Friday, June 21, 2013

"မာလာ နှင်းဆီ မြနွယ်" (မင်းလူ)


ဆောင်းမနက်ခင်း ပန်းဖူးကလေးတွေပေါ်မှာ တင်နေသောနှင်းရည်စက်ကလေးများထက်ပင် ကျွန်တော့်မေတ္တာက ပိုသည်။ မနှင်းဆီကို ချစ်ရသောအချစ်ကကိုယ့်ကိုယ်ကိုပင် အံ့ဩယူရလောက်အောင်ပင်ဖြစ်၏။ မိဘအပေါ် ညီအစ်ကိုမောင်နှမအပေါ်၊ သူငယ်ချင်းအပေါ်၊ ချစ်သောအချစ်က တစ်မျိုး၊ ဝေလို့ ငှလို့ မျှလို့ တလို့ရသည်။ သူ့အပေါ်ချစ်သောအချစ်က ဘယ်သူ့မှ မမျှမဝေနိုင်သောအချစ်။
အချိန်ကြာလေများပြားတိုးပွားလေဖြစ်သော ဗေဒါပင်များနှယ်ဖြစ်၏။
ဤနေရာတွင်တစ်ဦးမေတ္တာတစ်ဦးမှာဆိုသော စကားသွက်သွက်ခါအောင် မှားနေသည်ဟု ဆိုရမလိုဖြစ်နေ၏။ မနှင်းဆီကကျွန်တော့်ကိုအလကားနေရင်း မြင်ပြင်းကပ်မိသည်ဟု ပြောကြောင်း ကြားရသူ သူငယ်ချင်းတစ်ယောက်မှတစ်ဆင့် ကျွန်တော်သိရသည်။
သူ့ကိုတော့ ကျွန်တော်မမုန်း၊ ချစ်မြဲချစ်လျက်။

