”ပုဂံအလှ ရှာပုံတော် (၂)”
ပုဂံရောက်ရင် စွယ်တော်လေးဆူ နေ့ချင်းပြီး မွန်းမတိမ်းခင်
စုံအောင်ဖူးမယ်ဆိုတာက သမီးစိတ်ကူးပါ။ သူ့ကို အဲသလိုဖူးရင်
ဆုတောင်းပြည့်တယ်လို့ တစ်ယောက်ယောက်က ပြောထားပုံရပါတယ်။ ဒါပေမယ့်
မနက်မထနိုင်တတ်တာမို့ တကယ်သွားချင်မှ သွားဖြစ်မှာပါလေလို့ ထင်ထားတာ။
သူ့ကြည့်ရတာ တကယ်ဖူးချင်နေလို့ ထင်ပါရဲ့။ အိပ်မှုန်စုန်မွှားတောင် မဖြစ်ပဲ
တပ်ဦးကချီလေရဲ့။ ရွှေစည်းခုံက ပြန်စ၊ တုရင်တောင်တက်၊ လောကနန္ဒာပြန်ဖူး၊
ပြီးမှ ဗူးဘုရားကနေ အနောက်ဘက်ကမ်းကူးပြီး တန့်ကြည့်တောင်ကို ဆက်ပါတယ်။
ကိုယ်တောင် ပုဂံကို အခါခါ ရောက်ဖူးသော်ငြား အဲသလိုတော့ မဖူးဖူးပါဘူး။
ဒါကြောင့် ဒီခရီးကတော့ ကိုယ်ကသူ့ကို ဘုရားဖူးခေါ်တာမဟုတ်ပဲ သူကကိုယ့်ကို ဘုရားဖူးပို့ပေးသလို ဖြစ်တာပေါ့။
သို့သော်လည်း ဒုက္ခတစ်ခုက စွယ်တော်စေတီတွေ ရောက်လေတိုင်း ဘုရားမဖူးမီ ဘုရားဖူးပြီး ရေအိမ်ပြေးပြေးနေရတယ်။ အရင်နေ့က မြန်မာဘူဖေးဆိုင်က မန်ကျည်းရွက်သုပ်ကလေးက အရမ်းစားလို့ကောင်းတာနဲ့ တစ်ယောက်တည်း တစ်ပန်းကန်လုံးကုန်အောင် စားပလိုက်တာကိုး။ ၀က်သားနီချက်ကလေးကလည်း နူးအိနေတာပဲ။ ညဘက်စားတဲ့ဆိုင်က ပြည်ပလာတာ ပဲဟင်းရည်ကလေးကလည်း တစ်စက်မှ ချန်မထားနိုင်အောင် ကောင်းတာလေ။ အားလုံးပေါင်းတော့ ပန်းဝေသီပေါ့ကွယ်။ သို့သော်လည်း တန်ပါတယ်။ ပန်းနေလျက်သားတောင် ထပ်စားချင်သေးတာ။ သမီးကတော့ မြန်မာဆိုင်တွေ ညစ်ပတ်တယ်။ နောက်မစားတော့ဘူးတဲ့။ ဟုတ်သေးပါဘူး။ လျှောတာချင်းအတူတူ မြန်မာလိုစားပြီး လျှောရတာက အ၀င်ရောအထွက်ပါ ထိထိမိမိ မရှိပေဘူးလား။ ဘယ်လိုပဲဖြစ်ဖြစ် ၀မ်းပျက်ဝမ်းလျှော လူနာကြီးက ဆွမ်းတော်တင်ရင် မသန့်မရှင်းဖြစ်နေမှာစိုးလို့ သူများတွေလို ဆွမ်းပွဲတွေတော့ လိုက်မတင်ဖြစ်တော့ဘူး။
