Friday, December 23, 2011

စိတ်ဓာတ်နှင့် သင်္ကေတ

by Wai Maw on Saturday, December 24, 2011 at 1:37pm
 
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ခမောက်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သင်္ကေတ ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ဥပဒေအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုဖို့ ခမောက်ကို သင်္ကေတ အဖြစ်ရွေးချယ်ခဲ့ရတာပါ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ခမောက်ဟာ ပြည်သူတွေအကြား ရေပန်းစားခဲ့တဲ့ သင်္ကေတဖြစ်လာခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ် ရာခိုင်နှုန်းအနေနဲ့  ၈၂ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ပါတယ်။ ခမောက်က အဆောင်လက်ဖွဲ့ မဟုတ်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီ ရည်မှန်းချက်ကို ဖြည့်ဆည်း ပေးနိုင်ပေလိမ့်မယ်ဆိုတဲ့ ပြည်သူလူထုရဲ့ ယုံကြည်ချက်ကြောင့်သာ ခမောက် သင်္ကေတကို ဆုပ်ကိုင်ဖို့ကြိုးစား လိုသူများရှိခဲ့ရင် ဒါဟာ အဓိပ္ပါယ်မဲ့တဲ့ လုပ်ရပ်ပါ။ ခမောက် သင်္ကေတကို ဆက်မသုံးဘူးဆိုတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ ရင့်ကျက်တဲ့ ဆုံးဖြတ်ချက်ပါ။
          ခမောက်ဆိုတာ ရုပ်ဝတ္ထုသင်္ကေတပါ။ စိတ်ဓာတ်က ပိုအရေးပါတယ်လို့ ယုံကြည်ပါတယ်။ ၁၉၈၈ ခုနှစ် ပြည်သူ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးဟာ ကျောင်းသား လူငယ်က ဦးဆောင်ကျောရိုးပြုတဲ့ လူထု လှုပ်ရှားမှုကြီးပါ။ ပြည်သူလူထုရဲ့ ဒီမိုကရေစီ အခွင့်အရေး ရရှိရေးကို ကိုယ်ကျိုးမဖက် ဆောင်ရွက်ရေးဟာ ဒီကျောင်းသား လူငယ်တွေရဲ့ခံယူချက်ပါ။ ၈၈ လူထုဒီမိုကရေစီ လှုပ်ရှားမှုကြီးရဲ့ စိတ်ဓာတ်လို့ ဆိုပါရစေ။ အဲဒီအချိန်က ဒီကျောင်းသားလူငယ်တွေရဲ့ အသက်အရွယ်ဟာ ၂၀ ၀န်းကျင် ၂၀ ကျော်တွေပါ။ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ကျောင်းသား လူငယ်တွေ ကိုယ်တိုင်ပါဝင်ယှဉ်ပြိုင်တာကို ကျောင်းသားလူငယ်အများစုက လက်မခံကြပါဘူး။ ပြန်ကြည့်မယ်ဆိုရင် ၁၉၈၈-၉၀ ကာလဟာ တပ်မတော် အစိုးရက နိုင်ငံရဲ့အချုပ်အခြာ အာဏာသုံးရပ်စလုံးကို ချုပ်ကိုင်ကျင့်သုံးနေတဲ့ ကာလပါ။ နိုင်ငံသူ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ပြောဆို ရေးသားခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ အသင်းအပင်းဖွဲ့စည်းခွင့်တွေကို ဥပဒေအရ အာမခံချက်ပေးမထားတဲ့ ကာလပါ။
          ဒီမိုကရေစီရေး ရည်မှန်းချက်တွေကို အပြည့်အ၀ မဆုပ်ကိုင်နိုင်သေးပေမယ့် ၂၀၁၁ ခုနှစ်နိုင်ငံရေး မြင်ကွင်းက ၁၉၈၈-၉၀ ကာလနဲ့တော့ မတူတော့ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာရေး နည်းလမ်းအပေါ် အခြေခံပြီး ပြည်သူလူထုရဲ့ ဒီမိုကရေစီ ရပိုင်ခွင့်တွေ ခိုင်မာအားကောင်းလာရေးအတွက် ဆောင်ရွက်ဖို့ ဆုံးဖြတ်ပြီးသွားပါပြီ။ နိုင်ငံရေးပါတီအဖြစ် ထူထောင်ပြီး ကြားဖြတ် ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ဖို့် ပြင်ဆင်နေကြပါပြီ။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးလာသလို နိုင်ငံတကာကလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး အပြောင်းအလဲတွေ အပေါ်အားတတ်လာပါတယ်။ ပြည်သူလူထု အကြားမှာလည်း ဒီမိုကရေစီ နိုင်ငံတော်အဖြစ် ပြောင်းလဲတော့မလားဆိုတဲ့ မျှော်လင့်ချက်တွေ ရှိလာပါတယ်။ ဒီကနေ့ကာလမှာပြည်သူလူထုရဲ့ ကျန်းမာရေး အတွက် ဆောင်ရွက်မယ် ပညာရေးအတွက် ဆောင်ရွက်မယ် အလုပ်သမားရေးအတွက် ဆောင်ရွက်မယ်ဆိုတဲ့ သီးသန့်လူမှုရေး လုပ်ငန်းမျိုးတွေ မဟုတ်ဘဲ ပြည်သူလူထုရဲ့ ဒီမိုကရေစီအခွင့်အရေး တိုးတက် ခိုင်မာရေးဆိုတဲ့ နိုင်ငံရေး ရည်မှန်းချက်ကို ဆုပ်ကိုင်နိုင်ဖို့ဆိုရင် နိုင်ငံရေးပါတီ ပုံသဏ္ဌာန်နဲ့ ဆောင်ရွက်တာကပဲ ထိရောက်ကျယ်ပြန့်တဲ့ နည်းလမ်းဖြစ်မှာပါ။ နိုင်ငံရေး အင်အားစုတွေအကြား ရှိသင့်ရှိထိုက်တဲ့ ခံယူချက်က ပြည်သူလူထုရဲ့ ဒီမိုကရေစီအခွင့်အရေး တိုးတက်ခိုင်မာရေးပါ။ ပစ္စုပ္ပန်ကာလ နိုင်ငံရေးစိတ်ဓာတ်လို့ ဆိုပါရစေ။
