Thursday, December 22, 2011

ပညာရေးစနစ်တစ်ခု၏ ....

by Pandora Blogopoet on Monday, December 19, 2011 at 3:59pm
 
ခိုင်စိုးလင်း စီစဉ်တဲ့ “ကျောင်းအကြောင်း” (all about school) ebook ထွက်ပါပြီ။ သရုပ်ဖော်ပုံတွေကို မလေးမေက ရေးဆွဲပါတယ်။ ပါဝင်ရေးသားသူတွေကတော့ ကိုကိုသက်၊ ကျော်ညိုသွေး၊ ကြည်သက်ဟန်၊ ခိုင်စိုးလင်း၊ ချစ်ကြည်အေး၊ ညီဇံလှ၊ ညိုမင်းခ၊ နေဦး၊ ပန်ဒိုရာ၊ မိုးလှိုင်ည၊ မှိုင်း ဆေး(၂)၊ Louise Jane Cher ၊ သက်ဝေ၊ ဟန်သစ်ငြိမ်၊ ဟယ်ရီလွင် နဲ့ သြမြိုင် တို့ ဖြစ်ပါတယ်။

အောက်က လင့်ခ်မှာ download ယူနိုင်ပါတယ်။
http://www.mediafire.com/?g8zfx92c7t1124o

ပန်ဒိုရာ ရေးသားတဲ့ “ပညာရေးစနစ်တစ်ခု၏ အစွန်းထွက်တန်ဖိုးများ၏ အရေးပါမှု၏ ကျေးဇူးခံကျေးဇူးစားများ၏ နောက်ဆက်တွဲ” ဆိုတဲ့ စာအသစ်တစ်ပုဒ်ရယ် “အသံမမြည်နိုင်တဲ့ ခေါင်းလောင်းကလေးတွေ” ဆိုတဲ့ ဝတ္ထုဟောင်းတစ်ပုဒ်ရယ်ကို ဖော်ပြထားပါတယ်။ download လုပ်ရတာ ခက်ခဲသူတွေ ဖတ်နိုင်ဖို့ စာအသစ်ကို ဒီမှာ ပြန်တင်လိုက်ပါတယ်။


--------------

ပညာရေးစနစ်တစ်ခု၏ အစွန်းထွက်တန်ဖိုးများ၏ အရေးပါမှု၏ ကျေးဇူးခံကျေးဇူးစားများ၏ နောက်ဆက်တွဲ

အခန်း(၁)
(အဲဒါ ကျောင်းပေါ့)
တက္ကစီဒရိုင်ဘာက မေးငေါ့ပြရင်းပြော။ ဓာတ်ပုံတွေ ဖြန်းခနဲ ရိုက်သံ။
(အဲဒီမှာ ကျောင်းဆောင်တွေရှိတယ်- စာသင်ဖို့၊ ဘော်ဒါဆောင်တွေရှိတယ်- ကျောင်းသားနေဖို့၊ ရေကန်တစ်ကန်ရှိတယ်- အပန်းဖြေဖို့၊ စာကြည့်တိုက်တစ်ခုရှိတယ်- စာအုပ်တွေထားဖို့၊ ဘွဲ့နှင်းသဘင်တစ်ခုရှိတယ်- ကျင်းပဖို့)
(ပညာရေးရော ဘယ်လောက်ရှိပါသလဲ)
ပြန်ဖြေသံ မကြားရ။
(…ပညာရေးနှင့်ကျောင်း၊ ကျောင်းနှင့်ပညာရေး၊ ကျောင်းမပါသောပညာရေး၊ ပညာရေးမပါသောကျောင်း…)
အတွေးများ လွတ်ထွက်ပြီး ၀ရုန်းသုန်းကား ဆူညံ။

အခန်း(၂)
ကတ္တားလာ၊ ကံလာ၊ ကြိယာလာ။ ကြားမှာ အတွဲအဆက်ပုဒ်များ လိုသလိုထည့်။ ဆရာက နမူနာပေး။ (ဥပမာ - မောင်လှသည် ဘောလုံးကို ကန်သည်)။ ၀ါကျများဖွဲ့ရန် ကျောင်းသားများကို ညွှန်ကြား။
(မောင်မြသည် ဘောလုံးကို ကန်သည်)
(မောင်ဘသည် ဘောလုံးကို ကန်သည်)
(နီနီသည် ဘောလုံးကို ကန်သည်)
(ဖြူဖြူသည် ဘောလုံးကို ကန်သည်)
(ကိုကိုသည် ဘောလုံးကို ကန်သည်)
(မမသည် ဘောလုံးကို ကန်သည်)
ကလေးများ တစ်ယောက်တစ်ပေါက် ဖြေသံ ဟိုနား ဒီနားက ထွက်လာ။ ဆရာက ခေါင်းညိတ်။
((၀တ်မှုန်ရွှေရည်သည် ဟန်ဘာဂါကို စားသည်))
(ဒါဘယ်သူပြောတာလဲ)
ဆရာ့အသံသည် မာန်ဖီနေ။ တစ်ခန်းလုံး ဟိန်းသွား။ ၀တ်မှုန်ရွှေရည်ကြောင့်လား၊ ဟန်ဘာဂါကြောင့်လား။ စားသည်ကြောင့်လား။ ကျောင်းသားများ မည်သူမျှ ပြန်မဖြေကြ။ တိတ်ဆိတ်နေ။ စာသင်ခန်း ပြူုတင်းပေါက်အပြင်တွင် တည်ရှိသော ဗာဒံပင်တစ်ပင်မှ သစ်ရွက်နီနီတစ်ရွက် ကြွေကျ မြေခ သေဟ။

