Tuesday, December 13, 2011

ခိုလိုခိုလုဖြစ်နေတယ်


မရေးပဲ မနေနိုင်တော့တဲ့အဆုံး ရေးမိတာမို့ ၊ ကျွန်မရေးမိ အပြစ်ရှိတယ်လို့ ဆိုချင်လည်း ဆိုကြပါစေတော့..။
ပြီးခဲ့တဲ့ အပတ်ထဲမှာ ဂျာနယ်တစ်စောင် ကျွန်မဖတ်ဖြစ်လိုက်တယ်။ တိတိကျကျပြောရရင်တော့ Envoy Journal၊ အမှတ်စဉ် (၃၃)။ ဒီဂျာနယ်ရဲ့ စာမျက်နှာ (၁၀) မှာ ရေးထားတဲ့ အယ်ဒီတာတစ်ဦးရဲ့ ဆောင်းပါးကို ဖတ်လည်း ဖတ်ပြီးရော၊ “ သြော်… ငါတစ်ယောက်ထဲမှ မဟုတ်လေပဲ၊ ငါ့လို ကြုံတွေ့နေရတဲ့ မိဘတွေလဲ ရှိနေသေးတာပဲ ”..ဆိုတာ သိလိုက်ရပါတယ်။
အမှန်တော့ စိတ်ထဲမှာ ခိုးလိုးခုလု ဖြစ်နေခဲ့ရတာ အတော်ကို ကြာနေခဲ့ပြီ။ အဲ့ဒီ ခိုးလိုးခုလုက အစေ့က အပင်ပေါက်၊ အပင်ကနေ အရွက်အလက်တွေ ခက်ဖြာဝေလာတော့၊ ရင်ထဲမှာ အစိုင်အခဲတစ်ခု အဖြစ်နဲ့တောင်   ဖြစ်တည်နေခဲ့တာ၊ ကြာ.. ကြာပါရောလား။ ကြာဆို လွန်ခဲ့တဲ့ နှစ်နှစ်၊ သားပြည့်တစ်ယောက်  နှစ်တန်းကျောင်းသား ဖြစ်ကထဲကပေါ့။

ကျွန်မရင်ထဲက ခိုးလိုးခုလုတွေကို မပြောခင်၊ ကျွန်မတို့ မိသားစုရဲ့ တစ်နေ့တာ အချိန်ဇယားလေးနဲ့ အရင် ထိတွေ့ပေးချင်တယ်။ သားပြည့်က မနက် ၇း၃၀နာရီဆို ကျောင်းကားလာခေါ်တာနဲ့ ကျောင်းပါသွားလေပြီ။ ကျွန်မတို့ လင်မယားက မနက် ၈း၃၀နာရီဆို အိမ်ကနေ မိမိအလုပ်ကိုယ်စီရှိရာကို ထွက်ပြီ။ နေ့လည် သားပြည့် ကျောင်းပြန်လာချိန် ၂း၀၀နာရီမှာ အိမ်မှာ သူ့အဖိုးက ရှိနေတယ်။ အ၀တ်အစားလဲ၊ အနားယူ၊ မုန့်စား၊ ရုပ်ရှင်၊ ဘောလုံးပွဲ ကြည့်ချင်ရာကြည့်၊ အပြင်စာ ဖတ်ချင်ရာဖတ်။  ၃း၀၀နာရီဆို သားပြည့် အဖေနဲ့ အမေရဲ့ ရုံးကို ဖုန်းဆက်ပြီ။ ဒီနေ့ကျောင်းမှာ ထူးခြားတဲ့ ကိစ္စမှန်သမျှ ပြောပြ၊ ဆရာမမှာတာ၊ စာမေးပွဲနဲ့ ပတ်သက်တာ စသဖြင့်ပေါ့။
ဖုန်းပြောပြီးတာနဲ့  သူက စာကြည့်စားပွဲထိုင်ပြီ။ တစ်နေ့တာ သင်လာတဲ့ ကျက်စာ၊ တွက်စာတွေ အကြွေးမထားပဲ တစ်ထိုင်ထဲကျက်၊ အဖိုးဆီမှာ စာတွေအလွတ်ဆို။ ညနေ ၅း၀၀နာရီမှာ သူ စာကျက်တဲ့ ကိစ္စအ၀၀ ပြီးလေပြီ။ စာနည်းတဲ့ နေ့မျိုးဆိုရင်၊ အိမ်နားက သူငယ်ချင်းတွေနဲ့ တစ်နာရီလောက် ဘောလုံးကန်။ ပြီးရင် ရေမိုးချိုး၊ ထမင်းစားပြီး ညနေ ၆း၀၀နာရီဆို သူက အိမ်ကနေ ၅မိနစ်လမ်းလျှောက်ရင် ရောက်တဲ့ ကျုရှင်ကို အဖိုးဖြစ်သူနဲ့ သွားပြီ။ ဒီကျူရှင်က သူ သူငယ်တန်းလေးထဲက တက်လာတဲ့ ကျူရှင်။ အဓိကက သူ့ကို မပင်မပမ်းနဲ့ သွားလို့ရအောင် အိမ်နဲ့ နီးနီးနားနားမှာ ထားထားပေးခဲ့တာပါ။ သားပြည့် ကျူရှင်တက်ချိန်က ညနေ ၆း၀၀နာရီက ည ၈း၀၀နာရီ။ ကျူရှင်မှာ သင်လိုက်တဲ့ တစ်နေ့တာ ကျက်စာ၊ တွက်စာတွေ ဒုတိယမြောက် တစ်ခေါက်ပြန်လုပ်ပေါ့။ သားပြည့် ကျူရှင်တက်နေချိန်မှာ အဖေနဲ့အမေက ၆နာရီခွဲလောက် အိမ်ပြန်ရောက်ပြီး၊ နောက်တစ်နေ့ ထမင်းဘူးအတွက် ညဈေးကနေ ၀ယ်ခြမ်းလာတွေ ပြင်ဆင်နဲ့၊ သားပြည့် ကျူရှင်က ပြန်ရောက်ချိန် ၈နာရီနောက်ပိုင်းမှာ မိသားစု လူစုံတော့တယ်။ အဲ့ဒီအချိန်ကမှ စလို့ မိသားစု သုံးယောက် ပြန်ဆုံဖြစ်ကြတယ်။
ကျူရှင်ဆိုတာကိုသားပြည့်အတွက်၊စာတွေ ပြန်အံရွတ်နိုင်ဖို့၊ ကျောင်းစာကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပုံမှန် လုပ်သွားနိုင်ဖို့အတွက် ရည်ရွယ်ပြီး ထားခဲ့ပါတယ်။  ကလေးကို ဘာဖိအားမှ မပေးလိုပါဘူး၊ စာကို အကြွေးမထားပဲ၊ ပုံမှန်လုပ်သွားဖို့ကိုပဲ ဆရာမအနေနဲ့ ဆောင်ရွက်ပေးပါလို့ ကျူရှင်သင်တဲ့ ဆရာမကို သူငယ်တန်း၊ ကျူရှင် စအပ်ထဲကလည်း ပြောထားခဲ့တယ်။
စနေ၊ တနင်္ဂနွေ(၂)ရက်မှာတော့ ကျောင်းရော၊ ကျူရှင်ရော ပိတ်လေတယ်။ တစ်ပတ်စာ သင်ထားတဲ့ စာတွေကို၊ အမေနဲ့ ပြန်နွှေးတော့ သားပြည့်က စာတွေ (၃)ခေါက်လောက် ပြန်ကျက်မှတ်ပြီးသား ဖြစ်နေပြီ။ သူတို့ စာမေးပွဲတွေက တစ်လတစ်ခါ စစ်တာဆိုတော့၊ စာမေးပွဲ ဖြေကာနီး ဆယ်ရက်လောက်ဆို၊ တစ်နေ့တစ်ဘာသာ ပုံမှန် ပြန်ကျက်မှတ်ရင်းနဲ့ စာမေးပွဲမဖြေခင် ရီဗေးရှင်း နှစ်ခေါက်လောက် သူရသွားပြီ။ ဆိုတော့ လစဉ် စာမေးပွဲဖြေကာနီးတိုင်း သူက စာကို (၅)ခါပြန်လောက် ကျက်ပြီးသား၊ ရပြီးသား ဖြစ်လေပြီ။
သားပြည့်ကိုယ်တိုင်ကိုက စိတ်ပူတတ်သူ၊ စာအကြွေးမထားတတ်သူ၊ စာနဲ့ ပတ်သက်ရင် ဥာဉ်ကောင်းလေတော့ စာတွေကို ကျွန်မတို့က မတိုက်တွန်းရလေပဲ သူ့အသိစိတ်ဓာတ်နဲ့သူ ကျက်မှတ်တာမို့ သူ့ပညာရေးအတွက် ဘာဖိအားမှ မပေးလေပဲ စာမေးပွဲမှာ ထူးထူးချွန်ချွန် အောင်မြင်တာက ကျွန်မတို့အတွက် တကယ့်ကို ဘုရားပေးတဲ့ ဆုပါပဲ။
စနေ၊ တနင်္ဂနွေနေ့တိုင်း ကျွန်မတို့ လင်မယားနှစ်ယောက်လုံး သူနဲ့အတူ အချိန်ပြည့် နေပေးတယ်။ သူနဲ့ သွားတယ်၊ စားတယ်၊ ကစားတယ်၊ ကာရာအိုကေ ဆိုကြတယ်။ တစ်ဦးတည်းသော သားဖြစ်ပြီး၊ မိဘနှစ်ပါးလုံးက အချိန်အပြည့်အ၀ မပေးနိုင်လေတော့၊ ရတဲ့ အားလပ်ချိန်လေးမှာ သူ့ကို စိတ်ရော၊ လူရော ကျန်းမာဖွံ့ဖြိုးစေဖို့ ကျွန်မတို့ မိဘနှစ်ယောက်လုံး အမြဲ အားထုတ်ပါတယ်။
