Sunday, December 11, 2011

သင် လူအစစ်ဆိုတာ သေချာလား? [ သွန်းနေစိုး ]

by အား မာန် on Monday, December 12, 2011 at 2:39pm
 
ဖိနှိပ်သူဆိုတာရော လူသားစစ်စစ်လို့ပြောနိုင်ပါလား။ မဟုတ်ပါ။ လူကို လူမဆန်စွာ ဖိဆီးနှိပ်စက်သူတိုင်းဟာ သူ့ကြောက်စိတ်ကို အသွင်တစ်မျိုးနဲ့ ဖော်ထုတ်ပြသနေတာဖြစ်တယ်။ ကြောက်နေတယ်ဆိုကတည်းက သတ္တိမရှိတော့ဘူး။ သတ္တိမရှိရင် လူမဟုတ် တော့ဘူး။ ဒီလို ဖိဆီးနှိပ်စက်သူတိုင်းက လူသားရုပ်သွင် လုံးဝပျောက်ပြီး လူ့အဖြစ်က လျှောကျသွားပါပြီ။

လူ့ပြည်မှာနေတယ်။ ပခုံးနှစ်ဘက်ကြား ခေါင်းပေါက်တယ်။ လူလို စားပြီး လူလို ပြောတယ်။ ဒါနဲ့ပဲ လူအစစ်ဆိုတာ သေချာပြီလား။ ကျနော်သဘောကျတဲ့ စာအုပ်လေးတစ်အုပ်ရှိပါတယ်။ PAUL TILLICH ရေးတဲ့ THE COURAGE TO BE တဲ့။ သူက ဘာသာရေးနဲ့ အတွေးအခေါ်ကို ဇောင်းပေးရေး ထားတယ်။ ကျနော်စွဲနေမိတာ က အဲဒီထဲက သဘောတရားလေးကိုပါ။ သူ့စာအုပ်နာမည်ကိုက ဘယ်လောက်လန်းသလဲ။ ကျနော်က ... လူလုပ်ရဲတဲ့သတ္တိ လို့ ဘာသာပြန်ချင်မိတယ်။


လူလုပ်ရဲဖို့ သတ္တိလိုတယ် ...
အဲဒီလိုပြောလိုက်ရင် သင့်စိတ်ထဲ ဘယ်လိုနေမလဲ?
ဒီစကားကို နောက်တစ်ဘက်က စဉ်းစားကြည့်ပါ။
သတ္တိမရှိရင် လူ (အစစ်) မဖြစ်နိုင်တော့ဘူး။ ဒါဆို ဘာတွေဖြစ်ကုန်မလဲ?

ဒီမေးခွန်းကို မဖြေခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဆိုအမိန့်လေးတစ်ခုကို ထုတ်နှုတ်ဖော်ပြချင်ပါတယ်။ ဆရာမောင်ထင်ရေးတဲ့ ဗမာ့နိုင်ငံရေး သုခမိန်စာအုပ်ထဲက ကောက်နုတ်တာဖြစ်ပါတယ်။

`ကျုပ်တို့မှာ အခွင့်အလမ်းရယ်လို့ မရရှိခဲ့ဘူးလို့ ကျုပ်တို့ ဒီလို ဖြစ်ခဲ့ရတာပဲ´

တဲ့။ ဗိုလ်ချုပ်ရည်ညွှန်းတာ ကိုလိုနီစနစ်အောက်က မြန်မာတွေရဲ့အကြောင်းပါ။ ဒါပေမဲ့ ကျနော်က တစ်မျိုးလေး ဖြန့်ပြီး တွေးကြည့်မိတယ်။