အခန်း (၃)
ကြေမွနေသော ခေါင်းထဲမှ ပင့်ကူတစ်ကောင်၏ နားကျပ်တစ်စုံ ဆင်မယဉ်သာ လက်လှမ်းများဖြင့် ဒီဗွီဒီဖွင့်စက်တစ်လုံး ပလုပ်ပလောင်း ခရမ်းရင့်ရောင် သစ်ခွပန်းကို ရီမုကွန်ထရိုးဖြင့် ဒစ်ရှင်နရီ ကြည့်စရာမလိုဘဲ တယ်လီဖုန်း မြည်လာစဉ် စင်ကာပူတံဆိပ် Bee Cheng Hiang ၀က်သားပြား၏ နူးညံ့ပျောင်းမွှတ်မှုဟာ သွားရေယိုစရာ စတီးလ်ချိုင့်၏ အတွင်းရော အပြင်ပါ ညောင်းညာကိုက်ခဲနေသဖြင့် အ၀ါရောင် စက္ကူအိတ် ကျိုးပေါက်သွားလျှင်သွားချင်း ဒိုင်ယာရီနောက်ကွယ်မှ ဖြစ်တည်နေထိုင်မှု၏ အဓိပ္ပါယ်တွင် သက်ရောက်နှိုင်းယှဉ်ချက်များဖြင့် ဇီဝမျိုးစိတ်တို့ ပါဝင်ခွင့်မရသောအခါ တမ်းမက်မူးရီတိမ်းညွှတ်မိသူ အဖို့မှာတကား ကလီရှေးများဖြင့် အထူးထူးအပြားပြား တင်စားရွတ်ဆိုအပ်သော လမ်းဘေးလက်ဖက်ရည်ဆိုင် ယင်တလောင်းလောင်းအုံလျှက် ပစ္စတိုတစ်လက် ဖြောင်းခနဲအဖွင့် တစ်နေ့ရွှေ တစ်နေ့ငွေ ဆိုသလို ခရီးဆောင်အိတ် အနီရောင်လိုင်းကျားကြီးများထံသို့ တောအုပ်ဟာ တရွှီရွှီမြည် လိုင်းကျသွားနိုင်သည် ဆိုသော်လည်း ယနေ့အကြွေးမရောင်းသည့် တံခါးဟစိစိကို ရေအပြည့်ထည့်ထားသော ဇလားတစ်လုံး မျက်နှာသစ်ကန် အစပ်နားမှာ ပြက္ခဒိန်ရှေ့ချ စာစီစာရိုက် အချိန်တန်တော့လည်း နွားပိန်ကန်လာမှာပေါ့ကွာ။

အခန်း (၄)
ခန်းမထဲမှ လူအများသည် မိန့်ခွန်းကို စောင့်မျှော်လျက်။ မိန့်ခွန်း အစီအစဉ်သည် အသင့်ရေး မိန့်ခွန်းစာရွက်ကို စောင့်မျှော်လျက်။ မိန့်ခွန်းစာရွက်သည် သူ့ကိုကိုင်ဖတ်မည့် မိန့်ခွန်းခြွေသူကို စောင့်မျှော်လျက်။ မိန့်ခွန်းခြွေမည့်သူသည် မိုက်ကရိုဖုန်းကို စောင့်မျှော်လျက်။ မိုက်ကရိုဖုန်းသည် လျှပ်စစ်မီးကို စောင့်မျှော်လျက်။ လျှပ်စစ်မီးသည် စီမံကိန်းကို စောင့်မျှော်လျက်။ စီမံကိန်းသည် အသေးစိတ် ညွှန်ကြားချက်များကို စောင့်မျှော်လျက်။ အသေးစိတ် ညွှန်ကြားချက်များသည် ဆုံးဖြတ်ချက်ကို စောင့်မျှော်လျက်။ ဆုံးဖြတ်ချက်သည် အစည်းအဝေးကို စောင့်မျှော်လျက်။ အစည်းအဝေးသည် ခန်းမထဲမှ လူအများကို စောင့်မျှော်လျက်။ ခန်းမထဲမှ လူအများသည်…

အခန်း (၁-က)
(ရှင့်ဟာက ရိုးလွန်းတယ် ရှင့်ဟာက သိပ်ကိုရိုးလွန်းနေတယ်)
(ငါသင်ထားတာ ဒါအကုန်ပဲကွ)
စက္ကူအပိုင်းအစတစ်ဖဲ့ ကျကျနန ကျကွဲသွား။

ပန်ဒိုရာ
၂၁-၂၂.၁၀.၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...