Sunday, June 16, 2013

ဖခင်နို့တိုက်ခဲ့သည့် ကျွန်တော့်အဖေ

ဖခင်နို့တိုက်ခဲ့သည့် ကျွန်တော့်အဖေ
ဖခင်နို့တိုက်ခဲ့သည့် ကျွန်တော့်အဖေ၏ အကြောင်းကို ရေးချင်သည့်ဆန္ဒသည် ကျွန်တော်၏ နှလုံးသည်း ပွတ်တွင် ကိန်းအောင်းနေသည်မှာ ကြာပါပြီ။ ကျွန်တော်သည် စာအုပ်စာပေများကို ထုတ်လုပ်ဖြန့်ဖြူးရာတွင် ထင်ရှားကျော်ကြားလှသည့် စာပေဌာနကြီးတစ်ခုတွင် နှစ်ပေါင်းများစွာ အမှုထမ်းဆောင်ခဲ့ဖူးပါသည်။ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့မှ စာပေပညာရှင်များ၏ အကန်တော့ခံ အာဆီယံစာပေဆုရှင် တက္ကသိုလ် ထင်ကြီး၊ ဆရာဦးမျိုးသန့် ကလောင်အမည် မောင်ဆုရှင်၊ စာပေဗိမာန် ဆရာဦးအေးမောင်တို့မှစ၍ ဆရာမ ဒေါ်နှင်းဖွေး တို့တိုင် များလှစွာသော စာပေပညာရှင် အပေါင်းတို့သည် ကျွန်တော်တို့ဌာန၏ ဦးစီးဦးဆောင် အကြီးအကဲဖြစ်စာပေပညာရှင်ကြီးများ ဖြစ်ကြသည်။ကျွန်တော်တို့ဌာန၏ အကြီးအကဲဖြစ်ခဲ့သူ ဆရာဦးထင်ကြီး (ဆရာတက္ကသိုလ်ထင်ကြီး)နှင့် ရံဖန်ရံခါ ဆုံစည်းခွင့် ရရှိသူများအထဲတွင် ကျွန်တော်သည် တစ်ဦးအပါအ၀င် ဖြစ်ခဲ့ဖူးပါသည်။ ဆရာ့ကို အပြောချိုသူတစ်ဦးဟူ၍ ပုဂ္ဂိုလ်တစ်စုံတစ်ယောက် က အဆိုပြုလာပါလျှင် ကျွန်တော် မငြင်းလိုပါ။ သို့ရာတွင် ဆရာသည် အပြောချိုသည်ထက် မနောက ပို၍ ချိုသည်ဟု ကျွန်တော် ထပ်ဆင့်ပြီး အဆိုပြုလိုပါသည်။
 မိမိ ကိုယ်ပိုင်လုပ်ငန်းကို လုပ်ဆောင်နေသည့် ယခုအချိန်အခါတွင် တစ်ချိန်က ဆရာ့အဆုံးအမ သြ၀ါဒ များသည် ကျွန်တော့်အား မီးရှူးတန်ဆောင်ပမာ ဦးဆောင်လမ်းပြပေးလျက်ရှိနေ၏။ သီတင်းကျွတ်ကာလ အခါသမယတို့တွင်သာမက ကျွန်တော့် မွေးနေ့များတွင်ပါ ကန်တော့သမှုပြုရသည့် ကျေးဇူးရှင်သုံးဦးအနက် ဆရာသည် တစ်ဦးအပါအ၀င် ဖြစ်သည်။ တစ်ချိန်သောအခါက စာပေနယ်တွင် ဆယ်ကျော်သက်တို့၏ အသည်းစွဲဖြစ်ခဲ့သူ ဆရာမြင့်ကျော်၊ မြင့်နီ၊ ကရမက် တို့ သုံးဦးအနက် ဆရာကရမက်သည်ပင်လျှင် ကျွန်တော် နှင့် တစ်ဌာနတည်း ဖြစ်သည်။ နှစ်ပေါင်းများစွာ အတူတကွ ထမင်းလက်ဆုံစားခဲ့သူလည်း ဖြစ်ပါ၏။ ထိုကဲ့သို့ စာပေပညာရှင်များနှင့် ခင်မင်ရင်းနှီးစွာ ဆုံစည်းခွင့်ရခဲ့ပါသော်လည်း ကျွန်တော်သည် စာရေးသားတတ်သူ ဖြစ်မလာခဲ့ပါ။ စာဖတ်ပရိတ်သတ်တစ်ဦးသာ ဖြစ်ခဲ့ပါ၏။ ယင်းကြောင့် ကျွန်တော်သည် အဖေ့အကြောင်းကို ရေးချင်ပါလျက်နှင့် မရေးနိုင် ဖြစ်ခဲ့ရသည်။