မရောက်ဖူးသေးလို့ ထူးထူးခြားခြား ခံစားမိတာကတော့ တုရင်တောင် တန့်ကြည့်တောင်တွေရဲ့ မြေလတ်ဒေသ တောင်ပေါ်ရှုခင်းပါပဲ။ မြကန်သာ တောင်ကျချောင်းတေး အစချီတဲ့ ရှေးဦးမြန်မာကဗျာထဲမှာ ရေးထားခဲ့တဲ့ မြကန်ဆိုတာ ဒီနေရာပါလားလို့လည်း သိလိုက်ရတယ်။ ပုဂံမြို့ကြီးကိုလည်း မြစ်အနောက်ဘက်ကမ်းကနေ အဝေးကြည့်ကြည့်လို့ရတယ်။ `တောင်ယံမြင့်မောင်း အနောက်စူးစူး၊ တိမ်ညိုတွေရယ် ရွှေလိမ္မော်ကို ဆွတ်ကာခူး.. တမာတန်းနဲ့ ထနောင်းပင်ပျိုမှာ ချိုတေးသံသာ တကူကူး.. ကြားရနိုင်တယ်ချစ်ဦး..´ ဆိုတဲ့ အညာပုဂံဘုရားဖူးထဲက နေရာကိုလည်း ရောက်ဖူးသွားပါတယ်။ ငယ်ငယ်တုန်းက ခံစားရသလိုမျိုး မြစ်အနောက်ဘက်ကိုရောက်မှ အညာဆိုတာမျိုးလည်း ပြန်ခံစားလိုက်ရတယ်။ ဖုန်တလုံးလုံး ကားလမ်းကလေးရယ်၊ အတင်းမြို့ရုပ်ဆင်ထားတဲ့ ရွာကလေးတွေရယ်။ လျှပ်စစ်မီး ရမရတော့ မစပ်စုခဲ့မိဘူး။ (တော်လောက်ပြီ။ ဒါမပါရင် စကားမပြောတတ်ရာကျတော့မယ်)။
စွယ်တော်လေးဆူ စုံအောင်ဖူးပြီး `ဘာဆုတောင်းမလို့ပါလိမ့်´ လို့ သမီးကို မေးရင်း `အဖေကတော့ သမီးလေး လိမ္မာပါစေ ဆုတောင်းတယ်´ လို့ ခနဲ့မိတော့ ဘမျိုးဘိုးတူ ဗီဇနဲ့သမီးက `နောက်ဘ၀ကျရင် ဒီလို အလုပ်မက်တဲ့ အဖေမျိုး မရအောင် ဆုတောင်းတာပေါ့´ လို့ ငေါ့တော့တော့လေး ပြန်ကျီစယ်ပါတယ်။ အမှန်ကတော့ ကိုယ်တိုင်လည်း အဲလိုဆုမတောင်းဖြစ်ပါဘူး။ မိဘကို သိတတ်လိမ္မာတာဟာ သူ့စိတ်သဘောဆန္ဒကို ချုပ်တည်းချိုးနှိမ်ထားရတာမျိုးဆိုရင် ဘာလုပ်ဖို့လဲ။ စောစောတုန်းက ၀မ်းလျှောသလို ကိုယ်စားချင်တာလေး စိတ်ရှိသလောက်စားပြီး ပန်းရတော့ စိတ်အာသာမပြေပါလား။ သူကိုယ်တိုင် အလုပ်လုပ်လာတဲ့ တနေ့မှာတော့ သူ့အဖေ အလုပ်မက်ကြီးဟာ အလုပ်ထဲမှာ ပိုက်ဆံတွေ အများကြီးရအောင် ရှာချင်လို့၊ ရာထူးကြီးကြီးနဲ့ အခွင့်အရေးတွေ လိုချင်လို့၊ ဘာကြီးညာကြီး ဟိုဟာကြီး ဒီဟာကြီး ဖြစ်ချင်လို့ မဟုတ်မှန်း သဘောပေါက်လာနိုင်ပါ့မလား။ (အနူလက်နဲ့ ရွှေခွက်နှိုက်ချင်လို့ ဘယ်ရမလဲ။ ကိုယ့်အကြောင်းကိုယ် သိမှပေါ့။ ဟုတ်ဘူးလား)