ကောင်းတာနဲ့၊ ဆိုးတာနဲ့ကိုလည်း သူ့အသက်အရွယ်၊ သူ့ကိုယ်ပိုင်ဥာဏ်နဲ့ ဆင်ခြင်ဆုံးဖြတ်တတ်အောင်၊ တစ်ဦးထဲသားမို့ အတ္တမကြီးအောင်၊ စာနာစိတ်ထားပြီး၊ အများနဲ့ လိုက်လျောညီထွေနေတတ်အောင်၊ မိမိကိုယ်ကို မိမိအားကိုးတတ်အောင် အတတ်နိုင်ဆုံး လေ့ကျင့်ပေးပါတယ်။
ကလေးကို စိတ်ခွန်အား ဖွံ့ဖြိုးစေချင်တာက အဓိကပါဘဲ။

တကယ်ပြောချင်တဲ့ နေရာက အခုမှ စမှာပါ။
သားပြည့် အခုတက်နေတဲ့ ကျောင်းက အစဉ်အဆက် စည်းကမ်းသေ၀ပ်မှု၊ အောင်ချက်ကောင်းမှုရှိတဲ့ အ.ထ.က   ကျောင်းကြီးတစ်ခုပါ။ ကျောင်းကို ပုံမှန် တစ်နှစ်ကို(၄)ကြိမ် ကျွန်မရောက်ပါတယ်။ ပထမတစ်ကြိမ်က ကျောင်းအပ်တဲ့နေ့၊ ဒုတိတစ်ကြိမ်က ကျောင်းစဖွင့်တဲ့နေ့၊ တတိယတစ်ကြိမ်က အောင်စာရင်း ကြည့်တဲ့နေ့၊ စတုတ္ထတစ်ကြိမ်က ပညာရည်ချွန် ဆုပေးပွဲနေ့။
နေ့တဓူဝ ကျောင်းပို့၊ ဆရာမနဲ့ ထိတွေ့ဖို့ ကျွန်မအခွင့်အရေး မရပါဘူး။ အဲ့ဒီလိုတွေ့ဖို့လည်း လိုအပ်တယ်လို့ ကျွန်မ လက်မခံထားခဲ့ဘူး။ ဒီလို အတန်းပိုင်ဆရာမနဲ့ အထိအတွေ့နည်းတဲ့ ကျွန်မအတွက် တခြားအမေတွေလို၊ သားပြည့်ရဲ့ အတန်းပိုင်ဆရာမနဲ့ ခင်မင် ရင်းနှီးမှုရှိမနေဘူးဆိုတာ အထူးပြောဖို့ လိုမယ် မထင်ပါဘူး။
သူငယ်တန်း၊ ပထမတန်းမှာ သားပြည့်တစ်ယောက် ထူးထူးချွန်ချွန်   အောင်မြင်ခဲ့တယ်။ ခြွင်းချက်အနေနဲ့ ဆရာမနှစ်ယောက်လုံးက ကျူရှင် လုံးဝမပြတဲ့ ဆရာမတွေ ဖြစ်နေခဲ့တယ်။
ဒုတိယတန်းမှာ စတွေ့တော့တာပါဘဲ။ ကျောင်းကျူရှင်တဲ့..။ အစဉ်အဆက် ပညာထူးချွန်သူများကို အတန်းသစ်မှာ ဆရာမတွေက သတိထားမိကြပါတယ်။ ဒီတော့ သားပြည့်ကို ကျောင်းကျူရှင်တက်ဖို့ ဆရာမက ပြောပါတယ်။ “ကျောင်းသားတစ်ယောက် အိမ်မှာ စနေ၊ တနင်္ဂနွေနေ့တိုင်း ဘာသာစုံ ကျောင်းက ဆရာမတွေ ကျူရှင် သင်မယ်၊ သားပြည့်လာတက်ပါ..” ဆိုပြောလာတယ်။ ကျူရှင်တက်ရမယ့် နေရာက အိမ်ကနေသွားရင် ၄၅မိနစ်လောက် ကားစီးရမယ်၊ ဒီထက်ဆိုးတာက ကျွန်မတို့ မိသားစုပိုင် စနေ၊တနင်္ဂနွေကို ကျွန်မတို့ ဖဲ့မပေးနိုင်ပါဘူး။ ဒီပိတ်ရက်၂ရက်ကိုတော့ အပြည့်အ၀ သားကို အနားယူစေချင်လှပါတယ်။
နေရာဝေးလို့ အပို့အကြို လုပ်ဖို့ အခက်အခဲရှိလို့၊ ကျူရှင်မတက်နိုင်ပါဘူးလို့ ဆရာမကို ပြောခိုင်းပေမယ့်၊ ဆရာမက နေ့တိုင်းတက်ဖို့ပဲ     ပြောနေတယ်ဆို ပြောလာလို့၊ ကျွန်မမှာ သားပြည့်လက်ဆွဲပြီး၊ ကျောင်းမှာ ဆရာမကို မတက်နိုင်ကြောင်း ပြောဖို့ လိုက်တွေ့ရပါသေးတယ်။ သားပြည့် သချာင်္စာအုပ်က ပုစ္ဆာတွေမှာ အမှတ် မခြစ်ထားတာ တွေ့လို့ မေးတော့ “ သချာင်္ ဆရာမက အိမ်မှာ ကိုယ့်အဖေအမေကို ပြန်စစ်ပြီး ခြစ်ခိုင်း ” ဆိုလို့ ကျွန်မမှာ အံ့သြမဆုံး ဖြစ်ရပါတယ်။ ကျောင်းကျူရှင် တက်တဲ့ ကလေးများရဲ့  စာအုပ်မှာတော့ အမှတ်များ အပြည့်နှင့်ပါ။
စာမေးပွဲနီးပြီဆို   ကျောင်းကျူရှင် ကလေးများက ဓမ္မာ့ဓိဋ္ဌာန် မေးခွန်းများ ရနေချိန်မှာ၊ သားပြည့်တို့လို ကျောင်းသားများကတော့ သင်သမျှ အစအဆုံးကျက် ဆိုတာကလွဲလို့ ဘာမှ မရပါဘူး။ ဒုတိယတန်းမှာ သားပြည့် အရင်လို အဆင့်တစ် မရတော့တာကတော့၊ ထူးပြောဖို့ လိုမယ် မထင်တော့ပါဘူး။ ဒါတောင် တစ်မှတ်၊ နှစ်မှတ်ကွာနဲ့ အဆင့်ငါးကနေ မကျော်လို့ ဆရာမက ကျူရှင်ဘယ်မှာ တက်နေလဲလို့ ခေါ်မေးတာ မကြာခဏ ခံရပါတယ်။
တတိယတန်းမှာတော့ ထုံးစံအတိုင်း ကျောင်းကျူရှင်မတက်လို့ ဆရာမက မကြည်ပါဘူး။ လူကောင်ထွားတဲ့၊ စကားကို လိပ်ပတ်လည်အောင် ပြောတတ်တဲ့ သားပြည့်တစ်ယောက် အတန်းခေါင်းဆောင်လုပ်ရပါတယ်။ စာအုပ်စာတမ်းတွေ ပို့ခိုင်းတဲ့ အတန်းရောက်အောင် ပို့ပေးရတယ်၊ ကျောင်းသန့်ရှင်းရေး ဦးဆောင် လုပ်ပေးရတယ်၊ အတန်းထဲမှာ အသံဝင်အောင် စာခေါ်ပေးရတယ်၊ စကားများသူ နာမည်မှတ်ပေးရတယ်၊  သား… ကျောင်းအလုပ်တွေနဲ့  စာတွေ မမှီဘူးဆိုပြီး အိမ်ရောက်ရင် တကုတ်ကုတ်စာတွေ ပြန်ကူးနေရတဲ့ သားပြည့်ကို “ဆရာမက သားကို အားကိုးတာ ၀မ်းသာစရာပါ သားရယ်” ဆိုပြီး ကျွန်မတို့မှာ အားပေးရပါတယ်။
ဒါပေမယ့် “ကျောင်းတွင်း ပူးပေါင်းဆောင်ရွက်မှုဆုကို   နေမကောင်းလို့ ကျောင်းတက်တောင် မမှန်တဲ့၊ သားတို့ အသင်းနေ့ဆို တံမြက်စည်း လှည်းဖို့ မနည်းပြောရတဲ့ ကောင်မလေးက ရသွားတာ ဘာဖြစ်လို့လဲဟင်” လို့ မေးလာတဲ့ သားပြည့်အမေးကို ဘယ်လို ဖြေရမလဲလို့ ကျွန်မတို့ ဦးနှောက် ခြောက်ခဲ့ရဘူးပါတယ်။ ကျောင်းမှာ ကလေးများနဲ့ ကျောင်းအပြိုင်တက်နေတဲ့ ကဲတဲ့၊ သည်းတဲ့ မိဘတွေရှိတာကိုလည်း သားပြည့်ဆီကနေ သိရပါတယ်။ ဆရာမစားဖို့ နေ့စဉ်မုန့်၊ ဟင်းယူလာပေးတဲ့ မိခင်တွေ၊ သူ့ဟင်းငါ့ဟင်း၊ သူ့မုန့်ငါ့မုန့် အလုအယက် ကျွေးရင်း စိတ်ဝမ်းတွေတောင် ကွဲကြတယ်ဆိုလို့ အဲ့ဒီလောက်တောင် လုံ့လစိုက်နိုင်တဲ့ မိဘမျိုးအတွက် အံ့သြမိရပြန်ပါတယ်။ “ဆရာမက သားကို ဥာဏ်လေးကတော့ ကောင်းချင်ရက်နဲ့၊ မိဘပံ့ပိုးမှု မတရားအားနည်းနေတယ်” လို့ ပြောတယ်ဆိုလို့ ကျွန်မမှာ သူတို့ပြောတဲ့ ပံ့ပိုးမှုဆိုတာရဲ့ အဓိပ္ပါယ်အတွက် စိတ်မသက်မသာ ဖြစ်ရပါတယ်။ တတိယတန်းမှာ အဆင့်(၁)ကနေ(၃)အတွင်း မချိတ်တော့လို့ စိတ်မကောင်းဖြစ်နေတဲ့ သားပြည့်ကို ဖြောင့်ဖျရပါတယ်။ စစ်မှန်တဲ့ အဆင့်ဆိုတာ သူများပံ့ပိုးမှုမပါဘဲ မိမိကိုယ်တိုင် အားထုတ်ခြင်းကမှ ရလာတဲ့အဆင့် ဆိုတာကို ငယ်ရွယ်သေးတဲ့ သားပြည့်ကို ကျွန်မတို့ နားဝင်အောင် ရှင်းပြထားရပါတယ်။