 ကျွန်တော်တို့ ငယ်စဉ်အခါက ဓနုဖြူမြို့နယ် နှဲကြိုးရွာလယ်ကျောင်း ဒုတိယဆရာတော်ကြီး၏ ၀တ်ကြီးဝတ်ငယ်ကို အနီးကပ်အတူ ပြုစုဖော် ပြုစုဖက်ဖြစ်ပြီး ညီအစ်ကိုအရင်းတမျှ ရင်းနှီးခင်မင်ရသူ မြို့နယ် ပညာရေးမှူး(အငြိမ်းစား) ဆရာကြီး ဦးအောင်ကြိုင်၊ ကလောင်အမည် ဆရာဖေအောင်ကြိုင် မစ္စတာပီလော၊ ကျွန်တော်နှင့် အထူးခင်မင်ရင်းနှီးရသူ ဦးညွန့်တင်၊ ကလောင်အမည် ကြို့ပင်ကောက် မောင်ငြိမ်းသူ၊ ကျွန်တော့်ဖခင်၏ ညီအရင်းဖြစ်သူ အယ်လ်ရန်နိုင်ဘရားသား ဆေးတိုက်နှင့် ပုံနှိပ်တိုက်ပိုင်ရှင် ကျွန်တော့် ကျေးဇူးရှင် ယောက်ျားတံခွန် ဦးခ၏ သားများဖြစ်ကြသည့် ကျွန်တော့်အစ်ကို ဦးသန်းဆွေ ကလောင်အမည် သတိုးဆွေ၊ ကျွန်တော့်ညီ ဦးဌေးလွင် ကလောင်အမည် နေပုည၊ ကျွန်တော့်နှမ ယောက်ျားတံခွန်ဦးခ၏ သမီးဖြစ်သူ ဒေါ်ခင်စိုးမူ တို့၏ တိုက်တွန်းအားပေးမှုကြောင့် ရေးရန် မ၀ံ့မရဲဖြစ်နေသည့် ကျွန်တော်သည် ရေးတတ်သမျှသော စွမ်းအင်လေးဖြင့်ပင် ဖခင် နို့တိုက်ခဲ့သည့် ကျွန်တော့်အဖေအကြောင်းကို ရေးသားတင် ဆက်လိုက်ခြင်းဖြစ်ရာ ရေးချင်လွန်းလှဖြစ်နေသည့် ကျွန်တော့်ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ခြင်းပင် ဖြစ်ပါသည်။
 ကျွန်တော်၏ မွေးရပ်ဌာနေ ဇာတိမြေသည် ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ နှဲကြိုးတိုက် နယ်အုပ်စုမှ စမ္ပာယ်ကုန်းကျေးရွာဖြစ်ပြီး ချောင်းငယ်တစ်ခု၏ တစ်ဖက်ခြမ်းတွင် တည်ထားသည်။ ထိုချောင်း၏ အခြားတစ်ဖက်ရှိရွာမှာ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အပိုင်ဖြစ်၏။ ထိုနှစ်ရွာသည် မြို့နယ်အပိုင်ချင်း မတူပင် မတူလင့်ကစား ရွာအမည်မှာ အတူတူပင်ဖြစ်သည်။ ကျွန်တော်တို့ရွာရှိ အိမ်များသည် ချောင်းဘက်သို့ မျက်နှာမူ၍ ဆောက်ထားကြသည်။ ကျွန်တော်အဒေါ် ဒေါ်အိ၏ အိမ်တစ်လုံးတည်းသာ ချောင်းကိုနောက် ကျောပေး၍ ဆောက်ထား၏။
