မွန်းကြပ်နေတဲ့ ၅ မီတာ ၊ ၃ မီတာ အခန်း လေးကနေ ပြတင်းပေါက် ခေါင်းပြူ
ကြည့်လိုက်တော့ ပတ်ဝန်းကျင်မှာ သစ်ပင်တွေ က သစ်ရွက်စိမ်းစိမ်းလေးတွေ
ဖါးလျားချထားတယ် ။ ရစ်သိုင်းလာတဲ့ လေပြေရိုင်းလေးတွေကိုအားပါးတရ
ရှူရှိုက်ပစ်လိုက်တော့ ကျွန်တော် ကို ကျွန်တော်အားရှိသွားသလိုခံစားလာရတယ် ။ စိတ်ထဲမှာ လည်း ဒီညနေတော့ ငါ အပန်းဖြေရင်း အပြင်လမ်းလျှောက်ထွက်မယ်ဆိုပြီး
ဆုံးဖြတ်ချက်ချလိုက်တယ် ။
အဆောင် က နေထွက်လာတော့ ကားလမ်းကူးဖို့ စောင့် နေတဲ့
အဖွားအိုတစ်ယောက် ကို ခပ်လှမ်းလှမ်း ကနေ လှမ်းတွေ့ရတယ် ။ သူ့ လက်ထဲမှာ
ကိုင်ထားတာလည်း ဆွဲထားတဲ့အထုပ်က နည်းနည်းလေးပုံပေါ်ပါတယ် ။ အောက်ကို
တွဲကျနေတယ် ။ သူရပ်စောင့်တဲ့ နေရာက လူကူးမျဉ်းကြားမဟုတ်ပါဘူး ။ ဒါမဲ့
ကားသမားက အရှိန်လျော့ပြီး ရပ်ပေးပြီးတော့ ကူးကူးဆိုပြီး လက်လှမ်းပြတယ် ။
ကျွန်တော် အဖွား ဆီက အထုပ်ကိုကူဆွဲလို့ ကျွန်တော်ပါအတူလိုက်ကူးလိုက်တယ် ။ လမ်းတစ်ဖက်ရောက်တော့ အဖွားအို က ကျွန်တော့်ကိုကျေးဇူးတင်ပါတယ်တဲ့ ။ ကျွန်တော်လည်း ကားသမားကို စိတ်ထဲ ကနေ "ကျေးဇူးတင်ပါတယ်" လို့ လှမ်းပြောလိုက်မိတယ် ။
ပန်းခြံဖက်ကိုလျှောက်မယ်စိတ်ကူးပြီးမှ သူငယ်ချင်းဆေးလိပ်ဗူးမှာလိုက်တာကိုသတိရပီးတော့ ဈေးဆိုင်ထဲကိုလှမ်းခဲ့လိုက်တယ်
။ ပေါင်မုန့် ၁၁ ရူဘယ်တန် ခပ်ကြမ်းကြမ်းတစ်ထုပ် နဲ့ အခမဲ့ ပေးတဲ့
သတင်းစာလေးကို လက်က ကိုင်ပြီး ကောင်တာမှာ ပိုက်ဆံရှင်းတယ် ။ ပြီးတော့
ကျွန်တော့်ကို "ကန့်" ဆေးလိပ်တစ်ဗူးပေးပါလို့ မှာလိုက်တယ် ။ ဈေးရောင်းတဲ့
ကောင်မလေးက ကျွန်တော့်ကို ကြည့်ပါတယ် ။ ပြီးတော့ ဆေးလိပ်က ၁၈
နှစ်မပြည့်ရင်ရောင်းပေးလို့ မရပါဘူးတဲ့ ။ ကျွန်တော်ရီချင်သလိုလိုဖြစ်သွားတယ်
။ "ငါက မင်းထက်တောင်အသက်ကြီးဦးမယ် ..ငါ့အသက် ၂၇ ရှိပြီ" လို့ပြောတော့ ။
"စိတ်မရှိပါနဲ့ ပက်စ်ပို့ပြပါ" တဲ့ ။ ကျွန်တော်လည်း
