လေညှင်းနဲ့ အတူပါလာတဲ့ ပန်းရနံ့တွေလို ဒီနေရာမှာစုဝေးကြ
by Ko Thaung on Thursday, December 1, 2011 at 10:09pm
ငါ့မြေးရေ …။
လွန်ခဲ့တဲ့တပတ်က ငါ့မြေးဆီကို ဘဘ စာတစောင်ရေးလိုက်ပါသေးတယ်။ အဲဒီစာထဲမှာ ငါ့မြေးရဲ့တောင်းဆိုချက်အရ ‘ကဗျာတပုဒ်’ အ ကြောင်း ဘဘ စာရေးပြီးပြောခဲ့တယ်။ အခုလည်း ငါ့မြေးကို ကဗျာတပုဒ်အကြောင်းထပ်ပြီး ပြောပြချင်သေးတယ်။ ကဗျာအကြောင်း ကြား ချင် သိချင်ပါတယ်ဆိုတဲ့ ငါ့မြေးရဲ့ဆန္ဒ ပြည့်ဝနိုင်မယ်လို့တော့ ဘဘမျှော်လင့်ပါတယ်။
ငါ့မြေးရေ …။
ထုံးစံအတိုင်း ကဗျာလေးအကြောင်းမပြောခင် ကဗျာလေးနဲ့နွယ်နေတဲ့ အကြောင်းအရာတချို့ကိုတော့ နိဒါန်းပျိုးတဲ့အနေနဲ့  ဘဘကြိုပြီး ပြောပြချင်သေးတယ်။
ငါ့မြေးတို့ ဘဘတို့ရဲ့ ပုဂ္ဂလဘ၀မှာ ထူးခြားတဲ့ “နေ့” တွေ ရှိတတ်ကြပါတယ်။ ဆိုပါတော့ ဘဘမှာဆိုရင် ငယ်စဉ်တုန်းက မူလတန်းကျောင်း ကနေ၊ အလယ်တန်းကျောင်းကိုပြောင်းပြီး ကျောင်းစတက်ရတဲ့နေ့လို နေ့မျိုးပေါ့။ အဲဒီနေ့က ဘဘတို့နေတဲ့ စလင်းမြို့လေးမှာ မိုးရိပ်မိုး ယောင် အုံ့အုံ့ပြပြလေး ဖြစ်နေခဲ့တယ်လေ။ ဘဘဟာ စာအုပ်တချို့ထည့်ထားတဲ့လွယ်အိတ်ကိုလွယ်ပြီး ဘဘအဖေရဲ့နောက်က လမ်း လျှောက်ပြီး လိုက်ခဲ့တယ်။ ကျောင်းသားသစ်တွေ လက်ခံစာရင်းသွင်းတဲ့ စားပွဲတလုံးဘေးက ဆရာတယောက်ဆီကို လမ်းလျှောက်သွားနေ တဲ့အချိန်၊ ကျောင်းသားတချို့က ဘဘတို့ ကိုလှမ်းကြည့်နေကြတယ်လေ။ ဘဘရဲ့ညာဖက်လက်ဟာ လွယ်အိတ်ထဲကို နှိုက်ထားတယ်။ အဲဒီလွယ်အိပ်ထဲကို နှိုက်ထားတဲ့လက်ထဲမှာ ဘာကိုဆုပ်ကိုင်လာသလဲ ဆိုတော့ “ပိုင်းလော့” ဖေါင်တိန်အကြားလေးတချောင်းကို ကြစ်ကြစ် ပါအောင် ဆုပ်ထားခဲ့တာပေါ့။
ဒီဖောင်တိန်လေးဟာ မူလတန်းအောင်လို့ အလယ်တန်းကျောင်းကို ပြောင်းရတော့မယ့် ဘဘအတွက် ဘဘရဲ့အဖေက ၀ယ်ပေးခဲ့တဲ့ ဖေါင်တိန်ကလေးပေါ့။ ငါ့မြေးရေ…။ အဲဒီနေ့ ကို ဘဘအခုထက်ထိ မမေ့နိုင်ဘူး။ ဘဘရဲ့ ပုဂ္ဂလဘ၀မှာ အဲဒီနေ့ဟာ တကယ့်ကို အရေးပါ တဲ့နေ့။ ဘဘရဲ့ကလေးဘ၀ကို နိဂုံးချုပ်ပြီး လူငယ်ဘ၀ကို စတင်ကူးပြောင်းလိုက်တဲ့နေ့အဖြစ် ဘဘ ဘယ်တော့မှ မေ့လို့မရတဲ့ နေ့တနေ့ ဖြစ်ခဲ့တာပေါ့။