 ကျွန်တော့်ဇာတိရွာတွင် ချောင်း၏ ရေးစီးမှုကို အကြောင်းပြုပြီး အထက်အုပ်စုနှင့် အောက်အုပ်စုဟူ၍ ရွာအုပ်စု နှစ်စုရှိပါသည်။ ထိုအုပ်စု နှစ်စုကို တောနက်ကြီးတစ်ခုက ပိုင်းခြားထား၏။ ကျွဲ၊ နွားများ ပျောက်ခဲ့လျှင် နေ့လယ် နေ့ခင်းပင် ဖြစ်လင့်ကစား ထိုတောကြီးအတွင်းသို့ တစ်ဦးတစ်ယောက်တည်း ကျွဲပျောက်၊ နွားပျောက် မရှာဝံ့ကြပါ။ ရွာ၏ အထက်အုပ်စုသည် ရုပ်မြင်သံကြား ဆေးဆရာကြီး ဘိုးရွှေနှစ်၏ အုပ်စုဖြစ်သည်။ ဆရာကြီး သည် စကားမပြောနိုင်သည့် ဝေဒနာရှင်များကို ရုပ်ကိုကြည့်ပြီး ကုသခြင်း၊ လူသူအမြင်မခံလိုသည့် ဝေဒနာရှင်များကို လူနာ၏ အသံကို နားထောင်၍ ကုသခြင်းတို့ကြောင့် ရုပ်မြင်သံကြားဆရာ ကြီးဟု ကျော်ကြားထင်ရှားကြောင်း လူကြီးသူမများ ပြောပြ၍ သိရပါသည်။ ကျွန်တော့်ဘွားအေ အမေသင်းသည် ထိုဆရာကြီး၏ သာသမီးရှစ်ယောက်အနက် သမီးတစ်ယောက် ဖြစ်သည်။ ရွာ၏အောက်စုသည် မည်သူ့အုပ်စု ဖြစ်သည်ကိုမူ ကျွန်တော်မသိပါ။
 ရွာ၏ အထက်အုပ်စုသည် ဖော်ပြပါတောကြီး၏ အထက်အစပ်မှ စတင်ပြီး ကိုးတောင်ပြည့်ဘုရား တည်ထားကိုးကွယ်ရာ ညောင်ချောင်းရိုးအထိ ဖြစ်သည်။ ညောင်ချောင်းရိုး၏ အထက်ပိုင်းမှာမူ ၀ါးရုံကောက်ရွာ ဖြစ်သွားတော့၏။ အထက်စမ္ပာယ်ကုန်းရွာနှင့် ၀ါးရုံကောက်ရွာတို့မှာ ရိုးငယ်လေးတစ်ခုသာ ခြားသည်။ ကျွန်တော်တို့အိမ်သည် စမ္ပာယ်ကုန်းရွာ အထက်အုပ်စုတွင် တည်ရှိပြီး အထက်ဖော်ပြပါ တောကြီးနှင့် အနီးဆုံး အိမ်ပင် ဖြစ်ပါ၏။ 
 နှစ်တစ်နှစ်၏ နွေပိုင်းကာလဖြစ်၍ တစ်ခုသောနေ့လည်ပိုင်းဟု ကျွန်တော်ထင်ပါသည်။ 
 ဘုရားစင်ဘက်သို့ ဦးခေါင်းထားပြီး လဲလျောင်းနေသည့် ကျွန်တော့် အဖေ၏ ကိုယ်ပေါ်ကိုခွ၍ အဖေ့ဘယ်နို့ ညာနို့တို့ကို ကျွန်တော် အပြန်ပြန် အလှန်လှန် စို့လျက်ရှိနေပါသည်။ တစ်ခါတစ်ရံ အဖေ၏ ဘယ်ဘက်ဘေး၊ ညာဘက်ဘေးသို့ ဆင်း၍ ကျွန်တော့်ခြေတစ်ဖက်က အဖေ့ဗိုက်ပေါ်သို့ တင်ပြီး ကျွန်တော့် လက်တစ်ဖက်က အဖေ့နို့ပြားပြားကပ်ကပ်ကလေးကို ကိုင်တွယ်ပွတ်သပ်၍ နေစဉ်ဖြစ်သည်။
