အလင်းတံခါးများ ပွင့်ပါစေ
by Hla Shwe on Thursday, December 1, 2011 at 6:41pm
မြန်မာ့ပညာရေးစနစ်၏ ခြွတ်ခြုံကျမှုကြောင့် လူငယ်များ၏ အနာဂါတ်ပျောက်ကာ ဘ၀ပျက်နေရသည့် အချိန်တွင် မြန်မာလူမျိုး ပညာရှင်များကိုယ်တိုင် ဦးစီးသည့် နိုင်ငံတကာအဆင့်မှီ တက္ကသိုလ်တခု ပေါ်ပေါက် လာမည်ကို မြန်မာ့လူမျိုးတိုင်း လက်ခုတ်တီး သြဘာပေးသင့်သည့် ကိစ္စဖြစ်ပါသည်။
မြန်မာ့သမိုင်းက မွေးထုတ်လိုက်သော တပ်မကြီး ငါးခု
ဆရာကြီး ဦးအောင်သင်း၏ “ရွှေချဖို့လိုပါသည်” ဆောင်းပါးတွင် စစ်ကြီးတခုအပြီးတွင် တပ်မကြီးသုံးခု ဖြစ်သော၊ မျက်ရည်တပ်၊ ဒုက္ခိတတပ်၊ သူခိုးဓါးပြတပ်ကြီးအပြင် ပညာမဲ့တပ်ကြီးပါ ကျန်ခဲ့ကြောင်း တင်ပြခဲ့သည်။ ဆရာကြီး၏ ပြောဆိုချက်မှာ မှန်လိုက်လေခြင်းဟု ဆရာကြီးအပေါ် လေးစားမိပါသည်။ မြန်မာလူမျိုးတို့ အဆုံးမသတ်နိုင်သော ပြည်တွင်းစစ်နှင့် ခေါင်းဆောင်ဆိုး၊ ခေါင်းဆောင်ညစ် အဆက်ဆက်တို့၏ ပညာရေးကို လျစ်လျူရှုထားမှုကြောင့် သန်းချီသော “မြန်မာလူမျိုးပညာမဲ့တပ်မကြီး” သည် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ရောက်ရှိနေပြီ ဖြစ်ကြောင်း ဆရာကြီး သိမည်ထင်ပါသည်။ ၄င်းပညာမဲ့တပ်မကြီးအပြင် ထိုင်းနိုင်ငံ နယ်စပ်တလျောက်တွင် ဂုဏ်သိက္ခာမဲ့စွာဖြင့် နေထိုင်နေကြသော ဒုက္ခသည်စခန်း ကိုးခုမှ ခလေးငယ်ပေါင်း ၄၀၀၀၀ လေးသောင်း တို့သည်လည်း ပြည်တွင်းစစ်မှ မွေးထုတ်ပေးလိုက်သော တပ်မကြီးတခု ဖြစ်ကြောင်း ထပ်တိုးချင်ပါသည်။
မြန်မာနှင့် ထိုင်းအစိုးရ၏ ပညာရေးပေါ်လစီ
အသစ်စက်စက် မြန်မာအစိုးရမှ နိုင်ငံ၏ ပညာရေးကို မည်ကဲ့သို့စခန်းသွားမည် ကိုသေချာစွာ မသိရသေးပေ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ချွတ်ခြုံကျနေသော မြန်မာ့လူ့အဖွဲ့ကို ပြင်ဆင်ရန် အတွက် ပညာရေးကို အဓိကဦးစားပေးရမည် ဖြစ်ကြောင်း ပြောဆိုထားသည်။
ထိုင်းအစိုးရသစ်မှ ရွှေ့ပြောင်းမြန်မာကလေးများ အတွက်မူဝါဒသစ် ချမှတ်ထားပြီး မကြာမီ အကောင်အထည် ပေါ်လာတော့မည် ဖြစ်ကြောင်း ထိုင်းပညာရေးဌာန ဒါရိုက်တာ တဦး၏ ပြောဆိုချက်သည် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် အလုပ်သမားများအတွက် သတင်းကောင်း တခုဖြစ်ပါသည်။
ထိုင်းနိုင်ငံရှိ ပညာမဲ့တပ်မကြီးမှ မွေးထုတ်လိုက်သော ပညာမဲ့တပ်ကလေး အင်အားမှာ ထိုင်းနိုင်ငံတစ်နံ တလျားတွင် ၃၀၀၀၀ သုံးသောင်းကျော်ရှိမည်ဟု ရွေ့ပြောင်းမြန်မာအလုပ်သမားများ၏ ပညာရေးကို လုပ်ကိုင်နေသော အဖွဲ့အစည်းများမှ ပြောဆိုကြသည်။
