Monday, December 12, 2011

ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး

by Zaw Min Oo on Monday, December 12, 2011 at 7:35pm

အင်္ဂလိပ်ဘာသာဖြင့် ၁၉၉၁ ခုနှစ်၌ ထုတ်ဝေသော စာအုပ်မှ စာမျက်နှာ ၁၈၀ -၁၈၅ ကို မြန်မာပြန်သည်။
* * *

          လူတို့အား အဂတိလိုက်စားဖောက်ပြားစေသည်မှ အာဏာမဟုတ်၊ စိုးရိမ်ကြောက်ရွံ့ခြင်းပင်ဖြစ်ပါသည်။ အာဏာလက်လွှတ်ရမည်ကို ကြောက်ရွံ့ခြင်းသည် အာဏာလက်ကိုင်ထားသူတို့အား ဖောက်ပြန်စေပြီး အာဏာ၏ ဒဏ်ချက်ကို ကြောက်ရွံ့ခြင်းသည် အာဏာလက်အောက်ခံတို့အား ဖောက်ပြားစေသည်။ မြန်မာအများစုသည် အဂတိတရားလေးပါးနှင့် အကျွမ်းတဝင်ရှိကြပါသည်။ အလိုဆန္ဒကြောင့် ဖောက်ပြန်မှု (ဆန္ဒာဂတိ) ဟူသည်မှာ တံစိုးလက်ဆောင်လိုချင်၍၎င်း၊ မိမိချစ်ခင်သူများ အကျိုးအတွက်၎င်း၊ မှန်ကန်သောလမ်းကြောင်းမှ သွေဖီသွားခြင်းပင် ဖြစ်ပါသည်။ (ဒေါသာဂတိ) ဆိုသည်မှာ မိမိမုန်းတီးသူများကို ရန်ငြိုးလုပ်လိုသဖြင့် လမ်းမှားသို့ ရောက်သွားခြင်း ဖြစ်ပါသည်။ (မောဟာဂတိ) ဆိုသည်မှာ မသိနားမလည်မှုကြောင့် ဖောက်ပြန်သွာခြင်းဖြစ်ပါသည်။
သို့သော်လည်း ဤဂတိလေးပါးထဲတွင် အဆိုးဝါးဆုံးမှာ (ဘယာဂတိ) ဖြစ်ဖွယ်ရာရှိပါသည်။ အကြောင်းမှာ ကြောက်ရွံမှု (ဘယာ) သည် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်သည့် စွမ်းရည်အားလုံးကို နစ်မွန်းအောင်ပြု၍ တဖြေးဖြေး ပျက်စီးစေသည့်အပြင် အခြားအဂတိသုံးပါး၏ မူလအရင်းအမြစ်လည်း ဖြစ်တတ်ပါသည်။
          လောဘသက်သက်ကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ပါက ဆန္ဒာဂတိသည် ချို့တဲ့မည်ကို ကြောက်ရွံ့ခြင်း၊ မိမိချစ်ခင်သူများ၏ မေတ္တာ၊ စေတနာဆုံးရှုံးမည်ကို ကြောက်ရွံ့ခြင်း စသည်တို့ကြောင့် ဖြစ်ပေါ်လာနိုင်သကဲ့သို့ မိမိထက် သာသွားမည်ကို ကြောက်ရွံ့ခြင်း၊ အနှိမ်ခံရမည်ကို ကြောက်ရွံ့ခြင်း၊ နစ်နာမည်ကို ကြောက်ရွံ့ခြင်း စသည်တို့ကလည်း ဒေါသာဂတိကို ဖြစ်စေပါသည်။ ကြောက်ရွံ့မှု အချုပ်အနှောင်မှ လွတ်ကင်းစွာ အမှန်တရားကို လွတ်လွတ်လပ်လပ် မရှာနိုင်မခြင်း မောဟကို ဖယ်ထုတ်ရန် ခက်ခဲမည်ဖြစ်ပါသည်။ ကြောက်ရွံ့နေရသော လူ့အဖွဲ့အစည်းတိုင်းတွင် ဖောက်ပြန်မှုမျိုးစုံတို့သည် နက်ရှိုင်းစွာ အခြေစိုက်လာပါသည်။