* * * * *

သူ့ကိုမြင်လိုက်ရသည်နှင့် ရင်ထဲမှာ ဒိုင်းခနဲ ခုန်သွားရသည်။ ထိုရုပ်သွင်ကားအိပ်မက်ထဲမှာ အတွေးထဲမှာ ဘယ်လိုမှပုံဖော်မရခဲ့ဖူးသော ဝိုးတဝါး သိသလိုလိုသာ ရှိခဲ့သောကျွန်တော့်နှလုံးသားက မျှော်လင့်စောင့်စားနေခဲ့သော သခင်မပင်တည်း။
မြင်ဖန်များလျှင် ဝေဝါး၍ မစွဲတော့ဟုဆိုကြသည်။ သူ့ကျတော့ ဒီလိုမဟုတ်။ အမြဲတမ်းမြင်ရအောင် သူ့ပုံတူကို ရင်ထဲမှာ ဆွဲ၍သိမ်းမိသည်။ အိပ်မက်ထဲမှာ ညစဉ်မြင်အောင် သိစိတ်က မသိစိတ်ကို ဖြားယောင်းသွေးဆောင်သည်။ အတွေးထဲမှာ ထာဝရခိုအောင်းနေရအောင် ဦးနှောက်ကိုနှလုံးသားက အသနားခံသည်။
ကျွန်တော့်ရင်ထဲ နှလုံးသားထဲ ဦးနှောက်ထဲမှာပင် သိုသိပ်စွာဝှက်ထားသောအချစ်ကို သူဘယ်လိုသိသွားပါလိမ့်။ ဒါကြောင့်သာ ကျွန်တော့်ကို မြင်တိုင်းမျက်နှာထားတင်းတင်းဖြင့် ဣနြေ္ဒပျက်လောက်အောင် ဖြစ်ဖြစ်သွားခြင်းပင်။
ကျွန်တော်အံ့ဩသည်။ အချစ်ကို ဖွင့်မပြောခင်က အမုန်းကိုကြိုတင်ရနေခဲ့သည့်အတွက် ကျွန်တော်ကံဆိုးသည်။ နားမလည်နိုင်အောင်လည်းဖြစ်ရသည်။ တကယ်တော့ သူသည် အစဉ် ရယ်ရယ်ပြုံးပြုံးနေတတ်သူတစ်ယောက်သာဖြစ်၏။ ကျွန်တော့်အပေါ်ကျကာမှ ကွက်၍ မျက်စောင်းကွက်ကျားမိုးရွာတာ စဉ်းစားရခက်လှသည်။
ဒီတော့ ကျွန်တော့်၏မဖွင့်ဟရသေးသောအချစ်ကို မကြေညာမီ ရုပ်သိမ်း၍ သစ်ပုပ်ပင်ကြီးလိုငြိမ်ကုပ်နေရကောင်းမလားပဲ။ သို့ရာတွင် မိုးဦးကျသည်နှင့် ပေါက်ဖွားလာသောမြက်ပင်များကဲ့သို့ပင် တားမနိုင် ဆီးမရချေ။
စစ်တိုက်ခန်းပြနေတုန်း သီချင်းဆိုခန်းပါလာသလိုပင်။
'မနှင်းဆီ'
သူတုံ့ခနဲ့ ရပ်သည်။ ကျွန်တော့်ကိုမြင်လျှင် အံ့ဩခြင်းနှင့်ဒေါသ ဘယ်ဟာမှန်းမသိသောအရိပ်အယောင်တွေသူ့မျက်နှာပေါ်မှာ ပေါ်လာသည်။ သို့တိုင်အောင် ကျွန်တော်ဆက်ပြောရပေမည်။
'ကျွန်တော်ပြောချင်တာတွေကတော့ အများကြီးပါပဲ၊ ဒါပေမယ့် အတိုချုံးပြီးတော့ပဲ ပြောပါရစေ၊ မနှင်းဆီကို ကျွန်တော်ချစ်'
'ဘာပြောတယ်'
'ကျွန်တော့်မေတ္တာကို အသိအမှတ်ပြုဖို့'
'ရှင်ရိုင်းလှချည်လား'
'ကျွန်တော် မနှင်းဆီကို နှောင့်ယှက်သလိုဖြစ်ရင်တောင်းပန်ပါတယ်။ ကျွန်တော့်အနေနဲ့ ဘယ်လိုမှမမျိုသိပ်နိုင်လို့ဖွင့်ပြောရတာပါ'
'ရှင့်ကိုတစ်ခွန်းပဲပြောမယ်၊ နောက်ထပ်ကြိုးစားဦးမယ့် အကြိမ်တွေအတွက်ပါ ကြိုပြီးပြောမယ်ရှင့်ကိုသိပ်မုန်းတယ်၊ မြနွယ်အတွက်ပါ ရောပေါင်းပြီးနှစ်ထပ်ကွမ်း မုန်းတယ်၊ ဒါပဲ'
ဘယ်လိုဆက်စပ်နားလည်ရမှန်းမသိ။
မြနွယ်၏အချစ်ကိုကျွန်တော်ဖောက်ခွဲဖျက်ဆီးပစ်ခဲ့သည်ဟု သတင်းတွေပျံ့လွင့်နေမှန်း နောက်ကျစွာသိခဲ့ရ၏။ တကယ်တော့ မြနွယ်နှင့်ကျွန်တော်ဘာမှမဖြစ်ခဲ့။
သူ့ကိုလည်း မချစ်ခဲ့ဘူးချေ။
သူနှင့် ကျွန်တော်သည် တစ်မြို့တည်းသားသူငယ်ချင်းများသာဖြစ်၏။ ထို့ကြောင့်တစ်မြို့တည်းသားချင်းမို့ ကျွန်တော် သူ့အဆောင်မကြာခဏရောက်သည်။ သူ့ကိုကူညီသည်။ သူခိုင်းတာလုပ်ပေးသည်။ သည့်ထက်မပို။