 'မွန်းစံဖေရယ်၊ ကလေးစာလို့ရှိရင် ဖီးကြမ်းဌက်ပျောသီးလေး ကျွေးလိုက်ပါလားကွာ၊ နို့မထွက်တဲ့ မင်းနို့ကို တိုက်နေလို့ ကလေးဘယ်အဆာပြေပါ့မလဲ' ဟု အဘစောဖေ၏ ပြောသံကြားမှ ကျွန်တော့်အဖေကိုယ် ပေါ်မှဆင်းလိုက်သည်။ အဖေလည်းလဲလျောင်နေရာမှ ထလိုက်ပြီး
 'ဦးရင်ရယ်၊ ကျွန်တော့်နို့က နို့မထွက်မှန်း ကျွန်တော်သိပါတယ်၊ မိခင်မရှိတော့တဲ့ နို့မျက်သား မိတဆိုးလေးမို့ သူမှ စိတ်ချမ်းသာပါစေတော့လို့ သူ့ဆန္ဒကို ဖြည့်ဆည်းပေးနေတာပါ' ဟု အဖေက ပြန်ပြောလိုက်ပါသည်။ အဖေ့ကို အဘဦးစောဖေက မွန်းစံဖေဟု ခေါ်ပြီးအဖေက အဘဦးစံဖေကို ဦးရင်ဟု ခေါ်ဝေါ်သုံးနှုန်းကြသည်။ အဘ ဦးစောဖေမှာ ကျွန်တော့် မိခင်၏ မိခင်၊ ကျွန်တော့်အဘွားဖြစ်သူ အမေသင်း၏ မောင်အရင်း ဖြစ်ပါသည်။ ဌက်ပျောသီးဖီးကြမ်းကျွေးခိုင်းခြင်းမှာ ကျွန်တော်တို့ အိမ်အနောက်ဘက်တွင် ဌက်ပျောခြံရှိနေ၍ ကျွန်တော်တို့ အိမ်တွင် ဌက်ပျောသီးမပြက်ရှိနေတတ်ကြောင်း သိနေ၍ ဖြစ်ပါလိမ့်မည်။ 
နို့မျက်သားမိတဆိုးလေး
အဖေပြောသည့် နို့မျက်သား မိတဆိုးလေးဆိုသည့် စကားကို ထိုစဉ်အခါက ကျွန်တော် နားမလည်ပါ။ ကျွန်တော့်တွင် မိခင်ရှိခဲ့ဖူးသည်ကို မသိခဲ့ပါ။ မိခင်ဖခင် နှစ်ဦးရှိပါမှ သားရယ်သမီးရယ် မွေးဖွားလာရသည်ကို ကျွန်တော်မသိခဲ့ပါ။ အဖေတစ်ဦးတည်းသာရှိသည့် သားဟု ကျွန်တော့်ကိုယ်ကျွန်တော် ထင်ခဲ့ပါသည်။ ယခုအဖေက မိခင်မရှိတော့တဲ့ ဆိုသည့်စကားကြောင့် ကျွန်တော်တွေဝေသွားပါသည်။ 
 'ကျွန်တော့်မှာ အရင်ကအမ ရှိခဲ့ဘူးသလား' ဟု အဖေ့ကို ကျွန်တော်က မေးမိပါသည်။ ကျွန်တော်တို့ အရပ်တွင် ထိုစဉ်ကမိခင်ကို အမဟု ခေါ်ဝေါ်သုံးနှုန်းကြ၍ ဘွားအေကို အမေဟု သုံးနှုန်းကြသည်။ ယင်းကြောင့် ကျွန်တော်က အမ ရှိခဲ့ဘူးသလားဟု အဖေ့ကို မေးမိခြင်းဖြစ်သည်။
 'ရှိခဲ့တာပေါ့ကွ၊ မင်းအမက မင်းကိုမောင်မြင့်လေး မောင်မြင့်လေးဆိုပြီး သိပ်ချစ်တာ'ဟု အဖေက အားတက်သရော ပြောပြပါသည်။ ဤတွင်  ကျွန်တော်က
 ' ကျွန်တော့်အမကော'ဟု အဖေ့ကို တစ်လက်စတည်း ဆက်၍မေးမိလေသည်။ အဖေသည် စောစောက မျက်နှာအနေအထားနှင့် လုံးဝ မတူတော့ပဲ တစ်မုဟုတ်ချင်း သိသိသာသာ ညှိုးကျပြောင်းလဲ သွားပါသည်။ အဖေသည် ထိုင်နေရာမှ ထပြီး ကျွန်တော်တို့အိမ်ခြေရင်းဘက်သို့ ဖြည်းလေးစွာ လျှောက်သွားပြီး ဖိနပ်ချွတ်တံကို လှမ်းကိုင်လိုက်သည်။ အဖေ့ထံမှ 'မမိရေ၊ နင့်သား မောင်မြင့်လေး နင့်ကို မေးနေတယ်ဟဲ့ မမိရဲ့' ဟု အမကို လှိုက်လှိုက်လှဲလှဲ တမ်းတမ်းတတဖြင့် မြည်ကြွေးနေသံကို ကြားရပါတော့၏။ အဖေ၏ အသံမှာ မချိတင်ကဲ နိုင်လွန်းလှပါသည်။ 