          ၁၉၈၈ ခုနှစ် ကျောင်းသားဆန္ဒပြပွဲများမှ စတင်ခဲ့သော မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှု၏ အဓိကအကြောင်းရင်းသည် စီးပွားရေးအခက်အခဲ အကြပ်အတည်းများအပေါ် ပြည်သူလူထုက မကျေနပ်ချက်ပင် ဖြစ်သည်ဟု အများက ယူဆကြပါသည်။ စပ်ဟပ်၍မရသော လမ်းစဉ်များ၊ မဆီလျော်သော အရေးယူဆောင်ရွက်မှုများ၊ တနေ့တခြားတိုးပွားနေသော ငွေကြေးဖောင်းပွမှု၊ ဝင်ငွေ၏ ဝယ်အားကျဆင်းမှု စသည်တို့ နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့သဖြင့် တပြည်လုံး စီးပွားရေးကစဥ့်ကလျားဖြစ်နေရသည်မှာ မှန်ပါသည်။ သို့သော်လည်း ရိုးရာဓလေ့အရ သဘောကောင်းပြီး ဆိတ်ငြိမ်စွာနေတတ်သော ပြည်သူတို့၏ သည်းခံနိုင်မှုတရား ပျက်ပြားသွားရခြင်းမှာ လက်ခံနိုင်လောက်သော လူနေမှုအဆင့်အတန်းကို ရရှိနိုင်ရန်ပင် ခက်ခဲစွာ ရုန်းကန်လှုပ်ရှား ရ၍သာမဟုတ်၊ ကြောက်ရွံ့မှု၊ ဖောက်ပြန်မှုတို့ကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေရသည့် ဘဝ၏ ရှက်ဖွယ်ရာ အနေအထားကြောင့်လည်းဖြစ်ပါသည်။ ကျောင်းသားများသည် ၎င်းတို့၏ အပေါင်းအဖော်များ သေဆုံးရသည်ကိုသာ ကန့်ကွက်ဆန္ဒပြနေသည်မဟုတ်ဘဲ ပစ္စုပန်ဘဝကို အဓိပ္ပာယ်ကင်းမဲ့စေပြီး အနာဂတ်အတွက်လည်း မျှော်လင့်ချက်မပေးနိုင်သော အာဏာရှင်စနစ်က ၎င်းတို့၏ အသက်ရှင်သန်ပိုင်ခွင့်ကိုပင် ငြင်းဆန်နေသည်ကို ကန့်ကွက်နေကြခြင်းဖြစ်ပါသည်။ ထို့ပြင် ကျောင်းသားတို့၏ ကန့်ကွက်တောင်းဆိုမှုများသည် ပြည်သူလူထု၏ မချင့်မရဲ မခံချင်စိတ်များကို ပီပီသသ ထုတ်ဖော်ပြောဆိုနေသကဲ့သို့ ဖြစ်လေရာ ဆန္ဒပြပွဲများသည် နိုင်ငံတဝှမ်း လျင်မြန်စွာ ပြန့်နှံ့သွားပါသည်။ ဤလှုပ်ရှားမှုကို စိတ်အထက်သန်ဆုံး ကူညီထောက်ခံကြသူများထဲတွင် စီပွားရေးလုပ်ငန်းရှင် အချို့လည်း ပါဝင်ပါသည်။ ၎င်းတို့သည် ဖောက်ပြန်သောစနစ်တွင် ရှင်သန်ရပ်တည်နိုင်ရေး အတွက်သာမက ကြီးပွားချမ်းသာရေးအတွက် လိုအပ်သော ကျွမ်းကျင်မှုနှင့် အဆက်အသွယ်များ ရရှိထားကြသူများပင် ဖြစ်ပါသည်။ သို့သော်လည်း ၎င်းတို့၏ ကြွယ်ဝချမ်းသာမှုက ၎င်းတို့ကို စစ်မှန်သော လုံခြုံမှုကိုသော်၎င်း၊ ကျေနပ်မှုကိုသော်၎င်း မပေးနိုင်ပါ။ တိုင်းသူပြည်သားအားလုံး ဆင်းရဲချမ်းသာမရွေး