ကိုလိုနီစနစ်ရဲ့ ပိပြားအောင်ဖိဆီးထားခြင်း ခံနေရတဲ့အောက်မှာနေရင်း တစ်ချို့ရပ်တည်ချက် မခိုင်မာသူတွေဟာ လူနဲ့မတူတော့ဘူး။ လူလို မကျင့် လူလို မကြံနိုင်တော့ဘူး။ ဒါဆို ဘာဖြစ်သွားလဲ။ ဒီအချိန် ခေါင်းထဲရောက်လာတာက `အ၀ိဥာဏက´ ဆိုတဲ့စကားလေးပါ။ ၀ိဥာဉ်မဲ့ပေါ့။ သက်မဲ့လို့ ပြောတာ မဟုတ်ဘူးနော်။ ၀ိဥာဉ်မဲ့သွားတာ။

ငြိမ်ဝပ်နေအောင် ဖိဆီးထားမှုနဲ့ကြုံတဲ့အခါ တည်ငြိမ်အောင် မရပ်တည်နိုင်ရင် ...

တစ်ချို့က ၀ိဥာဉ်မဲ့လူဖြစ်သွားတယ်။ နောက်တစ်ချို့ကျတော့ကော။

ဒါကို ကန်ထွက်တယ်။ ဖိဆီးမှုကို၊ ပိတ်ဆီးမှုကို ကန်တယ်။ ကန်ရင်းနဲ့ ဘာဖြစ်ကုန်လဲ။
ဆိုလိုချင်တာက လူအဖြစ်က ယုတ်လျှော့သွားရတဲ့အကြောင်းပါ။

လူသားစစ်စစ်အဖြစ် တည့်မတ်အောင် နေနိုင်ဖို့အတွက် ပိုကဲတုန့်ပြန်မှုမကောင်းသလို ခေါင်းလျိုးဝင်လိုက်စရာလည်း မလိုပါဘူး။ ဒါကြောင့် လူလုပ်ရဲဖို့ သတ္တိလိုတယ်ပြောတာပေါ့။ သတ္တိမှ တော်တော်ကြီးမားတဲ့သတ္တိ လိုတာဖြစ်ပါတယ်။

ကျနော်အင်မတန်ကြိုက်တဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ချို့ရှိပါတယ်။ Bridge on the River Kwai ဆိုတဲ့ ဇာတ်ကားကပါ။ ဖက်ဆစ်တွေလက်ထဲရောက်နေတဲ့ မဟာမိတ်တပ်က အရာရှိကြီးဟာ တဆိတ်ရှိ သုံ့ပန်းတွေကို ပေးရမယ့်အခွင့်အရေး ဥပဒေစာအုပ်ကြီးချည်း ပြေးပြေးဆွဲပြနေတာ။ အရောင်အဆင်းတောင် မပေါ်တော့လောက်အောင် စုတ်ပြတ်နေတဲ့ ယူနီဖောင်းတွေနဲ့ လူတွေကလည်း နံရိုးအပြိုင်းပြိုင်းဖြစ်နေပေမဲ့ ရန်သူရှေ့မှာ တင်းတင်းတောင့်ရပ်ရင်း တပ်ဖွဲ့စည်းပုံမပျက် ဟန်ရေးပြလိုက်သေးတာ။

ဒါတွေကြည့်ပြီး ကျနော့်စိတ်ထဲ ဘယ်လို ခံစားလာရသလဲဆိုတော့ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို သူကိုယ်တိုင် ချမပစ်မချင်း ဘယ်သူမှချိုးနှိမ်လို့ မရဘူးဆိုတဲ့အကြောင်းပါပဲ။

တနည်းပြောရရင် လူစင်စစ်ဖြစ်ဖို့အတွက် ကိုယ့်ကိုယ်ကိုပဲ အဓိကလိုပါတယ်။ ဘယ်လောက်ဖိနှိပ်သူတွေရှိရှိ၊ ဘယ်လောက် ပြင်းထန်တဲ့ ဖိနှိပ်ခြင်းနဲ့ကြုံကြုံပါ။

