Tuesday, December 13, 2011

ဒီလိုဆွမ်းစားမျိုးတွေမကြွပါရစေနဲ့တော့


 
ဆောင်းပါးရှင် ဘိက္ခုဇိနပုတ္တ(ရန်ကုန်)
ဒီမိုဝေယံ http://www.demowaiyan.co.cc/2011/12/blog-post_11.html?spref=fb

ခုတလော အင်တာနက်စာမျက်နှာတွေမှာ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်တို့ တိုက်ကြ ခိုက်ကြလို့ သေကြ ကြေကြ ထိခိုက် ဒဏ်ရာတွေ ရကြတဲ့ သတင်းတွေကို မကြာခဏ ဆိုသလို တွေ့နေရတာ အလွန်ကို စိတ်ထိခိုက်စရာ ကောင်းလှပါတယ်။ ဒီလိုမျိုး အင်တာနက်စာမျက်နှာပေါ်က ပြည်တွင်းစစ်သတင်းတွေ ဖတ်ပြီး စိတ်မကောင်း ဖြစ်နေတုန်းမှာဘဲ ဒကာမတစ်ဦးက သူ့သားတော်မောင် ဗိုလ်တစ်ယောက် ရှေ့တန်းမှာ တာဝန်ကျနေလို့ ဘေးကင်း ရန်ကင်း အန္တရာယ်ကင်းအောင် ဆွမ်းအုပ်လာပို့ပါတယ်။ သူ့သားအတွက် ဘေးအန္တရာယ် ကင်းရှင်းအောင် မေတ္တာပို့ ပေးပါလို့လဲ လျှောက်သွားလေရဲ့။ ရင်မော လိုက်တာ။



ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်က လာပင့်တဲ့ ဆွမ်းစားတစ်ခု ဆိုရင်ရင်မောရုံတင် မဟုတ်ဘူး။ နောက်ကို ဒီလို ဆွမ်းစားမျိုး ဘယ်တော့မှ လာမပင့်ပါစေနဲ့၊ ဒီလိုဆွမ်းစားမျိုးတွေကို ဘယ်သောအခါမှ မကြွပါရစေနဲ့တော့လို့တောင် စိတ်ထဲက ကျိတ်ပြီး ဆုတောင်းမိတဲ့ ဆွမ်းစားမျိုးပါ။ ဆွမ်းစားက ရက်လည် ဆွမ်းသွပ်တာပါ။ ကိုးဆယ်ခြောက်ဖြာ ကိုးဆယ်ရှစ်ဖြာ အနာရောဂါကြောင့် သေရတဲ့ ရက်လည် ဆွမ်းသွပ်မျိုးတော့ မဟုတ်ပါဘူး။ ကရင်ပြည်နယ်က တိုက်ပွဲတစ်ခုမှာ သားတော်မောင် ရဲဘော်တစ်ယောက် ကျဆုံးသွားလို့ မိဘနှစ်ပါးနဲ့ ညီအကိုမောင်နှစ်မတွေက မျက်ရည်ဖြိုင်ဖြိုင်ကျပြီး ကပ်လှူကြတဲ့ ဆွမ်းပါ။ “ကျဆုံးသွားတဲ့ ရဲဘော်က အသက် ဘယ်နှစ်နှစ် ရှိပြီလဲ” လို့ မေးကြည့်တော့ “ဆယ့်ကိုးနှစ်ပဲ ရှိပါသေးတယ်”တဲ့။ “တပ်ထဲဝင်သွားတာ ဘယ်လောက် ကြာပြီလဲ” လို့ ဆက်မေးတော့ “လေးနှစ်လောက် ရှိပါပြီ”တဲ့။ ဒီလိုဆိုတော့ တပ်ထဲရောက်သွားတာ ကလေးစစ်သားအဖြစ်နဲ့ ရောက်သွားခဲ့တာပါလား။ ခုတော့ ကျဆုံးသွားရှာလေပြီ။ တကယ်ကို စိတ်မကောင်းစရာပါ။
တကယ်တော့ ရှေ့တန်းမှာ တိုက်နေခိုက်နေ၊ ပစ်နေခတ်နေကြတဲ့ မြန်မာစစ်တပ်က ရဲဘော်လေးတွေရော တိုင်းရင်းသား အဖွဲ့အစည်းများက ရဲဘော်လေးတွေရောဟာ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဦးနဲ့တစ်ဦး ရန်ငြိုး ရန်စ အာဃာတတွေ ရှိဖို့ နေနေသာသာ၊ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဦးနဲ့ တစ်ဦး တွေ့ဖူး မြင်ဖူး သိဖူးကြတာမျိုးတောင် ရှိမယ် မဟုတ်ပါဘူး။ သူတို့လေးတွေကို ပစ်ဟေ့၊ ခတ်ဟေ့လို့ အမိန့်တွေ ပေးနေကြလို့သာ ဘာရန်ငြိုး ရန်စ မှ မရှိတဲ့ သူတွေ အချင်းချင်း ပစ်နေကြ ခတ်နေကြရတာပါ။ ဒီလို ပစ်ကြ ခတ်ကြရတဲ့ အတွက် နှစ်ဖက်စလုံးက ရဲဘော်လေးတွေဟာ အမိန့်တွေအောက်မှာ မြေစာ ဖြစ်သွားရပြီး တိုင်းပြည်ရဲ့ သားကောင်း ရတနာလေးတွေ အလဟဿ ဆုံးရှုံးသွားရတာဟာ အလွန်ကို နှမြောစရာ ကောင်းလှပါတယ်။ ဒီလိုမျိုး တိုင်းပြည်ရဲ့ သားကောင်းရတနာလေးတွေ အလဟဿ ဆုံးရှုံး နေရတာမျိုးတွေကို ခုချိန်မှာ ရပ်တန်းက ရပ်သင့်နေပါပြီ။

ကိုယ့်တိုင်းရင်းသား ညီအကို မောင်နှစ်မတွေ အချင်းချင်း ပစ်ဖို့ ခတ်ဖို့ သတ်ဖို့ ဖြတ်ဖို့ ပေးနေကြတဲ့အမိန့်တွေလဲ နှစ်ဖက်စလုံးက ချက်ချင်းကို ရပ်သင့်ပါပြီ။ ဒီလိုမျိုး အမိန့်တွေ ရပ်သွားမှဘဲ ဘုန်းဘုန်းတောင်းတဲ့ ဆုတောင်းက ပြည့်မှာပါ။ ဘုန်းဘုန်းတော့ ဘုန်းဘုန်းတောင်းတဲ့ ဆုတောင်းကို ခုချက်ချင်းကို ပြည့်ချင်နေပါပြီလေ။

ဘိက္ခုဇိနပုတ္တ(ရန်ကုန်)




0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...