သေချာတာကတော့ သားအမိ သားအဖ သုံးယောက်စလုံး သုမေဓာရှင်ရသေ့လို ဘုရားဆု၊ ပါရမီဖြည့်ဘက်ဆုတွေ မပန်ကြပါဘူး။ ပျူစောထီး ရာဇ၀င်လေး လှန်ရအောင် ငှက်ပစ်တောင် ဆက်သွားကြပါတယ်။ ဒါမှ ဗူးဘုရားရာဇ၀င်နဲ့ ဆက်လို့ရမှာလေ။ ကားဆရာကြီးကတော့ ပုပ္ပားတောင်ကို နေ့ချင်းသွားတက်လို့ မီသေးတယ် ဆိုပေမယ့် ပန်းသခင်ကလည်း တက်နိုင်မယ်မထင်။ သမီးကလည်း နာရီဝက်လောက်တက်ရမယ်ဆိုတော့ စိတ်မ၀င်စားတော့ဘူး။ `အဖေငယ်ငယ်က အဖွားနဲ့ ရောက်ဖူးတုန်းကတော့ ပန်းသည်မမလေးက ကုန်းပိုးပေးတယ်´ လို့ ပြောတော့ `အဲဒါမျိုးဆို တက်မယ်´ တဲ့။ ဒါနဲ့ ပုဂံဘူတာကြီးပြပြီး ကလေးဘ၀က ပထမဦးဆုံး ပုဂံဘုရားဖူးလာခဲ့ပုံကို ပြောပြဖြစ်တယ်။ အဲဒီတုန်းက မြေးအဘွားနှစ်ယောက် အမျိုးတွေနဲ့ ကျောက်ပန်းတောင်းထိ ရထားစီးပြီးလာကြတာ။ ကျောင်းမနေရသေးတဲ့အရွယ်။ ပုဂံငလျင် မလှုပ်သေးတဲ့ အချိန်၊ နိုင်ငံခြားသားဧည့်သည် မမြင်ဖူးသေးတဲ့ခေတ်ကပေါ့။ ဘုရားကြီးတွေက အကုန် အဟောင်းကြီးမှ အဟောင်းကြီး၊ တချို့ဆို ခြုံတွေဖုံးလို့ အုတ်ပုံကြီးတွေ၊ အာနန္ဒာဘုရားကို ကောင်းကောင်းမှတ်မိတယ်။ အပါယ်ရတနာကိုလည်း မှတ်မိတယ်။ အဲဒီတုန်းက အပါယ်ရတနာဆိုတဲ့ ရုပ်ရှင်ရှိလို့။ စမ်းစမ်းအေး ကယ်ပါလုပ်တာ အရမ်းကောင်းတာပဲဆိုပြီး အဲဒီဘုရားမှာ ကယ်ပါတွေ လိုက်ရှာကြည့်တာ။ အပြန်ကျတော့ ကျောက်ပန်းတောင်းဘူတာမှာ လူတွေကျိတ်ကျိတ်တိုးနဲ့ ရထားပေါ်လုတက်ရတော့ အထုပ်တွေနဲ့ ကိုယ်ပဲ ရထားပေါ်ပါသွားပြီး အဘွားက ကျန်ရစ်ခဲ့ရော။ အိမ်လည်း မပြန်တတ်ဘူး။ ငါတော့ ကယ်ပါဖြစ်ပါပြီ ဆိုပြီး တစ်လမ်းလုံးငိုနေတာ။ ရထားပေါ်ပါလာတဲ့ သူတွေက မငိုပါနဲ့။ သူတို့နဲ့ လိုက်ခဲ့။ သူတို့ မွေးစားမယ် ဆိုပြီး အမေသစ်အဖေသစ်တွေ ရသွားတယ်။ နောက်တနေ့မနက် ပဲခူးဘူတာဝင်တော့မှ အဖွားခမျာ `ဖိုးချိုရေ .. ဖိုးချိုရေ..´ ဆိုပြီး ရထားအစအဆုံး ခေါက်တုန့်ခေါက်ပြန် လိုက်အော်ရှာနေတာ အသံတောင် ပျောက်နေပြီ။ သူ့ခမျာ တစ်ညလုံး တော်တော်စိတ်ပူရှာမှာပဲ။ လုံချည်ထဲတောင် ၀မ်းတွေထွက်ကျသတဲ့။ သနားလိုက်တာ။