ဖိနှိပ်သူဆိုတာရော လူသားစစ်စစ်လို့ပြောနိုင်ပါလား။ မဟုတ်ပါ။ လူကို လူမဆန်စွာ ဖိဆီးနှိပ်စက်သူတိုင်းဟာ သူ့ကြောက်စိတ်ကို အသွင်တစ်မျိုးနဲ့ ဖော်ထုတ်ပြသနေတာဖြစ်တယ်။ ကြောက်နေတယ်ဆိုကတည်းက သတ္တိမရှိတော့ဘူး။ သတ္တိမရှိရင် လူမဟုတ် တော့ဘူး။ ဒီလို ဖိဆီးနှိပ်စက်သူတိုင်းက လူသားရုပ်သွင်လုံးဝပျောက်ပြီး လူ့အဖြစ်က လျှောကျသွားပါပြီ။

ဒီနေရာမှာ ဖိဆီးသူနဲ့ ဖိဆီးနှိပ်စက်ခံရသူ ဘယ်သူပိုမြင့်မြတ်သလဲ? မေးခွန်းတစ်ခုတော့ ကြားဝင်မေးချင်မိတယ်။

ဖိဆီး နိုင်စား နေနိုင်တိုင်း အထက်ဆီးရောက်နေတာ မဟုတ်ပါ။ မြင့်မြတ်နေတာ မဟုတ်ပါ။ စကားပမာ လူတစ်ယောက်နဲ့ ကျားတစ်ကောင် မျက်နှာချင်းဆိုင် တွေ့ရင် (လက်နက်လဲ မပါဘူးဆိုရင်၊ ယေဘုယျအားဖြင့်) လူပဲ ခံရမှာပါ။ ကျားက အင်အားသာတာကိုး။ ဒါနဲ့ပဲ ကျားကို လူထက် ပိုမြင့်မြတ်တယ်လို့ ပြောနိုင်မလား။ ကျားဆိုတာက အဟိတ်တိရိစ္ဆာန်လေ။ အားကြီးသူက နိုင်စတမ်းဆိုတဲ့ဝါဒဟာ တောရိုင်းဝါဒပါ။ တိရိစ္ဆာန်တွေဆီမှာပဲ ရှိပါတယ်။

ဖိဆီးနှိပ်စက်မှုနဲ့ ကြုံရတိုင်းမှာ တည်ငြိမ်ဂုဏ်သိက္ခာရှိစွာတုန့်ပြန်နိုင်ရင် ... လူပီသတယ်၊ လူသားဂုဏ်သိက္ခာနဲ့ ပြည့်ဝတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ အဲဒါကြောင့် (မတရား အဖိဆီးအနှိပ်စက် ခံနေရပေမယ့်လဲ) အဲဒီလို ခံနေရသူက ပိုမြင့်မြတ်နိုင်တယ်။

ရှင်းအောင် နောက်တစ်မျိုးတင်ပြပါ့မယ်။

လူတွေမှာ လောကဓံလို့ ခေါ်ကြတဲ့ အနိမ့်အမြင့် အတက်အကျတွေ ရှိတယ်။ ဖိဆီးနှိပ်စက်ခံရတာမျိုး အကြောက်တရားနဲ့ ထိပ်တိုက်တိုးရမယ့် အခြေအနေတွေရှိပါတယ်။ ဒီအခါမျိုးမှာ ဘယ်လို တုန့်ပြန်မလဲ? သိပ်အရေးကြီးပါတယ်။

လိုအပ်တာက ငါဟာ လူသားတစ်ယောက်ဖြစ်တယ်။ လူသားဖြစ်လို့ လူ့ဆင်ခြင်တုံတရားရှိတယ်။ လူသားဂုဏ်သိက္ခာရှိတယ်။ လူသားဂုဏ်သိက္ခာနဲ့အညီ နေထိုင်ရမယ် ... ဆိုတဲ့ ပိုင်းဖြတ်မှုမျိုးရှိရပါမယ်။

