Friday, December 23, 2011

အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ အလွယ်ဆုံးနည်းလမ်း

by Lwin Aung Soe on Friday, December 23, 2011 at 1:36pm


 ကျနော်တို့ဟာ အာဏာရှင်စနစ်ကို မြန်မြန်ကြီးကို ချုပ်ငြိမ်းစေချင်လှပါပြီ။ ဒီမိုကရေစီကို ပြည့်ပြည့်ဝဝကြီး လိုချင်လှပါပြီ။ ဒီဆန္ဒတွေ ပြည့်ဝဖို့ မဖြစ်မနေ ဖြေရှင်းရပါတော့မယ်။ ဒါဟာ နိုင်ငံရေး ကိစ္စဖြစ်လို့ လက်ရှိ မြန်မာနိုင်ငံအခြေအနေ အရ ဖြေရှင်းသင့်တာကတော့ နိုင်ငံရေးနည်းလမ်းသာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို နိုင်ငံရေးရှုထောင့်ကနေ ကြည့်လိုက်ရင် မကောင်းတာ အတော်များများဟာ မဖုံးနိုင် မဖိနိုင် ငြင်းမရနိုင်ဘဲ ရှိနေပါတယ်။ ပြည်သူတွေမှာ အခုချိန်ထိတောင် လူတဦးချင်းရဲ့ ရပိုင်ခွင့်တွေနဲ့ လုံခြုံမှုက အပြည့်အဝ မရှိ၊ အာမခံချက် မရှိသေးပါဘူး။
တရားဥပဒေ စိုးမိုးမှု ဆိုတာကိုလည်း လုပ်ကြဟေ့လို့ ထိပ်ပိုင်းအာဏာပိုင်တွေ တစုတစည်းတည်း  မကြွေးကျော်ရဲသေးပါဘူး။ ထစ်ကနဲရှိ ဆွဲမယ်၊ ဖမ်းမယ်၊ နှိပ်စက်ညှင်းပမ်းမယ်၊ ဥပဒေမဲ့ စီရင်မယ် ဆိုတာတွေ ရှိနေတုန်းပါ။

ငဲ့ညှာသနားတာ မရှိဘဲ ယုတ်မာရိုင်စိုင်းစွာ ရက်စက်တဲ့ အာဏာရှင်စနစ်က အကြွင်းမဲ့ မချုပ်ငြိမ်းမီ ဒီမိုကရေစီ လိုလားသူတွေဘက်ကို ပြောင်းလိုက်တာဟာ တကယ်တော့ အင်မတန် စွန့်စားရတာ ဖြစ်ပါတယ်။ ဒီလိုဖြစ်နေဆဲမှာတောင် တချို့သူတွေဟာ ဒီမိုကရေစီဘက်ကို ရဲရဲဝံ့ဝံ့ ပြောင်းလာသူတွေ ရှိကြသလို  ပြောင်းလာဖို့ တာစူနေသူတွေလည်း ရှိနေကြမှာ သေချာပါတယ်။

နောက်ထပ် သေချာတာကတော့ ကမ္ဘာပေါ်မှာ အာဏာရှင်စနစ်က ချုပ်ငြိမ်းစပြုနေပြီး ပြန်လည် ခေါင်းထောင်လာဖို့ မဖြစ်နိုင်တော့တဲ့ နိုင်ငံရေးအနေအထားကို ရောက်နေတာဖြစ်လို့ နောက်ပြန်လှည့်ရဲတဲ့သူ မရှိနိုင်တော့တဲ့ ကိစ္စပါ။

အရင် စစ်အစိုးရ ဓါးမိုးထားတဲ့အောက်က ထမင်းတလုပ်အတွက် အသက်ဆက်နေခဲ့ရသူတွေလည်း လွတ်လပ်မှုရှိတဲ့၊ တရားမျှတမှုရှိတဲ့၊ တန်းတူညီမျှမှုရှိတဲ့၊ တရားဥပဒေစိုးမိုးတဲ့၊ လူ့အခွင့်အရေး အပြည့်အဝရှိတဲ့ ဒီမိုကရေစီကို သဘောကျ နှစ်သက် ခိုလုံချင်မှာလည်း သေချာပါတယ်။ သူတို့လည်း မြန်မာပြည်သူတွေ ဖြစ်ကြလို့ ကျနော်တို့နဲ့အတူတကွ တန်းတူခံစားထိုက်ပါတယ်။ အများစုသဘောကို လိုက်လျောပေးတဲ့ ဒီမိုကရေစီ ကျင့်စဉ်ကို အားပေးနိုင်ဖို့လည်း ဖြစ်ပါတယ်။