ဒီတခါ ဘဘရဲ့စာထဲမှာ ပြောပြမယ့်ကဗျာရဲ့ခေါင်းစဉ်ကလည်း “ဒီနေ့ဟာ အစဖြစ်တယ်” တဲ့။ ဒီကဗျာလေးရဲ့ခေါင်းစဉ် ကို ဖတ်လိုက်ရ တယ်ဆိုရင်ပဲ ပထမဦးဆုံးပေါ်လာတဲ့အတွေးကတော့ ဘဘရဲ့ပုဂ္ဂလဘ၀ထဲက၊ နေ့တချို့ကို ချက်ချင်းဆိုသလို သတိရသွားတော့တယ်။ ဘဘမှာ ငယ်စဉ်တုန်းက အလယ်တန်းကျောင်း စတက်တဲ့နေ့လို ထူးခြားတဲ့ ဘ၀သစ်တခု အစပြုတဲ့နေ့တွေရှိခဲ့တာပဲ။ ဒီလိုဘ၀သစ်တခု အစပြုတဲ့နေ့မျိုးဆိုတာ ဘဘမှာရယ်လို့မဟုတ်ပါဘူး။ ငါ့မြေးမှာလည်း ရှိပါလိမ့်မယ်။ တခြားလူတွေမှာလည်း ရှိပါလိမ့်မယ်။ ဒါက ပုဂ္ဂလဘ၀ ရဲ့ ဘ၀သစ်စတင်တဲ့နေ့။ တခါ လူမျိုးတမျိုး နိုင်ငံတခုရဲ့သမိုင်းသစ် စတင်တဲ့နေတွေကော…၊ မရှိနိုင်တော့ဘူးတဲ့လား။ ဘယ်မရှိပဲနေပါ့မ လဲကွယ်။ ၁၉၄၈ ခု၊ ဇန္န၀ါရီလ (၄) ရက်နေ့ဟာ၊ ဘဘတို့နိုင်ငံ တပါးကျွန်ဘ၀ကလွတ်မြောက်ပြီး လွတ်လပ်တဲ့ လူမျိုးအနေ့နဲ့  သမိုင်းသစ် စတင်တဲ့နေ့ မဟုတ်ပေဘူးလား။ ဒီလိုနေ့မျိုးဟာ ဘဘတို့နိုင်ငံ၊ ဘဘတို့ လူမျိုးရဲ့တကယ့်ကို မေ့ပျောက်လို့ မရတဲ့၊ မေ့ပျောက်မထားသင့်တဲ့ သမိုင်းသစ်တခု အစပြုတဲ့ နေ့ပေပဲပေါ့။ ကဲပါလေ။ ကဗျာလေးကိုမပြောခင် ဘဘလည်း နိဒါန်းစကားတွေ တော်တော်ပြောလိုက်မိတယ်။ ကဲ … ကဗျာလေးဆီ စပြီးသွားလိုက်ကြရအောင်။
ဒီနေ့ဟာ အစဖြစ်တယ်
ပင်လယ်ကိုဖြတ်လာတဲ့ မိုးနံ့ပါတဲ့လေလို
မြို့ကြီးထဲ
ငါတို့ဝင်ရောက်ကြပါစို့။
နေရောင်ဟာ
အုန်းလက်ကိုင်းဖျားနဲ့ အိမ်အမိုးစွန်းကိုဖြတ်ပြီး
ခပ်စောင်းစောင်း ကျနေမယ်။
သစ်ပင်တွေဟာ
ရေစိုလို့ သူတို့အမွေးအတောင်တွေကိုဖြန့်ပြီး
ကနေတဲ့ ဒေါင်းပျိုတွေလို
အစိမ်းရောင် ပွပွ လှလှကြီးဖြ
အိမ်ရှေ့လမ်းမပေါ်မှာ မော်တော်ကားတွေဟာ
ကြိုတင်တိုင်ပင်ထားကြသလိုပဲ
ဝး ၀၀ နာရီမှာ
