ကျေးဇူးပြုပြီးတော့ဗျာ ကျွန်တော့်ကို ကျွန်တော့်နာမည် အမှန်တွေနဲ့ ခေါ်ကြပါ
မနက်ဖြန် ကျွန်တော် မရှိတော့ဘူးရယ်လို့ မပြောကြပါနဲ့
ဒီကနေ့ထိ “ကျွန်တော်” ရောက်လာနေတုန်းမို့
အသေအချာ ကြည့်စမ်းပါ၊ စက္ကန့်တိုင်း ကျွန်တော် ရောက်လာတာ
နွေဦးသစ်ကိုင်းပေါ်က အဖူးကလေးတစ်ခုပါ
အကောင်ပေါက်စ ဌက်ကလေး တစ်ကောင်ရယ်ပါ
အသိုက်သစ်မှာ သီချင်းဆိုဖို့ရာ။
ပန်းတစ်ပွင့်ရဲ့ နှလုံးသားထဲက ပိုးတုံးလုံးတစ်ကောင်
ကျောက်တုံးတစ်တုံးထဲ ပုံးနေတဲ့ ကျောက်မျက်ရတနာ။
“ကျွန်တော်” ရောက်လာနေတုန်းပဲ၊ ရယ်မောဖို့နဲ့ ငိုကြွေးဖို့ရယ်
ကြောက်ဖို့နဲ့ မျှော်လင့်ဖို့ရယ်
ကျွန်တော့်နှလုံးသား စည်းချက်က မွေးလာခြင်းနဲ့ သေဆုံးခြင်းပါ
အသက်ရှိ အရာအားလုံး ဒီအတိုင်းပဲ မဟုတ်လားဗျာ။
ကျွန်တော်ဟာ မြစ်ရေပြင်ပေါ်က
အသွင်ပြောင်းနေတဲ့ အင်းဆက်
ပြီးတော့လည်း ကျွန်တော်ဟာ နွေဦးရာသီမှာ
အဲသည် အင်းဆက်ကို စားဖို့ အချိန်မီရောက်တဲ့ငှက်။
ကျွန်တော်ဟာ ရေအိုင်တစ်ခုက ကြည်လင်နေတဲ့ ရေထဲမှာ
ပျော်ပျော်ကြီး ကူးနေတဲ့ဖား
ပြီးတော့လည်း ကျွန်တော်ဟာ အဲသည် ဖားကို ငြိမ်ငြိမ်လေး မျိုနေတဲ့
မြက်လျှောမြွေပါ။
ကျွန်တော်ဟာ အရိုးပေါ်အရေတင် ယူဂန္ဓာက ကလေး
ကျွန်တော့်ခြေထောက်တွေက ဝါးတေူတွေလို ပိန်လှီတာ
ပြီးတော့လည်း ကျွန်တော်ဟာ လက်နက်ကုန်သည်ရယ်
ယူဂန္ဓာကို လက်နက်ရောင်းနေတာ။
ကျွန်တော်ဟာ ၁၂ နှစ်သား ကောင်မလေး
လှေငယ်တစ်စင်းပေါ်က ဒုက္ခသည်ရယ်
ပင်လယ်ဓားပြတစ်ယောက်က မုဒိမ်းကျင့်တာကြောင့်
ပင်လယ်ထဲ ခုန်ချခဲ့တယ်
ပြီးတော့လည်း ကျွန်တော်ဟာ ပင်လယ်ဓားပြရယ်
နှလုံးသားမှာ သိမြင်ဖို့နဲ့ ချစ်ခင်ဖို့ မတတ်နိုင်တဲ့သူပါ။
ကျွန်တော်ဟာ ပေါလစ်ဗျူရိုကြီး
အာဏာတွေ အများကြီးနဲ့ပ
ပြီးတော့လည်း ကျွန်တော်ဟာ ကျွန်တော့်လူတွေအတွက်
သွေးကြွေးပေးဆပ်ဖို့ ရဲဘက်စခန်းမှာ
တဖြည်းဖြည်း သေနေတဲ့သူပါ။
ကျွန်တော့် အပျော်အရွှင်က နွေဦးလို နွေးနေတာ
ကမ္ဘာမြေအနှံ့ ပန်းတွေပွင့်အောင် လုပ်မှာ
ကျွန်တော့် အနာအကျင်ကတော့ မျက်ရည်မြစ်ကြီးပါ
သမုဒ္ဒရာလေးစင်း ပြည့်သွားမှာ။
ကျေးဇူးပြုလို့ ကျွန်တော့်ကို ကျွန်တော့် နာမည်အမှန် ခေါ်ကြပါဗျာ
ဒါမှသာ ကျွန်တော့် ငိုသံနဲ့ ရယ်သံကို ချက်ချင်း ကြားနိုင်မှာ
ဒါမှသာ ကျွန်တော့် အပျော်အရွှင်နဲ့ အနာအကျင်ဟာ တစ်ခုတည်းဖြစ်ကြောင်း
ကျွန်တော်သိမှာ။
ကျေးဇူးပြုလို့ ကျွန်တော့်ကို ကျွန်တော့်နာမည်အမှန် ခေါ်ကြပါဗျာ
ဒါမှသာ ကျွန်တော် နိုးလို့
ကျွန်တော့် နှလုံးသားတံခါး ပွင့်နိုင်မှာ
အကြင်နာ တံခါးပါ။
သစ်နော့ဟန်
(ကိုတာ မြန်မာပြန်)
0 comments:
Post a Comment