ထိုက်ထိုက်တန်တန် အသက်ရှင်သန်လိုသည်ဆိုပါက တာဝန်ရှိသော အုပ်ချုပ်ရေးစနစ်တရပ်ကား အနည်းဆုံး လိုအပ်ချက်ဖြစ်သည်ဟု ၎င်းတို့က မသိဘဲမနေနိုင် ဖြစ်လာရပါသည်။ အာဏာရှင်တို့လက်ခုပ်ထဲမှ ရေကဲ့သို့ မလှုပ်နိုင်မရှားနိုင် စိုးရိမ်ကြောက်ရွံ့နေရသော မလုံခြုံသောဘဝကို မြန်မာပြည်သူပြည်သားတို့ ငြီးငွေ့လာကြပါသည်။
လက်ခုပ်ထဲက
ရေဘဝမို့
ငါတို့အေးမြရသော်လည်း…
လက်ခုပ်ထဲက ဖန်ကွဲစတွေ
ငါတို့ဖြစ်လိုက်ချင်ပါဘိ။
(မောင်သာယာ၏ “တော်လှန်ရေးဆိုတာ” မှ)
          အသေးဆုံးသော ဖန်စကလေးများသည်ပင်လျှင် ၎င်းတို့၏ စူးရှချွန်ထက်ပြောင်လက်သော စွမ်းအင်ဖြင့် ၎င်းတို့အား ချေမှုန်းမည့် လက်တို့အန္တရာယ်မှ ၎င်းတို့ကိုယ်၎င်းတို့ ကာကွယ်နိုင်စွမ်းရှိခြင်းသည် ဖိနှိပ်ချုပ်ချယ်မှုအောက်မှ လွတ်မြောက်ရန် ကြိုးစားနေသူများ၏ အရင်းအနှစ်ဖြစ်သော သူရသတ္တိနှင့် ထင်းရှားသော သင်္ကေတများဖြစ်သည်ဟု ယူဆနိုင်ပါသည်။ မိမိကိုယ်မိမိ တော်လှန်ရေးသမားဟု ယူဆပြီး မြန်မာနိုင်ငံ ရင်ဆိုင်နေရသော ပြဿနာများကို အဖြေရှာရာ၌ မနေမနားကြိုးစားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းက “သတ္တိ၊ ဗျတ္တိ ရှိသူများကိုသာ အားမကိုးမူ၍ လူတိုင်းလူတိုင်းပင် မိမိတို့ကိုယ်တိုင် သတ္တိ၊ ဗျတ္တိရှိသော သူရဲကောင်းများဖြစ်အောင် စွန့်စားရပေလိမ့်မည်။ သို့မှသာလျှင် ကျနော်တို့အားလုံး လွတ်လပ်ရေးအစစ်ကို ခံစားခွင့်ရကြပေလိမ့်မည်” ဟု ပြောဆိုခဲ့ပါသည်။ (အလယ်ပစ္စယံ ညီလာခံမိန့်ခွန်း - ၂၀-၁-၄၆)
          နေ့စဉ်ဘဝရပ်တည်ရေးအတွက် ကြောက်ရွံ့နေကြရသော ပတ်ဝန်းကျင်အခြေအနေတွင် မဖောက်ပြန်ရလေအောင် မည်မျှ ကြိုးစားအားထုတ်ရသည်ကို တရားဥပဒေအရအုပ်ချုပ်သော နိုင်ငံများတွင် ကံအားလျော်စွာ နေထိုင်နေရသူများအဖို့ အလွယ်တကူ သိမြင်နိုင်မည်မဟုတ်ပါ။ တရားမျှတသော ဥပဒေဟူသည်မှာ အပြစ်ကျူးလွန်သူတို့ကို မျက်နှာမလိုက်ဘဲ အပြစ်ဒဏ်ခတ်၍ ဖောက်ပြန်မှုကို တားဆီးကာကွယ်ခြင်းသာ မဟုတ်ပါ။ ဖောက်ပြန်သောအလေ့အကျင့်များကို အားမကိုးဘဲ လူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းထားရန်အတွက် အခြေခံလိုအပ်ချက်များကို ပြည်သူတို့က ဖြည့်ဆည်းနိုင်စေမည့် လူ့အဖွဲ့အစည်းကို တည်ထောင်ရာတွင် တရားမျှတသော ဥပဒေများက