Monday, December 26, 2011

သူရဲကောင်းတို့ အိမ်ပြန်ချိန်

by Hla Shwe on Monday, December 26, 2011 at 12:10pm
 


လူသားတဦး၏ ဘ၀ကိုပုံဖေါ်တင်ပြကြရာတွင် ထိုလူသား သက်ရှိထင်ရှားရှိစဉ်အခါက သူကျင်လည်ခဲ့သော အလုပ်၊ ၀ါသနာဗီဇနှင့် သူ၏ဖြတ်သန်းခဲ့ရသော ခေတ်ကာလအတွင်း မည်ကဲ့သို့ ပြုမူနေထိုင်ခဲ့သည်ကို သူ၏ မိတ်ဆွေအပေါင်းအသင်းနှင့် လူ့အဖွဲ့အစည်းက အသိအမှတ်ပြုပြောဆိုကြသည်။

ဒီဇင်္ဘာ ၂၄ ရက်နေ့တွင် အညတရ သူရဲကောင်းတဦး၏ နောက်ဆုံခရီးကို လိုက်ပါပို့ဆောင်ခွင့်ရရှိခဲ့သည်။ ၄င်း နောက်ဆုံးခရီးတွင် ထိုလူသား၏ ဘ၀ပုံရိပ်ကို အကဲခတ်ခွင့်ရရှိခဲ့သည်။ 
အမျိုးသားကောင်းတဦးဖြစ်သကဲ့သို့  လူသားမျိုးနွယ်စုမှ သူ၏ပခုံးပေါ်ကို တင်ပေးခဲ့သော သမိုင်းပေးတာဝန်ကို ငြီးညူခြင်းမရှိဘဲ သေဆုံးသည်အထိ ထမ်းဆောင်ခဲ့သော အညတရ သူရဲကောင်းတဦး ဖြစ်ပေသည်။

အတိတ်ကာလကို မှိုင်းပျပျလေးမြင်ယောင်မိသည်။ ၂၀၀၄ ခုနှစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသည့် ရခိုင်သမိုင်း အလုပ်ရုံဆွေးနွေးပွဲတွင် စတင်တွေ့ဆုံခွင့် ရရှိခဲ့သည်။ သမိုင်းဆိုင်ရာ အချက်အလက်မေးခွန်းများကို ရင့်ကျင့်သော တော်လှန်ရေးသမားတဦးပီပီ မေးခွန်းထုတ်နိုင် ခဲ့သည်ကို သတိထားမိခဲ့သည်။ သို့ရာတွင် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီတွင် မည်သည့်တာဝန် ကိုထမ်း ဆောင်နေ သည်ကို မိတ်ဆက်ခြင်းမရှိဘဲ ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ရဲဘော်တဦးဟုသာ မိမိ၏ နာမည်နှင့် တာဝန်ကိုမိဆက်ခဲ့သည်။

၂၀၀၅ ခုနှစ်တွင် တော်လှန်ရေး နယ်မြေထဲ ဆွေးနွေးပွဲများတွင် မကြာခဏတွေ့ဖြစ်ကြသည်။ သို့ရာတွင် သူသည် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီတွင် မည်သည့်အဆင့်ထိပါဝင်ခဲ့သည်ကို မည်သည့်အခါမှ မပြော။ မာနယ်ပလော ကျပြီးနောက်ပိုင်းတွင် လက်နက်ကိုင်တော်လှန်းရေး အပြောင်းအလဲဖြစ်ခဲ့သည်။ ကုန်းတပိုင်းရေ ပိုင်းကဲ့သို့ ကျင်လင်ကြရသည်။ တောတွင်းနေသူနေ၊ မြို့ပေါ်နေသူနေဖြင့် ဖြတ်သန်းကြရသည်။ ခိုင်မာသော အခြေစိုက်စခန်းမဟုတ်ဘဲ ပြောင်းရရွေ့ရလွယ်သူသည့် အခြေိစိုက်စခန်းဖြင့် ရန်သူတပ်များကို ရင်ဆိုင် ကြရသည်။

တော်လှန်ရေး၏ အချိုးအကွေ့တွင် အချို့သောခေါင်းဆောင်များမှာ လက်နက်ကိုင်တော်လှန်ရေးဖြင့် နိုင်ငံရေးစနစ် ပြောင်းလဲမှုမဖြစ်နိုင် ဟူသောအကြောင်းပြချက်ဖြင့် နိုင်ငံရေးနှင့် ဖွံ့ဖြိုးရေးကိုတွဲလျက် လုပ်ကိုင်လာကြသည်။ တောတွင်းနေ တော်လှန်ရေးသမားတို့သည် တောတွင်၌နေစဉ်က မိမိတို့၏ စားဝတ်နေရေးအတွက် စခန်းပတ်ဝန်းကျင်တွင် မွေးမြူရေး၊ သီးပင်စားပင်များစိုက်ပျိုးကာ တော်လှန်ရေးခရီးကို ဆက်ကြရသည်။ တော်လှန်ရေးအပြောင်းအလဲတွင် မြို့ပေါ်သို့ရောက်လာသောအခါ အခက်အခဲတွေ့ကြရသည်။