မြနွယ်ဘက်ကတော့ပိုလာသည်။ ကျွန်တော့်အပေါ်သံယောဇဉ်တွယ်လာကြောင်း ကျွန်တော်သိလာရသည်။ ကျွန်တော် သူ့အဆောင်ကိုသွားသောအခါ ဝမ်းသာရွှင်မြူးစွာ ပြောဆိုနေပုံများ။ သူဈေးဝယ်ထွက်လို့ ကျွန်တော်အဖော်လိုက်သွားလျှင် ချစ်သူနှင့်တွဲသွားရသည့်ဟန်ပန်မျိုး ဖြစ်နေပုံများ ထင်ရှားပေါ်လွင်လာခဲ့ရသည်။ ဘေးလူတွေက ကျွန်တော်တို့နှစ်ယောက်ကို ချစ်သူများအဖြစ် သတ်မှတ်ချင်လာသည်။ ကြာလျှင်ခက်တော့မည်။
သို့ဖြင့်မြနွယ်ကို ကျွန်တော်ရှောင်ရသည်။ သူ့ထံသို့မသွားတော့။ သူကပြောစရာရှိလို့လာပါဦးဆိုပြီး လူကြုံနှင့်မှာသည်။ ကျွန်တော်မသွား။ တစ်ရက်တွင် သူကျွန်တော်တို့အဆောင်ရှေ့မှာ လာစောင့်နေတာကို မြင်သည်။ ကျွန်တော်လုံးဝထွက်မတွေ့ဘဲ အဆောင်ထဲမှာ ပုန်းအောင်းနေလိုက်၏။ ထို့နောက်သူ့ထံမှ နောက်ထပ်ဆက်သွယ်မှုမပြုတော့။
ဒီကိစ္စကိုပြေလည်အောင်ရှင်းပေးနိုင်သူက မြနွယ်တစ်ယောက်တည်းသာရှိ၏။ မြနွယ်သည်လည်း မနှင်းဆီလိုပင် မာလာဆောင်မှာနေသူဖြစ်သည်။ အဆောင်သူငယ်ချင်းမို့အပြောအဆိုတော့ ရှိပေမည်။ အများထင်သလို မဟုတ်ကြောင်း မြနွယ်ကရှင်းပေးနိုင်လျှင် ကိစ္စပြီးပြီ။
ကျွန်တော်သည် မြနွယ်ကို တစ်ချိန်လုံးရှောင်နေသည်။ ခုကိုယ့်ကိစ္စရှိလာတော့မှ တွေ့ရခြင်းအတွက် လိပ်ပြာမလုံလှ။ မြနွယ်ကိုယ်တိုင်ကော ဘယ်လိုနေမည်နည်း။ ဘာမှမဖြစ်ရပါဘဲနှင့် ချစ်သူပစ်မလေးအဖြစ် လူတကာကသနားသဖြင့် ဝိုင်းကြည့်ခြင်းခံရသောအခါ ဘယ်လောက် မခံချိမခံသာ ရှိပါမည်နည်း။
မြနွယ်နှင့်သွားတွေ့သည် မြနွယ်က ကျွန်တော့်ကို အတွေ့မခံကြောင်း အံ့ဩစွာကြုံရသည်။ ကျွန်တော့်ကိုကလဲ့စားချေခြင်းပင်ဖြစ်ရမည်။ သူ့ကို ကျွန်တော်စွန့်ခွာသည့်အတွက် လူတကာ၏ အထင်လွဲမှုကို သူခံရသည်။ ထို့အတွက် သူအရှက်ရမည်။ ကျွန်တော့်ကိုသူစိတ်ဆိုးလိမ့်မည်။ မြနွယ်အကြောင်း ကျွန်တော်သိသည် ကျွန်တော်ဒုက္ခရောက်နေရကြောင်း သူသိလျှင် ဘယ်လိုမှနေနိုင်မည်မဟုတ်။
မြနွယ်ဆီစာရေးသည်။ အဖြစ်အပျက်ကို ပြောပြ၍ ကျွန်တော့်ကိုကူညီရန် မနှင်းဆီကို ရှင်းပြပေးရန် တောင်းဆိုသည်။ စာကိုသူ့သူငယ်ချင်း တစ်ယောက်မှတစ်ဆင့်ပေးခိုင်းလိုက်သည်။ သို့ဖြင့် မနှင်းဆီနှင့် တိုက်ရိုက်တွေ့ဆုံဖြေရှင်းဖို့ ဆုံးဖြတ်လိုက်သည်။
မနှင်းဆီကို တွေ့ခွင့်ရဖို့ဆိုသည်မှာ မလွယ်။ ကျွန်တော့်ကိုမြင်တိုင်း တစ္တေသရဲကိုမြင်သလို ချာခနဲမျက်နှာလွှဲတတ်သည်။ တစ်နေ့တွင် သူ့ကိုကျွန်တော်မိသည်။ သူနှင့်သူငယ်ချင်းတစ်ယောက်တို့ အင်းလျားဘက်လမ်းလျှောက်နေရာမှအပြန်တွင်ဖြစ်သည်။
'မနှင်းဆီ ခဏလောက်'
သူကမရပ်။
'ရှင်နဲ့ပြောစရာမရှိဘူး။ ရှင့်လိုလူနဲ့ ရပ်စကားပြောရင်ကျွန်မပါ သိက္ခာကျတယ်'
ကျွန်တော်သူ့ဘေးက အတင်းကပ်လိုက်သည်။
'ကျွန်တော်တစ်ခွန်းပဲပြောမှာပါ။ ကျွန်တော်နဲ့ပက်သက်တဲ့ သတင်းတွေလုံးဝမမှန်ဘူးဆိုတာ မြနွယ်ကို မေးကြည့်ရင်အားလုံးသိရပါလိမ့်မယ်'
လှောင်ရယ်သံကိုကြားရပြီး
'မေးနေစရာမလိုပါဘူး၊ ရှင်နဲ့ပက်သက်တဲ့ ကိစ္စကို ကျွန်မယုံခဲ့တာက ဟိုလူပြော ဒီလူပြောမဟုတ်ဘူး၊ မြနွယ်ကိုယ်တိုင်ပြောလို့ သိပြီလား'
ရုတ်တရက်မုန်တိုင်းကြီး ကျလာသလိုပင်။


