Thursday, December 1, 2011

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးတစ်ဦး၏ နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်ခရီးစဉ်အဖြစ် ဟီလာရီကလင်တန်လာရောက်

by Win Chit Khine on Thursday, December 1, 2011 at 9:00pm

ဒီဇင်ဘာလ (၁)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖေါ်ပြထားမှုအား တွေ့ရစဉ်


Thursday, 01 December 2011 12:46
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တစ်ဦး၏ နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ခရီးစဉ်အဖြစ် ဟီလာရီကလင်တန် လာရောက်မှုကို ကမ္ဘာ့မီဒီယာများနှင့် ပြည်တွင်းပုဂ္ဂလိက သတင်းဂျာနယ်များတွင် အကျယ်တ၀င့် ဖော်ပြခဲ့သော်လည်း အစိုးရပိုင်မီဒီယာများတွင် သာမန်မျှသာဖော်ပြခဲ့သည်ကို တွေ့ရှိရပါသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဧ။် ခရီးစဉ်နှင့် ပတ်သက်သည့် သတင်းကို နိုင်ငံပိုင် ရုပ်သံတွင် အခြားသတင်းများအပြီး နောက်ဆုံးတွင်မှ စက္ကန့်ပိုင်းမျှသာ သတင်းထုတ်လွှင့်ခဲ့ပါသည်။ ဟီလာရီကလင်တန်သည် နိုဝင်ဘာလ (၃၀) ရက်နေ့ ညနေပိုင်းက မြန်မာနိုင်ငံ နေပြည်တော်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရောက်ရှိမှုသတင်းအား နိုဝင်ဘာလ (၃၀)ရက်နေ့ ည (၈)နာရီသတင်းတွင် ယခုကဲ့သို့ စက္ကန့်ပိုင်းမျှသာ ဖော်ပြခဲ့ခြင်း ဖြစ်သည်။
ထို့အတူ ဒီဇင်ဘာလ (၁)ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင်လည်း ဟီလာရီကလင်တန် ရောက်ရှိမှုအား အတွင်းစာမျက်နှာတွင်သာ ရောက်ရှိကြောင်း သတင်းအကျဉ်းအဖြစ်သာ ဖေါ်ပြခဲ့သည်ကို တွေ့ရှိရသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ၀ါရင့်သတင်းစာဆရာ ဆရာလူထုစိန်ဝင်းက "အခုလို အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေးကို သမ္မတတို့၊ ဒုသမ္မတတို့၊ လွှတ်တော်ဥက္ကဌတို့ ကစပြီးတော့ လှိုက်လှိုက်လှဲလှဲနဲ့ ကြိုဆိုတဲ့အချိန် နှစ်ဘက်ဆက်ဆံရေး ပိုပြီးတော့ ပြေလည်အောင် ကြိုးပမ်းနေတဲ့ အချိန်မှာ ဒီသတင်းကို သေးသိမ်အောင် လုပ်ထားတာကတော့ မလုပ်သင့် မလုပ်ထိုက်တဲ့ အလုပ်ကို လုပ်တယ်လို့ပဲ ယူဆတယ်။ နောက်ပြီးတော့ သတင်းတန်ဖိုးအနေနဲ့ ကြည့်မယ်ဆိုရင်လည်းပဲ နှစ် (၅၀) အတွင်းမှာ ပထဆုံးအကြိမ် ထိပ်တန်း ၀န်ကြီးအဆင့် လာတဲ့ ခရီးစဉ်ဖြစ်တဲ့အတွက် တန်ဖိုးအားဖြင့် ဆိုရင်လည်းပဲ အင်မတန် သတင်းတန်ဖိုး ကြီးမားတယ်။ ဒီသတင်းတန်ဖိုးကြီးမားတဲ့ သတင်းကြီးကို ကမ္ဘာ့သတင်းစာတွေက မျက်နှာဖုံးသတင်းအဖြစ်နဲ့တောင် ရေးနေတဲ့အချိန်မှာ ဒီလိုဆက်ဆံရေးကို ပြေလည်ချင်တယ် နွေးထွေးချင်တယ်ဆိုရင် သတင်းစာမှာ အခုအတိုင်း ဖေါ်ပြထားတာ သတင်းတန်ဖိုးကို နားမလည်ကြလို့ပဲ ပြောရမလား၊ တစ်ခြား ဘာရည်ရွယ်ချက်ရှိတယ် ဆိုတာ တွေးရမလားလို့ စိတ်ထဲမှာ ခံစားနေရတယ်။ သတင်းစာဆရာ တစ်ယောက်အနေနဲ့ပြောမယ်ဆိုရင် ဒီသတင်းဟာ မျက်နှာဖုံးပေါ်မှာ ထိပ်တန်းကနေ တင်ရမယ့် သတင်းလို့ပဲ ယူဆပါတယ်။ ပြေလည်ချင်တယ်တို့၊ ချစ်ကြည်ရင်နှီးချင်တယ်တို့ဆိုတာ ပါးစပ်က ပြောနေရုံနဲ့ မလုံလောက်ဘူး တစ်ကယ် လက်တွေ့ လုပ်ပြဖို့လိုအပ်ပါတယ်။ ဒီအချိန်မှာ မြန်မာအစိုးရ အနေနဲ့ လက်တွေ့လုပ်ပြပါလို့ပဲ တိုက်တွန်းချင်ပါတယ်။ " ဟု ပြောကြားခဲ့သည်။
"ဘာပဲပြောပြော ကလင်တန်လာတဲ့ ကိစ္စဆိုတာက နှစ်ပေါင်း ၅၀ ကျော်အတွင်းမှာ ပေါ်ပေါက်လာတဲ့ အခြေအနေပေါ့၊ အလွန်သမိုင်းဝင်လို့ ပြောလို့ရတဲ့ ကိစ္စ၊  ဒီကိစ္စက နိုင်ငံခြားရေးဝန်ကြီး တစ်ယောက်က သူ့ routine ပေါ့၊ သူ့ရဲ့ဌာနဆိုင်ရာ လုပ်ငန်းတစ်ခုအနေနဲ့ လာတဲ့သဘောမဟုတ်ဘူး။ နိုင်ငံခြားရေးဝန်ကြီးဆိုတာ နိုင်ငံတကာနဲ့ ဆက်ဆံနေရတယ်၊ နိုင်ငံတွေနဲ့ ဆက်ဆံနေတယ်၊ အဲဒီလိုမျိုး ဆက်ဆံတဲ့သဘော လာတာမဟုတ်ဘူး။ ဒါ့ထက်ပိုတယ်။ ဘာလို့ဆိုတော့ သမ္မတကိုယ်တိုင်ကနေပြီးတော့ သွားပြီးတော့လေ့လာပါ၊ သွားပါဆိုပြီးတော့ အနေနဲ့လွှတ်တာ။ လွှတ်တဲ့အခါကြတော့ အဲဒါလည်း လာတဲ့ခရီးရဲ့သဘောက မြင့်တယ်။ နောက် သမိုင်းဝင်ဖြစ်တာတစ်ခု၊ လာတဲ့ခရီးအနေနဲ့ နိုင်ငံရေးအဆင့်အနေနဲ့ မြင့်တာတစ်ခု၊ ဘာပဲပြောပြော ကလင်တန်လာတဲ့ အခါမှာ လေ့လာတယ်၊ ဆွေးနွေးတယ်ဆိုတာလည်း ဘာပဲပြောပြော တိုင်းပြည်မှာဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ကိစ္စတွေ၊ တိုင်းပြည်မှာ ပြည်တွင်းစစ်ဖြစ်နေတဲ့ ကိစ္စမျိုးတွေ၊ အကျဉ်းသားတွေရဲ့ကိစ္စမျိုးတွေ၊ နှစ်နိုင်ငံဆက်ဆံရေး ကိစ္စမျိုးတွေအထိ ကို အလွန်ကိုကျယ်ပြန့်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်လာတဲ့ခရီးပေါ့။