ပျူစောထီးရာဇ၀င်ထဲက ငှက်ကြီး၊ ၀က်ကြီး၊ ကျားကြီး၊ ရှူးပျံကြီးတွေကျတော့ ကာတွန်းငတက်ပြားစာအုပ်နဲ့ကျမှ သေချာ မှတ်မိတယ်။ နောက်တော့မှ ဒေါ်ကြည်အောင် သီချင်း နားထောင်ဖူးတာ။ ငှက်ကြီးကတော့ ရှယ်ပဲ။ မင်းသမီးမှ စားသတဲ့။ ပြီးတော့ အပျိုစင်လေးမှတဲ့။ ချေးများရန်ကော။ မင်းသမီးပါဆိုမှတော့ အားလုံး အပျိုစင်လေးတွေချည့်ပဲ။ မယုံ အင်တာဗျူးကြည့်ပါလား။ အပြန်မှာ စိုးမင်းကြီးအုတ်ကျောင်းဆိုတာကို သမီးကြားဖူးတယ်ရှိအောင် လက်ညှိုးညွှန်ဖြစ်တယ်။ သူ့အဖေလှူတာတော့ မဟုတ်ဘူးပေါ့။ သို့သော်လည်း သူ့အဖေနံမည်ဟာ မာရဇ္ဇတို၊့ အနဂ္ဂတို့၊ အစ္စဏီတို့လို ပါဠိတွေ ဟိန္နူတွေ မပါသော်ငြား ဟိုးရှေးရှေး ပုဂံခေတ်ကတည်းက မှည့်တတ်တဲ့ မြန်မာနံမည်စစ်စစ်ဆိုတာ သိရတာပေါ့။ ပျူစောထီးရာဇ၀င်ထဲမှာပါတဲ့ ဗူးဘုရားကိုတော့ ပုဂံငလျင်တုန်းက မြစ်ထဲကို တ၀က်ပြိုကျနေတဲ့ ဓါတ်ပုံ သတင်းစာထဲမှာ တွေ့ဖူးတယ်။ ပုဂံဘုရားတွေ ကုန်ပါပြီဆို စိတ်မကောင်းတာနဲ့ ရံပုံငွေဂီတပဒေသာပွဲ သွားကြည့်ဖြစ်တယ်။ အဲဒီတုန်းက အန်တီချိုဝေလွင်တို့။ တက္ကသိုလ်လဲ့လဲ့တို့ မြို့မကြည်ကြည်အေးတို့ဆိုတာ စူပါစတားတွေ၊ လက်လက်လက်လက် အရောင်ထွက်တဲ့ အ၀တ်အစားတွေနဲ့ စင်ပေါ်မှာတက်ဆိုရင် နတ်သမီးလေးတွေလား အောင့်မေ့ရတယ်။ အဲဒီနောက်ပိုင်းမှာ ယူနက်စကိုကဆိုတဲ့ နိုင်ငံခြားသား ပညာရှင်တွေ အဆက်မပြတ်ရောက်လာပြီး ပြုပြင်ထိန်းသိမ်းရေးအတွက် နည်းပညာတွေ ပါလာတယ်။ ကိုယ့်ဆီက ရှေးဟောင်းပစ္စည်းတွေလည်း အပြင်ရောက်ကုန်တာပေါ့။ အရင်တုန်းကတော့ ရွှေငွေရတနာပါမှသာ ရောင်းစားလို့ ရတယ်ထင်ကြတာ။ နောက်တော့ ဘုရားမဏိတော်အပြတ်တွေ ဈေးကောင်းရလို့ ထမင်းကို ငရဲနဲ့လဲစားကြပါလေရော။ သူတို့လူမျိုးတွေက ဘုရားဆင်းတုတွေကို ဘာလို့ ဒီလောက်ကြိုက်ကြသလဲမသိပါဘူး။ ရှိခိုးတာလည်းမဟုတ်ပဲနဲ့။ ပြင်သစ်မှာဆို ဗုဒ္ဓဘား ဆိုပြီး နိဗ္ဗာန်ဆိုင်လိုလိုနဲ့ အရက်ဆိုင် ဖွင့်ထားတယ်။ အလည်ရောက်ဖူးတဲ့ နိုင်ငံခြားသားအိမ်မှာဆိုလည်း ဘုရားအမှူးရှိသော ရဟန္တာမထေရ်မြတ်ပုံတော်တွေဟာ ဘိနပ်ချွတ်ကနေ လှေကားဦးအထိ အစဉ်လိုက် ကြွလာကြတယ်။ တော်ပါသေးရဲ့။ မမနှဲကလေးဆို အိမ်သာကမုတ်ပေါ် စံပျော်ရရှာတာ။ ပုဂံမှာတွေ့ရတဲ့ အဟောင်းယောင်ဆောင်ထားတဲ့ ဘုရားဆင်းတုရောင်းသူတွေဟာ ကုသိုလ်ရလိမ့်မယ် မထင်ပါဘူး။ ဂဏှာနဲ့ဇာလီကို စူဇကာပုဏ္ဏားလက်ထည့်လိုက်တာကမှ တော်ဦးမယ်။
အဲဒီနောက်ပိုင်းမှာလည်း ပုဂံကို အခေါက်ခေါက် အခါခါ ရောက်ဖြစ်ပြန်တာပါပဲ။ ထူးခြားတာက တခါထက်တခါ ပိုပိုပြီး သစ်သစ်လာတဲ့ပုဂံဟာ အခုတစ်ခေါက်မှာလောက် သပ်သပ်ရပ်ရပ် ပြုပြုပြင်ပြင် လုပ်ထားတာ မရှိဖူးသလောက်ပဲ။ ၀မ်းနည်းရမှာလား ၀မ်းသာရမှာလား မိသိန်းကြည်ရယ် လို့တောင် ညည်းလိုက်ချင်တယ်။ ဟိုတယ်တွေကလည်း ပိုခမ်းနားလာတယ်။ မြန်မာဘူဖေး ထမင်းဆိုင်တွေကလည်း မှိုလိုပေါက်လို့။ အရင်ကဆို တိုးတိုးဝင်း တစ်ခုရယ်။ နိုင်ငံခြားသားဧည့်သည်တွေကတော့ အုန်းအုန်းကိုထနေတာ။ မြန်မာဘုရားဖူးတွေက သူတို့ကိုယ့်ကို တက်နင်းမသွားအောင် ရှောင်ရှောင်နေရတယ်။ ပုဂံသားတွေများ တစ်တန်းနှစ်တန်းလောက်ဆို အင်္ဂလိပ်လို ဂျောင်းဂျောင်းပြေးရော။ သစ်စ်အစ်စ် စတဲကျူးအော့ဖ် ဗူးဒ။ ဘစ်ဘိုင် ကင်းကျန်စစ်သားက စလိုက်ရင် ဘုရားတပတ်လုံး ရေပက်လို့မ၀င်အောင် ပြောနိုင်တယ်။ ကြားကသာ ဖောက်မမေးနဲ့။ သူ့ခမျာ အစက ပြန်ရွတ်နေရမှာ။ ပုဂံယွန်းထည်ကလေးတွေကလည်း ဆယ်ခေါက်ရောက် ဆယ်ခေါက်လုံး မ၀ယ်ပဲ မနေနိုင်ဘူး။ တခါထက်တခါ လက်ရာလေးတွေက အနုစိတ်၊ အဆင်ကလေးတွေက ဆန်းလာတယ်။ ပြန်ရောင်းဖို့တောင် မဟုတ်ပဲ၊ ဒေါ်လာထောင်နဲ့ချီဝယ် သင်္ဘောနဲ့ သယ်သွားတဲ့ ဘိုတွေအမြဲတွေ့ရတယ်။ ဂိုက်သူငယ်ချင်းတွေ အားကြီးပျော်ကြတာပေါ့။
စိတ်ထဲမှာတော့ ပုဂံဟာ `မိသားတစ်စု ဘုရားဖူး၏။ သာဓုခေါ်ပါ။´ဆိုတာမျိုးထက် သူများနိုင်ငံကလူတွေကို `ဟိုးရှေးရှေးက ပဒေသရာဇ်နိုင်ငံငယ်ကလေးဆီ လည်လည်သွားရအောင် လိုက်မလား´ ဆိုတဲ့ ရွှေကြေးစည် ခရီးသွားနေရာကလေးဖြစ်နေသလိုပါပဲ။ အခုတည်းဖြစ်တဲ့ ဟိုတယ်က ပုဂံမြိုသစ်မှာဆိုပေမယ့် ပတ်ဝန်းကျင် ကွင်းပြင်ပတ်လည်မှာ ဘုရားပုထိုးလေးတွေ မပြတ်ပါဘူး။ အဲဒီဘုရားကြို ဘုရားကြားက ကျွဲလူးအိုင်သာသာ ရေကူးကန်ကလေးမှာ နေစာလှုံတဲ့ ဘိုမကြီးက ပလာစိန်လုပ်ပြီး လမ်းသလားနေတာ ဆရာဝန်တောင် မျက်နှာလွှဲယူရတယ်။ ငပလီ ချောင်းသာဆို ထားတော့။ ဒါနဲ့ပဲ ဘုရားဖူးလာတဲ့ ရန်ကုန်သူကလေးကို သူများယဉ်ကျေးမှုနဲ့ ကိုယ့်ယဉ်ကျေးမှု ကွဲပြားခြားနားတာသိစေလောက်ပြီး အဲဒီနေ့ညနေစာအတွက် မြစ်ကမ်းနဖူးမှာရှိတဲ့ စည်သူ ကို လာခဲ့ကြပါတယ်။ သမီးစိတ်ထဲမှာ သူ့အဖေကို တော်တော်မြစ်ကြည့်ချင်တယ် ထင်နေမလားပဲ။ မြစ်မကြည့်ချင်လည်း ကိစ္စမရှိပါဘူး။ မှောင်လာတဲ့အခါ ဆိုင်က မြန်မာ့ရိုးရာအဆိုအကများနဲ့ ဖျော်ဖြေမလို့တဲ့။ ဆိုင်းနဲ့ဝိုင်းနဲ့ တီးလို့မှုတ်လို့ ကလို့ခုန်လို့ဆိုပေမယ့် ပတ်လုံးနဲ့ကြေးနောင်တောင် အသံကိုက်အောင် မညှိပဲ စထားတဲ့သီချင်း မဆုံးမချင်းတီးပေးမယ် နားထောင်ဆိုတာမျိုးပါ။ ဘယ်သူသိတာလိုက်လို့လို့ ထင်သလားမဆိုနိုင်။ နစ္စ၊ ဂီတ၊ ၀ါဒိတဆိုတဲ့ ကိစ္စဟာ ဘာသာစကားမလိုဘူးဆိုတာ မေ့နေပုံရပါတယ်။ ကိုယ့်ယဉ်ကျေးမှုကို တိုင်းတပါးသားရှေ့ ချပြတဲ့အခါ တော်ရိလျော်ရိ ဖြစ်ကတတ်ဆန်းလုပ်ရင် ဟိုက `ဒါပဲလား´ လို့ အောင့်မေ့သွားတော့ မခက်ပါလား။ သီချင်းတစ်ပုဒ်တည်း တီးတာချင်း အတူတူဆိုရင်တောင် အရင်နေ့က ရွှေစည်းခုံမှာ ဘယ်သူမှ နားမထောင်တဲ့ ဆိုင်းဆရာနဲ့ လက်သံတော်တော်ကွာမှန်းကို သိလိုက်ရတော့ ဆရာဝန်ပီပီ ကိုယ်နဲ့ဆိုင်တဲ့အပိုင်းကိုပဲ တွေးပြီး သင်ခန်းစာယူလိုက်ပါတယ်။ ကိုယ်တွေအဖို့မှာလည်း ဒီရောဂါကို ဒီလိုမျိုးပဲ ခွဲစိတ်ကုသပေးရတယ် ဆိုပေမယ့် ဖြစ်ကတတ်ဆန်းလက်ရာ၊ တော်ရိလျော်ရိ၊ သေသေသပ်သပ်၊ ကျကျနန၊ ကျွမ်းကျွမ်းကျင်ကျင် စသည်ဖြင့် တန်းချင်း လက်ရည်ချင်း ကွာပေမပေါ့။ ဒါမျိုးက ကိုယ့်ကိုယ်ကိုယ်တော့ ဟုတ်လှပြီ မှတ်ကြတာလေ။ မသိတဲ့သူကိုလည်း ဟိတ်တွေ ဟန်တွေနဲ့ ညာဝါးဖြီးဖြန်းလို့ရတယ်။ တကယ်တမ်း နားလည်တဲ့သူနဲ့တွေ့လို့ ကိုယ့်ဘက်က စံမမီရင် ဘယ်လောက်ရှက်စရာကောင်းလိုက်သလဲ။ ဒီလို အရည်အသွေးပိုင်းကိုတော့ စံမီအောင် လေ့ကျင့်မထားပဲ `ဒီရောဂါမျိုး ရန်ကုန်မှာသွားခွဲရင် ဘယ်လောက်ကုန်သလဲ သိရဲ့လား´ လို့ ကြေးချင်းကိုပဲ ညှိချင်ကြတာ ရှက်စရာကြီးနော်။ အဲဒါမျိုးတွေ အတုခိုးမမှားကြပါနဲ့ကွယ်။ `အဲဒါတွေ ဘာမှမလိုပါဘူး။ ရိုက်တတ်ရင် ပိုက်ဆံရတာပေါ့။ မားကက်တင်းက အဓိက။´ ဆိုရင်လည်း ကဲရီးအွန်ဗျာ။ သားသားဝမ်းလျှောတုန်းက `အာပါးပါး´ အထူးကုဆေးခန်းကြီးက `အာယိုးယိုး´ စက်ကိရိယာကြီးတွေနဲ့ အထူးကုဆရာဝန်ကြီး `ဟိုက်ရှားဘား´ ကိုယ်တိုင် ကိုယ်ဖိရင်ဖိ ကုသပေးခဲ့တဲ့အတွက် အရမ်းအရမ်းကို ကျေးဇူးတင်ရှိပါကြောင်း ဆိုပြီး မျက်နှာပြည့်ကြော်ငြာ ထည့်ပေးမယ်လေ။ သူလည်းလူသိ ကိုယ်လည်းလူသိ။ မကောင်းဘူးလား။ (မနေနိုင်လို့ပါ အချစ်ရဲ့ ခနခန ပြောမိတာ…)။
ဘာပဲပြောပြော သမီးအဖို့ ပုဂံဆိုတာကိုတော့ ရောက်ဖူးသွားပြီ။ သူ့အဖေလျောက်ပြောတဲ့ ဗလွတ်ရွှတ်တတွေလည်း နားထောင်ခဲ့ပြီ။ သူ့ဘာသာ သိချင်ဆက်ဖတ်ဖို့ စာအုပ်ကလေးတွေလည်း ၀ယ်ပေးဖြစ်ပါတယ်။ သူ့အရွယ်ကလေးတွေအတွက်ကတော့ ကာတွန်းသည်သာ အထိရောက်ဆုံး ပညာပေးဖြစ်ပါလိမ့်မယ်။ ဆရာကြီး ဦးဘကြည်၊ ဆရာကြီး ဦးဖေသိန်း၊ ကာတွန်းဦးအောင်ရှိန်၊ ဦးငွေကြည်တို့အားလုံးကို အထူးကျေးဇူးတင်မိပါတယ်။ သူတို့ခေတ်မှာ သူတို့ တာဝန်တွေ ကျေကြပါပေတယ်။ ကလေးတွေရင်ထဲကို မြန်မာမှု မြန်မာ့ဓလေ့တွေ မျိုးစေ့ချပေးခဲ့ကြတယ်။ အဲဒီထက် လူလားမြောက်လာရင်တော့ ၀တ္ထုတွေဘက်ကို လှည့်လာဦးမှာပါပဲ။ ကုန်လွန်သွားတဲ့ ခေတ်တစ်ခေတ်က စာရေးဆရာ ဆရာမကြီးများဟာ သူတို့နောက်ကလိုက်လာမယ့် မျိုးဆက်တွေအတွက် မှတ်ဖွယ်မှတ်ရာ အသိအလိမ္မာတွေကို လက်ဆင့်ကမ်းပေးခဲ့နိုင်တယ်ဆိုရင် ပုဂံမှာ ဘုရားတည်ခဲ့တဲ့ ရေမြေ့ရှင်ကြီးတွေနဲ့မခြား ကုသိုလ်တွေရပေလိမ့်မယ်ထင်ပါတယ်။ ပထမဦးဆုံးအကြိမ် ဒေါ်ခင်နှင်းယုနဲ့ အပြင်မှာတွေ့ဖူးတဲ့အခါ `အမေစုရေးတဲ့ စာတွေဖတ်ရလို့ လိမ်လိမ်မာမာ ကြီးပြင်းခဲ့ရတာမို့ ကျေးဇူးတင်ပါတယ်´ လို့ ပြောဖြစ်ခဲ့တယ်။ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်တို့ အမေကြီးဒေါ်အမာတို့ကိုလည်း တွေ့ရရင်လည်း အဲသလိုပဲ ပြောဖြစ်ပါလိမ့်မယ်။ ကိုယ်ကလူလတ်ပိုင်းကို လွန်လာပြီဖြစ်တဲ့အခါ ကိုယ့်အထက်ကမျိုးဆက်ရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို ရေရေရာရာ သဘောပေါက် ခံစားလာခဲ့ရပြီပေါ့။ သိပ်မကြာခင်မှာ ကိုယ်ကချန်ထားခဲ့၊ ပျိုးထောင်ခဲ့ရမယ့် အချိန်ရောက်လာပြီ။ မိဘများချန်ထားရစ်ခဲ့လို့ ကိုယ်စံစားရတဲ့ အခြေအနေမျိုးလား။ သားစာသမီးစာ နောင်လာနောက်သား အတွက်မချန်ပဲ သူတို့လက်ထက်မှ သီးလာပွင့်လာမယ့် အညွန့်အညောက်ပါမကျန် ကြိုပွိုင့်နဲ့ရောင်းပြီး အိပ်ထဲထည့်သွားမလား ဆိုတာကိုတော့ ဆိုခရိတ္တိကြီးစကားငှားသုံးရရင် `ဘုရားရှင်တစ်ပါးတည်းသာ သိတော်မူပေလိမ့်မည်´ ပေါ့။ ကိုယ်သေသွားခဲ့ရင်ကော သမီးအတွက် ဘာတွေ ချန်ထားခဲ့နိုင်မလဲ။ နံမည် နဲ့ သိက္ခာဆိုတာ ထိန်းသိမ်းရခက်သလောက် ရောင်းစားရင်တစ်ပြားမှမရလို့ တန်ဖိုးမရှိဘူးလို့များ ထင်မလား။ အမှန်တော့ အဲဒီဟာတွေက ကိုယ့်ဆီမှာ ရှိနေတုန်းသာ အဖိုးတန်တာ။ သူများကို ရောင်းစားလိုက်ရင် တစ်ခုခုနဲ့လဲယူလိုက်ရင် တန်ဖိုးမရှိတော့ဘူးလေ။ သို့သော်လည်းပဲ ကိုယ့်မိဘဘိုးဘွားရဲ့ ကိုယ်ကျင့်သိက္ခာအရိပ်ကတော့ ထုံကူးသလို သားသမီး မြေးမြစ်အပေါ်မှာလည်း ဆက်ကူးသွားနိုင်ပါတယ်။ ဆက်လက်ဆက်ခံ ထိန်းသိမ်းထားသရွေ့ပေါ့။ ရွှေမဖြစ် ရေမဖြစ် လေပဲပစ်တတ်တဲ့ အဖေပါကွယ်။ ဟုတ်တယ်မဟုတ်လား။ ကိုယ့်ဘ၀ရဲ့ ပထမဦးဆုံး အညာပုဂံဘုရားဖူးခရီးစဉ်မှာ အဘွားကို မမေ့သလိုမျိုး၊ သမီးလေး နောင်တချိန် ပုဂံကိုရောက်လို့ သူ့အဖေကို သတိရမယ်ဆိုရင် တော်လောက်ပါပြီ။
(ဤခရီးစဉ် ဖြစ်မြောက်ရေးအတွက် တမဟုတ်ချဉ်း အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့သော `ကိန္နရီ ခရီးသွားလုပ်ငန်း´ မှ မစန္ဒာမြင့်အား လှိုက်လှဲစွာ ကျေးဖူးတင်ရှိပါသည်။)

0 comments:
Post a Comment