* * * * *

မြနွယ်ကျွန်တော့်ကို လက်စားချေပြီ။ သူကျွန်တော့်အပေါ် ဒီလောက်ပက်ပက်စက်စက် ကြံလိမ့်မည်ဟုကျွန်တော်မထင်။ သူနှင့်တွေ့ပြီး ရှင်းကိုရှင်းရတော့မည်။
သူ့အဆောင်သို့ကျွန်တော်သွားသည်။ သူမရှိတော့။ ကျောင်းပိတ်ဖို့ နှစ်ပတ်ခန့်လိုပါသေးလျက် သူမြို့ပြန်သွားပြီဟု သိရ၏။
ကျွန်တော့်အဖို့ ရေဆုံးရေဖျားလိုက်ဖို့သာရှိတော့သည်။ ကျွန်တော် မြို့ကိုပြန်သည်။ သူ့အိမ်ကို ကျွန်တော်ဝင်ထွက်သွားလာနေကြခြင်းဖြစ်၍ သူနှင့်တွေ့ဖို့ အခက်အခဲရှိမည်မထင်။
သို့ရာတွင်အံ့ဩစရာကြုံရသည်။ သူမြို့ကိုပြန်လာခြင်းမဟုတ်။ လုပ်အားပေး လိုက်သွားမည်ဖြစ်၍ ဒီတစ်ခါကျောင်းပိတ်ရက်တွင် အိမ်ပြန်လာမည်မဟုတ်ကြောင်း သူ့မိဘတွေဆီ စာရေးလိုက်သည်ဟုသိရ၏။
'ဒါတွေမင်းမသိဘူးလား၊ မင်းနဲ့မတွေ့ဘူးလား၊ မင်းကိုသမီးကဘာမှမပြောဘူးလား'ဆိုသော အလွန်ဖြေရခက်သည့်မေးခွန်းများကို ယုတ္တိရှိအောင်ပြန်ဖြေနိုင်ခဲ့ခြင်းအတွက်ပင် ကိုယ့်ကိုယ်ကိုကျေးဇူးတင်ရသေးတော့သည်။
ကျွန်တော်ဘာလုပ်ရမည်နည်း။ ဘာမှမလုပ်ချင်တော့။ ဖြစ်လာသမျှလည်စင်းခံလိုက်ဖို့သာရှိတော့သည်။ ရှင်းလို့လည်းရတော့မည်မဟုတ်။ ပတ်ဝန်းကျင်က ကျွန်တော်သည် မြနွယ်ကိုရက်စက်စွာ အသည်းခွဲခဲ့သူအဖြစ် တစ်ထစ်ချယုံကြည်နေကြပြီ။
ကျွန်တော်တို့မြို့သို့ သတင်းရောက်မလာသေးခြင်းကိုပင် တော်သေးသည်ဟု ယူဆရသည်။ မြို့မှာသာ ဒီသတင်းဖြစ်ပေါ်လျှင် ကျွန်တော်နေစရာရှိတော့မည်မဟုတ်။

* * * * *

ကျောင်းပိတ်ရက်များကို ခက်ခဲပင်ပန်းစွာကူးခတ်ကျော်လွှားနေရသည်။ မနှင်းဆီကို သတိရလိုက်သည်မှာဖျပ်ဖျပ်လူးနေ၏။ မြနွယ်ကိုကော။ မြနွယ်ကို အစကစိတ်ဆိုးသည်။ နောက်စိတ်မဆိုးချင်တော့။ စိတ်ဆိုးနိုင်သောအားအင်လည်းမရှိတော့။ ကျွန်တော်သည် ခြေကုန်လက်ပန်းကျနေသည်။
ဒီလိုနှင့် ကျောင်းဖွင့်ရက်ကိုရောက်လာသည်။ ကျွန်တော်ကျောင်းကိုပြန်မသွားချင်တော့။ ကျောင်းကို ရောက်သည်နှင့် သစ္စာမဲ့သူအဖြစ် ဝိုင်းဝန်းကြည့်ရှုသည့်မျက်လုံးများနှင့် ရင်ဆိုင်ရမည်။ ထိုဒဏ်ကို ကျွန်တော်မခံနိုင်။
ကျောင်းဖွင့်၍ ဆယ်ရက်ခန့်လွန်လာသည်အထိကျွန်တော်မသွားဖြစ်။ ကျွန်တော့်အုပ်ထိန်းသူများဖြစ်ကြသော အစ်မနှင့်ယောက်ဖတို့ကိုဖြစ်သမျှအကြောင်း အားလုံးပြောပြသည်။ သူတို့က ကျောင်းပြန်တက်ဖို့သာပဲ တွင်တွင်တိုက်တွန်းသည်။ ကျွန်တော်ကတော့နေမြဲနေဆဲ။
ထိုစဉ် မြနွယ်ဆီက စာတစ်စောင်ကိုရသည်။