သားပြည့် အခု လေးတန်းရောက်နေပါပြီ။ ထုံးစံအတိုင်း   ကျောင်းအပ်ရက်၊ ကျောင်းစဖွင့်တဲ့ ရက်ကလွဲလို့ ကျောင်းကို ကျွန်မ မရောက်ပါဘူး။ ကျောင်းကျူရှင်ကိုတော့ မတက်ဘူးဆိုတာ စကထဲက အတန်းပိုင်ဆရာမကို ပြောထားလိုက်ပါပြီ။ တစ်နေ့ တစ်ဘာသာ တစ်နာရီ၊ တစ်လမှာ ရှစ်ရက်နဲ့ ဘာသာရပ်ဆရာမအားလုံးနဲ့ နှစ်သောင်းနီးပါး ကျူရှင်လခက လေးတန်းကလေး တစ်ယောက်အတွက် မလိုအပ်ဖူးဆိုတာထက်၊ ကလေးအတွက် ထိရောက်တဲ့ သင်ကြားမှုမျိုး မဟုတ်မှန်းသိရက်နဲ့၊ ဘာအတွက် အချို့မိဘများ သူတို့ ကလေးတွေကို ကျောင်းကျူရှင် ထားချင်နေရသလဲဆိုတာကို   ဗေဒင်မေးစရာတောင် မလိုပဲ သိနိုင်ပါတယ်။
“ ကျောင်းဖွင့်စက၊ ကျောင်းကျူရှင်တက်မယ့်သူတွေ အောက်ထပ် အခန်းလွတ်မှာ သွားစုပါလို့ ဆရာမပြောတော့ ထွက်လာလိုက်တာ လူတွေ အတန်းတ၀က်ကျော်တယ် မေမေ၊ နောက်မှ ၀ိုင်းတွေ ခွဲသင်ဖို့ နေရာတွေ သတ်မှတ်မလို့ ခေါ်တာလို့ သိရတယ် ” လို့ သားပြည့် ပြောပြတော့၊ တန်းခွဲ၅ခုက ကျူရှင်တက်မယ့် ကလေးတွေနဲ့ ဆရာမတွေ ရတဲ့ ကျူရှင်လခကို စိတ်ထဲကနေ တွက်ကြည့်နေမိတယ်။
တစ်ရက်.. လပါတ်စာမေးပွဲ ဖြေကာနီး၊ သားပြည့်စာကျက်နေတုန်း ကျွန်မနားထဲ ကြားလိုက်ရတာက လွဲနေတာမို့ သူ့စာအုပ် ယူကြည့်တော့၊ လောကဓံတရား(၈)ပါးကို ပါဋ္ဌိနဲ့ အနက်တွဲဆိုနေတာက အလွဲကြီး။ ဒါနဲ့ အိမ်မှာရှိတဲ့ အရှင်ဇနကာဘိဝံသရဲ့ စာအုပ်ကို ယူပြီး စစ်ကြည့်လိုက်တော့ လောကဓံတရား(၈)ပါးမှာ (၂)ပါးက ပါဋ္ဌိလို စာလုံးပေါင်း မှားနေယုံသာမက အနက်ပါ လုံးဝ လွဲနေတာ။ အရေးကြီးတဲ့ အပုဒ်ဆိုတော့ သားပြည့်ရဲ့ မျက်နှာက ပျက်နေပြီ။ မနက်ဖြန်ဆို စာမေးပွဲက စပြီ။ ဒီ စာရိတ္တ ဘာသာက နောက်ဆုံးနေ့ ဖြေရမှာဆိုတော့ အချိန်တော့ရသေးတယ်၊ သား မပူနဲ့ဆို အဖေနဲ့အမေ နှစ်ယောက်သား   အရှင်ဇနကာဘိဝံသရဲ့ လောကဓံတရား(၈)ပါးကို မိတ္တူကူး၊ ဆရာမနဲ့ ကျောင်းမှာ စာမေးပွဲမဖြေခင် သွားတွေ့ရပါတယ်။