ဟွန်းတွေ တစ်ပြိုင်နက်ထဲ တီးလိုက်ကြပေါ့။
ငါ့မြေးရေ…။
“ဒီနေ့ဟာ အစဖြစ်တယ်” ဆိုတဲ့ကဗျာထဲမှာ၊ ကဗျာပိုဒ် (၁၆) ပိုဒ်ပါတယ်။ အခု ဘဘက ပထမအပိုဒ် (၃) ပိုဒ်ကိုပဲ စပြောလိုက်တာပါ။ ဒီ အပိုဒ် (၃) ပိုဒ်မှာ ထူးခြားတဲ့အချက် (၂) ချက်ရှိတယ်။ ‘ကနေတဲ့ ဒေါင်းပျိုတွေ ’ ဆိုတဲ့ စကားစုနဲ့ ၊ “ကားတွေက တပြိုင်နက်ထဲ တီးကြပေါ့ ” ဆိုတဲ့ စကားစုပါပဲ။ ဒါဟာ အောင်မြင်မူကို ထောပနာပြုတဲ့ စကားစုတွေဖြစ်နေတယ်။ “ကနေတဲ့ ဒေါင်းပျိုတွေ” တဲ့။ “ အမွေး အတောင် တွေချပြီးငိုင်နေတဲ့ ဒေါင်းအိုတွေ” မဟုတ်ဘူးနော်။ ပြီးတော့ ကားတွေက တအံ့တသြ ၀မ်းသာအားရ၊ တက်တက်ကြွကြွဖြစ်လို့  ဟွန်းတွေကို တပြိုင်နက်ထဲ တီးလိုက်ကြတာ။ လမ်းဖယ်ပေးဖို့ တယောက်တပေါက် ဟွန်းထတီးနေကြတာမျိုး မဟုတ်ဘူး။ ကဲ …ဆက်ပြီးသွားကြရအောင်။
ဒါဟာ အစပဲ
အရာအားလုံး
အစက ပြန်စမယ့် အစပဲ။
လေပြည်ညှင်းဟာ
အရပ်မျက်နှာအသီးသီးက
တစ်လှည့်ပြီးတစ်လှည့် တိုက်နေမယ်။
ငါတို့ ဟာ
လေညှင်းနဲ့ အတူပါလာတဲ့ ပန်းရနံ့တွေလို
ဒီနေရာကို
စုဝေးရောက်ရှိလာကြမယ်။
သမိုင်းဝင်ဓါတ်ပုံထဲက
မျက်နှာမျိုးတွေနဲ့ 
အားလုံးဟာ
တည်ကြည်ခန့်ငြားကြလို့ပေါ့။
မြို့အနှံ့က ခေါင်းလောင်းတွေဟာ
အနှစ်နှစ် အလလ ဆွံ့အနေခဲ့တဲ့ သူတို့အသံ
သူတို့ပြန်ရပြီမို့ 
ဝမ်းသာမဆုံးဖြစ်လို့ 
(အပြုံးမျက်နှာတွေဟာ ပြန်ပြီးတည်လို့ မရတော့သလိုမျိုး)
ကန်ရေပြင်ဟာ
သူကိုယ်တိုင် ကုန်းပေါ်တက်လာပြီး
ပွဲတော်မှာ နွှဲချင်နေတယ်။
လက်ခုပ်သံတွေဟာ
တိကျတယ်။
အပိုအလိုမရှိဘူး။
ရုပ်ရှင်မရိုက်ဘူး။
ဇာတ်တိုက်မထားဘူး။
တာထွက်တော့မယ့်
အားမာန်တွေဟာ
အချက်ပေးသံကို စောင့်နေကြပြီ။
ငါ့မြေးရေ…။
ဒီကဗျာပိုဒ်တွေကြတော့ အရာအားလုံးအစပြုမယ့်၊ အစကနေ ပြန်စမယ့်နေ့ ကို ထပ်ကာတလဲလဲ ပုံဖေါ်ဖို့ ကြိုးစားထားတာ တွေ့ ရတယ်။ ဥပမာ…လူတွေစုဝေးရောက်ရှိလာကြတာ၊ လူတွေရဲ့မျက်နှာထား။ တချိန်လုံးတိတ်ဆိတ်နေခဲ့ရတဲ့ တမြို့လုံးက ခေါင်းလောင်းတွေက အသံ တွေတပြိုင်နက်ထဲ ပြန်ထွက် ပြန်မြည်လာကြတာ…။
ဒီနေရာမှာ အဲသလိုထူးခြားတဲ့နေ့နဲ့ပတ်သတ်ပြီး ဘဘကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်ဇာတ်ကားတခုအကြောင်း ကြားညှပ်ပြီး ပြောချင်သေးတယ်။ ဇာတ်ကားရဲ့နာမည်ကိုတော့ ဘဘမမှတ်မိတော့ဘူးကွဲ့။ ဒီဇာတ်ကားထဲမှာ အာဂျင်တီးနားနိုင်ငံ၊ သမတကြီးရဲ့ဇနီးဟာ နာမကျန်းဖြစ်လို့ သေငယ် ဇောနဲ့မျောနေတဲ့အချိန်မှာ အာဂျင်တီးနားနိုင်ငံရဲ့ မြို့တော် “ဗျူနိုးအေရီးစ်” တမြို့ လုံးမှာရှိတဲ့ မြို့သူမြို့သားတွေဟာ၊ သူတို့ ချစ်ခင်လေးစားရတဲ့ သမ္မတကတော်ရဲ့နာရေးသတင်းကို အားလုံးငြိမ်သက်ပြီး စောင့်ပြီးနားထောင်နေကြတဲ့ အချိန်၊ မြို့ကြီးတမြို့လုံး တိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်၊ သမ္မတကတော် သေဆုံးသွားပြီဆိုတဲ့သတင်း ထွက်ပေါ်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ “ဗျူနိုးအေရီးစ်” တမြို့လုံးမှာရှိတဲ့ ဘုရားကျောင်းခေါင်းလောင်းတွေဟာ ၀မ်းနည်းခြင်းအထိမ်းအမှတ်နဲ့  တပြိုင်နက်ထဲ တီးကြ၊ ထိုးကြတော့တယ် ငါ့မြေး။ ဘဘမှာဖြင့် အဲဒီဇာတ်ကားထဲက ခေါင်းလောင်းသံတွေကို ဒီကဗျာဖတ်ရင်းက ပြန်ပြီးသတိရ မိတယ်။ မြင်ယောင်မိတယ်။ အဲဒီ ခေါင်း လောင်းတီးသံတွေကတော့ ဝမ်နည်းလို့တီးကြတဲ့ခေါင်းလောင်းသံတွေပါ။ အခု ဘဘပြောနေတဲ့၊ ဒီကဗျာထဲမှာပါတဲ့ ခေါင်းလောင်းတွေကြ တော့ အောင်မြင်မှုအတွက်၊ အောင်ပွဲခံမှုရဲ့သင်္ကေတအဖြစ်၊ သမိုင်းသစ်တခုအစပြုတဲ့နေ့ကို အသိအမှတ်ပြု ဂုဏ်တင်တဲ့သဘော တပြိုင် နက်ထဲ တီးလိုက်တာပါ။
ကဲ … နေက်ထပ်ကဗျာပိုဒ်တွေကို ဆက်ပြီးဖတ်ကြရအောင်။
ကျားတွေဖြတ်ဖို့
တောမှာ
လမ်းခင်းထားရိုး မရှိဘူး။
ချောင်းတွေ့ ရင်
ခုန်ကျော်သွားဖို့ပဲ
ချောင်းကျယ်ရင်
ဖောင်ဖွဲ့ မယ်။