ပက်စ်ပို့လေးကိုထုတ်ပေးလိုက်တယ် ။ သူ မွေးသက္ကရာဇ်ကိုကြည့်ပြီးတော့ ဆေးလိပ်တစ်ဗူး ကျွန်တော့်ကိုထုတ်ပေးလိုက်တယ် ။
ဆေးလိပ်ဗူးလေးရယ် ၊ ပေါင်မုန့် လေး ရယ် ၊ သတင်းစာလေးရယ် ကိုင်ပြီး
ပန်းခြံထဲကိုဝင်လာခဲ့တယ် ။ ပန်းခြံ အဝင်နားမှာ အရေးပေါ် ကားတစ်စီးရယ် ၊ ရဲ ၂
ယောက်လောက်ရယ်က ရပ်ပြီး ဟိုကြည့်ဒီကြည့်လုပ်နေပါတယ် ။ မြို့ ထဲမှာ
လူစည်စည်ရှိတတ်တဲ့ နေရာတိုင်းမှာ အရေးပေါ် ကား က အဆင်သင့်ဆောင်နေတတ်ပါတယ် ။
ထိခိုက်ဒဏ်ရာ ရပြီဆိုတာနဲ့ အချိန်မှီပို့ဆောင်နိုင်အောင်ပါ
။ ကျွန်တော် သူတို့ဘေးကနေ ကျော်ပြီး ပန်းခြံထဲဝင်တော့ ရဲ တစ်ယောက်က
လှမ်းပြောပါတယ် ။" အများနဲ့ သက်ဆိုင်တဲ့ ကစားကွင်းမှာ
ကလေးသူငယ်တွေလည်းရှိတဲ့အတွက် ဆေးလိပ်သောက်ခွင့်မပြုပါ " တဲ့ ။ "
ငါဆေးလိပ်မသောက်တတ်ဘူး ၊ င့ါသူငယ်ချင်းမှာလိုက်လို့ ဝယ်လာတာ" လို့ပြောပြီး
ဆက်လျှောက်လာခဲ့တယ် ။
ပန်းခြံ ထဲ က အရိပ် နည်းနည်းရတဲ့
နေရာလေးကို ရွေးပြီးထိုင်လိုက်တယ် ။ ပြီးတော့ ပေါင်မုန့်လေးတွေကို
သေးသေးလေးတွေ ဖဲ့ ကျွန်တော့် ရှေ့မှာ ချကျွေးလိုက်တော့ ခိုလေးတွေ ၊
စာကလေးတွေက ကျွန်တော့်ဆီကိုပြေးလာကြတယ် ။ စစချင်းတော့ သူတို့ ကျွန်တော့်
ရှေ့တည့်တည့်ထိ မလာရဲကြဘူး ။ နောက် တဖြည်းဖြည်း ကျွန်တော် ကျွေးသမျှကို
ကျွန်တော့် ခြေထောက်ကြားထိ လာစားကြတယ် ။ ကျွန်တော် ပေါင်မုန့်လေးတွေဖဲ့
ပြီး လက်ဖဝါးပေါ် တင်ပြီး ရှေ့ကို ဆန့်ထုတ်လိုက်တယ် ။ စာကလေးတွေက ကျွန်တော့်
လက်ပေါ် နားပြီး ပေါင်မုန့်ကိုစားနေကြတယ် ။ ကျွန်တော့် စိတ်ထဲမှာ လည်း...
"သြော်... တိရိစ္ဆာန် နဲ့ လူနဲ့ကြားတောင်မှ ယုံကြည်မှုဆိုတာ မေတ္တာတရားတွေ ၊
ရင်းနှီးမှုတွေကနေ စပြီးအခြေခံတည်ဆောက်ရပါလား" လို့ တွေးလိုက်မိတယ် ။
ငှက်ကလေးတွေ ကို ကျွေးစရာပေါင်မုန့် ကုန်သွားပြီဆိုတော့
..ဈေးဆိုင်တွေမှာ ပေးတဲ့ အလကားသတင်းစာလေးကို ထုတ်ပြီး
လျှောက်ဖတ်ကြည့်နေမိတယ် ။ အရိပ်လေးကလည်းအေး ၊ လေကလေး လည်းအေး ဆိုတော့ ..
