်ပြောချင်တာကတော့ မြန်မာပြည်ဧ။် ဆေးဆိုင်တိုင်းလိုလို ကွမ်းယာဆိုင်တိုင်းလိုလိုက ရောင်းချပေးနေသည့် စပ်ဆေးတွေ ဆေးတွဲ တွေ ကိစ္စ။
အထူးသဖြင့် ပြောရလျှင် ဆေးညွှန်းပါမှ ရောင်းချရမည် ဟု ညွှန်ကြားထားသော်လည်း ဆေးညွှန်းမပါပဲ ရောင်းချနေကြသည့် OTC (over the counter ) ဆေးများ ကိစ္စ။

အခုနောက်ပိုင်း လူတွေဖျားပြီ နာပြီ နှာစေးချောင်းဆိုးဖြစ်ပြီဆိုလျှ
င် ဆရာဝန် ဆေးရုံ ဆေးခန်း ဆီကို အရင် မရောက်ကြ။ဆေးဆိုင်တွေ ဆီကို အရင် ရောက်ကြသည်။ ရပ်ကွက်ထဲက ကွမ်းယာဆိုင်တစ်ဖြစ်လဲ စပ်ဆေးရောင်း
သည့် ဆိုင်တွေကို ရောက်ကြသည်။ ဖျားနေလို့  ဆေးလေး တွဲပေးပါလား။ ခေါင်းကိုက် ပျောက်ဆေး လေး ရောင်းပါအုံး။ မူးနေလို့  အဲဒါ စပ်ဆေးလေး များ မရနိုင်ဘူးလား။
ကလေး က ချောင်းဆိုးနေတာ အဲဒါ ချောင်းဆိုး ပျောက်ဆေးလေး တွဲပေးပါအုံး။
ခြေထောက်က အနာက ပြည်ဝင်နေလို့  အဲဒါ အနာ မြန်မြန်ပျောက်အောင်ဆေးလည်း လုပ်ပါအုံး။
အစရှိသဖြင့် ဝယ်ယူကာ သောက်သုံးကြသည်။

သာမာန် ဖျားတာ နာတာ ဆိုလျှင် ကိစ္စ မရှိ။ ဆေးဆိုင်က စပ်ပေးသည့် ဆေးတွဲ ထဲမှာ ပါသည် Paracetamol B6 စီဗစ် ဂျယ်လ်မက် တို့ ကြောင့် ယူပစ်သလိုပျောက်သွားနိုင်သည်။သာ
မာန် နှာစေးတာလောက်ဆိုလျှင်လည်း ကွမ်းယာဆိုင်က
ပေးလိုက်သည့် ဘာမီတွန်က အစွမ်းထက်စွာ တွန်းလှန်နိုငသည်။
ဒါပေမယ့် ကိုယ်တွင်းအင်္ဂါတစ်ခုခုမှာ ဖြစ်သော ရောဂါ တစ်မျိုးမျိုးကြောင့် ဖျားတယ်နာတယ် ဆိုလျှင်တော့ ပါရာစီတမောလ်သောက်လည်း သက်သာရုံလောက်ရှိမည်။ဆေးအရှိန်က
ုန်ရင် ပြန်ဖြစ်မည်။ ဇာစ်မြစ်ရောဂါကို မကုသရွေ့ ထူးခြားမှာမဟုတ်။
ဒီလို နဲ့  ရောဂါတွေ ရင့် ဆေးဆိုင်ပေါင်းစုံက စပ်ဆေးပေါင်းစုံ အနာတစ်ခြားဆေးတစ်ခြား ပိုးသတ်ဆေးပေါင်းစုံကို ဆေးပတ်မလည် တလည် သောက်ပြီးမှ ဆရာဝန် ဆီရောက်လာသည်။
ဒီတော့ ဖြစ်သည့် ရောဂါပိုးကို သတ်ဖို့ ဆေး သုံးရတော့ မည်ဆိုလျှင်တောင် တော်ရုံ တန်ရုံ ပိုးသတ်ဆေးလောက်ကတော့ ရောဂါပိုးက အဲဒီလောက်နဲ့  တော့ တက်မလာနဲ့ တောက်ချလွှတ်လိုက်မယ် ဖြစ်ရော။ ပိုးသတ်ဆေး အမြင့်တွေ ဈေးကြီးပေးရတဲ့  အကောင်းစား အပြင်းစား ပိုးသတ်ဆေး
တွေ သုံးကာ ကုရသည်။ဒီတော့ မကုန်သင့်ပဲ ငွေကုန်ကြေးကျပိုများရသည်။ အပ်နဲ့ ထွင်းရမည့်နေရာ ပုဆိန်နှင့်ပေါက်ရတော့သည်။ပုဆိန်နှင့်ပေါက်ရမည့်ရောဂါ ဟာ လောင်ချာနှင့် ထုရတော့သည်။