မလာစဖူးရောက်လာတဲ့ ကျွန်မကို အတန်းပိုင် ဆရာမက အံ့သြသွားပုံရပါတယ်။ အတန်းပိုင်ဆရာမက သိပ္ပံသင်တာပါ။ မိတ္တူစာရွက်လေးပြပြီး လွဲနေတာကို ပြောပြတော့ ကံအားလျော်စွာ ဆရာမက စာရိတ္တသင်ဖူးခဲ့တော့ စာလုံးပေါင်းမှားနေတာရော၊ အနက်လွဲနေတာကိုပါ လက်ခံလိုက်ပါတယ်။ သက်ဆိုင်ရာ ဘာသာရပ် ဆရာမကိုလည်း ပြောပြပေးမယ် ပြောပါတယ်။ ညနေ သားပြည့် ကျောင်းက ပြန်လာလို့ ဘာထူးလဲမေးတော့ “ အခု သင်ထားတဲ့ အတိုင်းပဲဖြေ၊ မှားတာ မှန်တာ ဘာမှ ပြောမနေနဲ့လို့ ဆရာမက ပြောတယ်” လို့ ပြောလာပါတယ်။ သားပြည့်က “ ဒီအပုဒ် စာမေးပွဲမှာ ပါလာရင် သားဘယ်လိုဖြေရမလဲ ” လို့ ငိုမဲ့မဲ့နဲ့ မေးလာတော့ ကျွန်မစိတ်တွေ အတော့်ကို လေသွားရပါတယ်။ ဒါနဲ့ သားပြည့်ကို “ပါလာရင် အခု မေမေ အမှားပြင်ပေးထားတဲ့ အတိုင်းသာ ဖြေလိုက်၊ အမှတ်နည်းလဲ ပြဿနာမရှိဘူး၊ မှားနေတာကြီးကို သားကိုယ်တိုင် တွေ့ရက်နဲ့ ဖြေတာ မဖြစ်စေနဲ့၊ ကြားလား..” လို့ မှာရတယ်။
အဲ့ဒီ စာရိတ္တဖြေပြီးတဲ့ နေ့က သားပြည့် ရုံးကို ထုံးစံအတိုင်း ဖုန်းဆက်တယ်။ “ မေမေ.. ဟိုအပုဒ်ကြီး ပါလာတယ်၊ ကံကောင်းတာက နှစ်သက်ရာ သုံးပုဒ်ဖြေပါဆို မေးတာမို့လို့ သား အဲ့ဒီအပုဒ်မရွေးပဲ၊ ဒီပြင်အပုဒ်ပဲ ရွေးဖြေလိုက်တယ်” လို့ စိတ်လက်ပေါ့ပါးစွာ ပြောလာတာမို့  တော်သေးတာပေါ့လို့ စိတ်ထဲဖြစ်သွားရတယ်။
ပြီးခဲ့တဲ့ နိုင်ဝင်ဘာလက စာမေးပွဲကို မြို့နယ်စစ်စစ်မယ်၊ အရင်လို တစ်လစာပဲ စာမေးပွဲမှာ မေးမှာမဟုတ်ပဲ၊ ကျောင်းစဖွင့်ထဲက ခြောက်လစာ စာတွေ အားလုံးထဲက မေးမယ်၊ အမှတ်တွေကို သူများကျောင်းက ခြစ်မယ်၊ မေးခွန်းတွေ ဘာမေးဆိုတာလည်း မသိရဘူးလို့ သိလိုက်ရတယ်။ လစဉ် စာမေးပွဲမှာ အမှတ်တွေ ကောင်းပေမယ့်၊ တစ်မှတ်ကွာ နှစ်မှတ်ကွာ၊ အဆင့်လေး၊ ငါးနဲ့ ကျေနပ်နေရတဲ့ သားပြည့် တစ်ယောက် ၀မ်းသာသွားတယ်။ သူက စာတွေ အားလုံး ဖွတ်ဖွတ်ညက်ညက် ရနေသူဆိုတော့ ဒီလိုမြို့နယ် စာမေးပွဲဆို၊ အစစ်အမှန် အမှတ်တွေ ရတော့မယ်ဆိုတာ သူသိတယ်လေ။ မြို့နယ်စာမေးပွဲ ဖြေပြီးတော့ သားပြည့်တစ်ယောက် စာများတဲ့ လူမှုရေးဘာသာကို ဘယ်သူမှ မရခဲ့ဖူးတဲ့၊ အမှတ်ပြည့် တစ်ရာရခဲ့တယ်။ အဆင့်လည်း ငါးကနေ နှစ်ကို တက်သွားတယ်။ အဆင့်တစ်နဲ့သူက တစ်မှတ်ပဲ ကွာတာမို့ သားပြည့် စိတ်အားတက်သွားရတဲ့ လပေါ့။
ဘောလုံးဝါသနာပါတဲ့ သားပြည့်တစ်ယောက် ကျောင်းပွဲအတွက် တိုက်စစ်မှူးအဖြစ် အရွေးခံခဲ့ရပြီး၊ သူတို့ကျောင်း ဒုတိယဆု ငွေတံဆိပ်ရခဲ့တာကို “ အားပေးတတ်သူများနှင့်”  ပို့စ်မှာ ကျွန်မ ရေးခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် ကျောင်းအတွက် ဘက်စုံထူးချွန်ဆုဖြေဖို့ အတန်းထဲက ရွေးချယ်တဲ့ သုံးယောက်ထဲမှာ သားပြည့် ပါဝင်ခွင့် မရခဲ့ဘူးဆိုတာ ကျွန်မ အထူးပြောဖို့ လိုမယ်မထင်ပါဘူး။