ဒီခရီးမျိုးဟာ အမှန်အတိုင်းဆိုလို့ရှိရင်၊ အစိုးရအပိုင်းအနေနဲ့ သတင်းတွေ ဘာတွေ ဖော်ပြတာတို့၊ သင့်တင်လျောက်ပတ်တဲ့ ပုံစံနဲ့ တုံ့ပြန်ရေးသားတာတို့ ရှိဖို့ကောင်းတာပေါ့၊ အဲဒီလို အခြေအနေမျိုးမှာ အခုလိုပြုမူဆက်ဆံတယ်ဆိုတာ အလွန်အရုပ်လဲဆိုးတယ်။ သို့မဟုတ်ရင် ဒီခရီးအပေါ်မှာ မလိုလားတဲ့သဘောတွေ ရှိနေတယ်ဆိုတဲ့ အနေအထားလဲဖြစ်နေတယ်။ ဒါဟာအလွန်အရေးကြီးတဲ့ ကိစ္စလည်းဖြစ်တယ်။ အဲဒီတော့ ဒို့အနေနဲ့ကတော့ ဒီလိုဖြစ်တာနဲ့ပတ်သက်ပြီး သင့်တော်တယ်လို့ မထင်ဘူး။ သင့်တော်တယ်မထင်တာက ဘာလဲဆိုတော့ မြန်မာအစိုးရရဲ့ Policy လား၊ သို့မဟုတ်ရင် မြန်မာအစိုးရအဖွဲ့မှာပါတဲ့ ၀န်ကြီးဌာနတစ်ချို့ရဲ့ သဘောထားအရ တုံ့ပြန်ချက်လား၊ ဒါကိုကွဲပြားစွာ သိဖို့လိုတယ်။ ဒီလိုတော့ဖြစ်ဖို့ မကောင်းဘူးလို့ ဒို့ကယူဆတယ်။ ဒါနဲ့ပတ်သက်ပြီး ဒို့က သက်ဆိုင်ရာ အစိုးရအဖွဲ့အနေနဲ့ ဒီကိစ္စကို ပြန်လည် သုံးသပ်သင့်တယ်။ ဘာလို့ဆိုတော့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းဆက်ဆံမှုတွေဟာ  အတော်ဆိုးဆိုးရွားရွားတွေ ဖြစ်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိခဲ့ပြီးပြီ။ ဥပမာ လွှတ်တော်ထဲမှာ လွှတ်တော်ဥက္ကဌ ပြောတဲ့စကားတွေ ဖြတ်တောက်တာတို့၊ လွှတ်တော်အတွင်းမှာ ကိုယ်စားလှယ်တွေရဲ့ ပြောစကားတွေ ဖြတ်တောက်ပြီးတော့ ဖြုတ်ပစ်တာတို့၊ ဒါကလည်း ပြီးခဲ့တဲ့ ကာလတွေမှာ ကြုံတွေ့ခဲ့ဖူးတာ။
အဲဒီတော့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လုပ်ပုံကိုင်ပုံတွေဟာ သိပ်ပြီးတော့ အစိုးရအဖွဲ့ရဲ့ သဘောထားနဲ့ လိုက်လျောညီထွေဖြစ်တဲ့ အနေအထားမရှိဘူးလို့ ပြောလို့ရတယ်။ အဲဒါဟာ ကောင်းတဲ့အနေအထား မဟုတ်ဘူး။ နှစ်နိုင်ငံဆက်ဆံရေး၊ အထူးသဖြင့် အခု အမေရိကန်အစိုးရရဲ့ ခရီးလိုပေါ့။ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ဖို့ကို ရည်ရွယ်တယ်ဆိုတဲ့ ခရီးမျိုးကို ဒီလိုတုံ့ပြန်တာကတော့ မကောင်းဘူး၊ နှစ်နိုင်ငံဆက်ဆံရေးကို မလိုလားဘူးဆိုတဲ့ အစုအဖွဲ့တွေ အစိုးရအဖွဲ့ထဲမှာ ရှိနေတယ်ဆိုတဲ့ သဘောထားကို ပြနေတယ်လို့ အဲဒီလို ယူဆလို့ရပါတယ်" ဟု သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ပြောကြားခဲ့သည်။