          ဒီလိုအခြေအနေမျိုးမှာ ၈၈ မျိုးဆက်ကျောင်းသားတွေကို ကိုယ်စားပြုပြီးရွေးကောက်ပွဲ ၀င်သင့်သလား (ဒါမှမဟုတ်) ရွေးကောက်ပွဲ ၀င်ရောက်မယ့် ပုဂ္ဂိုလ်ဟာ ၈၈ မျိုးဆက်ကျောင်းသား တွေကို အမှန်တကယ် ကိုယ်စားပြုသလားဆိုတဲ့မေးခွန်းတွေကို ကြားလာရပါတယ်။ ဒါဟာအဖွဲ့အစည်းဆိုင်ရာ (ဒါမှမဟုတ်) ပုဂ္ဂိုလ်ရေး ဆိုင်ရာ ပြဿနာပါ။ သင်္ကေတပြဿနာပါ။ သင်္ကေတ ပြဿနာကို နိုင်ငံရေး လိုအပ်ချက်ရဲ့ အပေါ်မှာထားပြီး ရှေ့တန်းတင်လုပ်ကိုင်မယ်ဆိုရင်  မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေကို ရင်ဆိုင် ရလာနိုင်ပါတယ်။ အမှန်တကယ် မေးသင့်မေးထုက်တဲ့ မေးခွန်းက ပြည်သူလူထုရဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို တိုးတက် ခိုင်မာအောင် ဆောင်ရွက်နိုင်စွမ်း ရှိမရှိ ဆိုတဲ့အချက်ပါ။
          ၈၈ လူထုဒီမိုကရေစီ လှုပ်ရှားမှုကြီးမှာ လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ လူငယ်ကျောင်းသားတွေဟာ လူလတ်ပိုင်းအရွယ်ရောက်နေပါပြီ။ လူကြီးပိုင်း အရွယ်ဝင်စ ပြုနေပြီလို့တောင် ပြောနိုင်ပါတယ်။ နိုင်ငံရေးပါတီ လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့ ထိုက်သင့်တဲ့ အတွေ့အကြုံနဲ့ အသက်အရွက်ရှိနေပါပြီ။ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်အများစုက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေဆဲဖြစ်လို့ ဒီလမ်းကြောင်း ကို မလျှောက်ဘူးလို့တော့ မစဉ်စားသင့်ပါဘူး။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူအားလုံး လွှတ်ပေး ရေးဟာမြန်မာနိုင်ငံရဲ့ အနာဂတ် နိုင်ငံရေး လမ်းကြောင်း ဖြောင့်ဖြူးရေး အတွက် မရှိမဖြစ် လိုအပ်ချက်ပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖြည့်ဆည်းပေးဖို့ တောင်းဆိုနေသလို နိုင်ငံတကာကလည်း တိုက်တွန်းအားပေး နေပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့သစ်ကလည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူအားလုံး လွှတ်ပေးရေးကို လက်ခံစဉ်းစားပြီး ဆောင်ရွက်ပေးမယ့် လက္ခဏာတွေ ပြသနေပါတယ်။
          မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလမ်းကြောင်းဟာ အပေါင်းလက္ခဏာဆောင်တဲ့ သဘောရှိနေပါတယ်လို့ ပြောနိုင်ပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအားလုံး လွှတ်ပေးမှ ရွေးကောက်ပွဲဝင်မယ်ဆိုပြီး ကြိုတင်စည်းကမ်း သတ်မှတ်ချက်သဘော ဆုပ်ကိုင်ထားမယ် ဆိုရင် အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွေဟာ တင်မာတဲ့ အနေအထားကို ရောက်သွားနိုင်ပါတယ်။ တစ်ဖက်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အားလုံးလွှတ်ပေးရေးကို ခိုင်ခိုင်မာမာ တောင်းဆိုနေရမှာ ဖြစ်သလို တစ်ဖက်မှာလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေ အဆက်မပြတ်ရှင်သန်အားကောင်း နေရေးကိုလည်း ကြိုးစား ဆောင်ရွက်နေရမှာပါ။ ဒါမှသာ ပြည်သူလူထုရဲ့ ဒီမိုကရေစီကို စဉ်ဆက်မပြတ် အကောင်အထည် ဖော်နိုင်မှာပါ။

ကိုဝ
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂ အမှတ် ၇၄

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...