အထောက်အကူပြုနေခြင်းပင် ဖြစ်ပါသည်။ ဤသို့ တရားမျှတသော ဥပဒေများမရှိသည့် နေရာဒေသများတွင်မူ တရားမျှတမှုနှင့် ဟီရိသြတပ္ပ တရားတို့နှင့် ကိုက်ညီသောကျင့်စဉ်တို့ကို ခုခံကာကွယ်ရန် တာဝန်သည် သာမန်ပြည်သူတို့အပေါ်တွင် ကျရောက်လာပါသည်။ ပြည်သူတို့၏ အဆက်မပြတ် ကြိုးပမ်းမှုနှင့် တည်ကြည်စွာ ခံနိုင်ရည်ရှိမှုများ၏ စုပေါင်းအကျိုးဆက်များသည် ကြောက်ရွံ့မှုကြောင့် ဆင်ခြင်တုံတရားနှင့် အဆိုးအကောင်း သိတတ်သောစိတ်ဓာတ်တို့ ပျက်ပြားနေရသည့်နိုင်ငံတွင် လူသားတို့၏ ဆိုးသွမ်းသော စရိုက်ကိုထိန်းချုပ်ပြီး ၎င်းတို့၏ တရားမျှတမှုနှင့် ညီညွှတ်မှုလိုလားသော စိတ်များကို အားပေးနိုင်မည့် ဥပဒေစည်းမျဉ်းများ စိုးမိုးသော နိုင်ငံအဖြစ်သို့ ပြောင်းလဲနိုင်မည် ဖြစ်ပါသည်။
          အတတ်ပညာ အလွန်အမင်း ထွန်းကားသောခေတ်တွင် တီထွင်ထားသည့် သေစေနိုင်သော လက်နက်များကို အားနည်းသူနှင့် အကူအညီမဲ့သူတို့အား လွှမ်းမိုးကြီးစိုးရာတွင် အင်အားကြီးသူ၊ အာဏာရှိသူနှင့် တရားလက်ကိုင်မရှိသူတို့က အသုံးပြုနိုင်ကြပါသည်။ ထို့ကြောင့် တိုင်းနိုင်ငံ အသီးသီးတွင်၎င်း၊ အပြည်ပြည်ဆိုင်ရာ အဆင့်တွင်၎င်း နိုင်ငံရေးနှင့် ကိုယ်ကျင့်တရားကို ပိုမိုနီးကပ်စွာ ဆက်စပ်ထားရန် အလွန်ပင်လိုအပ်နေပါသည်။ ဘာသာအယူဝါဒမရွေး၊ လူမျိုးမရွေး၊ နိုင်ငံမရွေး လူသားအားလုံး ရပိုင်ခွင့်ရှိသော အခြေခံလွတ်လပ်မှုများနှင့် အခွင့်အရေးများကို မြှင့်တင်ရန် လူတိုင်း၊ အဖွဲ့အစည်းတိုင်း ကြိုးပမ်းအားထုတ်သင့်သည်ဟု ကုလသမဂ္ဂ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းက ထုတ်ပြန်ထားပါသည်။ သို့သော်လည်း လတ်တလောအကျိုးအမြတ်ကို ရေရှည်သာယာဝပြောရေးနှင့် ငြိမ်းချမ်းရေးတို့ထက် ပို၍ ဦးစားပေးသော ကိုယ်ကျိုးရှာအုပ်စုများကို အခြေပြု၍၎င်း၊ ပြည်သူလူထုပေးထားသော လုပ်ပိုင်ခွင့်အပေါ်တွင် အခြေမခံဘဲ အတင်းအဓမ္မလုပ်မှုအပေါ်တွင် တည်ဆောက်ထားသော အစိုးရများရှိနေသမျှကာလပတ်လုံး လူ့အခွင့်အရေးများကို ကာကွယ်၊ မြှင့်တင်ရန်အတွက် အပြည်ပြည်ဆိုင်ရာက စုပေါင်းအရေးယူဆောင်ရွက်ခြင်းဟူသည်မှာ တပိုင်းတစသာ အကောင်အထည်ဖော်နိုင်သော ရည်မှန်းချက်အဆင့်တွင် တည်ရှိနေမည်သာဖြစ်ပါသည်။ လူ့မိသားစုဝင်အဖြစ် ရရှိထားသော မိမိနှင့်ခွဲခြား၍ မရသော အခွင့်အရေးများကို ကာကွယ်ရာတွင် ဖိနှိပ်ချုပ်ချယ်ခြင်း ခံနေကြရသူများက မိမိတို့ အားကိုး၍ ရုန်းကန်ကြိုးပမ်းနေရသည့် နေရာဒေသများမှာမူ ဆက်လက်တည်ရှိနေမည်ဖြစ်ပါသည်။
