နှောင်းနှောင်းစံနဲ့ သူမ၏ဖေဖေ
နှောင်းနှောင်းစံ
နံနက်အိပ်ယာမှနိုးတော့ ကြားရသောကျီးကန်းအာသံတွေ
နားထောင်ရင်း ရန်ကုန်မှာရောက်စဉ် တုန်းက နံနက်အိပ်ယာကနိုးရင် ဥသြတွန်သံလေးတွေ သာယာနာပျော်ဘွယ်ကြားရတဲ့အရသာလေးကို
အမှတ်ရ နေမိသေးသည်။ မန္တလေးမှာ ဥသြတွန်သံမကြားရဘူးဟု ညီမတော်သူကိုပြောပြတော့ သစ်ပင် ကြီးကြီးတွေ
မပေါလို့နေမှာပေါ့တဲ့။ ဟုတ်မည် ကျမတို့အိမ်က ဈေးချိုအနီးတွင်ရှိပြီး သစ်ပင်ကြီးကြီးမားမား များလည်းမရှိပါ။
စာရေးဆရာ နေဝင်းမြင့်က စင်ကာပူမှာလည်း ဥသြတွန်ပါသည်။ သို့သော်လွမ်းစရာ မကောင်းဟု ဆိုသည်။
သူကတော့ကျမလို လွမ်းစရာမကျန်ခဲ့လို့နေမှာပဟုသာ အောက်မေ့လိုက်ပါသည်။
တွေးလက်စများရပ်တန့်ပြီး ခြေလက်များဆန့်တန်းရင်း
မျက်လုံးကိုဖွင့်ကြည်လိုက်တော့ မိုးတော်တော်လင်း နေတာကိုတွေ့ရ။ ကဗျာကယာ နာရီကြည့်လိုက်တော့
၇ နာရီခွဲလုပြီ။ ဟယ် ထမှပဲဆိုပြီးအိပ်ခန်းဘယ်ဖက် ခြမ်းကုတင်မှ ဖေဖေ့ကိုလှမ်းအကြည့်မှာ
ငြိမ်သက်စွာတရားထိုင်နေတဲ့
ဖေဖေ့ကိုတွေ့ရ။ တော်ပါသေးရဲ့ ဖေဖေ အောက်ထပ်ကိုဆင်းမသွားသေးလို့။
ဖေဖေက
နံနက်စောစော အိပ်ယာထတတ်သူ ဖေဖေ့ ရဲ့ ဒီလိုကောင်းသော အကျင့်ကိုကျမက အတုမခိုး။
ကိုကိုကြီးနဲ့ မမကြီးတို့သာ ဖေဖေကဲ့သို့ပင် ဝီရိယကောင်းကြသည်။ ကျမလိုမဟုတ်ကြ။ ကြိုးစား
အားထုတ်မှုမှာလည်း ဖေဖေ့ခြေရာ နင်းကြသူများပင်။ ခုတော့သူတို့နှစ်ယောက်စလုံး ဖေဖေ့ အနားမရှိကြ
တော့။ ကိုကိုကြီးက သူ့ယြုံကည်ချက်အတိုင်းအလုပ်လုပ်ရင်း အိမ်နဲ့၊ မိသားစုနဲ့ဝေးရာ နေရာဆီမှာ
လေးနှစ် ကြာခန့်နေပြီးမှပြန်လာ၊ အိမ်ပြန်ရောက်လို့ ငါးနှစ်လောက်မှာ ကျမတို့အားလုံးကိုထားပြီး
မပြန်လမ်းကိုသွား လေတော့သည်။
မမကြီးကတော့ သွားတော့သွားသည်။ မပြန်လမ်းမဟုတ်။ ပြန်လာမှာ
အခွင့်သာတဲ့တစ်နေ့ပြန်လာမှာ ဖေဖေမသေရသေးဘူးနော်၊ သမီးပြန်လာမှာနော်ဟု တဖွဖွဆိုလေသူ။