* * * * *

နင်ကျောင်းကိုပြန်မလာတာ သိရတော့ ငါသိပ်စိတ်ထိခိုက်သွားရတယ်။ နင်ခုလို ဒုက္ခခံစားနေရတာဟာ ငါ့အပြစ်တွေချည်းပါပဲ။ ငါမရှက်မကြောက်ပြောပါရစေတော့။ နင့်ကိုငါ သိပ်တွယ်တာမိခဲ့တယ်။ ငါထင်သလိုဖြစ်မလာတော့ ငါသိပ်ခံစားရတယ်။ လူတွေကငါ့ကို ချစ်သူပစ်မလေးဆိုပြီး ဝိုင်းသနားလာကြတဲ့အခါ ငါ့စိတ်ထဲမှာတစ်မျိုးဖြစ်လာတယ်။ နင့်အချစ်ကို မရခဲ့ပေမယ့် နင့်ရဲ့စွန့်ခွာပစ်ပြေးခြင်းခံရတဲ့ လူတစ်ယောက်လို လူတွေက ထင်တာကို သာယာလာမိတယ်။ နောက်ဆုံးမနှင်းဆီကိုတောင် နင်ကငါ့ကိုစွန့်ပစ်ခဲ့ပါတယ်လို့ ပြောမိတဲ့အထိဖြစ်သွားတယ်။ စိတ္တဇဝေဒနာတစ်မျိုးစွဲကပ်ခဲ့တယ်လို့ ဆိုချင်လည်းဆိုပါတော့။ ဒါပေမယ့် ခုလိုနင်ဒုက္ခရောက်နေတာမြင်တော့ ငါမကြည့်ရက်တော့ဘူး။ ငါလုပ်ခဲ့တာတွေဟာ ဘာမှအကျိုးမရှိဘူးဆိုတာလဲ သိလာတယ်။ ဒါကြောင့် မနှင်းဆီကို အကြောင်းစုံရှင်းပြလိုက်ဖို့ ဆုံးဖြတ်ပြီးပါပြီ။ နင်ကျောင်းပြန်တက်ပါ။ နင့်အတွက်အားလုံးပြေလည်သွားမှာပါ။
ထိုစာကိုဖတ်ပြီးကျွန်တော်ဝမ်းသာသင့်သည်ဖြစ်၏။ သို့ရာတွင်ဝမ်းမသာနိုင်။ ထိုစာ ရောက်မလာမီနှစ်ရက်အလိုမှာပင် သတင်းစာထဲမှာ မနှင်းဆီ၏ စေ့စပ်ကြောင်းလမ်းခြင်းကြော်ငြာကို တွေ့ခဲ့ပြီးဖြစ်သောကြောင့်ပင်။
ဘယ်သူ့ကိုမှ အပြစ်မတင်ချင်တော့။ ကံကိုသာဝမ်းနည်းတော့သည်ဟု ပြောရုံသာရှိ၏။ ဝတ္ထုတွေ ရုပ်ရှင်တွေလို မြနွယ်၏အချစ်ကို သဘောပေါက်နားလည်ပြီး ပြန်လည်ပေါင်းထုပ်ကြဖို့ဆိုသည်မှာလည်း စိတ်ကူးယဉ်ဆန်လွန်းလှသည်။
ကျွန်တော့်အဖို့အခံစားရဆုံးကိစ္စကတော့ မြနွယ်နှင့်ဖြစ်ပျက်ခဲ့သည်ဆိုသော သတင်းသာမပေါ်ပေါက်ခဲ့လျှင် မနှင်းဆီက ကျွန်တော့်အချစ်ကို လက်ခံနိုင်လောက်သည်ဟု ကြားသိခဲ့ရခြင်းပင်။ သို့ရာတွင် ကျွန်တော့်အချစ်သည် ပြက္ခဒိန်ဟောင်းတစ်ခုလိုသာဖြစ်၏။ ရှိမြဲရှိနေသော်လည်း ဘာမှအသုံးမဝင်တော့ပါပြီ။


မင်းလူ
-----------
ပန်းဝေသီ၊
ဒီဇင်ဘာ၊ ၁၉၈

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...