“အရည်မရ အဖတ်မရ အငွေ့မရ … နှလုံးသာမှာပဲ ခံစားခဲ့ရတာတွေ”
by ရင်နင့်အောင် on Friday, December 16, 2011 at 10:14am
“ညစ်မထုတ်နဲ့ … တကယ့်ခံစားချက်စစ်စစ်ကိုပဲ ချပြစမ်းပါဗျာ”
ကိုနေမုန်းက ပြောပြီးတော့ ရေနွေးကြမ်းတစ်ခွက် ငှဲ့လိုက်တယ်။ ပြီးမှ ဆက်ပြောတယ်။
“အလုပ်ပြီးတာကတော့ Work Done ပေါ့ … ဒါပေမယ့် Artist တစ်ယောက်အတွက် Work Done ထက် Art ကို အလေးထားရမယ်ဗျ”
သူ့စကားဆုံးတော့ ကျွန်တော်လည်း နည်းနည်းတော့ တွေသွားတယ်။
ကျွန်တော်တို့တွေ အစစ်အမှန်တွေကို ဖန်တီးခဲ့ကြတာလား။
ကျွန်တော်တို့တွေ ပုံရိပ်ယောင်များကို ဖေါ်ဆောင်ခဲ့ကြတာလား။
ခင်ဗျားကကော။ သူကကော။
“နှလုံးသားဆာလောင်မှုကို နှလုံးသားပေးရမယ် .. အဲဒီအခါ ရင်ထဲက လာတဲ့ အနုပညာဖြစ်ရမယ်
ဒါပေမယ့် တစ်ချို့က ဦးနှောက်ဆာလောင်သူတွေ … သူတို့ကိုတော့ ကိုယ်သိတာကို သိသလိုပဲ ဝေမျှဖို့လိုမယ် ..”
ကျွန်တော်တို့ သူငယ်ချင်း သုံးယောက်။ ကိုဝေဖြိုးရယ်၊ နေမုန်းရယ်၊ ရင်နင့်အောင်ဆိုတဲ့ ကျွန်တော်ရယ် တရုတ်တန်းက လက်ဖက်ရည်ဆိုင်လေးတစ်ခုမှာ..။ လမ်းဘေးက ထိုင်ခုံလေးမှာ ထိုင်ပြီး အဲဒီညက ပြောဖြစ်ခဲ့တဲ့ စကားတွေ..။
(ခ)
ကျွန်တော်လည်း ဆက်တိုက်ဆိုသလို ကဗျာတွေ၊ အက်ဆေးတွေ၊ ၀တ္ထုတိုတွေ ရေးခဲ့တာပဲ။ တခါတလေ တစ်ညတည်း နှစ်ပုဒ်လောက်ရေးလိုက်တယ်။ အိုကေဗျာ။ ဒါက Work Done ပေါ့။ ဒါပေမယ့် ကျွန်တော်ရေးခဲ့တာတွေကို ကျွန်တော်ကိုယ်တိုင်ကော အားရပါရဲ့လား။
ကျွန်တော် ပြန်မေးဖြစ်တယ်။ ကိုယ့်ကိုကိုယ်။
(ကျွန်တော်ရဲ့ စာတွေကို ဖတ်တဲ့သူများက မိုဘာက ရောင်းရင်းတွေ ရှိမယ်။ facebook မှာ ပုံမှန်လာဖတ်သူ တစ်လ ပျမ်းမျှ တစ်ထောင်ကျော်ရှိမယ်။ ကျွန်တော့် ဘလော့ခ်မှာလည်း တစ်ထောင်နီးပါးရှိမယ်)
ကျွန်တော်ပြောချင်တာက သူတို့ကကော တကယ်တမ်း ကြိုက်မှ ကြိုက်တယ် ပြောတဲ့သူတွေလား။ မကြိုက်ဘဲ အားနာလို့ ကြိုက်နေကြတာလား။ ဒါမှ မဟုတ် လူချင်းရင်းနှီးသွားလို့ ပုဂ္ဂိုလ်ရေးဆန်ဆန် လာကြိုက်ကြတာလား။ ဒါမှမဟုတ် ကျွန်တော့်စာကို ကြိုက်ရင် ကျွန်တော်က သူတို့စာကို ပြန်ကြိုက်မယ်လို့ မျှော်လင့်ချက်နဲ့ လာကြိုက်တာလား။ တွေးမိတာ အများကြီး။
(ဂ)
“ကျွန်တော်တို့ ငှားလာတဲ့ ကားက ဘယ်အခြမ်းကို ယူထားတယ်။ ကွေ့ရမှာက ညာဘက်ဗျ”
ကိုဝေဖြိုးက သူ့စကားကို ဆက်ပြောတယ်။