ဒီလိုမဟုတ်ပဲ ကြုံလာတဲ့အခြေအနေကို ကြောက်လို့ အလျှော့ပေးလိုက်မယ်၊ ပြုသမျှနုမယ်။ အကြောက်တရားကြောင့် မိမိကိုယ်ကျင့်သိက္ခာနဲ့ အိနြေ္ဒကို ပျက်ယွင်းစေမယ်ဆိုရင် လူ့အဖြစ်က လျှောကျသွားပါပြီ။ ကိုယ့်ကို ဖိဆီးလာတဲ့ အားကကြီးလွန်းလို့ မတွန်းလှန်နိုင်တောင် ဂုဏ်သိက္ခာရှိတဲ့ လူသားအဖြစ်ကိုတော့ မယုတ်လျှော့ရလေအောင် နေရပါမယ်။ Bridge on the River Kwai ထဲက လိုပေါ့။

ကျနော်အခုဦးတည်နေတာ သမိုင်းအကြောင်း၊ နိုင်ငံရေးအကြောင်းမဟုတ်ပါ။ လူသားဂုဏ်သိက္ခာကို ဖွင့်ဆိုရှင်းပြနေတာ ဖြစ်ပါတယ်။

ဥပမာဖြစ်ရပ်လေးတစ်ချို့ တင်ပြပါ့မယ်။

ပထမဖြစ်ရပ်က ဟစ်တလာအကြောင်း။ ဟစ်တလာဟာ လူမဆန်တဲ့အပြုအမူအများကြီး ပြုလုပ်ခဲ့သူဆိုတာ လူတိုင်းသိပါတယ်။ မဟာလူမျိုးကြီးဝါဒ။ သန့်စင်တဲ့လူမျိုးပဲရှိစေဖို့ဆိုပြီး ဂျူးတွေကို သုတ်သင်ရှင်းလင်းခဲ့တယ်။ ဒီတော့ သူ့အမြင်အရ လူတွေဟာ သားဖောက်ထားတဲ့ သတ္တ၀ါတွေလို သွေးသန့်တာတွေ မသန့်တာတွေဖြစ်နေပါပြီ။ အနှံကောင်းကောင်းတွေချည်း ထွက်ဖို့ မျိုးသန့်ပစ်ရအောင် လူဆိုတာ စပါးနှံမှ မဟုတ်တာ။

နောက် မကြာခင်လေးတင် ဂန့်သွားတဲ့ ဂဒါဖီအကြောင်း။ ဂဒါဖီဟာလူမဆန်ဘူး၊ ရက်စက်တဲ့အကြမ်းဖက်မှုတွေ ဒင်းကြမ်းလုပ်ခဲ့တယ်။ ဒါကို လူတိုင်းသိပါတယ်။ သေတော့လဲ လူသားဆန်ဆန် ဂုဏ်သိက္ခာရှိတဲ့ သေဆုံးခြင်းကို ရမသွားခဲ့ပါဘူး။ (ဒါက သူ့ရွေးချယ်မှုနဲ့လဲ ဆိုင်ပါတယ် နောက်ဆုံးအခြေအနေမှာ သူ့ကိုယ်သူ ပစ်သတ်လိုက်သင့်တယ်) ဒါပေမဲ့ သူ့ကို သတ်ကြသူတွေကလည်း လူမဆန်ပြန်ပါဘူး။

ဒါဟာ လူတွေနေတဲ့လောကလို့ သတ်မှတ်တယ်ဆိုရင်၊ တိရိစ္ဆာန်အုပ်ကြီး ကသောင်းကနင်းဖြစ်နေတာမျိုးနဲ့ မတူစေ့ချင်ရင် ဂဒါဖီကို ဖမ်းမိတဲ့အခါ ရုံးတင်အပြစ်ပေးသင့်တယ်။ ပြီးမှ ဘယ်နှစ်ကြိမ် သေဒါဏ်ချချပေါ့။ အဲဒီကျရင်လဲ လူလူချင်းဖြစ်လို့ သူ့ကိုသတ်တောင် လူလိုပဲ သတ်သင့်ပါတယ်၊

