Friday, December 23, 2011

နိုင်ငံကြီးသားစိတ် မရှိဘူးတဲ့လား

by General Knowledge on Saturday, December 24, 2011 at 12:28pm

Posted on Popular News, Written by လူထုစိန်ဝင်း၊
 
ခုတလော သတင်းစာတွေ ကောက်ကိုင်လိုက်တဲ့အခါတိုင်း ဝမ်းသာပီတိဖြစ်စရာ သတင်းတွေနဲ့ ကြော်ငြာတွေကို အများဆုံး တွေ့နေရတယ်။ အနယ်နယ်အရပ်ရပ်က ဆရာကန်တော့ပွဲ သတင်းတွေ ဖြစ်ပါတယ်။ မြန်မာကျောင်းတွေသာမက နိုင်ငံခြား သာသနာပြုတွေ လာဖွင့်တဲ့ စိန့်ကျောင်းတွေနဲ့ ကွန်ဗင့်ကျောင်းတွေမှာ နေခဲ့ကြတဲ့ ကျောင်းသူကျောင်းသားဟောင်းတွေကပါ လုပ်ဆောင်လာကြတာ ဝမ်းသာစရာ မြင်တွေ့ရတယ်။


လူရာမဝင်ကြ


သတင်းစာတွေမှာ ဖတ်ရတာကို တစ်နေ့တစ်နေ့ ဆယ့်လေးငါးခုလောက် ရှိတယ်။ အထက်တန်း ကျောင်းတွေမှာ လုပ်သလို တက္ကသိုလ်တွေ မှာလည်း ဘာသာရပ်အလိုက်၊ နှစ် အလိုက်လုပ်ကြတယ်။ ကျောင်းဆရာဆိုတာ ဘယ်ခေတ် ဘယ်အခါမှ မချမ်းသာကြသလို၊ လူရာလည်း မဝင်ကြပါဘူး။ အလုပ်တကာ့ အလုပ်ထဲမှာ တကယ့်ကို ဓားမနောက်ပိတ် ခွေးပါ။ အငြိမ်းစား ယူပြီးတဲ့ အခါကျတော့ ပိုဆိုးတော့တာပေါ့။ ဘယ်သူကမှ အရေးတယူ မရှိတာ့ပါဘူး။ အဲဒီလို ညှိုးညှိုးငယ်ငယ် နေရချိန်မှာ တပည့်ဟောင်းတွေက သတိတရနဲ့ ကန်တော့တာကို ခံရခြင်းဟာ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရနိုင်တဲ့ ကြည်နူးပီတိ ဖြစ်ကြပါတယ်။ တချို့ဆရာကြီး၊ ဆရာမကြီးများဆိုရင် ကန်တော့ခံရင်းနဲ့ မျက်ရည်တောင် မဆည်နိုင်ရှာကြပါဘူး။

အသက်ရှည်ဆေး


ကန်တော့ခံ ပစ္စည်းနဲ့ ငွေကြေးဟာ အဓိက မဟုတ်ဘူးဆိုပေမယ့် အသက်ရှစ်ဆယ်၊ ကိုးဆယ်ဆရာအို၊ ဆရာမအိုကြီးများ အဖို့တော့ မြေးတွေ၊ မြစ်တွေ ရှေ့မှာ ဂုဏ်ယူဝင့်ကြွားစရာ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမတွေနဲ့ တစ်နှစ်တစ်ခါပြန်လည်ဆုံတွေ့ပြီး ရှေးဟောင်းနှောင်းဖြစ်တွေ စမြုံ့ပြန်ရတာလည်း ပင်စင်စားအိုကြီးများအတွက် အသက်ရှည်ဆေး တစ်မျိုးပါ။ ကန်တော့ဖို့ လာကြတဲ့ ခေါင်းဖြူဖြူ၊ ထိပ်ပြောင်ပြောင် ကျောင်းသူကျောင်းသားတွေ အဖို့လည်း ငယ်သူငယ်ချင်းတွေနဲ့ ဆုံတွေ့ပြီး မင်းတစ်လုံး ငါတစ်လုံးနဲ့ ပြောရဆိုရ နောက်ပြောင်ရတာ ပျော်စရာကောင်းလှပါတယ်။

ပို့စကတ်လေးပို့ရုံပဲ


နိုင်ငံတကာမှာလည်း ‘ကမ္ဘာ့ဆရာများနေ့’ ဆိုပြီး သတ်မှတ်ထားတာ ရှိပါတယ်။ အဲဒီနေ့ ရောက်ရင် ဆရာ၊ ဆရာမတွေဆီ ပို့စကတ်လေး ပို့ကြ၊ ချောကလက်ဘူးလေးပို့ကြ လုပ်ရုံလောက်ပါပဲ။ မြန်မာနိုင်ငံမှာလို ကျကျနန စုဝေးကန်တော့ကြတာမျိုးတော့ ဘယ်နိုင်ငံမှ မရှိပါဘူး။ ဒီလို ဆရာကန်တော့ပွဲမျိုးက ကမ္ဘာမှာ မြန်မာတစ်ခုတည်းသာ ရှိတဲ့ပွဲလို့ ဂုဏ်ယူဝင့်ကြွား လိုက်ချင်ပါတယ်။ ဒါဟာ နိုင်ငံကြီးသား ပီသတဲ့ အပြုအမူ မဟုတ်ဘူးလားလို့၊ ဝါရှင်တန် ‘လ’ က ပိုဝိုင်းတယ်လို့ ထင်သူတွေကို မေးလိုက်ချင်တယ်။ ဒီလူတွေက မြန်မာလူမျိုးတွေဟာ နိုင်ငံကြီးသား စိတ်ဓာတ် မရှိကြဘူးလို့ ပြောကြလွန်းလို့ပါ။