ပြီးတော့ ဆေးဆိုင်က စပ်ဆေးတွေ ဆေးတွဲတွေ ဆိုတာလည်း တည့်သည့်ဆေးပါနိုင်သည် မတည့်သည့်ဆေးပါနိုင်သည်။
အစာအိမ်ရောဂါအခံရှိသည့် လူနာကို တိုက်သည့်စပ်ဆေးထဲမှာ အကိုက်အခဲပျောက်ဆေး အပြင်းစားတွေ ပါလို့  အစာအိမ်သွေးကြောပေါက်ပြီး ဆေးရုံရောက်လာသည့် လူနာကိုလည်း မြင်ဖူးသည်။
ပင်နင်စလင် မတည့်သည့် လူကို အမောက်စီဆီလင် လို့ ခေါ်သည့် ဆေးကို စပ်ဆေးထည့်ပြီးပေးလိုက်မိသည့်အတွက် anaphylactic shock ရကာ ဆေးခန်းရောက်လာသည်ကိုလည်း ကြုံဖူးပြီ။
မွေးရာပါ G6PD ချို့ တဲ့သည် ကလေး အတွက် စပ်ဆေးသွားဝယ်တာ ဆေးဆိုင်က Septrin လို့ ခေါ်တဲ့  ဆာလ်ဖာ အုပ်စုဆေးတွေ ထည့်ပေးလိုက်သည့်အတွက် ငါးပါးမက သံဃာစင်ပါ မှောက်ရသည့် အဖြစ်မျိုးကိုလည်း ဆုံဖူးပြီ။
ခြေထောက်မှာ အနာပေါက်သည့်ကလေး ဆေးဆိုင်က စပ်ဆေး သောက်ရင်းသောက်ရင်း အရိုးထိပါ ပိုးရောက် (osteomyelitis) ကာ ဆေးရုံတက်ခွဲရစိတ်ရတာတွေလည်းရှိဖူးပြီ။

ပြီးတော့ အရေးကြီး ဆုံး ပြဿနာကတော့ ပိုးသတ်ဆေးလို့ ခေါ်တဲ့ ပဋိဇီဝဆေး (Antibiotic) တွေကို ပစ်စလက်ခတ် လက်လွတ်စပယ် မစဉ်းစားပဲ သုံးနေခြင်းပင်။
သာမာန် ဖျားတယ်နာတယ် နှာစေးချောင်းဆိုးတယ်ဆိုလျှင်လည်း Amoxicillin လေးထည့်ပေးသည်။ ဒါကအရင်တုန်းက။
အခုနောက်ပိုင်း Cefalexin တွေပါ တွဲကာ စပ်ဆေး နေနှင့် ရောင်းချလာသည်။ အဲဒီလို ရောင်းတဲ့ ဆေးတွေ ကို ဝယ်သောက်သည့် လူတွေကလည်း ဆေးပတ်လည်အောင်သောက် ကြလားဆိုတော့ လည်း မသောက်
တစ်ရက်လောက်သောက် အဖျားပျောက်ရင် ရပ်လိုက်။ ဒီတော့ ဆေးယဉ်ပါးမှု ဆေးမတိုးမှု ဆေးဒဏ်ခံနိုင်သည့် ရောဂါပိုးမျိုးဆက်သစ်များ ပေါ်ထွန်းလာသည်။ကိုယ်တွေ ဆေးခန်းကို လာပြရင်တောင်သာမန် ဖျားတာနာတာဆိုလျှင် ပိုးသတ်ဆေးထည့်မပေးဘူး။တကယ်ကို လိုအပ်ပြီဆိုမှ သုံးသည်။သုံးလျှင်လည်း သေချာမှာရသည် ဆေးပတ်လည်အောင်သောက်ဖို့ ရာ။လိုအပ်လျှင် ဆေးခန်းကို follow up ခေါ်သည်။