ဗိုလ်ခိုင်နီလင်း အတွက်ကား ခေါင်းဆောင်တဦး၏ ရိုးသားဖြူစင်မှု အပြည့်ဖြင့် ပါတီ၏တာဝန် တိုင်းပြည်၏တာဝန်ကို ထမ်းဆောင်သွားခဲ့သည်။ မြို့ပေါ်တွင် ဆံသဆရာ၊ လျပ်စစ်ပြင်သူ စသည်ဖြင့် ဘ၀ကို ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းပြီးတာဝန်ကို ဥလေမသုန် ထမ်းဆောင်ခဲ့သည်။

ဗိုလ်ခိုင်နီလင်း၏ နောက်ဆုံးခရီး နှုတ်ဆက်ပွဲကျင်းပသည့်အခါတွင်ကား သူ့၏ရိုးသားဖြူစင်မှု၊ ဘ၀ကို ရိုးရှင်းစွာဖြတ်သန်းလိုသည့် စိတ်ဓါတ်ကို သူ့၏မိတ်ဆွေများထံမှ ပိုမိုသိရှိခွင့် ရရှိလာခဲ့သည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ၏ တွဲဘက်အတွင်းရေးမှုးဖြစ်သူ ဦးမြင့်သိန်းမှ ဗိုလ်ခိုင်နီလင်းနှင့်ပတ်သတ်သော မှတ်ချက်မှာ စိတ်ဝင်စားစရာ ကောင်းလှသည်။ “ မာနယ်ပလောမှာ စတွေ့ခဲ့တဲ့ ကျနော်တို့ရဲ့ မိတ်ဆွေ ရဲဘော်ကြီးကတော့ သူမတူတဲ့ ရိုးသားဖြူစင်မှုကို ပိုင်ဆိုင်တဲ့သူဖြစ်တယ်၊ သူ့ကိုစတွေ့တုန်းက သာမန်ရဲဘော တဦးသာဖြစ်မယ်လို့ ထင်ခဲ့တယ်၊ နောက်ပိုင်းမှာ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော်ရဲ့ မိုင် (၂၀၀၀) ခရီးရှည် ချီတက်ပွဲမှာ ပါဝင်ခဲ့တဲ့ လူငယ်တဦးဖြစ်သလို၊ သေဒဏ်ကို (၃) ကြိမ်ဖြတ်သန်းခဲ့ရတဲ့ ခေါင်းဆောင် တဦးဖြစ်တာကို သိခွင့်ရလိုက်ချိန်မှာ တော်တော်လေး အံ့သြမိတယ်” ဟုဂုဏ်ပြုစကား ပြောဆိုခဲ့သည်။

တော်လှန်ရေး၊ နိုင်ငံရေးအချိုးအကွေ့ မည်သို့ပင်ပြောင်းစေကာမူ ဗိုလ်ခိုင်နီလင်းသည် သူ၏ရပ်တည် ချက်ဖြစ်သာ ရခိုင်ပြည်သူတို့၏ အချုပ်အခြာပိုင်ဆိုင်မှုကိုသာ တစိုက်မတ်မတ် တောင်းဆိုတိုက်ပွဲ ၀င်ခဲ့သူဖြစ်သည်။
KNU ဗဟိုကော်မတီဝင် မန်းသမိန်ထွန်းမှ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာခဲ့သည် သူရဲကောင်း ရဲဘော်တဦးကို သမိုင်းကမေ့ပျောက်မှာ မဟုတ်ဘူး၊ သင်၏ရိုးသား ဖြူစင်မှုသည် ယခုတာဝန် ထမ်းဆောင်နေသည့် မျိုးဆက်သစ် ရဲဘော်များအတွက် နမူနာကောင်းအဖြစ် အမြဲတစေ အဖြစ်ကျန်ရစ်ခဲ့ပြီဟု ၀မ်းနည်းစကား ပြောဆိုခဲ့သည်။

ဗိုလ်ခိုင်နီလင်းသည် ဥက္ကဌ ကြီးခိုင်မိုးလင်းနှင့်အတူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီကို စတင်ဖွဲ့စည်းသည့်အဖွဲ့အ၀င် တဦးလည်းဖြစ်သည်။ ၁၉၇၆ ခုနှစ်တွင် KNU ဌာနချုပ် မာနယ်ပလောမှ ရခိုင်ပြည်သို့ ရခိုင့်ပြည်လွတ်မြောက်ရေး တပ်မတော်ကို ပြောင်ရွှေ့သည့် မိုင် (၂၀၀၀) ကျော် ခရီရှဉ် ချီတက်ပွဲတွင် ပါဝင်ခဲ့သည့် ခေါင်းဆောင် တဦးလည်းဖြစ်သည်။

