Monday, December 19, 2011

ပြည်သူတွေ စိတ်ချမ်းသာစေချင်တယ်ဆိုရင် ...

by General Knowledge on Monday, December 19, 2011 at 6:56pm

Written by လူထုစိန်ဝင်း    Sunday, 18 December 2011 10:10



၂၀၁၁ ခုနှစ်ဟာ နှစ်ပေါင်းနှစ် ဆယ်ကျော်ကာလအတွင်းမှာ သက်ဝင်လှုပ်ရှားမှု အရှိဆုံးနှစ်အဖြစ် သတ်မှတ်ရလိမ့်မယ်။ ၁၉၈၈ အရေးအခင်းကတည်းက တစ်နှစ်လာ ပြောင်းနိုးနိုး၊ နောက်တစ်နှစ်လာ ကောင်းနိုးနိုးနဲ့ သောင်မတင် ရေမကျ အီလယ်လယ်ကြီး ဖြစ်နေခဲ့ရတာကို အားလုံးက စိတ်ပျက်လက်ပျက် ဖြစ်နေကြရတယ်။


စစ်အုပ်ချုပ်ရေး ဖျက်သိမ်း

၂၀၁၁ ခုနှစ်ရောက်တော့ ရုတ်တရက် ချက်ချင်း ပြောင်းလဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာတယ်။ ၁၉၆၂ ခုနှစ် ကတည်းက အာဏာသိမ်းပြီး အုပ်ချုပ်လာခဲ့တဲ့ တစ်သွေးတစ်သံတစ်မိန့် စစ်အုပ်ချုပ်ရေးကို ဖျက်သိမ်းကြောင်း တရားဝင် ထုတ်ပြန်ကြေညာပြီး ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က လွှတ်တော်က ရွေးချယ်တင်မြှောက်လိုက်တဲ့ သမ္မတဦးသိန်းစိန်ကို အာဏာလွှဲပေး လိုက်တယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလည်း အစိုးရရာထူး တပ်ရာထူး အားလုံးက အငြိမ်းစား ယူသွားတယ်။ သမ္မတ ဦးသိန်းစိန်ရာထူး လက်ခံရယူတဲ့ မိန့်ခွန်းမှာ သူနဲ့တကွ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်သူလူထုက ရွေးကောက် တင်မြှောက်လိုက်သူများဖြစ်တဲ့ အတွက် ပြည်သူများရဲ့ ဆန္ဒသဘောထားကို အမြဲတမ်း လေးစားလိုက်နာပြီး ပြည်သူများ စိတ်ချမ်းသာစေရန် ဆောင်ရွက် သွားမယ်။ ပြည်သူအားလုံး လိုလားတဲ့ ဒီမိုကရေစီစနစ်ကို မဖြစ်မနေ အကောင်အထည်ဖော်သွားမယ်လို့ ထည့်သွင်း ပြောကြား သွားခဲ့တယ်။

သမိုင်းဝင်ကြေညာချက်

အဲဒီနောက် ပြီးခဲ့တဲ့နှစ်ကုန်ခါနီးမှာ နေအိမ်အကျယ်ချုပ်က ပြန်လွှတ်ပေးလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရ၀န်ကြီး ဦးအောင်ကြည်က တွေ့ဆုံခဲ့တယ်။ ဦးအောင်ကြည်နဲ့ နှစ်ကြိမ်တွေ့ဆုံဆွေးနွေးပြီးနောက်မှာ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ လက်ခံတွေ့ဆုံ ခဲ့တယ်။ အဲဒီနောက် မတူတာတွေဖယ်ထားပြီး တူတာတွေ အတူလက်တွဲ လုပ်ဆောင်သွားမယ်ဆိုတဲ့ သမိုင်းဝင် ပူးတွဲကြေညာချက် ထွက်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောင်းလဲမှု လမ်းစကို မြင်တွေ့နေရပြီ၊ သမ္မတ ဦးသိန်းစိန်ဟာ ပြောင်းလဲမှုကို အမှန်တကယ် လိုလားသူ ဖြစ်တယ်လို့ သူ ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြား ခဲ့တယ်။