 အဖေက ကျွန်တော့်မိခင်၏ အမည်ကို တမ်းတမ်းတတ ခေါ်လေမှ ကျွန်တော့်မိခင်၏ အမည်မှာ မမိဖြစ် ကြောင်း သိရတော့၏။ ကျွန်တော့်မိခင်၏ အမည်အပြည့်အစုံမှာလည်း မမိပင် ဖြစ်ပါသည်။ ကျွန်တော်လုံးဝ မျှော်လင့်မထားသောမြင်ကွင်းကို တွေ့ရှိရသည့် အတွက် ကျွန်တော့်မှာ ဘာလုပ်၍ ဘာကိုင်ရမည်ကို မသိတော့ပဲ ကြိုးကြည့်ကြောင်ကြည့် ဖြစ်နေမိပါသည်။ စောစောက ကျွန်တော်တို့ အိမ်ရှေ့တွင် ရောက်ရှိနေ သော အဘဦးစောဖေကိုလည်း မတွေ့ရတော့။
 ကျွန်တော်တို့ အိမ်နှင့်မျက်နှာချင်းဆိုင်ဖြစ်ပြီး မျက်စောင်းထိုးလောက်တွင် ကျွန်တော့်မိခင်၏ ညီမဖြစ်သူ ကျွန်တော့်အဒေါ် ဒေါ်အိ၏အိမ်ရှိသည်။ ထိုအိမ်၏ အိမ်ဦးခန်းတွင် ကျုံ့ကျုံ့ကလေးထိုင်နေသော ဘွားအေဖြစ်သူ အမေသင်းကို တွေ့ရပါသည်။ အမေသင်းသည် မည်သည့်အချိန်ကစပြီး လူဝတ်ကြောင်ကို စွန့်ခွာသွားသည် မသိပါ။ သီလရှင်ဝတ်ဖြင့် ဖြစ်နေပြီး အမေသင်းသည်လည်း အဖေ့အသံကို ကြားလေရော့ထင့်။ သူ၏ ပုခုံးထက်မှ တဘက်စကလေးနှင့် မျက်ရည်သုတ်နေသည်။ အခြားသူများကိုတော့ ကျွန်တော် သတိမမူမိပါ။ 
 ကျွန်တော်တို့ အိမ်သည် ရွာ၏ အစွန်ဆုံးအိမ်ဖြစ်၍ ကျွန်တော်တို့ရွာ၏ သုသာန်မှာ ကျွန်တော်တို့အိမ်၏ ခြေရင်းဘက် မလှမ်းမကမ်းရှိ တောစပ်တွင်ရှိသည်။ ယင်းကြောင့် အဖေသည် ကျွန်တော့်မိခင် မြေမြှုပ်ခဲ့ရာ သုသာန်ဘက်သို့ မျက်နှာမူပြီး မချိတင်ကဲဖြင့် ကျွန်တော့် မိခင်ကို တမ်းတ ပြောပြနေခြင်း ဖြစ်ဟန်တူပါသည်။ 
 ဤဖြစ်ရပ်ကလေးကား ကျွန်တော်၏ လူ့ဘ၀တစ်လျှောက်တွင် စတင်မှတ်မှတ်ရရ ဖြစ်ခဲ့ရသော အဖြစ်အပျက်ကလေးပင်။ ကျွန်တော် စတင်မှတ်မိသည့် ဘ၀အစကား ကျွန်တော့်ဖခင် ဦးစံဖေ၏ နှလုံးသားတွင် မချိတင်ကဲ ခံစားရရှာသည့် နေ့တစ်နေ့ဟု ဆိုပါလျှင် မှားအံ့မထင်ပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...