ဗိုလ်ခိုင်နီလင်း၏ ဇာပဏ အခမ်းအနားတွင် မာနယ်ပလောတွင် အတူတိုက်ပွဲဝင်ခဲ့သည့်၊ ယခုအချိန်တွင် မြန်မာနိုင်ငံဒီမိုကရက်တစ် အင်အားစုတွင် ဗဟိုအလုပ် အမှုဆောင်တာဝန်ကို ထမ်းဆောင်နေသည့် ဦးမောင်မာင်ကြီးမှ “ ဗိုလ်ခိုင်နီလင်းဟာ အင်မတန်မှ ရိုးသားတဲ့ တော်လှန်ရေးသမား တဦးဖြစ်တယ်၊ ၁၉၉၄ ခုနှစ်က မြန်မာ့ဒီမိုကရေစီတပ်ပေါင်းစု (NDF) အစည်းအဝေးကို မာနယ်ပလောမှာ လုပ်တော့ ဗဟိုကော်မတီဝင် တယောက်အနေနဲ့တက်ခဲ့တယ်၊ အစည်းအဝေးပြီးလို့ မှတ်တမ်းတင် ဓါတ်ပုံရိုက်မယ့် အချိန်ကျတော့ ဆရာ့ကို ရှာမတွေ့တော့ဘူး၊ ကျနော်သွားရှာတေ့ ဆရာက ရှေ့တန်းပြန် ရဲဘော်တွေကို ထမင်းချက်ကျွေးဖို့လုပ်နေတယ်၊ ဂုဏ်ပကာသန မရှိတဲ့ တော်လှန်ရေး ခေါင်းဆောင်တဦး ဖြစ်တယ်” ဟု ဂုဏ်ပြုစကားပြော ဆိုခဲ့သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ လက်ရှိဒုဥက္ကဌ တာဝန်ထမ်းဆောင်နေသည့် ဦးခိုင်စောနိုင်အောင်မှ ရခိုင်ပြည်နှင့် ရခိုင်လူမျိုးများအတွက် အသက်ထက်ဆုံးတိုက်ပွဲဝင်ခဲ့သည့် ဗိုလ်ခိုင်နီလင်းသည် တော်လှန်ရေးသက်တမ်းအတွင်း ၊ ရိုးသားဖြောင့်မတ်မှု၊ စစ်ရေးကို အပတ်တကုတ်လေ့လာဆည်းပူးမှု၊ မိသားစုဘ၀ ကိုမငဲ့ညှာဘဲ တိုက်ပွဲဝင်ခဲ့သူဖြေစ်ကြောင့် ပြောဆိုခဲ့သည်။

မိုင် (၂၀၀၀) ခရီးရှည် အတွင်း ၁၉၇၆ ခုနှစ်၊ ချင်းပြသည်နယ်သို့ အရောက်တွင် ရန်သူဗမာစစ်တပ်အင်အား (၆၀၀၀) ကျော်ဖြင့် ၀ိုင်းရံပိတ်ဆို့မှုကိုခံခဲ့ရသည်။ တိုက်ပွဲကြီးပေါင်း (၂၈) ပွဲနှင့် တိုက်ပွဲငယ်ပေါင်း (၄၀) ကျော်ဖြစ်ပွားခဲ့ပြီးနောက် ရိက္ခာ၊ လက်နက်အင်အား မျှတမှုနှင့် ခရီးပန်းမှုတို့ကြောင့် ရန်သူတပ်၏ ၀ိုင်းဝန်းပိုက်ဆို့မှုကို တလကျော် ခံရပြီးနောက် ဖမ်းဆီးမှုကို ခံခဲ့ရသည်။ ရန်သူတပ်၏ ဖမ်းဆီးမှုကို ခံရပြီးနောက် သတ်ဖြတ်ရန်တန်းစီနေစဉ် တာဝန်ရှိသူ ရခိုင်လူမျိုး စစ်ဗိုလ်၏ အကုအညီဖြင့် ပထမအကြိမ်လွတ်မြောက်ခဲ့သည်။ ၄င်းနေ့တွင်ပင် တပ်ရင်းမှူး၏ အမိန့်ဖြင့် သုတ်သင်ရှင်းလင်းရန် လုပ်ဆောင်နေစဉ် နပခ တိုင်းမှူးမျိုးညွန့်ထံမှ အမိန့်ဖြင့် လွတ်မြောက်ကာ တရားရုံးတင် စစ်ဆေးခဲ့သည်။ နေ၀င်းစစ်အစိုးရမှ နိုင်ငံတော်ပုန်ကန်မှုဖြင့် သေဒဏ် ချမှတ်ခြင်း ခံရပြန်သည်။ သေဒဏ်ကို စောင့်မျှေနေစဉ် ၁၉၈၁ ခုနှစ်တွင် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာရာ မိခင်ရခိုင်ပြည် လွတ်မြောက်ရေး ပါတီတွင် အရံဗဟိုကော်မတီ၊ ဗဟိုကော်မတီ ၊ တွဲဘက်အတွင်းရေးမှူး၊ နှင့် ဒုဥက္ကဌ အထိ ရာထူးတာဝန် အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့သည်။