ရန်ကုန်မီဒီယာ ဂရု(ပ်)၏ CEO ဖြစ်သူ ဦးကိုကို (စက်မှုတက္ကသိုလ်) မှလည်း "သတင်းဆိုတာ သတင်းရဲ့ အရေးကြီးမှုပေါ် မူတည်ပြီး ဖော်ပြကြရတာပါ။ အခုကျတော့ လာကြိုတဲ့သူက ဘယ်သူလဲ။ နိုင်ငံတော် အကြီးအကဲလား၊ ပြည်ထောင်စုဝန်ကြီးလား၊ ဒုတိယ၀န်ကြီးလား၊ ခွဲခြားပြီးမှ သတင်းအဆင့်ကို တွက်ချက် ထည့်သွင်းနေတာလို့ မြင်ပါတယ်။ အရင် တစ်ပါတီစနစ် လက်ထက်က လုပ်တဲ့ စနစ်အကြွင်းအကျန် အတိုင်း protocol နဲ့တွက်ပြီး လုပ်နေတယ်၊ ဖော်ပြနေတယ်လို့ ထင်ပါတယ်။ နှစ်ပေါင်း ၅၀ကျော်အတွင်းမှာ မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးကို စတင် ပြန်လည်တည်ဆောက်နေရတဲ့ အချိန်မျိုးမှာ ၊ ကမ္ဘာ့မီဒီယာတွေက အရေးကြီးသတင်းအဖြစ် ဖော်ပြနေတဲ့ အချိန်မျိုးမှာ ဒီလို protocol နဲ့ပဲ ဖော်ပြတဲ့ မူဝါဒမျိုးကိုတော့ ပြင်သင့်ပြီလို့ ထင်ပါတယ်။ မကြာခင်မှာ SEA GAME ၊ ASEAN SUMMIT လို နိုင်ငံတကာ ထိပ်သီးပွဲကြီးတွေကို မကြာခင်မှာ လက်ခံကျင်းပတော့မယ့် မြန်မာနိုင်ငံ အနေနဲ့ကတော့ မီဒီယာ ရဲ့ မူဝါဒပိုင်း အနေနဲ့ကတော့ နိုင်ငံတကာစံနှုန်းအတိုင်း ပြောင်းလဲသင့်ပါပြီ။ နိုင်ငံပိုင်မီဒီယာတွေ အနေနဲ့ အမေရိကန်- မြန်မာ နှစ်နိုင်ငံဆက်ဆံရေးအတွက် တိုးတက်တော့မယ့်အချိန် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာကို ၀င်ဆံ့ဖို့ စတင်ကြိုးပမ်းနေရတဲ့ အချိန်မျိုးမှာ သတင်းကို သတင်းအတိုင်း၊ သတင်းရဲ့ အရေးပါမှုအတိုင်း မဖော်ပြတာမျိုးကိုတော့ ပြင်သင့်ပါပြီ။ ကျွန်တော်ညက သတင်းကိုဖွင့်ကြည့်ပါတယ်။ ဖွင့်ကြည့်တဲ့အခါမှာ ဟီလာရီကလင်တန် သတင်းလည်းပြီးရော မိုးလေ၀သ သတင်းပဲကျန်တော့တယ်။ ဒါဟာ ဘယ်သူ့ရဲ့မူဝါဒလည်း ဆိုတာတော့ သိချင်ပါတယ်။ " ဟု  ပြောကြားခဲ့သည်။

ကမ္ဘာ့သတင်းမီဒီယာများတွင် ဖေါ်ပြမှုများ







http://www.news-eleven.com/index.php?option=com_content&view=article&id=11297:2011-12-01-06-37-37&catid=42:2009-11-10-07-36-59&Itemid=112

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...