ဒေါသကြောင့်ဖြစ်စေ အကြောက်တရားကြောင့်ဖြစ်စေ လူဟာ လူအဖြစ်က ယုတ်လျှော့သွားတတ်ပါတယ်။

လိုအပ်တာက ... သတ္တိပါ။

အခြေအနေဆိုးလွန်းစဉ်မှာတောင် အဲဒီအခြေအနေက ထွက်ပေါက်ရမလားလို့ ကိုယ့်ကျင့်သိက္ခာကို ချပစ်လိုက်တာမျိုး၊ ခွေးကို ဘေးအပိတ် ကန်ခံရတဲ့အခါ အိုင်ကနဲ ကြောက်ကြောက်နဲ့ အော်ရင်း မျက်လုံးလေး ကလည်ကလည်နဲ့ အမြီးနှံ့ပြ သလိုမျိုး မလုပ်ပဲ ... အိုကေ မင်းနိုင်တော့ မင်းကန်တယ်၊ ငါကလဲ တွန်းလှန်ဖို့ အားမရှိဘူး။ ကန်ပေါ့၊ ကန်တာက မင်းအလုပ်။ ငါကလည်း သေလုမျောပါး အနှိပ်စက်ခံနေရစဉ်မှာတောင် အံကြိတ်တင်းခံရင်း ငါ့ရပိုင်ခွင့် အခွင့်အရေးတွေကို တစာစာ တောင်းနေရမှာကလဲ ငါ့အလုပ်လို့ ပိုင်းဖြတ်ရဲတဲ့ သတ္တှိရှိမယ်ဆိုရင် အဲဒီလိုလူမျိုးဟာ ဘယ်တော့မှ လူအဖြစ်က ယုတ်လျှော့လိမ့်မယ် မဟုတ်ပါ။

ကျနော်ငယ်ငယ်က ဂျိမ်းစ်ဘွန်းကားတွေကို တော်တော်ကြိုက်ပါတယ်။ အဓိကသဘောကျတာက ဂျိမ်းစ်ဘွန်းရဲ့ သတ္တိပါ။ ဂျိမ်းစဘွန်းကို ရန်သူအဖမ်းခံရ၊ အနှိပ်စက်ခံရတဲ့ အခန်းတစ်ခု ကြည့်ဘူးတယ်။ သူဘာလုပ်သလဲ အနှိပ်စက်ခံရလို့ မခံမရပ်နိုင်တဲ့အခါ အော်တယ်။ ဒါပေမဲ့ ငိုပြီး မတောင်းပန်ဘူး။ ဒူးမထောက်လိုက်ဘူး။ အတင်းစစ်ရင် ပြောတယ်။ ပြောသမျှဟာ မုသားတွေ။

[ ဒီနေရာမှာ ကြုံလို့ စာအုပ်တစ်အုပ်ထဲက ဖတ်ဘူးတာလေးတစ်ခု ကောက်နုတ်ချင်ပါတယ်။ အမှန်တစ်ဝက်ရောထားတဲ့ မုသားဟာ အတော်ဝေခွဲရခက်စေတယ်တဲ့။ ဂျိမ်းစ်ဘွန်းကလဲ ဒီလိုပါပဲ၊ သူ့အစစ်ခံချက်တွေဟာ ပါးပါးလှပ်လှပ် အကွက်ဆင်ထားတဲ့ အစစ်ခံချက် တွေဖြစ်တယ်။ စစ်ဆေးသူကို သူ (ဂျိမ်းစ်ဘွန်း) လိုချင်တဲ့ အမှားအယွင်းလုပ်ရပ်တွေဆီ ပုံဖော်လုပ်ကိုင်မိအောင် လမ်းကြောင်း ထားတာတွေ ဖြစ်တယ်။ ]