ဗိုလ်ခိုင်နီလင်း၏ ဇာပဏ အခမ်းအနားသို့ ကမ္ဘာတ၀ှမ်းမှ ရခိုင်ပြည်သူများ၏ ၀မ်းနည်းကြောင်း သ၀ဏ်လွာများ၊ တော်လှန်ရေး အဖွဲ့အစည်း အသီးသီးမှာ တာဝန်ရှိ ခေါင်းဆောင်များအပါအ၀င် လူပေါင်း ၅၀၀ ကျော်တက်ရောက်ကာ ဂုဏ်ပြုခဲ့သည်။
ဗိုလ်ခိုင်နီလင်း၏ ဇာပဏ အခမ်းအနားကို အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပခဲ့သည်။ ပထမပိုင်းအစီအစဉ်ကို မဲဆောက်ကျောင်းကြီးကျောင်းဝင်းတွင် မဟာမိတ်ခေါင်းဆောင်များ၏ ဂုဏ်ပြုဝမ်းနည်းစကားများပြောကြားပြီး၊ ဒုတိယ ပိုင်းကို ဘန့်စောင်ကွယ် သုသာန်တွင်ကျင်းပရာ ၊ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်မှ ရဲဘော်များမှ နောက်ဆုံးအလေးပြုပြီး ။ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာနှင့်အညီ မီးသင်္ဂြိုလ်ခဲ့သည်။

ဗိုလ်ခိုင်နီလင်း၏ နောက်ဆုံးဇာပဏခရီးသည် သူ၏တာဝန်ကျေပွန်မှုကို ပြည်သူများက အသိအမှတ်ပြုနေဆဲ၊ ရခိုင်လူမျိုးနှင့် မြန်မာနိုင်ငံနေ တိုင်းရင်းသား တို့အနေဖြင့် ခေါင်းဆောင်ကောင်း တဦးအဖြစ် လက်လွှတ်ဆုံးရှုံးလိုက်ရခြင်းနှင့် သူရဲကောင်းတဦး၏ နောက်ဆုံးခရီးကို ၀မ်းနည်းကြေကွဲစွာဖြင့် ပို့ဆောင်ခဲ့ကြရသည်။

ဇာပဏအခန်းအနားသို့ တက်ရောက်လာသည့် အမည်မဖေါ်သူ မိတ်ဆွေတဦးရေးဖွဲ့သွားသော ကဗျာဖြင့် ရခိုင်အမျိုးသားတို့၏ အညတရ သူရဲကောင်း၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) ဒုဥက္ကဌ ဟောင်း ဗိုလ်ခိုင်နီလင်းသို့ ဂုဏ်ပြုလိုက်ပါသည်။

ကိုယ့်လမ်း ကိုယ်လျှောက်ခဲ့သူ

ကိုယ့်လမ်းကိုယ်သွားတာတောင်
လမ်းကပျောက်နေခဲ့
လာတိုက်တဲ့ခလုတ်တွေကိုလည်း
ခြေမျက်စိကမွဲတော့
သော့သော့လေးတောင်ရှောင်လို့မရခဲ့တာ…
ကိုယ်နဲ့နှိုင်းပြီး မရိုင်းကြနဲ့
အဲ့ဒီစကားလုံးကိုတောင်
ပြန်ကြားယောင်လာသလိုပဲ…

ရိုင်းလိုက်တဲ့ရာဇ၀င်
သင်တို့သိအောင်ပြောမယ်
အများမိုးခါးရေသောက်တိုင်းလိုက်သောက်ရင်
ကိုယ်တိုင်ပင်ရူးသွားလိမ့်မပေါ့
ကျွန်ုပ်… အရူးဖြစ်မခံနိုင်ဘူး…
ကန်းတဲ့ပုဂ္ဂိုလ်ထက်
မမြင်တဲ့ပုဂ္ဂိုလ်က ပိုမိုက်သတဲ့
ငါ့ရဲ့အဖြစ်ကိုမိတ်ဆွေတို့မြင်ပြီပေါ့။ ။

ဦးခိုင်နီလင်းသို့ ဂုဏ်ပြုလွှာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...