တင်မယ်၊ ၀င်မယ်

အဲဒီနောက်တော့ ရေခဲတောင်ကြီး အရည်ပျော်ကျသလို အပြောင်းအလဲတွေ ဆက်တိုက် တွေ့မြင်လာရတယ်။ ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်းကို ပြည်သူများရဲ့ ဆန္ဒကို လိုက်လျောတဲ့အနေနဲ့ဆိုပြီး သမ္မတက ရပ်ဆိုင်းထားဖို့ ညွှန်ကြား ခဲ့တယ်။ နှစ်ပေါင်း (၂၀) ကျော် အပြင်းအထန် ဆန့်ကျင်ဝေဖန်ခဲ့ကြတဲ့ အမေရိကန်၊ အင်္ဂလန်နဲ့ ဥရောပနိုင်ငံတွေက ၀န်ကြီး ၀န်ကလေးတွေ ၀င်လာမစဲ တသဲသဲ ဖြစ်လာတယ်။ ကူညီထောက်ပံ့မှုတွေ ပြန်ပေးမယ်။ ချေးငွေတွေ ပေးမယ်စတဲ့ အသံတွေလည်း ကြားလာရတယ်။ နောက်ဆုံး အပြောင်းအလဲကတော့ လူတိုင်းကို ပါးစပ်ဟောင်းလောင်းနဲ့ မယုံနိုင်အောင် ဖြစ်သွားကြရတဲ့ ကိစ္စဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ နေရာပြည့် ၀င်အရွေးခံမယ်။ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပါဝင်အရွေးခံမယ်လို့လည်း တရားဝင် ထုတ်ပြန်ကြေညာခဲ့တယ်။

ယုံကြည်မှုတိုးစေ

ဒီဖြစ်စဉ်တွေအားလုံးဟာ ပြည်သူအားလုံး ရွှင်လန်းအားတက်စေတဲ့ အပေါင်းလက္ခဏာ သတင်းတွေဖြစ်တယ်။ သမ္မတ ဦးသိန်းစိန် အစိုးရအပေါ်မှာလည်း ယုံကြည်မှု တိုးလာစေတယ်။ နိုင်ငံတကာမှာလည်း မျက်နှာပန်းလှ လာတယ်။ ဒီခြေလှမ်းတွေအတွက် ဖြောင့်ဖြောင့်တန်းတန်း ဆက်ပြီးလျှောက်လှမ်းသွားရင် ပြည်သူအားလုံး မျှော်လင့်တောင့်တနေကြတဲ့ အကြောက်တရားအားလုံး ကင်းစင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ပန်းတိုင်ကို ရောက်လိမ့်မယ်လို့ ယုံကြည်နိုင်ပါတယ်။ လမ်းချော်မသွားအောင်လည်း သတိရှိကြရပါမယ်။


ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်နုနုသာက မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံးဖြစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ယခုနှစ်များအတွင်း နိုင်ငံတော်သို့ တစ်နှစ်လျှင် ကျပ်ငွေ သိန်းပေါင်း ထောင်ချီ၍ ပြန်လည်သွင်းပေးနိုင်ခဲ့ကြောင်း ပြောကြား . . .

ပုဆိန်နဲ့ မပေါက်ရအောင်

အပေါင်းလက္ခဏာဆောင်တဲ့ ဆောင်ရွက်ချက်တွေကြောင့် မျက်နှာပန်း လှနေတဲ့အချိန်မှာ ယုံကြည်မှုအပေါ် ဒွိဟ၊ သံသယပွားစေတဲ့ အနုတ် လက္ခဏာပြ ကိစ္စရပ်များကို ရှင်းလင်းဖယ်ရှား ပစ်စေချင်ပါတယ်။ သတင်းသမား တစ်ယောက်အနေနဲ့ ပြည်သူများရဲ့ အသံတွေကို အမြဲနားစွင့်နေတာဖြစ်တဲ့အတွက် ကြားသိမြင်တွေ့ရတဲ့ ပြည်သူ့အသံတွေနဲ့ ပြည်သူ့ဆန္ဒတွေကို သက်ဆိုင်ရာများသိအောင် တင်ပြချင်ပါတယ်။ အပ်နဲ့ထွင်းရမယ့်ကိစ္စကို ပုဆိန်နဲ့ပေါက်ရတဲ့ အဖြစ်မျိုး ရောက်မသွားစေချင် လို့ပါ။ ထောင်ထဲမှာ ကျန်ရစ်သူတွေ ကိစ္စနဲ့ ပြည်တွင်းစစ် ရပ်စဲရေး ကိစ္စကတော့ အခုတလော အဆက်မပြတ် ရေးခဲ့တာကြောင့် ဒီတစ်ခါ မရေးတော့ပါဘူး။ သားရွှေအိုးထမ်းပြီး ပြန်လာမှာကိုပဲ စောင့်မျှော်နေပါတော့မယ်။