ဒီကဗျာတပိုဒ်ထဲကတော့ အရာအားလုံးအစပြုမယ့် ‘နေ့ ’ ကို ဂုဏ်တင်တဲ့နေ့မဟုတ်ဘူးငါ့မြေး..။ အဲသလို အရာအားလုံး အစပြုနိုင်မယ့် “ နေ့” ပေါ်ပေါက်လာဖို့ အတွက် ဘယ်လို ရုန်းကန်တိုက်ပွဲဝင်ခဲ့ရသလဲဆိုတဲ့ ‘အတိတ်ကာလ’ ကိုပြန်လည်တူးဖော်ပြတာပဲ ဖြစ်တယ်။
ဘဘတို့မှာလည်း ဒီလိုပါပဲ။ ဘဘရဲ့ မူလတန်းအောင်လို့  အလယ်တန်းကျောင်းသားဘ၀ကို ကူးပြောင်းရောက်ရှိတဲ့ “နေ့” ကိုရောက်ဖို့ ၊ ဘဘဟာ စာတွေအများကြီး ကျက်ခဲ့ရတာပဲ။ သူများတကာထက် ဥာဏ်ထိုင်းသူဖြစ်တာနဲ့  စာကို တခြားသူတွေထက် ပိုပြီးကြီးစားခဲ့ရတာပဲ။ အဲဒီ မူလတန်းနေက်ဆုံးနှစ်၊ စတုတ္ထတန်းမှာ ဘဘဟာ နေ့မအိပ် ညမအိပ် စာကျက်ခဲ့ရလို့ ကျန်းမာရေးတောင်မှ ချို့တဲ့ခဲ့ရတယ်။ တကယ် တော့ ဘဘရဲ့ပုဂ္ဂလဘ၀မှာ၊ မူလတန်းကျောင်းသားဘ၀ကို ပြည်ဖုံးကားချပြီး အလယ်တန်းကျောင်းသားဘ၀ကို အစပြုတဲ့ “နေ့” ကိုရောက် ဖို့ ၊ ဘာတခုမှ အလွယ်တကူနဲ့ ကျော်ဖြတ်ခဲ့တာမဟုတ်ဘူး။ စာတွေဘယ်လောက်ပဲ ခက်ခက်၊ ငါ..မရ ရအောင် ကျက်မယ်ဆိုတဲ့ ဇွဲသတ္တိနဲ့ ဘဘဟာ၊ မူလတန်းကျောင်းသားဘ၀ကို နိဂုံးချုပ်ခဲ့ရတာ။ အလယ်တန်းကျောင်းသားဘ၀ အစပြုတဲ့ “နေ့” ကို သိမ်းပိုက်နိုင်ခဲ့တာ။
ကဲ … ကျန်တဲ့ကဗျာပိုဒ်တွေဆီ ဆက်ကြဦးစို့ ငါ့မြေး။
ဒီနေ့ဟာ “အစ” ဖြစ်တယ်။
အရာအားလုံး
အစကပြန်စမယ့် “အစ” ဖြစ်တယ်။
ဒီနေ့ဟာ
ကမ္ဘာပေါ်မှာ
အလှဆုံးနေ့တွေထဲက တစ်နေ့ဖြစ်တယ်။
ဒီနေ့ဟာ
စစ်ပွဲစတင်တဲ့နေ့ မဟုတ်ဘူး။
စစ်ပွဲပြီးဆုံးတဲ့နေ့ မဟုတ်ဘူး။
ဒီနေ့ဟာ
မေတ္တာ စတင်တဲ့နေ့ 
`မေတ္တာအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့။
ဒီနေ့ဟာ
ငြိမ်းချမ်းမှု စတင်တဲ့နေ့ 
ငြိမ်းချမ်းမှုအောင်နိုင်တဲ့နေ့
ဖြစ်ရဲ့။
ဒီနေ့မှာ
စစ်နိုင်သူ မရှိဘူး။
စစ်ရှုံးသူ မရှိဘူး။
အခု ဘဘဖေါ်ပြခဲ့တဲ့ ကဗျာပိုဒ်တွေကတော့ အရာအားလုံး အစက ပြန်စမယ့် “နေ့” ရဲ့“လေးနက်မြင့်မားလှတဲ့ ဂုဏ်ရည်” ကို၊ ထပ်ကာ တလဲလဲ ဖေါ်ပြသွားခဲ့တာ ငါ့မြေးတွေ့ရလိမ့်မယ်။ ဒါပေမယ့် “ဒဿန” အားဖြင့် သာမာန်ထက် အများကြီး ပိုပြီးနက်နက်တူးမှ ဖော်ယူလို့ ရနိုင်တဲ့ကဗျာပိုဒ်တွေလည်း ပါနေတယ်။ အဲဒါကတော့ …