ထိုင်းနိုင်ငံအတွင်း နေထိုင်နေသည့် ရွေ့ပြောင်းမြန်မာကလေးများအား လမ်းဘေးတွင် လူဆိုးလူမိုက် အဖြစ် ကျင်လည်ကျက်စားနေပါက ထိုင်းလူ့အဖွဲ့အစည်းအား ထိခိုက်မည်ကို စိုးရိမ်သည့် အတွက် စာသင်ကျောင်းများကို ဖွင့်ခွင့်ပေးခဲ့သည်။ တာ့ခရိုင်အတွင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းပေါင်း ၇၄ ကျောင်းဖွင့်ခွင့်ရထားပြီး၊ ကျောင်းသား (၁၅၀၀၀) တစ်သောင်းငါးထောင်ရှိသည်။ ထိုကလေးများအား ထိုင်းနိုင်ငံသားများနည်းတူ အောင်လက်မှတ်နှင့် ဘွဲ့လက်မှတ်များ ထုတ်ပေးရန် ရှိသည်ဟူ သောသတင်းစကားသည် သားရွေအိုး ထမ်းလာသည့် ပမာဖြစ်ပေသည်။ မည်ကဲ့သို့ အဆင့်ဆင့် ချီတက်ရမည် ကိုအတိအကျ မသိရသေးပေ။
၎င်းတပ်မကြီးအပြင် ထိုင်းနိုင်ငံ နယ်စပ်တလျောက်တွင် ဂုဏ်သိက္ခာမဲ့စွာဖြင့် နေထိုင်နေကြသော ဒုက္ခသည်စခန်း ကိုးခုမှ ကလေးငယ်ပေါင်း ၄၀၀၀၀ လေးသောင်း တို့၏အနာဂါတ်ကား ကမ်းမမြင်လမ်းမမြင်ဟု ဆိုချင်ပါသည်။ ပြည်တွင်းစစ် အမွေကြောင့် အိုးအိမ် ပျောက်ဆုံးကာ မည်သည့်ဒေသ၊ မည်သည့်နေရာတွင် ပြန်လည် အခြေချရမည်ကို အရိပ်အရောင်မျှပင် မတွေ့ရသေးပေ။ ထိုင်းအစိုးရမှ ချမှတ်ပေးမည့် ပညာရေး မူဝါဒသစ်တွင် ဒုက္ခသည်ကလေးများ ပါဝင်နိုင်ခြင်းရှိနိုင်မည်မဟုတ်ပေ။
အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားပါသည်ဆိုသော မြန်မာလူမျိုးတို့သည် လူမျိုးခြားတို့၏ တိုင်းပြည်တွင် ဒုက္ခသည်အမည်ဖြင့်တမျိုး၊ ကျွန်များသဖွယ် ခိုင်းစေခြင်း ခံနေရပြီး ရွေ့ပြောင်းအလုပ်သမားများဟူသည့် နာမည်ဖြင့်တဖုံ ဖြစ်နေကြသည်ကို မည်ကဲ့သို့ ကယ်တင်ကြမည်နည်း။
သတင်းမှန်များ ပြည်သူများသို့ ဖြန့်ဝေသင့်
ယခုဖွင့်လှစ်မည့် ပုဂ္ဂလိက တက္ကသိုလ်သည် မြန်မာလူငယ်တို့ ခေတ်နှင့်အညီ လိုအပ်နေသော ပညာရေးမျိုးဖြစ်ပါ့မလားဟု တွေးတောပူပင် မိပါသည်။ တက္ကသိုလ်တခု တည်ထောင်ရန်အတွက် လိုအပ်ချက်များမှာ အစိုးရ၏ ပညာရေးမူဝါဒ၊ နိုင်ငံတကာအဆင့်မှီ ပြည်တွင်းပြည်ပ ပညာရှင်များ၏ အခန်းကဏ္ဍ၊ ကျောင်းသားများ အတွက် မရှိမဖြစ်လိုအပ်သည့် နိုင်ငံတကာ အဆင့်မှီစာအုပ်စာတမ်းများ နှင့် ခေတ်သစ် ဆက်သွယ်ရေးစနစ် ရှိရန် လိုအပ်ပါသည်။ ၄င်းအပြင် ပညာရေးလုပ်ငန်းကို တည်ထောင်သူတို့၏ စိတ်စေတနာသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်မည်ဟု သုံးသတ်မိပါသည်။ ပညာရေးဝန်ဆောင်မှုကို တည်ထောင်သူ၏ စိတ်စေတနာ အရေးကြီးကြောင်း တင်ပြရခြင်းမှာ မြန်မာပြည်သူလူထု၏ စိတ်ဓါတ်ခြွတ်ခြုံကျကာ ၊ စီပွားရေးလုပ်ငန်းရှင် အများစုမှာလည်း ကိုယ်ကျင့်တရား ကင်းမဲ့ပြီး ပြည်သူများအပေါ် ဂုတ်သွေးစုတ်ရန်လောက်သာ စဉ်းစားသည့် အကျင်းဆိုးများကို စိုးရိမ်၍ တင်ပြရခြင်းဖြစ်ပါသည်။