ဘယ်သူမှမပြောကြလို့

အခုပြောချင်တာက ဂျာနယ်တွေမှာ သတင်းအမြဲပါနေပေမယ့် ဘယ်ပါတီ ဘယ်အဖွဲ့အစည်းတွေကမှ အရေးထားပြီး ပြောတာဆိုတာ မရှိတဲ့အတွက် စာဖတ်ပရိသတ်များက နေ့စဉ်မပြတ် ဖုန်းဆက်ပြီး ရင်ဖွင့်နေကြတဲ့ အကြောင်းတွေပါ။သူတို့ အတွက်တော့ အင်မတန် အရေးကြီးတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ အရင်ဆုံး ပြောကြတာကတော့ ရထားခတွေ ဆယ်ဆတက်သွားတဲ့ ကိစ္စဖြစ်တယ်။ ဒီခေတ်မှာ မီးရထားက သာမန်ပြည်သူ ပြည်သားများအတွက် အဓိက အားထားရတဲ့ အရာဖြစ်တယ်။ ရန်ကုန်မြို့နေ လူထုအတွက် ဘတ်စကားခ (၂၀၀) မတတ်နိုင်လို့ မြို့ပတ်ရထားကို (၁၀) ပေးစီးရတယ်။ အခုမြို့ပတ်ရထားက အသွားအပြန် (၂၀၀) ပေးဝယ်စီးရမှာဆိုတော့ အများကြီး ခက်ခဲသွားပါတယ်။ ရန်ကုန် - မန္တလေး ကားခတွေက တစ်သောင်းအထက်ပေးရတော့ ဆင်းရဲသားများ မစီးနိုင်ကြဘူး။ ရထားစီးရင် တစ်ထောင်တောင်မကျတော့ ရထားပဲ အားကိုးရတယ်။

ဈေးတက် စီးပွားရေး

ရထားခ တက်တဲ့သတင်းနောက်က လိုက်လာတာက စာပို့ခတွေ ပြည်တွင်းဆို နှစ်ဆယ်က တစ်ရာ၊ ပြည်ပဆို သုံးဆယ်က ငါးရာဖြစ်သွားတယ်ဆိုတဲ့ သတင်းဖြစ်တယ်။ အဲဒီကိစ္စပြောလို့ ပါးစပ်တောင် မပိတ်ရသေးခင်မှာ နောက်ထပ်ဂျာနယ်တွေထဲပါလာတာက မီတာခတွေလည်း နောက်ထပ်တစ်ဆတိုးပြီး တက်ဦးမယ်ဆိုတဲ့ သတင်းပြီးတော့ ရေခွန်တွေ၊ အမှိုက်ခွန်တွေလည်း တိုးဦးမယ်တဲ့။ ဈေးကွက် စီးပွားရေးဆိုတာ အပြိုင်အဆိုင်ဈေးတွေ လျော့ရောင်းကြလို့ စားသုံးသူတွေ သက်သာချောင်ချိစေတယ်လို့ ဆရာကြီးတွေက ပြောကြပေမယ့် လက်တွေ့မှာတော့ ဈေးတွေ တက်ချင်တိုင်း တက်နေလို့ ဈေးကွက် စီးပွားရေးလို့ မခေါ်ဘဲ ဈေးတက် စီးပွားရေးလို့ ခေါ်ချင်တယ်လို့တောင် ညည်းညူပြောဆိုနေကြရတယ်။



ဝမ်းသာရမှာလား၊ ၀မ်းနည်းရမှာလား


အဲဒီလိုညည်းညူသံတွေ ကြားနေရချိန်မှာ ထူးဆန်းတဲ့ သတင်းတစ်ပုဒ် ဖတ်လိုက်မိတဲ့အတွက် ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ ခွဲခြား မရနိုင်တဲ့ ခံစားမှုတစ်မျိုး ခံစားလိုက်ရတာကို ပြောပြချင်ပါတယ်။ သတင်းက ၂၄-၁၁-၂၀၁၁ ထုတ် Popular News  ဂျာနယ်အတွဲ -၃  အမှတ် ၄၆ မှာပါလာတာပါ။ ‘ရန်ကုန်ပြည်သူ့ဆေးရုံကြီး နိုင်ငံတော်သို့ တစ်နှစ် သိန်းထောင်ချီ ပြန်သွင်းပေးနိုင်’ လို့ ခေါင်းစီး တပ်ထားပါတယ်။ လိုရင်းပြောရ ရင်တော့ နိုဝင်ဘာ ၁၅ ရက် နေ့က ပြည်သူ့ကျန်းမာရေး တက္ကသိုလ်မှာပြုလုပ်ခဲ့တဲ့ ကျန်းမာရေး အသုံးစရိတ်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်နုနုသာ က မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံးဖြစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ယခုနှစ်များအတွင်း နိုင်ငံတော်သို့ တစ်နှစ်လျှင် ကျပ်ငွေ သိန်းပေါင်းထောင်ချီ၍ ပြန်လည်သွင်းပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်လို့ ရေးထားပါတယ်။