နင့်ရဲ့အတ္တကဖေဖေ့ရဲ့သက်တမ်းကို ဆွဲဆန့်နိုင်ပါစေလို့ ရင်တွင်းမှစကားသူကြားအောင်
ပြောမထွက်။ မပြောရက်။
အသက်
၈၆ နှစ်ရှိပြီဖြစ်တဲ့ ဖေဖေကတော့ အသက်အရွယ်နှင့်စာလျင် လွန်စွာကျန်းမာသန်စွမ်း သူဖြစ်
သည်။ သူ့ကျန်းမာရေးကိုအထူးဂရုစိုက်ရုံမက သားသမီးလေးယောက်စလုံး၏ကျန်းမာရေး၊
နေရေး၊
စားရေးကို ယနေ့ဒီအရွယ်ထိတိုင်အောင် တာဝန်ယူလိုသူ။ ကိုယ့်အရိုးကိုယ်နိုင်သေးသမျှ ကိုယ့်ကိစ္စ
ကိုယ့်ဖာသာဘဲ လုပ်ချင် တယ်ပြောလာသူ။ ဒါပေမဲ့ အတူနေတဲ့သမီးဖြစ်သူကျမက အလိုက်သိစွာ လုပ်ပေးသည်ကိုလည်း
လွန်စွာကျေနပ်တတ်သူ။ တစ်ညလုံး သုံးခါထက်မနည်းထပြီး ဆီးသွားထားသော ဖေဖေ့ဆီးအိုးကိုယူကာ
အခန်း တံခါးကို အသံမမြည်အောင်ဖွင့်ထွက် ညင်သာစွာ ပိတ်လိုက်သည်။
ဆီးအိုးကိုကျမသွန်ဆေးဖို့မမေ့လျော့အောင်
နေ့စဉ်သတိထားဆောင်ရွက်ရ၏။ မဟုတ်လျင်
ဖေဖေက သူကိုယ်တိုင်ယူသွန်ဆေး လုပ်မည့်သူ။ ဖေဖေ့မှာ
ဆီးကျိတ်ရှိနေတာကြာပြီ။ ထို့ကြောင့်ပင် ဆီးကို မကြာခဏ သွားတတ်ပါသည်။ ညစဉ် Finasteride Tablets USP 5 mg ကို တစ်လုံးတစ်ကြိမ်
မှန်မှန်တိုက်ရန် မမကြီးမှ ညွှန်ကြားထားသဖြင့် ကျမမှာ မပျက်ကွက်စေရပါ။ တခါတရံ ပျက်ကွက်မိရင်တောင်မှ
ဖေဖေကတော့ မမေ့ မလျော့ ဆေးသောက်တတ်သူဖြစ်ပါသည်။
ယနေ့နံနက်
အိပ်ယာထနောက်ကျသဖြင့် ပြုလုပ်နေကျ ကိုယ်လက်သန့်စင်ခြင်းများ ခပ်သွက်သွက် လုပ်ပြီးတော့
ရေနွေးတစ်အိုးတည်သည်။ ဆန်ကိုနို့ဆီ နှစ်ဘူးခန့်ဆေးပြီး လျပ်စစ်ထမင်းအိုးထဲ
ထည့်ပြီး ရေ နို့ဆီ သုံးဘူးဖြင့်တည်သည်။ ။ မန္တလေးမှာ အခု မီးကို နှစ်ဆယ့်လေးနာရီ ရနေတော့
ထမင်းအိုးအတွက် မကြောင့်ကျရတော့ပါ။
ပြီးတော့
မီးသွေးမီးဖိုပေါက်စလေးကို ထုတ်လိုက်ပြီး မီးမွှေးရန်ပြင်ရသည်။ ခဏနေ တရားထိုင်အပြီး
ကွယ်လွန်ပြီးကြသူ ဇနီးနှင့် သားနှစ်ဦးတို့ကို အမျှအတန်းများပေးဝေပြီး အိမ်ပေါ်မှဆင်းလာမည့်
ဖေဖေ အဆင်သင့်နွေးနွေးထွေးထွေးမီးလှုံပြီး ကျမပြင်ဆင်ပေးမည့် နံနက်စာကိုသုံးဆောင်နိုင်မှာဖြစ်သည်။