လူတိုင်းဟာ ဆေးသောက်ပျင်းကြတယ်။ဆရာဝန်တွေလည်း ဆေးသောက်ပျင်းတယ်။ ဒါအမှန်ပဲ။ရောဂါ တစ်ခုသက်သာတယ်ဆိုရင် အဲဒီဆေးကိုဆရာဝန်က ဆေးပတ်လည်အောင်သောက်နော် ရောဂါ သက်သာလည်း ငါးရက်ပြည့်အောင်သောက်လို့  ဘယ်လောက်ပဲ အာပေါက်အောင် ပြောပြ နှစ် ရက်လောက်နှင့် သက်သာလာလို့ ကတော့ အဲဒီဆေးကို လှည့်တောင်မကြည့်တော့။ ကိုယ်တွေလည်း အဲဒီလို ဆေးကြောက်သည့်ထဲပါသည်။
ဒါကြောင့် တော်ရုံတန်ရုံ ဖျားတယ်နာတယ်ဆိုလျှင် ကိုယ်တောင် ဆေးမသောက်။ မိမိမှာရှိသည့် ကိုယ်ခံအားနှင့်အရင်တိုက်ကြည့်သည် ။ မနေနိုင်ရင် အကိုက်အခဲပျောက်ဆေး သောက်သည်။
တအားကြီးကို ဆိုးမှ ပိုးသတ်ဆေးသောက်ဖို့ စဉ်းစားရသည်။ ပိုးသတ်ဆေးဆိုတာလည်း သူ့ အချိန်အဆနှင့် သူ့  ရက်ပတ်ပြည့်အောင် သောက်ရသည်။ မဟုတ်လို့ ကတော့ ဆေးယဉ်ပါးမှုတွေ ဖြစ်လာနိုင်သည်။အရင်တစ်ခေါက် က ဆေးပတ်လည်အောင်ဆေးပတ်ပြည့်အောင် မသောက်ထားပါက
နောက်တစ်ခါ အဲဒီရောဂါပိုး ဝင်လျှင် ဆေးမတိုးမှုတွေ ဆေးယဉ်ပါးမှုတွေ ဖြစ်နိုင်သည်။ ဒီလို ဒီလို ပြဿနာတွေကြောင့် မြန်မာနိုင်ငံဟာ ဆေးယဉ်ပါးတီဘီ (MDR-TB) အဖြစ်များဆုံး နိုင်ငံတွေထဲ က တစ်နိုင်ငံအဖြစ် ရပ်တည်နေရသည်။

ဒီလို ပြောလို ဒီလိုရေးလို့  ဆေးဆိုင်တွေကို တိုက်ခိုက်လို စိတ် အလျဉ်းမရှိပါဘူး။ သူတို့ တွေရဲ့ လက်လွတ်စပယ် တာဝန်ယူမှုမဲ့ စွာ လုပ်နေတာကို နည်းနည်း မီးမောင်းထိုးပြချင်ရုံပါ ။ ပြင်သင့်တာပြင်ဖို့ ပါ။
Over the counter လို့ ခေါ်တဲ့  ဆရာဝန်ဆေးညွှန်းမလို တဲ့  ဆေးနဲ့  prescribed drug ဆရာဝန် ညွှန်ကြားချက်ပါမှ ရောင်းလို့ ရတဲ့ ဆေးတွေကို ကွဲကွဲပြားပြားသိပြီး လွယ်လင့်တကူမလုပ်မိဖို့  အသိပေးချင်ရုံ သက်သက်ပါပဲ။
ဈေးကွက်စီးပွားရေး စနစ်မှာ ဝယ်လို အားရှိနေသရွေ့ ကတော့ ရောင်းလို အားကလည်း အစဉ်မပြတ် ထပ်ချပ်မကွာ လိုက်နေအုံးမှာပဲ။ ဒီလိုပဲ ဆေးတွေကို ပေါ့ပေါ့တန်တန် အသုံးချပြီး စပ်ဆေးတွေ တွဲဆေးတွေလုပ်ကာရောင်းချနေသရွေ့ ကတော့ ဆေးယဉ်ပါးမှုတွေ ဆေးမတိုးမှုတွေ ဆေးဒဏ်ခံရမှုတွေ ရောဂါ ပိုဆိုးလာမှု တွေ အနာတစ်ခြားဆေးတစ်ခြားဖြစ်မှုတွေ ရှိနေအုံးမှာပဲ။
ဒီလို ရောင်းချနေတာတွေကိုလည်း အများပြည်သူတွေက လွယ်လင့်တကူ ဝယ်ယူသုံးဆောင်ကြမည်ဆို လျှင် လည်း ကျွန်တော် အထက်မှာ ရေးခဲ့တဲ့ ပထမတန်းကျောင်းသားလေးလို မသိနားမလည်သူတွေပဲ ထိခိုက်မယ်။ နစ်နာမယ်လို့ ပဲ ပြောပါရစေဗျာ။

photo credit to original uploader

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...