“ကျွန်တော်တို့ မီးပွိုင့်ကလည်း မိနေတယ် … ကားကတော့ရှင်းနေတယ် .. ကွေ့လိုက်လို့လည်း ဖြစ်တာပဲ
ဒါပေမယ့် ရန်ကုန်မှာက ညဘက်ဖြစ်ဖြစ် မီးပွိုင့်ကို လေးစားကြတယ်လေ .. မန်းလေးမှာဆို ကားရှင်းရင် ကွေ့လိုက်တာပဲ .. မီးပွိုင့်တွေ ဘာတွေ မကြည့်တော့ဘူး”
ဟုတ်ပါတယ်။ ရန်ကုန်မှာက ကားကို သစ္စာနဲ့ မောင်းတယ်တဲ့။ မန်းလေးမှာက မေတ္တာနဲ့ မောင်းတယ်။ သူ့ကို ကြည့်လိုက်တယ်။ အရှိန်မလျှော့လောက်ဘူးဆို ကိုယ်က လျှော့လိုက်တယ်။ ဒါက မန်းလေး ထုံးစံ။ ရန်ကုန်မှာတော့ မဟုတ်ဘူး။ ကိုယ်မှန်တယ်ဆို မောင်းမှာပဲ။ ဘာလာလာ တိုက်မှ တိုက်ရောလေ။
(ဃ)
ကျွန်တော်စဉ်းစားကြည့်တယ်။ ကျွန်တော့် အချို့ ကဗျာတွေက သစ္စာနဲ့ ရေးတာ။ အချို့ ကဗျာတွေ၊ အက်ဆေးတွေက မေတ္တာနဲ့ ရေးတာ။ ထင်မြင်ချက်တွေ လာပေးသူတွေကကော။ သူတို့လည်း အချို့ ကွန်မန့်တွေက သစ္စာနဲ့ ပေးသွားတာ။ အချို့ကတော့ မေတ္တာနဲ့ ပေးတာ။
ဦးနှောက်ဆာလောင်နေတဲ့ အချိန်မှာ သစ္စာနဲ့ ပေးတဲ့ ကွန်မန့်တွေကို သဘောကျပေမယ့် နှလုံးသားဆာလောင်နေတဲ့ အချိန်မှာ မေတ္တာနဲ့ ပေးတာကို ပဲ လိုချင်တယ်။
ကွန်မန့်များသည် ကျန်းမာရေးကို ဆိုးရွာစွာ ထိခိုက်စေပါသည် ဟူသော ကဗျာလိုလို၊ အက်ဆေးလိုလို၊ ဘာမှန်းမသိတဲ့ မိုးအိမ်လူရဲ့ စာကိုဖတ်လိုက်ရပါတယ်။ လူကြိုက်များသွားတယ်။ နံပါတ်တစ်မှာ အကြာကြီးနေသွားတယ်။ ကျွန်တော်ပြန်စဉ်းစားကြည့်တယ်။ ဘာလို့လဲ။ ဘာဖြစ်လို့လဲ။ လူတွေက ကိုယ်ဘာလုပ်လုပ် return ကို လိုချင်ကြတာ။ ဒါလုပ်လိုက်ရင် ဘာပြန်ရမလဲဆိုတာမျိုး။ ကွန်မန့်ဆိုတာက ဘလော့်ဂါတွေရဲ့ စာမူခတဲ့။ ဘယ်သူပြောတာလဲ မမှတ်မိတော့ဘူး။ ကျွန်တော်သဘောကျသွားတယ်။ ဒါပေမယ့် ခုဖတ်လိုက်ရတဲ့ ခေါင်းစဉ်က ကွန်မန့်များသည် ကျန်းမာရေးကို ထိခိုင်စေသည် ဆိုပဲ။
ကျွန်တော်ထင်ပါတယ်။ သူပြောတဲ့ ကွန်မန့်တွေက သူ့နှလုံးသားဆာလောင်နေတဲ့ အချိန်မှာ သစ္စာနဲ့ ကွန်မန့်တွေ သွားပေးလိုက်ကြလို့ဖြစ်မယ်။
(င)
“လူတစ်ယောက်က မြို့တစ်မြို့ဆီက ကားတစ်စင်းနဲ့ ထွက်ပြေးလာတယ်
အဲဒီမြို့က ရာသီဥတုတွေ ပျက်တော့မယ် .. ကျန်ခဲ့တဲ့သူက သေမှာပဲ”
ဒေါက်တာအောင်ထွန်းသက်ဆီက ကြားဖူးတဲ့ ပုံပြင်လေးတစ်ခုကို အဲဒီညက ပြန်ပြောဖြစ်ခဲ့တယ်။
“အဲလို ကားနဲ့ မောင်းပြေးလာတဲ့ အချိန်မှာ လူတစ်ယောက်ကို တွေ့လိုက်တယ်
သူ့ချစ်သူဗျ … သူကယ်ရမှာပေါ့ ..
