Friday, December 23, 2011

မီဒီယာဥပဒေ “တစ်ဖက်သတ်မဖြစ်စေရ” ဟု လွှတ်တော် ကော်မတီ ဥက္ကဋ္ဌအာမခံ Chairman of Parliament committee guarantee Media Law to be fair

by Yangon Press International on Friday, December 23, 2011 at 7:21pm
ရန်ကုန်၊ ဒီဇင်ဘာ ၂၃၊ ၂၀၁၁ (YPI)


 ပြန်ကြားရေးဝန်ကြီးဋ္ဌာနမှ ရေးဆွဲလျက်ရှိသော မီဒီယာ ဥပဒေကြမ်းကို လွှတ်တော်တွင်းသို့ တင်သွင်းဆွေးနွေးလာသည့်အခါ ဥပဒေ တစ်ဖတ်သတ်မဖြစ်စေရေးအတွက် ၎င်းအနေဖြင့် အာမခံကြောင်း ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌက ကော်မတီနှင့် မီဒီယာ ယနေ့တွေ့ဆုံပွဲ၌ ပြောကြားလိုက်သည်။


“တစ်ဖတ်သတ်မဖြစ်စေရပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့သွားတဲ့ လမ်းကြောင်းကိုက အဲဒီလမ်းကြောင်း မဟုတ်တော့တဲ့ အတွက်ကြောင့်ပါ။ လုံဝမဖြစ်စေရပါဘူး။ ကျွန်တော်တို့ အာမခံပါတယ်’’ဟု အဆိုပါကော်မတီ ဥက္ကဋ္ဌ သူရဦးအေးမြင့်က ပြောကြားသည်။

မီဒီယာဥပဒေရေးဆွဲခြင်းကဲ့သို့သော ကိစ္စမျိုးသည် ပွင့်လင်းမြင်သာမှုရှိရမည့် ကိစ္စမျိုးဖြစ်ပြီး မည်သည့်အကြောင်းကြောင့်မှ ကွယ်ဝှက်ထားရန်မလိုကြောင်း၊ ထို့ကြောင့် အဆိုပါဥပဒေမူကြမ်းကို ၄င်းတို့ကော်မတီ အနေဖြင့် ရရှိလာပါက တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ရန် မီဒီယာသမားများထံသို့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သူရဦးအေးမြင့်က ဖြည့်စွက်ပြောဆိုသည်။

ကော်မတီဝင် ဦးခိုင်မောင်ရည်ကလည်း ကော်မတီအနေဖြင့် မီဒီယာသမားများရှေ့တွင် ရပ်တည်သွားမည်ဖြစ်ကြောင်း ကို ပြောကြားခဲ့သည်။

ထိုသို့ပြောကြားခဲ့ခြင်းများနှင့်ပတ်သတ်ပြီး ၀ါရင့်သတင်းစာဆရာတစ်ဦးဖြစ်သူ ဦးသီဟစောက ကြိုဆိုကြောင်း YPI သို့ ပြောသည်။

“တကယ်ဖြစ်လာမယ်ဆိုရင်တော့ တော်တော်လေးကောင်းပါတယ်။ သူတို့ကော်မတီိက တော်တော်ကောင်းပါတယ်။ ရုပ်ရှင်၊ စာနယ်ဇင်းတွေက စာတမ်းတင်တာကို လက်ခံပေးပြီး လွှတ်တော်ထဲမှာပြောပေးမယ်ဆိုတာကိုက လွှတ်တော်အမတ်တွေအနေနဲ့ တာဝန်ကျေပါတယ်’’ဟု ၄င်းကဆိုသည်။

ကော်မတီအနေဖြင့် မီဒီယာဥပဒေအား တစ်ဘက်စောင်းနင်းမဖြစ်စေရန် အာမခံသည်ဆိုသော်လည်း ဖြစ်နိုင်ချေရှိမရှိဆိုသည်မှာ ကော်မတီအနေဖြင့် လွှတ်တော်အတွင်း မည်မျှအထိပြင်လို့ရမည်၊ လွှတ်တော်အတွင်းတွင် ကော်မတီ၏ အသံက ဘယ်လောက်အစွမ်းထက်မည် စသောအချက်များပေါ်တွင် မူတည်မည်ဖြစ်ကြောင်းနှင့် လွှတ်တော်အတွင်းတွင်လည်း ဟိုဘက်၊ ဒီဘက်အင်အားစုများရှိနိုင်ကြောင်း ဦးသီဟစောက သူ၏ အမြင်ကို ဖြည့်စွက်ပြောပြသည်။



ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာဝိုင်းကမူ ယခုအာမခံချက်များမှာ ဖြစ်နိုင်လိမ့်မည်ဟု ၎င်းအနေဖြင့် ထင်မြင်မိကြောင်းနှင့် ယနေ့တွေ့ဆုံပွဲအပေါ်တွင်လည်း ယုံကြည်မှုအပြည့်အ၀ရှိကြောင်း ပြောကြားခဲ့သည်။

“အခုအချိန်မှာ ကျွန်တော်တို့က မိဘမဲ့သားတွေလိုဖြစ်နေတယ်။ ပြန်ကြားရေးဝန်ကြီးဋ္ဌာနအနေနဲ့ မီဒီယာဥပဒေကို ရေးဆွဲတဲ့နေရာမှာ ကျွန်တော်တို့ကို အသိပေးပြီးရေးဆွဲရမှာ။ သို့သော်ငြားလည်း မိဘက ပစ်ပယ်ထားတဲ့ ကျွန်တော်တို့ကို သူတို့ (ကော်မတီ) က သနားကြင်နာစောင့်ရှောက်ပေးလိုစိတ်ရှိတယ်လေ။ ဒီလူတွေကို အကြွင်းမဲ့ယုံကြည်ပါတယ်’’ ဟု ၎င်းကဆိုသည်။

ရန်ကုန်ဟိုတယ်တွင် နံနက် ၉း၀၀ နာရီမှ နေ့လည် ၂း၀၀ အထိ ကျင်းပသော အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီဝင် ၈ ဦးတက်ရောက်ခဲ့ပြီး မီဒီယာသမားများဘက်မှ စာနယ်ဇင်းသမားများ၊ ရုပ်ရှင်လောကမှ ပုဂ္ဂိုလ်များ၊ ဂီတပညာရှင်နှင့် သဘင်ပညာရှင်အပါအ၀င် စုစုပေါင်း ၄၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

ယနေ့ တွေ့ဆုံပွဲတွင် တင်သွင်းဖတ်ကြားသည့် စာတမ်းများ၊ ဆွေးနွေးချက်များကို ပြည်သူ့လွှတ်တော်၌ မီဒီယာဥပဒေကို ဆွေးနွေးသည့်အခါတွင် ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ကော်မတီဝင်များကဆိုသည်။

မီဒီယာဥပဒေကို  ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲလျက်ရှိပြီး နောင်နှစ်ဆန်းတွင်ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးကာ အတည်ပြုပြဋ္ဌာန်းမည် ဟုမျှော်လင့်ရသည်။



မကြာမီက စာပေစိစစ်ရေး ညွှန်ကြားရေးမှူးဟောင်းနှင့် လက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဒုညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက နောင်နှစ်ဝန်းကျင်တွင် စာပေစိစစ်ရေးဋ္ဌာန ရှိတော့မည်မဟုတ်ကြောင်း ပြည်ပသတင်းဋ္ဌာန တခုကမေးမြန်းစဉ်ပြောဆိုခဲ့သည်။     ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...