ဒီနေ့ ဟာ
စစ်ပွဲစတင်တဲ့နေ့ မဟုတ်ဘူး။
စစ်ပွဲပြီးဆုံးတဲ့နေ့ မဟုတ်ဘူး။
ဒီနေ့ဟာ
မေတ္တာ စတင်တဲ့နေ့
မေတ္တာအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့။
ဒီနေ့ဟာ
ငြိမ်းချမ်းမှု စတင်တဲ့နေ့ 
ငြိမ်းချမ်းမှုအောင်နိုင်တဲ့နေ့
ဖြစ်ရဲ့။
ဒီနေ့မှာ
စစ်နိုင်သူ မရှိဘူး။
စစ်ရှုံးသူ မရှိဘူး။
ငါ့မြေးရေ။ ဒီကဗျာပိုဒ်တွေကိုတော့ ဘဘ သိပ်ပြီးရှင်းမပြချင်ဘူး ငါ့မြေး။ ဘဘရဲ့အရည်အချင်းလောက်နဲ့လည်း ရှင်းပြတဲ့အခါ ဒီကဗျာပိုဒ် တွေရဲ့ ဆိုလိုရင်းကို မှီအောင်ရှင်းပြနိုင်မယ် မထင်ဘူး။ မူရင်း အဓိပ္ပါယ်ရဲ့အနီးတ၀ိုက်လောက်အထိပဲ ဘဘ ရှင်းပြချင်တယ်။ ရှင်းပြနိုင်မယ်။ တကယ့်ကို လက်တဆုံး နှိုက်ယူမှ ရမယ့် ကဗျာ့ပရိယါယ်တွေပါပဲ။ အဲ …ငါ့မြေးရဲ့အတွေးလက်တံကတော့ ရှည်မှဖြစ်မှာပေါ့လေ။ ဒါပေမယ့် ဒီကဗျာပိုဒ်တွေကို ခံစားသိရှိနိုင်ဖို့ အထောက်အကူဖြစ်မယ်လို့ ယူဆရတဲ့စကားတချို့ကိုတော့ ဘဘဖြည့်ပြောလိုက်ဦးမယ်။
ဘဘတို့ရဲ့ ဒီမိုကရေစီခေါင်းဆောင် “ဒေါ်အောင်ဆန်းစုကြည်” က ပြောဖူးတယ် ငါ့မြေး။ သူပြောတဲ့စကားကို တလုံးမကျန် ခရေစေ့တွင်းကျ တော့ ဘဘ မမှတ်မိပေမယ့်၊ ဆိုလိုရင်း အဓိပ္ပါယ်ကိုတော့ ဘဘမှတ်မိတယ်။ အဲဒါကတော့ “တိုင်းပြည် ကောင်းစားတိုးတက်အောင် ငါတို့ က လုပ်ခွင့်ရမယ်ဆိုရင် အောင်မြင်ပါစေသားတဲ့။ ပြီးတော့ သူတို့က တိုင်းပြည်ကောင်းစားတိုးတက်အောင် ဆောင်ရွက်ခွင့်ရမယ်ဆိုရင် ပိုပြီး အောင်မြင်ပါစေသား …” တဲ့။
ငါ့မြေးရေ…။ အဲဒီစာသား၊ အဲဒီစကားကို ကြားရတဲ့အချိန်တုန်းက၊ ဘဘဖြင့်တကိုယ်လုံး ကြက်သီးမွေးညှင်းတွေထပြီး ကျေနပ်အားရဖြစ် လိုက်မိတယ်။ ဒါဟာဖြင့် တကယ့်ကို “မွန်မြတ်ကြီးကျယ်တဲ့ မေတ္တာတရား” ကို အခြေခံတဲ့ “စကား” တွေပဲ။ ကဗျာဆရာပြောချင်တဲ့ “ မေတ္တာအောင်မြင်တဲ့နေ့၊ မေတ္တာစတင်တဲ့နေ့” ဆိုတဲ့ စာသားထဲက “မေတ္တာ” ဆိုတဲ့ “အဲသလိုမေတ္တာ” မျိုးကိုပြောတာပဲပေါ့။ ပြီးတော့ တဆက်ထဲဆိုသလိုပဲ ၊ “ဒေါ်အောင်ဆန်းစုကြည် ” ပြောဖူးတဲ့ စကားတခွန်း။ “ ဒိုင်ယာလော့လုပ်ရင် ဘယ်သူမှမနိုင်ဘူး၊ ဘယ်သူမှ မရှုံးဘူး” တဲ့။ ဒါလည်း ကဗျာထဲက “ ဒီနေ့ဟာ စစ်နိုင်သူမရှိဘူး၊ စစ်ရှုံးသူမရှိဘူး ” ဆိုတဲ့စာသားနဲ့ တထပ်ထဲ ကျမနေပေဘူးလား။
ငါ့မြေးရေ… “ဒီနေ့ဟာ အစဖြစ်တယ်” ဆိုတဲ့ ကဗျာကို ဘဘရှင်းပြခဲ့တာ တော်တော်လေးလည်းရှည်ခဲ့ပြီ။ ကဲ … နောက်ဆုံးတပိုဒ်ဆီ ဆက်ကြရဦးမယ်။
ဒီနေ့အကြောင်း
ကဗျာတပုဒ်ရေးရပေလိမ့်မယ်။
ဒီနေ့အကြောင်း
ကဗျာတပုဒ်မရေးခဲ့ဘူးဆိုရင်
ငါဟာ
ဘာမှမရေးခဲ့တဲ့ လူတစ်ယောက်နဲ့ 
ဘာထူးဦးတော့မလဲ။
ကိုင်း…။ ကဗျာဆရာကတော့ ၊ နောက်ဆုံးကဗျာပိုဒ်မှာ သူရဲ့ရပ်တည်ချက်ကိုပါ ထည့်သွင်းရေးဖွဲ့ပြလိုက်ပြီ။ တကယ်တော့ ကဗျာဆရာဟာ ဒီကဗျာထဲက တချို့စာသားတွေအတိုင်း “လေညှင်းနဲ့အတူပါလာတဲ့ ပန်းရနံ့တွေလို ဒီနေရာကို စုဝေးရောက်ရှိကြတဲ့သူ” တွေထဲမှာ သူလဲပါ ၀င်ရမယ်တဲ့။ သူဟာ အဲသလိုနေ့၊ အဲဒီနေရာကို သမိုင်းဝင်ဓာတ်ပုံထဲက မျက်နှာမျိုးနဲ့တည်ကြည်ခန့် ငြားနေပါလိမ့်မယ်လို့  ဖွင့်ဟ၀န်ခံလိုက်ပြီ ဆိုပါတော့ ငါ့မြေး။ ဒါကတော့ တိုင်းပြည်ကောင်းစားစေချင်တဲ့၊ ကောင်းစားအောင် ဖန်တီးနိုင်တဲ့ “နေ့” အတွက် စာပေသမားတွေ ဘယ်လို ရပ်တည်သင့်သလဲဆိုတာကို ထည့်ပြောသွားတဲ့သဘောပါပဲ။
ကဲ… ဘဘရဲ့စာကလည်း ရှည်လျားလွန်းပြီ။ ငါ့မြေးလည်း “ဒီနေ့ဟာ အစဖြစ်တယ်” ဆိုတဲ့ ကဗျာအတိုင်း၊ ပုဂ္ဂလ ဘ၀သစ်အစပြုတဲ့နေ့။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ ဘ၀သစ်စတင်တဲ့နေ့တွေကို ကိုယ်တိုင်ပါဝင်စိုက်ထူနိုင်တဲ့သူဖြစ်အောင် ကြိုးစားသင့်တယ်လို့ ဘဘအကြံပြုလိုက်ပါတယ်။ ။
ကိုးကား
မောင်တင်သစ်ရဲ့“ဒီနေ့ဟာ အစဖြစ်တယ် ” ကဗျာ
စံပယ်ဖြူ၊ ဧပြီ ၊ ၂၀၀၇
0 comments:
Post a Comment