တကယ်ဆိုညက
ခါတိုင်းထက်အိပ်ယာဝင်တာစောသည်။ တရေးနိုးချိန်မှာတော့ ဖေ့စ်ဘွတ်မှ ဘလော့ဂါ မိတ်ဆွေက
အမစာရေးဖြစ်အောင်ရေးပါဟု တိုက်တိုက်တွန်းတွန်းဆိုလာသည်ကို အမှတ်ရသွားပြီး အတွေးနယ်ကျယ်ကာ
အိပ်မပျော်ခဲ့။ စာရေးပါဆိုတော့ ဘယ်လိုရေးရမှာပါလိမ့်။ ကျမမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုကမရှိ။
စာဆိုလို့ငယ်ငယ်က ရည်းစားထားတုံးကသာ ရည်းစားထံရေးဖူးတာ။ ငယ်ငယ်က ကျောင်းမှာ စာစီစာကုံးပြိုင်ပွဲများကို
ကိုယ်နဲ့မဆိုင်သလိုနေခဲ့သူ။ မြန်မာစာသင်ချိန် စာစီစာကုံးရေးခိုင်းလျင် အတိုချုံးသာရေးချင်သူ။
ဆယ်တန်းအောင်စဉ်ကလည်း မြန်မာစာအမှတ် လေးဆယ့်တစ်မှတ်သာရခဲ့သူ … ဒီလိုဆိုတော့လည်း ကိုယ့်ကိုယ်ကို
ယုံကြည်မှုမရှိတာမဆန်း။
ဘာကိုမြင်လို့များ
ကျမမိတ်ဆွေဘလော့ဂါက စာရေးခိုင်းသည်မသိ။ သူ့ထံ အမေးမြန်းထူ ရန်ကော၊ စပ်စုလွန်းရန်ကော၊ ရှာရှည်ရန်ကောဆိုပြီး အေးဆေးကိုယ့်ဖာသာစာရေးစမ်းပါဗျာ လို့ပြောနေသယောင် တောင် သံသယဝင်မိသွားသေးသည်။
ဟာဟ
ရီ ရီရသေးတော့ ဆိုတဲ့ လူဗိုလ်ရဲ့ ကဗျာထဲကလိုသာ ရီချင်မိပါတော့သည်။ ကျမ၏ အားကျ နှစ်ခြိုက်ရသူ
စာရေးဆရာမများကား ဆရာမကြီးဒေါ်ကြည်အေး၊ ဂျာနယ်ကျော် ဒေါ်မမလေး၊ ဆရာမ ဂျူး တို့ ဖြစ်ရကား
သူတို့၏ အရေးအသား အတွေးအခေါ် တင်ပြပုံတွေကို စဉ်းစာမိပြီး မတန်မရာနှိုင်းယှဉ် အားငယ်ရင်း
ငါတော့အဖြစ်ရှိမှာလည်း ဟုတ်ပါဘူးဟု သိမ်ငယ်စွာခံစားရင်း ပြန်လည်အိပ်ပျော်သွားရာမှ အိပ်ယာမှနောက်ကျ
စွာနိုးရ။
ဖေဖေအိမ်ပေါ်ထပ်မှဆင်းလာပြီး
ထမင်းပူပူလေးနဲ့ ကုလားဗယာကြော်လေးနဲ့စားမယ်သမီးလို့ဆိုလို့ ဖေဖေ့စိတ်တိုင်းကျ နံနက်စာပြင်ဆင်ပေးလိုက်ပါသည်။
ဖေဖေက နံနက်စာကို တီဗွီကြည့်ရင်း သုံးဆောင်လေ့ ရှိ၏။ မနေ့ညက တီဗွီ
5 Movies မှ Ghostဇာတ်ကားကို မြန်မာစာတမ်းထိုးနဲ့လွှင့်တာကို၊ ဖေဖေ က နှစ်ခြိုက် ကျေနပ်စွာကြည့်နေသည်ကို