          အစစ်မှန်ဆုံးသော တော်လှန်ရေးဟူသည်မှာ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးလမ်းကြောင်းကို ပုံဖော်သည့် စိတ်သဘောထားများနှင့် တန်ဖိုးထားမှုများကို ပြောင်းလဲရန် လိုအပ်နေပြီဟူသော အသိမှ ပေါက်ဖွားလာသော စိတ်ဓာတ်တော်လှန်ရေးပင်ဖြစ်ပါသည်။ ရုပ်ပိုင်းအခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် ရှေ့ရှု၍ အစိုးရလမ်းစဉ်များနှင့် ရှိပြီးသား လုပ်ရိုးလုပ်စဉ် ဥပဒေများကိုသာ ပြောင်းလဲရန် ရည်ရွယ်သော တော်လှန်ရေးသည် စစ်မှန်သော အောင်မြင်မှုကို ရယူနိုင်မည်မဟုတ်ပါ။ စိတ်ဓာတ်တော်လှန်ရေး မဆင်နွှဲပါက စနစ်ဟောင်းတွင် မမျှတမှုများကို ဖြစ်ပေါ်စေသည့် အင်အားစုများ ဆက်လက်လှုပ်ရှားနေမည်ဖြစ်၍ ပြုပြင်ရေးနှင့် ကိုယ်ကျင့်တရား ပြန်လည်ရှင်သန်ရေးဖြစ်စဉ်ကို အမြဲတမ်း အန္တရာယ်ပေးနေမည် ဖြစ်ပါသည်။ လွတ်လပ်မှု၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့ကို တောင်းဆိုနေရုံဖြင့် မလုံလောက်ပါ။ ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟဂတိ၊ ဘယာဂတိ တို့ကို တွန်းလှန်ရန် ထာဝရတည်ရှိသော အမှန်တရားအတွက် အနစ်နာခံရန်၎င်း၊ ခိုင်မြဲသော ဇွဲလုံ့လဖြင့် တိုက်ပွဲဝင်ရန်၎င်း အားလုံး တညီတညွှတ် ပြတ်သားစွာ သန္နိဌာန်ချကြရမည် ဖြစ်ပါသည်။
          သူတော်စင်၊ သူတော်ကောင်း ဟူသည်မှာ အပြစ်ကျူးလွန်မှုများ ရှိခဲ့သော်လည်း မကောင်းမှုအကုသိုလ်ကို ရှောင်ကျဉ်ရန် ကြိုးပမ်းရာ၌ ဇွဲ၊ လုံ့လ မလျှော့သူများဖြစ်သည်ဟု အဆိုရှိပါသည်။ ထို့နည်းတူပင် လွတ်လပ်သူဆိုသည်မှာလည်း လွတ်လပ်သောလူ့အဖွဲ့အစည်းကို ထိန်းသိမ်းထားမည့် စည်းကမ်းများကို ကာကွယ်စောင့်ရှောက်ထားနိုင်သော တာဝန်ဝတ္တရားများကို မိမိနှင့် လျော်ကန်သင့်မြတ်ရေးအတွက် မလျှော့တမ်း ကြိုးပမ်းအားထုတ်နေကြသော အဖိအနှိပ်ခံများပင် ဖြစ်ပါသည်။ ပြည့်ဝ၍ ကျဉ်းကျပ်မှုမရှိသော ဘဝကို ရရှိရေးအတွက် လူသားတို့ မျှော်လင့်တောင့်တကြသော အခြေခံလွတ်လပ်မှုများတွင် ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ရေးသည် နည်းလမ်းအဖြစ်၎င်း၊ နောက်ဆုံးပန်းတိုင်အဖြစ်၎င်း ထင်ရှားစွာ ပေါ်လွင်နေပါသည်။ အစိုးရ၏ ခြိမ်းခြောက်မှုမှ လွတ်ကင်းစေရန် အာမခံပေးနိုင်မည့် ဒီမိုကရေစီအဖွဲ့အစည်းများ၊ ခိုင်မာစွာ အခြေစိုက်ထားသော တိုင်းနိုင်ငံကို တည်ထောင်လိုသူများသည် ၎င်းတို့၏ ကြောက်ရွံ့စိတ်၊ လျစ်လျှူရှုစိတ်များမှ လွတ်မြောက်အောင် ပထမဆုံး ကြိုးစားကြရမည် ဖြစ်ပါသည်။
          အပြောနှင့်အညီ အစဉ်ပြုလုပ်လေ့ရှိသော အောင်ဆန်းသည် သတ္တိကို အမြဲတမ်းလက်တွေ့ပြသခဲ့ပါသည်။ ကာယသတ္တိကိုသာမဟုတ်ဘဲ အမှန်တရားကို ပြောဆိုရဲခြင်း၊ ပြောသည့်စကားအတိုင်း ရပ်တည်ခြင်း၊ ဝေဖန်မှုကို လက်ခံခြင်း၊ မိမိ၏ ချွတ်ယွင်းချက်ကို ဝန်ခံခြင်း၊ မိမိ၏ အမှားကို ပြင်နိုင်ခြင်း၊ အတိုက်အခံကို ရိုသေလေးစားခြင်း၊ ရန်သူနှင့် ဆွေးနွေးခြင်း၊ မိမိသည် ခေါင်းဆောင်တဦးဖြစ်သင့်၊ မဖြစ်သင့်ကို ပြည်သူအား ဆုံးဖြတ်ပိုင်ခွင့်ပေးခြင်း စသော စွမ်းရည်သတ္တိများကို လက်တွေ့ပြသခဲ့ပါသည်။ ဤသို့သော ကိုယ်ကျင့်တရားဆိုင်ရာ သတ္တိများကြောင့် အောင်ဆန်းအား မြန်မာတပြည်လုံးက အမြဲတမ်း ကြည်ညိုလေးစားချစ်ခင်နေမည် ဖြစ်ပါသည်။ ၎င်းအား သူရဲကောင်းစစ်သည်တော်အဖြစ်နှင့်သာမကဘဲ တိုင်းပြည်၏ စိတ်ဓာတ်ကို တက်ကြွသန့်စင်စေသည့် စံနမူနာထားအပ်သူအဖြစ် ချစ်ခင်မြတ်နိုးနေကြခြင်းပင် ဖြစ်ပါသည်။ မဟတ္တမဂန္ဒီနှင့်ပတ်သက်၍ ဂျဝါဟလာနေရူး သုံးသွားသောစကားများကို အောင်ဆန်းအကြောင်း ပြောရာတွင်လည်း သုံးနိုင်ပါသည်။ “၎င်း၏ ဆုံးမသြဝါဒများ၏ အနှစ်သာရသည် ကြောက်ရွံ့ခြင်းကင်းမဲ့ခြင်းနှင့် အမှန်တရားပင်ဖြစ်၍ ဤစိတ်ဓာတ်များဖြင့် လှုပ်ရှားလုပ်ကိုင်ကာ လူထု၏ သာယာဝပြောရေးကို အမြဲတမ်း ဦးတည်ခြင်းပင် ဖြစ်ပါသည်။”
          အကြမ်းမဖက်ရေးလမ်းစဉ်ကို ရှေ့ဆောင်ဖြန့်ချီသူ ခေါင်းဆောင်ကြီးဖြစ်သော ဂန္ဒီနှင့် အမျိုးသားစစ်တပ်ကို တည်ထောင်ခဲ့သော အောင်ဆန်းသည် ပင်ကိုယ်သဘာဝအရ ကွာခြားလှပါသည်။ သို့သော် ကာလဒေသမရွေး အာဏာရှင်စနစ်များမှ ပေါ်ထွက်လာသော စိန်ခေါ်မှုများသည် ဆင်တူရိုးမှားရှိသကဲ့သို့ ထိုစိန်ခေါ်မှုကို ပြိုင်ဆိုင်အံတုရန် ထွက်ပေါ်လာသူများ၏ အရည်အသွေးများသည်လည်း တူညီလေ့ရှိပါသည်။ ဂန္ဒီ၏ အကြီးမားဆုံးသော အောင်မြင်မှုတရပ်မှာ အန္ဒိယပြည်သူပြည်သားမျးတွင် သတ္တိစိတ်သွင်းပေးခြင်းဖြစ်သည်ဟု ယူဆသော နေရူးသည် နိုင်ငံရေးတွင် ခေတ်သစ်အမြင်ရှိသူဖြစ်ပါသည်။ သို့သော်လည်း နှစ်ဆယ်ရာစု လွတ်လပ်ရေးလှုပ်ရှားမှုလိုအပ်ချက်များကို အကဲဖြတ်သောအခါတွင် ရှေးဟောင်းအန္ဒိယပြည်၏ ဒဿနအတွေးအခေါ်များအထိ ပြန်လည်ရှာဖွေကာ ရေးသားတင်ပြထားသည်ကား “လူတဦး သို့မဟုတ် တိုင်းပြည်တပြည်အဖို့ အကြီးကျယ်အမြင့်မြတ်ဆုံးသော ပါရမီသည် အဘယ ခေါ် ကြောက်ရွံ့မှုမရှိခြင်းဖြစ်၏။ ကာယသတ္တိသာမဟုတ်၊ စိတ်ထဲမှာပင် ကြောက်ရွံ့မှုကင်းခြင်းဖြစ်ပါသည်။”
           ကြောက်ရွံ့စိတ်မရှိခြင်းသည် ပါရမီဖြစ်ဖွယ်ရာရှိသော်လည်း ထိုထက်ပို၍ အဖိုးတန်ဖွယ်ရာရှိသော သတ္တိများ ကြိုးပမ်းအားထုတ်ခြင်းဖြင့် ရရှိလာသော သတ္တိ၊ ကြောက်စိတ်ကို လိုက်လျောရသည့်အဖြစ်ကို မရောက်အောင် ပြုစုပျိုးထောင်လေ့ကျင့်၍ ရရှိလာသော သတ္တိ၊ အကြပ်ကိုင်ဖိနှိပ်နေသည့်ကြားမှ တည်ကြည်သိမ်မွေ့စွာ ရပ်တည်နိုင်ခြင်း၊ ကြမ်းတမ်းခက်ထန်စွာ အဆက်မပြတ် ဖိနှိပ်နေသည့်ကြားထဲမှ ထပ်ခါတလဲ တည်ကြည်သိမ်မွေ့မှုကို ထိန်းသိမ်းခြင်းဖြင့် ရရှိလာသောသတ္တိ စသည်တို့ပင် ဖြစ်ပါသည်။
          အခြေခံလူ့အခွင့်အရေးများမရှိဟု ငြင်းပယ်ထားသောစနစ်အောက်တွင် ကြောက်ရွံ့စိတ်သာ နေ့စဉ်အမျှ လွှမ်းမိုးနေပါသည်။ ထောင်ကျမည်ကို ကြောက်ရွံ့ခြင်း၊ ညှင်းပန်းနှိပ်စက်မည်ကို ကြောက်ရွံ့ခြင်း၊ သေရမည်ကို ကြောက်ရွံ့ခြင်း၊ မိတ်ဆွေမိသားစု၊ ဥစ္စာပစ္စည်း သို့မဟုတ် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးမည်ကို ကြောက်ရွံ့ခြင်း စသည်တို့ပင် ဖြစ်ပါသည်။ မွေးရာပါ လူ့ဂုဏ်သိက္ခာနှင့် မိမိကိုယ်မိမိ လေးစားမှုတို့ကို မဆုံးရှုံးရလေအောင် ထိန်းသိမ်းကာကွယ်ရာတွင် အထောက်အကူဖြစ်စေသော သတ္တိပြသည့် နေ့စဉ်လုပ်ရပ်ကလေးများကို အချည်းနှီးပင်ဖြစ်သည်၊ သို့မဟုတ် အရာမရောက်သော လုပ်ရပ်ဖြစ်သည်၊ အရမ်းကာရောလုပ်သည်၊ မိုက်မဲခြင်းဖြစ်သည် စသည်ဖြင့် ပြစ်တင်ရှုတ်ချကာ မိမိကပင် ဘဝပေးအသိဥာဏ် သို့မဟုတ် ပညာဥာဏ်ရှိသကဲ့သို ဟန်ဆောင်ခြင်းသည် တိတ်တခိုးအန္တရာယ်ပေးသည့် အဆိုးဝါးဆုံးသော စနစ်အောက်၌ ပုံသွင်းခြင်းကို ခံရသူများအဖို့ အင်အားကုန်ခမ်းစေသော ကြောက်ရွံ့မှုအဆိပ်ငွေ့မှ လွတ်ကျွတ်အောင် ရုန်းထွက်ရန်မှာ မလွယ်ကူလှပါ။ သို့သော်လည်း ကြောက်ရွံ့မှုသည် ယဉ်ကျေးသောလူသား၏ သဘာဝမဟုတ်သောကြောင့် အဖိနှိပ်ဆုံးသော အစိုးရယန္တရားအောက်၌ပင် သတ္တိသည် ထပ်ခါတလဲလဲ ထကြွလာပါသည်။