Noble Nine မှဦးဆောင်ဖွင့်လှစ်မည့် Victoria University College ၏ကျူရှင်စရိတ်မှာလည်း နိုင်ငံတကာတွင် သင်ကြားသည့် နှုန်းနှင့်နှိုင်းယှဉ်ပါက ထက်ဝက်ခန့်သာ ကုန်ကျမည် ဖြစ်ကြောင်း ဒေါက်တာနေ မှပြောဆိုခဲ့ သည်။ မည်သည့်နိုင်ငံများတွင် သင်ကြားသည့် ကျူရှင်စရိတ်ဖြင့်ခိုင်းနှိုင်း ပြောဆိုသည်ကို တည်ထောင်သူများမှ တင်ပြသင့်သည်။ မည်သည့်သင်ရိုးညွန်းတမ်း၊ မည်သည့်ပညာရှင်၊ ကျောင်းသားများအတွက် လိုအပ်သည့် စာအုပ်စာတမ်းထားရှိမှု အခြေအနေ၊ ခေတ်မီဆက်သွယ်ရေး နည်းပညာ၊ မည်သည့်နိုင်မှ မည်သည့်တက္ကသိုလ်နှင့် ချိတ်ဆက်မည်ကို ပြည်သူများထံသို့ သတင်းမှန်များ တင်ပြသင့်ပေသည်။
ခေတ်သစ်မြန်မာသူဌေးများ “ဂျွန်ဟားဗတ်” ကိုအတုယူစေလို
ယနေ့ကမ္ဘာ့ ထိပ်တန်းတက္ကသိုလ် တခုဖြစ်သည့် ဟားဗတ်တက္ကသိုလ်ကို အင်္ဂလန်နိုင်ငံသား ဂျွန်ဟားဗတ် (John Harvard) ၏အလှုငွေဖြင့် တည်ထောင်ခဲ့သည်။ အင်္ဂလန်နိုင်ငံ ကိန်းဘရစ်တက္ကသိုလ် (Cambridge University) တွင်ပညာသင်ယူခဲ့သူဖြစ်သည်။ (၁၇၃၈) ခုနှစ် သူမသေမှီ သူပိုင်မြေ၏ တစ်ဝက်ဖြစသော ပေါင် (၇၈၀)နှင့် သူစု ဆောင်းထားသော စာအုပ် (၄ဝဝ) ခန့်ကို အသစ်ဆောက်လုပ်ပြီးစ ကျောင်းတစ်ကျောင်းသို့ လှူဒါန်း လိုက်သည်။ ၄င်းအလှူသည် သူ့ခေတ်သူ့အခါက ကျောင်းအတွက် အကြီးမားဆုံးသောအလှူ တခုဖြစ်သည်။ ကျောင်းအုပ်ကြီးသည် အလှူရှင်ဟားဗတ်ကို ကျေးဇူးတင်သော အနေဖြင့် အသစ်ဆောက်လုပ်ပြီးကျောင်းကို “ဟားဗတ်” ဟု အမည်ပေးခဲ့သည်။ ၄င်းကျောင်းသည် ယနေ့ကာလတွင် ဟားဗတ်တက္ကသိုလ်ဟု နာမည်ကြီးနေ သောကျောင်းဖြစ်ပါသည်။
ယနေ့ကာလတွင် မြန်မာနိုင်ငံ၌ ဒေါ်လာသန်းပေါင်း များစွာချမ်းသာသော သူဌေးသူကြွယ်များရှိနေပြီ ဖြစ်သည်။ ပညာမြင့်မှ လူမျိုးတင့်မည် ဟူသောဆောင်းပုဒ်နှင့်အညီ မြန်မာ့သန်းကြွယ်သူဌေးများ အနေဖြင့် လူငယ်တို့၏ ပညာရေးမြှင့်တင်ရေးတွင် တတပ်တအား ပါဝင်နိုင်ပါက အနာဂါတ် ခေါင်းဆောင်ကောင်းများကို မွေးထုတ်နိုင်ပြီး ကမ္ဘာကြီး၏ ပြောင်းလဲနေသော ပညာရေး ရေစီးကြောင်းတွင် လိုက်ပါနိုင်မည် ဖြစ်သည်။
0 comments:
Post a Comment