သူငယ်ချင်းအားလှမ်းပြောပြတော့ ခေတ်မှီတာပေါ့ဟု သူငယ်ချင်းကပြန်ပြော ပါသည်။
ဖေဖေက
အသက်ရှည်လို့သာဒီလိုခေတ်မှီမှီနေရတာဖြစ်သည်။ ငယ်ရွယ်စဉ်က ရုပ်ရှင်ဆိုတာကို
ဟုတ်တိပတ်တိ မကြည့်ခဲ့ရပါ၊ ဖေဖေငယ်စဉ်က တောရွာမှာ တောင်သူလုပ်ရတာပင်ပန်းတယ်။
ဒီလိုပင်ပန်းတဲ့ အလုပ်နဲ့တော့ ငါ အသက်မမွေးနိုင်ဘူး။ အရောင်းအဝယ်သမားဘဲဖြစ်ချင်တယ်ဆိုပြီး
ဆယ့်ခြောက်နှစ်သား အရွယ်မှာ ရွာမှထွက်၍ စွန့်စားသူဖြစ်သည်။ ဖေဖေက ဂန့်ဂေါမြို့နယ်မှ
မြင်သားရွာဇာတိ ယောနယ်ဖွား ဖြစ်သည်။
စွန့်စားရုန်းကန်ရင်းနဲ့ပင်
တစ်ရွာတည်းနေသူ မေမေနဲ့အိမ်ထောင်ကျပြီး သားသမီးငါးယောက် ထွန်း ကားရာ လေးယောက်သာအဖတ်တင်ရာမှ
ယခုတော့ ဖေဖေ့အနားမှာ ကျမတစ်ယောက်သာကျန်တော့။ မေမေဆုံးစဉ်က ဖေဖေ့အသက်မှာ ၃၈ နှစ်သာရှိသေးရာ
သားသမီးလေးယောက်နှင့်မုဆိုးဖိုဘဝကို ဆက် လျောက်လှမ်းဖို့ရန် သတ္တိတွေမွေးမြူရသည်။ စိတ်ဓါတ်တွေ
ဆောက်တည်ရသည်။ နှစ်နှစ်အရွယ် သမီးအထွေး ကျမကိုချီပိုးရင်း ဇနီးသည်ကို ကိုယ်ထင်ပြလှည့်ပါလို့တောင့်တဖူးခဲ့သူ။
ဒါပေမဲ့ ဖေဖေက စိတ်ဓါတ်မကျ။ အရှုံးမပေးသူ။ အို (ကျမတို့အဖွား) က သမီးထွေးကျမကို သူမွေးပါ့မယ်လို့
ကူညီစကား ဆိုလာတော့လည်း ကျုပ်မွေးထားတဲ့သမီး ကျုပ်မှာဘဲတာဝန်ရှိတယ်၊ ကျုပ်ပဲမွေးမှာ၊ ဘယ်သူ့ကိုမှ မပေးနိုင်ဘူးဗျာလို့
ပြတ်ပြတ် သားသား ငြင်းဆန်သူ။ သားကြီးဖြစ်သူ ကိုကိုကြီးရဲ့လက်ကိုဆွဲ၊ သမီးထွေးကျမကို
ကျောမှာပိုးခေါ်ပြီးတော့ ငါ့သားကြီး ဘာမှ အားမငယ်နဲ့၊ ငါလိုအဖေရဲ့သားသမီးတွေဖြစ်ရက်နဲ့
လူ့အောက်တန်းမကျစေရဘူး။ အဖေကြိုးစားမယ်။ ငါ့သားကလည်းအဖေ့ကို တတ်စွမ်းသလောက်ကူညီဖို့ပြောပြီး
ရှေ့ဆက်ချီတက်ခဲ့သူ။ ပြောတဲ့အတိုင်းပဲ ဖေဖေဟာ သားသမီးလေးယောက်လုံးကို ခေတ်ပညာတတ် ဘွဲ့ရသူတွေဖြစ်အောင်
ရုန်းကန် ပြုစုလာခဲ့သူပါ။ မေမေဆုံးတဲ့နှစ်မှာပင် တော်လှန်ရေးကောင်စီအစိုးရက ပြည်သူပိုင်သိမ်းပါတော့သည်။