စရိတ်မျှပေးက ၀င်ငွေ

“ဖြည့်ဆည်းပေးစရာများ ရှိနေသည့်ကြားကပင် နိုင်ငံတော်သို့ ယခုနှစ် ပထမလေးပတ်က ငွေကျပ်သိန်း ၁၃၀၀ နှင့် ဒုတိယလေးပတ်တွင် ငွေကျပ်သိန်း ၁၂၀၀ ကျော်ပေးသွင်းနိုင်ခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ယင်းပြန်ပေးသွင်းနိုင်ခဲ့သည့် ငွေကြေးများမှာ စားစရိတ်မျှပေး စနစ်တစ်ခုတည်းက ပြန်လည် ပေးသွင်းခဲ့သည့် ပမာဏဖြစ်ပြီး တခြားဝန်ဆောင်မှုများအတွက် ကောက်ခံထားသော ငွေကြေး ပမာဏများ မပါလာသေးကြောင်း ဒေါ်နုနုသာက ဆိုသည်” လို့ ဆက်ပြီး ဖော်ပြထားတယ်။ ဒီသတင်းကို ဖတ်ပြီးတဲ့အခါ မီးရထားဌာနလို လျှပ်စစ်ဌာနလို ဌာနကြီးတွေက နှစ်စဉ် ကျပ်ငွေ ဘီလျံ ရာနဲ့ချီ အရှုံးပြနေချိန်မှာ နိုင်ငံတော်ကိုတောင် ငွေပြန်သွင်းပေးနိုင်တယ်လို့ သိလိုက်ရလို့ တယ်ဟုတ်ပါလားဆိုပြီး ၀မ်းသာသလို ဖြစ်သွား ခဲ့တယ်။

ဒါပေမဲ့လို့ ချက်ချင်းပြန်တွေး ကြည့်လိုက်တော့ ဈေးကွက်စီးပွားရေးဆိုတဲ့ထဲမှာ ဆေးရုံတွေပါ ထည့်ထားတာလားဆိုပြီး စိတ်ထဲ စနိုးစနှောင့် ဖြစ်သွားရတယ်။ အထူးသဖြင့် ပြည်သူ့ဆေးရုံဆိုတာက ပြည်သူပြည်သားများရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အတွက် နိုင်ငံတော် ဘဏ္ဍာငွေက ထုတ်ယူပံ့ပိုးပေးထားတာဖြစ်တယ်။

ကိုလိုနီခေတ်၊ ဖဆပလခေတ်၊ မြန်မာ့ဆိုရှယ်လစ်ခေတ် စတဲ့ခေတ်တိုင်းမှာ ပြည်သူ့ဘဏ္ဍာငွေနဲ့ ရပ်တည်ခဲ့တာချည်း ဖြစ်တယ်။ ကိုလိုနီခေတ်နဲ့ ဖဆပလခေတ်တွေမှာ လူနာတွေ စားရေး၊ သောက်ရေးပါ ဆေးရုံက တာဝန်ယူပါတယ်။ အပြင်က အစားအစာတွေနဲ့ မတည့်မှာစိုးလို့ အိမ်က ထမင်းပို့တာတောင် အားမပေးပါဘူး။ လိုအပ်တဲ့ စွပ်ပြုတ်၊ နွားနို့၊ ဆန်ပြုတ်စတာတွေလည်း ဆေးရုံ ကပဲ ပေးတယ်။ အဲဒီခေတ်က ရန်ကုန်ဆေးရုံကြီးနဲ့ မန္တလေးဆေးရုံကြီးမှာ ထမင်းပေါင်း ဘွိုင်လာကြီးတွေနဲ့ အ၀တ်လျှော် ဘွိုင်လာကြီးတွေပါ ထားရပါတယ်။

နားလည်ဖို့ခက်

အဲဒီခေတ်က ပြည်သူအားလုံးအတွက် အခမဲ့ ဆေးကုခွင့် ရှိတယ်။ ငွေကြေး တတ်နိုင်သူများအတွက် အထူး ပိုက်ဆံခန်းတွေလည်း ထားပါတယ်။ အခုခေတ်မှာ အခြေအနေအရ စရိတ်မျှပေး ကျန်းမာရေးဆိုပြီး လုပ်လာတာကို နားလည်နိုင်ပေမယ့် အဲဒီ စရိတ်မျှပေးက ရတဲ့ငွေကြေးကို ပြန်ယူတယ်ဆိုတာတော့ နားလည်ဖို့ ခက်ပါတယ်။ ဒီလို ကိစ္စတွေဟာ သမ္မတ ဦးသိန်းစိန်အစိုးရ ရှေ့မျက်နှာစာမှာ ကြိုးစားပမ်းစား လုပ်ပြနေတဲ့ ပြည်သူတွေ စိတ်ချမ်းသာစေဖို့ဆိုတဲ့ လုပ်ငန်းတွေကို ထိခိုက်စေပါတယ်။ အဲဒါကြောင့် ဒီအချက်တွေကိုလည်း ပြုပြင် ပါဦးလို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...