ဒါ.. အခု ကျွန်မ စိတ်ထဲ စွဲထင်နေတဲ့ အချက်အချို့ ရေးပြတာပါ။ ကျောင်းကျူရှင်တက်တဲ့ ကလေးတွေ အားလုံးကို အတန်းရဲ့ ရှေ့ဆုံးမှာ ထိုင်စေပြီးတော့၊ ကျန် ကလေးများက အနောက်မှာသာ ထိုင်စေတာ၊ (ကျောင်းစဖွင့်တုန်းက ဒုတိယလိုင်းမှာ နေရာရခဲ့တဲ့ သားပြည့်လဲ အတန်းရဲ့ နောက်ဆုံးခုံမှာ ထိုင်ရပါတယ်)၊ သီတင်းကျွတ်ကန်တော့ဖို့ ဆရာမက သူကြိုက်တဲ့၊ မကြိုက်တဲ့ ပစ္စည်းစာရင်းကို ကလေးတွေသိအောင်၊ ဒါ့ထက် မိဘတွေ သိအောင်၊ ရေးပေးတယ်ဆိုလို့  ကျွန်မမှာ မျက်လုံးတွေ ပြူးပြီးရင်း ပြူးရတာ၊ နောက်……….၊ အများကြီးရှိပါသေးတယ်၊ အဲ့ဒါတွေ မပါသေးပါဘူး။
အချိန်တစ်ခုတုန်းက အစိုးရကျောင်းဆရာမတွေ ကျူရှင်ပြခွင့်   ပြင်းပြင်းထန်တန် တားမြစ်လိုက်ပါသေးတယ်။ အဲ့ဒီတုန်းကတောင် ကလေးတွေကို ကျူရှင်ကို လာရင်၊ လွယ်အိတ်မလွယ်ခဲ့စေပဲ၊   ကျောင်းစာအုပ်တွေကို တခြားအိတ်နဲ့ ထည့်ပြီး ကျူရှင်လာတက်စေတာ အခု ဒီပို့စ်ရေးရင်း ပြန်မှတ်မိနေပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့   ကျောင်းကျူရှင်တွေကို ပြောင်ပြောင်တင်းတင်းပဲ ပေးနေကြပြီး၊ ကျူရှင်အတွက် ကျောင်းသားလုရင်း ဆရာမအချင်းချင်း စကားများကြတယ် ဆိုတာမျိုး ကြားလာရတော့၊ ကျွန်မတို့ ငယ်ငယ်တုန်းက ဆရာမတွေ အိမ်မှာ နွေရာသီ အခမဲ့ စာသင်ပေးတာ၊ ကျောင်းစာအပြင် ဘာသာရေး၊ ယဉ်ကျေးမှုတွေကိုပါ သင်ပေးခဲ့တဲ့ နာသုံးနာ ပြည့်ဝတဲ့ ဆရာမများနှင့် သားပြည့်တို့ ခေတ်မှာ မကြုံတွေ့ ရလေတော့တာကို စိတ်မကောင်းကြီးစွာ ဖြစ်မိရပါတယ်။

Envoy Journal၊ အမှတ်စဉ် (၃၃) မှ ဆောင်းပါး
တကယ်တော့ ကျွန်မ စိတ်ထဲမှာ အစိုင်အခဲတွေ ဖြစ်တည်နေခဲ့တာ အတော့်ကို ကြာခဲ့ပါပြီ။ အစပိုင်းမှာ ပြောခဲ့သလို၊ အင်ဗွိုင်းဂျာနယ်မှာ ရေးထားတာဖတ်ပြီး၊ ကျွန်မ ဒီပို့စ်လေးကို ချရေးဖြစ်သွားတာပါ။
တန်းတူညီတူ ပညာရေးစနစ်မှာ သားပြည့်တို့လို ပညာကို ခွဲခြားသင်ယူခြင်း ခံနေရတဲ့ ကလေးများစွာ ရှိနေဦးမှာ မလွဲပါဘူး။ ဒီလို ခွဲခြား ဆက်ဆံတာဟာ ခွဲခြားခံရတဲ့ ကလေးတွေဘက်က ကြည့်ရင်၊ သူတို့ရဲ့ စိတ်နုနုလေးတွေကို ဖိနှိပ်ချိုးခံနေရ သလိုဖြစ်ပြီး၊ အရေးပေး ဆက်ဆံခံရတဲ့ ကလေးတွေဘက်ကို ကြည့်ရင်လဲ လွဲမှားသွာရနေတဲ့ အခွင့်အရေးအပေါ်မှာ သာယာတတ်သွားတဲ့ စိတ်တွေဝင်လာပြီး  သူတို့ရဲ့ ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေးတွေပါ ကျဆင်းသွားနိုင်ပါတယ်။