ဒါပေမယ့် .. နောက်တစ်ယောက်ကို ပါတွေ့လိုက်တယ်… သူက သူ့ကျေးဇူးရှင် ..
မပြီးသေးဘူး …. နောက်တစ်ယောက်ကိုပါ တွေ့ပြန်တယ် … သူက သေခါနီး အဖိုးကြီး …
ခက်နေတာက သူ့ကားမှာ သူ့အပြင် တစ်ယောက်ပဲ တင်လို့ရမှာ ..
သူ ဘယ်သူကို ကယ်သင့်လဲ”
ကျွန်တော့် ပုံပြင်ဆုံးတော့ သူတို့ စဉ်းစားကြတယ်။
တစ်ယောက်က ချစ်သူ။ ဒါက မေတ္တာနဲ့ သမုဒယ ပေါင်းထားသူ။
တစ်ယောက်က ကျေးဇူးရှင်။ ဒါက သစ္စာ သက်သက်။
တစ်ယောက်က အဖိုးကြီးတစ်ယောက်။ ဒါက မေတ္တာ သက်သက်။
ဘယ်သူ့ကို ကယ်မလဲ။
(စ)
တခါတလေ ကျွန်တော်တို့ ရွေးချယ်ရတော့မည် ဆိုတိုင်း ကျွန်တော်တို့က ဘောင်ထဲက စဉ်းစားကြတာ များတယ်။ ပြီးတော့ ပိုဆိုးတာက လူကြားကောင်းအောင် စဉ်းစားကြပါတယ်။ အဲဒီ ပုံပြင်ထဲက မေးခွန်းကို ကိုနေမုန်းက ဒီလိုဖြေခဲ့တယ်။
“သူ့ချစ်သူနဲ့ သူ့ကျေးဇူးရှင်ကို ကားပေါ်တင်ပေးလိုက်မယ်တဲ့
သူကတော့ အဖိုးကြီးနဲ့ နေခဲ့မယ်တဲ့”
သူဘာလို့ ဖြေခဲ့တာလဲ။ ဘယ်လို ခံစားချက်နဲ့ ဖြေခဲ့တာလဲ။ ကျွန်တော်မသိပါ။ ဒေါက်တာအောင်ထွန်းသက် ဖြေသွားတာကတော့ …
“သူနဲ့ သူ့ချစ်သူက နေခဲ့ပြီး အတူတူ သေသွားမယ်တဲ့
သူ့ကျေးဇူးရှင်နဲ့ အဖိုးကြီးကို ကားပေါ်တင်ပေးလိုက်မယ်တဲ့”
တကယ်ဆို ဒီအဖြေကို လူတိုင်းကြိုက်ကြမှာပဲ။
ကျွန်တော်က ဖြေမယ်။ ကိုယ်ချစ်သူပဲ ကယ်မယ်လို့။ ကျွန်တော်လည်း အသေမခံနိုင်ဘူးလို့ ဆိုရင်….။ ခင်ဗျားတို့ ဘယ်လို ထင်ကြမှာလဲ။
သေချာတယ်။ ကားက နောက်တစ်ယောက်ပါ တင်လို့မရရင် ကျွန်တော်က မမြင်ချင်ဆောင်ပြီး ကိုယ်အသက်ရှင်ဖို့ ရုန်းသွားမယ်လို့။ ဒါဆို ပိုဆိုးကုန်မယ်။
တကယ်တော့ မေးခွန်းတိုင်းရဲ့ အဖြေဟာ ခင်ဗျားရင်ထဲက လာသင့်တာပေါ့။ ကြားကောင်းအောင် ဖြေတယ်ဆိုတာ ငယ်ငယ်က စာမေးပွဲခန်းမထဲမှာ ကျန်ခဲ့ပြီ။
(ဇ)
ကျွန်တော့်စာဟာ ရှည်သွားပြီလား။
ရှည်သွားရင် ဖတ်ချင်ကြပါ့မလား။
မဖတ်လည်း ရေးတယ်ကွာ။