အာဏာရှင်စနစ် တခါတည်း ဆုံးခမ်းတိုင်သွားအောင် ဒီအချိန်မှာ ကျနော်တို့ဟာ ဘာတွေ လုပ်နိုင်မလဲ။ ၂ဝဝ၈ အခြေခံဥပဒေကို လုံးဝ ဆန့်ကျင်တိုက်ဖျက်မလား၊ ပြုပြင်ပြောင်းလဲယူမလား၊ လူတွေ လမ်းပေါ်ထွက်ပြီး ဆန္ဒပြမလား၊ လက်နက်ကိုင် တိုက်ခိုက်မလား၊ မီဒီယာကနေ တောင်းဆိုမလား၊ နိုင်ငံရေးပါတီတွေ ဖွဲ့စည်း တည်ထောင်ပြီး ဥပဒေပြု လမ်းကြောင်းကနေ တိုက်ပွဲဝင်မလား၊ ရွေးကောက်ပွဲအသစ်ကို တောင်းဆိုမလား စသဖြင့် နည်းလမ်းမျိုးစုံ ရှိပါတယ်။

ငြိမ်းချမ်းရေးကို မြတ်နိုးရင် ငြိမ်းချမ်းရေးလမ်းစဉ်ကို လိုက်ကြရမှာ ဖြစ်ပါတယ်။ လူထုရေးရာကိစ္စမှာ ငြိမ်းချမ်းတဲ့ နည်းလမ်းတခုကတော့ အာဏာရှင်စနစ်ရဲ့ အရိပ်အောက်က မလွတ်နိုင်ကြသေးတဲ့သူတွေကို ဒီမိုကရေစီဘက်ကို များများရောက်လာနိုင်အောင်၊ မြန်မြန်ရောက်လာနိုင်အောင် ဆွဲယူနေလိုက်ဖို့သာ ဖြစ်ပါတယ်။ သူတို့လာနိုင်အောင် လမ်းဖွင့်ပေးဖို့ပါပဲ။ လက်ကမ်းကြိုဆိုပေးနေဖို့ပါပဲ။ ဒါဟာ ငြိမ်းချမ်းပြီး အင်မတန်ကို သက်သာ လွယ်ကူတဲ့အလုပ် ဖြစ်ပါတယ်။

အာဏာရှင်ဟာ သူ့အမိန့်ကို နာခံလိုက်နာပေးသူ မရှိတော့ရင် ဘယ်လောက် ပြင်းထန်တဲ့ အမိန့်ပေးပေး အာဏာစက် သက်ရောက်မှု မရှိတော့လို့ အာဏာရှင်စနစ် အလိုလို ပြိုကျပြီး တခါတည်း ဆုံးခမ်းတိုင်သွားရမှာ  ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ အသက်၊ သွေး၊ ချွေး မဆုံးရှုံးဘဲ၊ ရန်ငြိုး အာဃာတတွေ မရှိဘဲ အလိုလို အောင်ပွဲရလိုက်တဲ့နည်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီမိုကရေစီဘက်ခြမ်းကို ရဲဝံ့ပြတ်သားစွာ ရောက်ရှိနေပြီးသူတွေအနေနဲ့ အမြော်အမြင်ကြီးကြီး ထားစေလိုပါတယ်။ နည်းလမ်းကောင်းတွေ အသုံးချစေလိုပါတယ်။ လူတိုင်း သတ္တဝါတိုင်းဟာ ဘဝ တခုမဟုတ် အခြားဘဝတခုမှာ ဆွေမျိုးတော်စပ်ခဲ့ကြဖူးသူတွေချည်း ဖြစ်ကြပါတယ်။ အခုလို တနိုင်ငံတည်းနေ တရေတည်းသောက်ကြသူတွေဟာ မြန်မာနိုင်ငံရဲ့ သွေးရင်းသားရင်း အချင်းချင်းတွေသာ ဖြစ်ကြပါတယ်။ တနိုင်ငံလုံး ငြိမ်းချမ်းစွာ ညီညွတ်မှု ဆိုတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကျနော်တို့ ဒီနည်းလမ်းနဲ့ ကူညီအားဖြည့် တည်ဆောက်ပေးလို့ ရနိုင်ပါတယ်။

လွင်အောင်စိုး
၂၃-၁၂-၂ဝ၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...