မြန်မာပြည်က လူအိုတွေကံကောင်း


တစ်ခါက နိုင်ငံခြားသူ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောရင်း သူက လူအိုချင်း အတူတူ မြန်မာပြည်မှာ လူအိုဖြစ်ရတာ သိပ်ကံကောင်းတယ်လို့ ပြောပါတယ်။ လူအိုတွေကို သားတွေ သမီးတွေက တာဝန်ယူ ပြုစုစောင့်ရှောက်ကြတာတွေကို သူက ထောက်ပြပါတယ်။ သူ ကိုယ်တိုင်ကတော့ အသက် ရှစ်ဆယ်ကျော် သူ့အမေကို လူအိုရုံမှာ ပို့ထားရတာ သုံးလေးနှစ် ရှိနေပါပြီ။ သူတို့ ဆီမှာတော့ ဒီလိုပဲ လုပ်ကြရတယ်။ လူတိုင်း အလုပ်ထွက်လုပ်နေကြရတော့ သက်ကြီးရွယ်အိုတွေကို မစောင့်ရှောက်နိုင်ဘူး။ လူအိုရုံမှာနေရတာ သူတို့ အတွက်လည်း ကောင်းပါတယ်လို့ သူက ပြောပါတယ်။

တရားပါရဲ့လား


စားချိန်တန် စား၊ အိပ်ချိန်တန် အိပ်၊ ဆရာဝန်နဲ့ သူနာပြု ဆရာမတွေက ကျန်းမာရေးစောင့်ရှောက်၊ ဘာမှ လိုလေသေး မရှိပေါ့။ ဒါပေမဲ့ သားသမီး၊ မြေးမြစ်တွေရဲ့ အချစ်ခံရတာ၊ ကိုယ်က ချစ်ရတာတွေတော့ မရှိဘူး၊ မရနိုင်ဘူး။ စားရေး၊ နေရေး၊ ကျန်းမာရေး မပူပင် မကြောင့်ကြ ရရုံနဲ့ လူ့ဘဝဟာ ပြီးပြည့်စုံ သွားပြီလား။ ချမ်းသာပျော်ရွှင်နိုင်ပြီလား။ နှစ်ပေါင်းများစွာ ရုန်းကန်လှုပ်ရှားပြီး သားသမီးတွေ လူတစ်လုံး သူတစ်လုံးဖြစ်အောင် ပြုစုပျိုးထောင်ခဲ့ရတဲ့ မိအိုဖအိုကြီးများအတွက် ဘဝရဲ့ နောက်ဆုံး ဆည်းဆာအချိန်မှာ လူအိုရုံမှာပဲ အဆုံးသတ်ရတယ်ဆိုတာ တရားပါရဲ့လား။ ဖြစ်သင့်ပါရဲ့လား။ နိုင်ငံကြီးသား စိတ်ဓာတ်ဆိုတာ ဒါမျိုးလား။

အိုရင်လူအိုရုံပို့


စင်ကာပူနိုင်ငံမှာ လီကွမ်ယု ဝန်ကြီးချုပ် လုပ်နေစဉ်တုန်းက စင်ကာပူသားတွေဟာ ရှေးရိုးစဉ်လာ မိအိုဖအိုတွေကို စောင့်ရှောက်ပြုစု ရကောင်းမှန်း မသိကြတော့ဘူး။ မိဘတွေ အသက်ကြီးတာနဲ့ လူအိုရုံပဲ ပို့ထားချင်ကြတယ်။ ဒီလို သားသမီးတွေကို အရေးယူဖို့ ဥပဒေ ရှိသင့်တယ်လို့ ပြောခဲ့ဖူးတာ အမှတ်ရမိတယ်။ တကယ် ဥပဒေပြဋ္ဌာန်းဖြစ်သလားဆိုတာတော့ သတိမထားမိဘူး။ တရုတ်လူမျိုးများဟာ ဘိုးဘွားမိဘတွေကို သိပ်ရိုသေကြ၊ ဦးစားပေးကြတဲ့ အစဉ်အလာ ရှိသူတွေ ဖြစ်ကြတယ်။ ဒါပေမဲ့ ချမ်းသာကြွယ်ဝတဲ့ စင်ကာပူနိုင်ငံရယ်လို့ ဖြစ်လာတော့ ဘိုးဘွားမိဘတွေကို မစောင့်ရှောက်ချင်ကြတော့ဘူး။ နိုင်ငံကြီးသား စိတ်ဓာတ်ဆိုတာ ဒါမျိုးလား။

ကျားကျားမီးယပ်


မြန်မာလူမျိုးတွေဟာ မချမ်းသာကြဘူး။ ဖွံ့ဖြိုးတိုးတက်အောင် ရုန်းကန်လှုပ်ရှားနေရဆဲဖြစ်တယ်။ ဒီမိုကရေစီဆိုတာလည်း မထိရ၊ မတွေ့ရသေးဘူး။ ကြိုးစား နေရဆဲဖြစ်တယ်။ ဒါပေမဲ့ မိအိုဖအိုကြီးတွေကို လူအိုရုံ ပို့မထားကြပါဘူး။ ဆရာအိုကြီးတွေကိုလည်း ပစ်ပယ်မထား ကြပါဘူး။ စိတ်ယဉ်ကျေးမှု ထိပ်တန်းအဆင့်မှာ ရှိပါတယ်။ နိုင်ငံကြီးသား မပီသဘူးလို့ ပြောတဲ့သူတွေဟာ ကျားကျားမီးယပ်ဆိုသလို ဝါရှင်တန်က ‘လ’ ကမှ ပိုဝိုင်းတယ်လို့ ပြောနေကြဦးမှာ ပါပဲ။


လူထုစိန်ဝင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...