မဟုတ်သေးဘူး ရေးတယ်ဆိုတာ ဖတ်ဖို့။
ဖတ်တဲ့ သူတွေကိုလည်း ဆွဲခေါ်ရမှာပေါ့။
ဒါပေမယ့် အမြဲတမ်းတော့ စာဖတ်သူစိတ်ကြိုက်လိုက်မလုပ်နိုင်ဘူး။ ကျွန်တော်က သာမန်လူ။ ဖျော်ဖြေရေးသမားမဟုတ်ဘူး။ မိုဘာက ကိုဗင်းဆင့်ရဲ့ လူဆိုတဲ့ သတ္တ၀ါကို ဖတ်ကြည့်မိခဲ့တယ်။ လူဆိုတဲ့ သတ္တ၀ါလို့ ခေါင်းစဉ်တပ်ပြီး လူတွေကို ဖတ်ခိုင်းတယ်။ လူတွေ မကောင်းတဲ့ အကြောင်း။ ကျွန်တော် ပြန်တွေးကြည့်တော့ အကြိုက်လိုက်လုပ်ဖို့ မလိုဘူး။ လိုတယ်။ နှစ်ခုကြားမှာ ကျွန်တော်တို့က နေရတာ။
အဲဒီတော့ …
ကျွန်တော်က ဆက်ရေးမယ်။
ခင်ဗျားက ရှည်လို့မဖတ်ချင်ရင်လည်း ဒီမှာတင် ပိတ်လိုက်ပေါ့။
(စ်)
ကျွန်တော်က ကမောက်ကမတွေ တွေးချင်တယ်။ မဖြစ်နိုင်တာတွေ ရေးချင်တယ်။ ဒါပေမယ့် အဲဒီထဲမှာပဲ realism ဆိုတာလည်း ရှိနေမယ်။ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ ကိုယ်အားစိုက်ထားတဲ့ ၀တ္ထုတစ်ပုဒ်ထက် ကိုယ်ပြီးရောဆိုပြီး ရေးလိုက်တာကို လူတွေက ပိုကြိုက်ချင်ကြိုက်ကြတာပဲ။
အနုပညာမှာ ပေးသူနဲ့ ယူသူက ထပ်တူကျဖို့ ဘယ်တော့မှ မလွယ်ဘူး။ ကြိုးစားဖို့လည်း မစဉ်းစားနဲ့တဲ့။
ဟုတ်ပါတယ်။ ဖြစ်နိုင်ရင် ကိုကြည်နိုင်ရေးခဲ့တဲ့ အရုပ်ဆိုင်ကိုသာ ပြေးသွားချင်ပါတယ်။
မိုးအိမ်လူမှာ ကဗျာထုတ်လုပ်တဲ့ စက်ရှိနေသလား။
ဗိုင်းရပ်စ်မှာ ကဗျာအမွှာပူးတွေ မွေးထားပါသလား။
ကျွန်တော်က ရင်ထဲက လာတဲ့ အနုပညာအစစ်တွေ လိုချင်ပါတယ်။
သူတို့ ရေးနေတာတွေက ရင်ထဲမလာဘူးဟု မပြောပါ။ မဆိုလိုပါ။ (တော်ကြာ .. ကျွန်တော့်ကို ချောင်းရိုက်နေဦးမယ် .. သူတို့ နှစ်ယောက်ပေါင်းပြီး)
ကျွန်တော့်ရေးခဲ့တဲ့ ကဗျာစာသားတစ်ခုကို အခုပြောချင်ပါတယ်။
“ကြိုပြောထားမယ်
ဘယ်မဂ္ဂဇင်း၊ ဘယ်စာအုပ်မှာ ပါပါ .. မပါပါ
အနုပညာဟာ စာရွက်ပေါ်မှာ မရှိဘူး … ရင်ဘတ်ချင်းဖတ်ရတာ
အရိုးရဲ့ လေတိုက်တဲ့ညတွေကို နားထောင်ကြည့်လိုက်