ကျွန်မရဲ့ မိခင်ကိုယ်တိုင် ကျောင်းဆရာမတစ်ဦး ဖြစ်ခဲ့သူပါ။ ဒါပေမယ့် ယနေ့ခေတ်မှာ နာသုံးနာပြည့်ဝတဲ့ ဆရာမ စစ်စစ်တွေ ရှိနေပေမယ့်၊ တကယ်ကို ရှားပါးလာခဲ့ပြီလို့ မိခင်ကြီးက ပြောဖူးပါတယ်။ မိဘ၊ ဆရာ၊ ကျောင်းသား မှန်ကန်တဲ့ နည်းလမ်းနဲ့ ပူးပေါင်းပါမှ အရည်အသွေးပြည့်တဲ့ ကျောင်းသားကောင်းများ ပေါ်ထွက်လာမှာပါ။ မဟုတ်ရင်တော့ ကျောင်းသားများ လက်ဝယ် ရရှိထားတဲ့ ဆုတံဆိပ်တွေ၊ ဆုကဒ်ပြားတွေဟာ စစ်မှန်တဲ့ ဆုတံဆိပ်တွေ မဟုတ်ပဲ၊ ဖန်တီးရယူထားတဲ့ ဆုတံဆိပ်များသာ ဖြစ်လာမှာပါ။ မိဘအချို့ကလည်း မသာယာသင့်တဲ့ အခွင့်အရေးပေါ်မှာ သာယာရင်း၊ ဂုဏ်ယူနေကြရင်း၊ သူတို့ကိုယ်တိုင် မစစ်မှန်တဲ့ ရလာဒ်တွေအပေါ်မှာ အသားတကျ ရှိနေကြတာဟာ သူတို့ ကလေးများအတွက်  တကယ့်ကို ရင်လေးစရာပါ။
ကလေးတွေဟာ နောင်အနာဂတ်ရဲ့ အညွန့်အဖူးလေးတွေပါ။ ကျွန်မတို့ တိုင်းပြည်ရဲ့ ပညာရေးစနစ်ကို အသွင်သစ်ကူးပြောင်းတော့မယ်ဆိုရင် ဟိုး…ထိပ်ဆုံးတွေကနေ ကမ္ဘာကို ရင်ဘောင်တန်းဖို့ လုပ်နေတာထက်၊ အောက်ခြေ၊ အခြေခံကစလို့ အခုလို အခြေခံပညာအဆင့်မှာ လှိုက်စားနေတဲ့၊ အရိုးစွဲ စိတ်ဓာတ်တွေ၊ စံနစ်ဆိုးတွေ၊ အမူအကျင့်ဆိုးတွေ၊ ပညာကို ၀ယ်ယူရတဲ့ အဖြစ်တွေကနေ အရင်ဦးဆုံး ကင်းစင်အောင် လုပ်ဖို့ လိုအပ်လှပါတယ်။ တန်းတူညီမျှတဲ့ ပညာသင်ကြားခွင့်၊ အရည်အသွေး ပြည့်ဝတဲ့သင်ကြားမှုတွေနဲ့ လူငယ်လူရွယ်များ ပညာကို မှန်ကန်တဲ့ နည်းလမ်းများဖြင့် သင်ယူခွင့် အမှန်တကယ် ရစေချင်လှပါတယ်ရှင်။
“Educating the mind without educating the heart is no education at all.”— Aristotle —
“Education is not the answer to the question. Education is the means to the answer to all questions.”
– William Allin –

“The main part of intellectual education is not the acquisition of facts but learning how to make facts live.”
– Oliver Wendell Holmes–

“Getting things done is not always what is most important. There is value in allowing others to learn, even if the task is not accomplished as quickly, efficiently or effectively.”
– R.D. Clyde –

မြသွေးနီ ဘလော့မှ မျှဝေပါသည်

  1 comment:

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...