ဒါကြောင့် ဂျိမ်းစ်ဘွန်းဟာ လူပီသတယ်။ အဲဒါကြောင့် ကျနော်ကြိုက်ပါတယ်။

တကယ်တော့ ဖိဆီးမှုကို တွန်းလှန်တိုင်း၊ ဒေါသကို ထွက်ပေါက်ပေးတိုင်းလည်း လူ့အလုပ်လုပ်ခြင်း မဟုတ်ပါ။ ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုမူဆောင်ရွက်မှုတိုင်းဟာ လူ့အဖြစ်က ယုတ်လျှော့သွားခြင်းကို ပြပါတယ်။

ကျနော်အကြိမ်ကြိမ်တွေ့ဘူးပါတယ်။ ကားမှတ်တိုင်က အလှဆင်ထားတဲ့ ပိုစတာတွေကို ဓားနဲ့ထိုးခွဲသွားတာမျိုး၊ လမ်းဘေးမီးတိုင်ကို ခဲနဲ့ ပစ်ခွဲထားတာမျိုး။ ကိုယ့်အတွက်လည်း အကျိုးမရှိ။ ထိလည်း မထိရောက်ပဲ ဘာလုပ်ကြမလဲ။ တည်တည်ငြိမ်ငြိမ် ရပ်တည်ရဲတဲ့သတ္တိ လိုပါတယ်။

ကျနော်ကိုယ်တိုင် မတရားမှုတွေကြုံရတိုင်းမှာ ဒေါသထွက်မိတာတွေရှိတယ်။ ဒီ Facebook ဟာ အင်မတန် ခံစားချက်တွေ ဖွင့်အံချလို့ ကောင်းတဲ့နေရာပေါ့။ ကျနော်ကြုံရတဲ့ မတရားမှုတွေကို ဒီစာမျက်နှာတွေပေါ်မှာ ဆဲချဖွင့်ထုတ်ပစ်လိုက်လို့ရတယ်။ ဒါပေမဲ့ ဘယ်တော့မှ မလုပ်ပါ။ ကိုယ့်ကိုယ်ကို လူသားဂုဏ်သိက္ခာ မပျက်ယွင်းရအောင် နေမယ်လို့ သံဓိဌာန်ထားပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့ ဗိုလ်ချုပ်တို့ ပြောကြတယ်ဆိုတာ မေတ္တာနဲ့ ကောင်းစေ့ချင်လို့ အများအတွက် ပြောတာဖြစ်ပါတယ်။ ပြီးတော့ လူကြီးသူမ အုပ်ထိန်းသူက ကလေးငယ်ကိုဆိုဆုံးမသလို ပြောတာ။ ဒီလိုမဟုတ်ပဲ ကိုယ့်ဒေါသကို ဖွင့်ထုတ်ချင်ရုံသက်သက် ဆဲရေးမယ်ဆိုရင်တော့ လူသားဂုဏ်သိက္ခာ ယုတ်လျှော့တယ်လို့ ကျနော်ခံစားရပါတယ်။ တစ်ချိန် အသက်ကြီးလာလို့ ကိုယ့်ငယ်စဉ်က လုပ်ရပ်တွေကို ပြန်ကြည့်တဲ့အခါ အရှက်ရနေမှာမျိုး မဖြစ်လိုပါ။

မကျေနပ်မှုကို မဖော်ထုတ်ရဘူး မဟုတ်ပါ။ ဒါပေမဲ့ ဂုဏ်သိက္ခာရှိစွာ ဖော်ထုတ်သင့်တယ်လို့ ကျနော်ယူဆပါတယ်။

ကျနော်တို့မှာ ပြင်စရာအကျင့်တွေ တော်တော်များများရှိပါသေးတယ်။ အရေးအကြီးဆုံးကတော့ ဘယ်လိုလုပ်ရပ်မဆို လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့အညီ ပြုမူကျင့်ကြံ အားထုတ်နေထိုင်သွားဖို့ဘဲ ဖြစ်ပါတော့တယ်။

Ref; THE COURAGE TO BE by PAUL TILLICH

သွန်းနေစိုး Thorn Nay Soe

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...