ဘာ.. နားထဲမှာ ငွေတွေထည့်ထားတယ် ဟုတ်လား”
ဒါသည်ပဲ အနုပညာရဲ့ ပေါက်ကွဲမှုတစ်ခုပါ။
ကျွန်တော်က နှလုံးသားဆာလောင်နေသူပါ။ တဆိတ်လောက် ခင်ဗျားတို့က ရင်ဘတ်ထဲက လာတာတွေ ပေးကြပါလား။
(ည)
“စင်္ကာပူတွင် မဟုတ်၊ ရန်ကုန်မှာလည်း ခုန်ချပြီ” ဟု ကျွန်တော်တင်လိုက်တယ်။ အရင်ကရခဲ့ဖူးပေမယ့် မရတာ ကြာပြီ ဖြစ်တဲ့ facebook က Like နှင့် မိုဘာက View (ဘယ်နှစ်ယောက်ကြည့်သည်) ကို တစ်ရက်အတွင်း ပြန်ရလိုက်တယ်။
ဘာကြောင့်လဲ။
တကယ်ဆို အဲဒီပို့စ်ကို ကျွန်တော်က ထုံးစံအတိုင်း ကမောက်ကမ ဇာတ်တွေ ဆင်ပြီး ၀တ္ထုတို လုပ်ရေးမလို့။ ပြီးမှ စိတ်ကူးပြောင်းကာ သတင်းဟာသ အဖြစ် ပုံနှစ်ပုံနှင့် တင်ပြခဲ့တယ်။ ခင်ဗျားတို့ကော ရင်ဘတ်ထဲက အမှန်တိုင်း ကြိုက်ကြပါသလား။
ဘာကြောင့်လဲ။ ကျွန်တော်ကတော့ ၀တ္ထုတို တစ်ပုဒ်မဖြစ်သွား၍ ကိုယ့်ကိုကိုယ် မကြိုက်ပါ။ ၀တ္ထုတိုအနေဖြင့် ကမောက်ကမတွေ ကျွန်တော်က လျှောက်ရေးရင်ကော။ ဘာဖြစ်လာမလဲ။ ကျွန်တော် မသိပါ။
(အ)
“ကျွန်တော်က လူတွေ ပျော်ရွင်အောင်ထားချင်တယ်
အလုပ်ထဲရောက်ရင် အလုပ်ထဲက လူကို ပျော်အောင် ထားမယ်
အပြင်ရောက်ရင် အပြင်ပေါ့
မိသားစုထဲ ရောက်ရင် မိသားစု ..
ဒါပဲ .. ကျွန်တော့်ရဲ့ နေထိုင်မှု စတိုင်လ်က အဲလို … ရိုးရှင်းတယ်
ဒါသည်ပဲ ကျွန်တော့်ရဲ့ နိုင်ငံရေးအမြင်ပေါ့”
ကိုနေမုန်းမေးခွန်းကို ကျွန်တော်အဖြေပေးပြီးတော့ ကျွန်တော်တို့ အဲဒီညက သုံးယောက်သား သုံးဆယ့်လေးလမ်းထိ လမ်းလျှောက်ပြန်လာခဲ့ကြတယ်။
အပြန်မှာ ဒန်ဟေးလ်အမည်ရှိ စီးကရက်တစ်လိပ်ကို ဖွာလိုက်ပြီး ဒီနေ့ ပြောခဲ့တာတွေကို ထုံးစံအတိုင်း လျှောက်ရေးဦးမယ်လို့ ဆုံးဖြတ်လိုက်တယ်။
(ပြောချင်တာတွေ များပေမယ့် ဖတ်တဲ့သူက ဘာမှန်းမသိတာတွေ ရေးထားတာကို စိတ်ညစ်သွားမှာစိုးလို့ (အ) ကို ကျော်ရေးပြီး အဆုံးသတ်လိုက်တယ်။)
ရင်နင့်အောင်
0 comments:
Post a Comment