          အထိန်းအချုပ်မရှိသော အာဏာကို ရင်ဆိုင်ရာတွင် သတ္တိရှိမှုနှင့် ခံနိုင်ရည်ရှိမှုတို့အား အမြဲတမ်း ရှင်သန်နေစေသော ရေသောက်မြစ်မှာ ကိုယ်ကျင့်တရားဆိုင်ရာ သဘောတရားများကို အထွတ်အမြတ်ထားသည့် အပေါ်တွင် ခိုင်မာစွာယုံကြည်ခြင်းဖြစ်ပြီး မည်မျှပင် ရှုံးနိမ့်မှု၊ ဆုတ်ယုတ်မှုများ ရှိစေကာမူ လူသားသည် နောက်ဆုံးတွင် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုနှစ်ခုစလုံးကို ရရှိရမည်ဟူသော သမိုင်းသဘောကို ယုံကြည်ခြင်းပင်ဖြစ်ပါသည်။ မိမိကိုယ်မိမိ တိုးတက်ကောင်းမွန်အောင် ကြိုးစားခြင်း၊ မိမိကိုယ်မိမိ မကောင်းမှုမှ လွတ်မြောက်အောင် ကြိုးပမ်းခြင်း စသော စွမ်းရည်တို့သည် လူသားတို့ကို တိရစ္ဆာန်ရိုင်းများနှင့် အထင်အရှားကွဲပြားစေသော အဓိကအချက်ပင်ဖြစ်ပါသည်။ လူ့တာဝန်ဝတ္တရား၏ မူလ အရင်းအမြစ်မှာ လုံးဝ အပြစ်ကင်းစင်ခြင်းဟူသော သဘောတရားကို နားလည်၍ အပြစ်ကင်းစင်လိုသောစိတ်ဆန္ဒ၊ အပြစ်ကင်းစင်ရန်၊ နည်းလမ်းရှာနိုင်သော အသိဥာဏ်နှင့် ယင်းနည်လမ်းအတိုင်း လိုက်နာလိုသောစိတ်ဓာတ်၊ ယင်းနည်းလမ်းကို အဆုံးတိုင် မလိုက်နာနိုင်သည့်တိုင်အောင် ကိုယ်ပိုင်ချွတ်ယွင်းချက်အကန့်အသတ်နှင် ပတ်ဝန်းကျင်အတားအဆီး များကို ကျော်လွန်ရန်လိုအပ်သော အတိုင်းအတာအထိ အနည်းဆုံးရောက်ရှိအောင် ကြိုးစားလိုခြင်းတို့ပင် ဖြစ်ပါသည်။ ဆင်ခြင်တုံတရားရှိ၍ ယဉ်ကျေးသောလူသားတို့နှင့် လျော်ကန်သင့်မြတ်သော လူ့လောကကို လူသားတို့ စိတ်ကူးမျှော်မြင်ကြသည့်အတွက် ကြောက်ရွံ့မှုနှင့် ချို့တဲ့မှုမှ ကင်းလွတ်သော လူ့အဖွဲ့အစည်းများ တည်ထောင်ရန် မကြောက်မရွံ့၊ အနစ်နာခံလုပ်ဝံ့ကြခြင်းပင် ဖြစ်ပါသည်။ သစ္စာတရား၊ ဂရုဏာတရားနှင့် တရားမျှတမှုတို့ကို ငြီးငွေ့ဖွယ်ရာ အတွေးအခေါ်ဟောင်းကြီးများဟုဆိုကာ ပစ်ပယ်၍ မရပါ။ ရက်စက်သော အာဏာစက်ကို တွန်းလှန်ရာတွင် ဤတရားများသည်သာလျှင် အကာအကွယ်ပေးနေလျက် ရှိတတ်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...