ဘဝကြီးမှာ ခဏတာအေးချမ်းသွားတာတော့အမှန်ပဲ ။
"ဟေ့ ...မင်းအမှိုက်မင်းပြန်ကောက်... ကြားလားငါပြောတာ" ဆိုတဲ့ အသံ တစ်သံ က ကျွန်တော့် ရဲ့ ဆိတ်ငြိမ်မှုတွေကိုဖြိုခွင်းပစ်လိုက်တယ်
။ အသံ လာရာကို လှမ်းကြည့်မိတော့ ...လွယ်အိတ်စုတ်လေး လွယ်ပြီး
ပုဝါကိုခေါင်းမှာစည်းထားတဲ့ အဖွားကြီးတစ်ယောက်က ၃ နှစ်လောက်
အရွယ်ကလေးလေးတစ်ယောက်ကို ရပ်ပြီး ဆူနေတာပါ ။ ကလေးလေး ကလည်း
ပေစောင်းပေစောင်းနဲ့ သူ့ ရေခဲမုန့် အိတ်ခွံလေးကိုကောက်ပြီး အမှိုက်ပုံးထဲ
ထည့်လိုက်ပါတယ် ။ အဲဒီကျမှ အဖွားကြီး ဟာသူ့လမ်းသူဆက်လျှောက်သွားပါတယ်
။ အတော်လေး နေမှာ ကလေးလေး နဲ့ ခပ်လှမ်းလှမ်းမှာ ထိုင်နေတဲ့ အမေ က
"ဆားရှာလေး" မေမေ့ ဆီလာခဲ့ဆိုပြီး လှမ်းခေါ်သံကြားလိုက်ရပါတယ် ။
လမ်းလျှောက်နေတဲ့ သူစိမ်းတစ်ယောက် က သူ့ကလေးငေါက်နေတဲ့ချိန်မှာ သူ့အမေက
တစ်ခွန်းမှဝင်မပြောပါ ။
ဘေးပတ်ဝန်းကျင်ကို သတိထားပြီးလျှောက်ကြည့်လိုက်တော့
... ရုံးဆင်းချိန် မိသားစု အပန်းဖြေလမ်းလျှောက်လာကြတဲ့ သားမိ၊သားဖတွေ ၊
ကလေးလေး ကို ဘောလုံးပစ်ပေးလိုက် ကလေးကန်တဲ့ခါ ဖမ်းလိုက်လုပ်နေတဲ့ သားအဖ တွေ
၊ ခုံလေးပေါ်ထိုင် နံဖူးချင်ဆိုပြီးတွတ်ထိုးနေကြတဲ့ သမီးရည်းစားလေးတွေ ၊ လက်နှစ်ဖက်ကိုတွဲ ..တောင်ဝှေးတစ်ချောင်းစီထောက်ပြီး
လမ်းလျှောက်နေကြတဲ့ အဖိုး အဖွား စုံတွဲတွေနဲ့ အပန်းဖြေရာပန်းခြံ လေး ဟာ
တကယ်ကိုအသက်ဝင်နေပါတယ် ။ အေးမြတဲ့ လေးလေးတွေ ၊ သစ်ရွက်စိမ်းစိမ်းလေးတွေ၊
ပန်းရောင်စုံလေးတွေ ၊ နွေးထွေးတဲ့ မိသားစုဘဝလေးတွေ ၊ မောင်နှံလေးတွေရဲ့
မေတ္တာ လေးတွေ နဲ့ ကျွန်တော့် စိတ်ကိုငြိမ်းချမ်းသွားစေတာ အမှန်ပါပဲ ။
မှီထားတဲ့ ခုံလေး ကနေ ကျောကို ဆန့် ရင်း အပန်းဖြေထွက်ခဲ့တဲ့ကျွန်တော့် ညနေလေးကိုကျွန်တော်ပြန်တွေးကြည့်နေမိတယ်
။ ပြီးတော့ "ငါတို့ နောက်မျိုးဆက်တွေကျရင်တော့ ဒီလိုလူမှုပတ်ဝန်းကျင်လေး
ပိုင်ဆိုင်နိုင်ကောင်းပါရဲ့ " လို့ မချင့်မရဲ တွေးရင်း ပဲ .... ညနေမှာ
အပန်းဖြေသွားတဲ့ ကျွန်တော် ... အနွမ်းတွေ နဲ့ အခန်းပြန်လာခဲ့တော့တယ် ..။
~~ရုပ်ဆိုး~~
0 comments:
Post a Comment