အဲလို ချိန်မှာ ဖေဖေ့မှာ စည်းစိမ်တွေလည်းပြုန်း ဇနီးလည်းဆုံးပြီး စီးပွားပျက် ကျွေးတင်ဘဝရောက်ခဲ့သူ။
ကျမကတော့ နှစ်နှစ်သမီးအရွယ်မို့ မေမေ့မျက်နှာဘယ်အဆင်းလည်းဆိုတာ။
ဖြူသလားမည်းသလားဆိုတာ ရေးရေးလေးတောင်မသိနိုင်တဲ့အရွယ်မှာပင် ရွေးချယ်ခွင့်လည်းမရှိပါပဲနဲ့
မေမေ့ကိုဆုံးရှုံးခဲ့ရသူပေါ့။
ဒါပေမဲ့လည်းဖေဖေ့ရဲ့အနိုင်မခံ
အရှုံးမပေးလိုတဲ့စိတ်ဓါတ်နဲ့ ဦးဆောင်မှုအောက်မှာ လူလားမြောက် ခဲ့ရတဲ့ကျမအတွက်ကတော့
မေမေလို့ခေါ်စရာ ဖော်ပြစရာလူပုဂ္ဂိုလ် မရှိတာကလွဲလို့ ကျမဘဝမှာ ကွက်လပ် မဖြစ်ခဲ့ရပါဘူး။
အမေဆိုတာရှိခြင်းရဲ့ အရသာကိုမသိခဲ့ရတဲ့ကျမ မရှိတဲ့အရသာဟာလည်း ကျမအတွက် ကွက်လပ်မဖြစ်ရလေအောင်
ဖေဖေကဖြည့်ဆည်းပေးနိုင်သူဖြစ်ပါသည်။
ဒီနှစ်ထဲမှာပင်
ခင်ပွန်းသည်၏အမေဖြစ်သူ ဆုံးသွားလေရာ ခင်ပွန်းသည်မှာ ရှိုက်ကြီးတငင်ငိုရှာ ပါသည်။ သူငိုသည်ကိုမြင်ရတော့
အော်သူ့ခမျာ အမေနဲ့သားလက်ပွန်းတတည်း အတူနေတာကြာတော့ ရှိခြင်းရဲ့ အရသာကိုစွဲလန်းနေမှာပေါ့။
မရှိတော့တဲ့ကွက်လပ်ရဲ့ အရသာကိုမခံစားနိုင်ရှာပေဘူးကိုးလို့ စာနာပေးမိ။ ငါလည်းဖေဖေ မရှိခြင်းဆိုတဲ့ကွက်လပ်ကို
ရင်ဆိုင်ရတဲ့နေကြုံလာရင် ခံနိုင်ရည်ရှိပါ့မလားလို့သာ တွေးနေမိပါတော့သည်။
ဖေဖေ အသက်ရာကျော်ရှည်နိုင်ပါစေ။
(ယောစကား) အို = အဖွား
1:25 AM (9 December 2011)
နှောင်းနှောင်းစံ
ReplyDeleteမိဘမေတ္တာကို ဖေါ်ကျူးတဲ့ စာတွေများစွာကို ဖတ်ခဲ့ဖူးပါတယ်။ နှောင်းနှောင်းစံရဲ့ဒီစာစုလေးကလည်း ရင်ကိုလှိုက်ခတ်စေပါတယ်။ သစ်ကောင်းတစ်ပင်လို ဘ၀လုံခြုံမှုတွေ ပေးနိုင်တဲ့ အကြင်နာကြီးမားတဲ့ဖခင်ကို ပိုင်ဆိုင်ရတဲ့ဓနှာင်းနှောင်းစံရဲ့ကံတရားကို အားကျမိပါရဲ့ ။ အေးမြတဲ့ဖခင်အရိပ်ကို မှီခိုရင်း ကိုယ့်ဖက်ကလည်း သားသမီးဝတ္တရားမပျက် ပြုစုပေးနေတာကလည်း ကြည်နူးစရာ လောကပါလပုံရိပ်ကလေးတခုပါဘဲ။
နှောင်းနှောင်းစံ ဆန္ဒပြုသလို ဖေဖေသက်ရာကျော်ရှည်ပါစေ။
စာဖတ်သူတစ်ဦး