Tuesday, December 13, 2011

မြောက်ပြန်လေရိုင်းများ... (၂)

by Augustine Nge on Sunday, December 11, 2011 at 8:20pm
 


အလုပ်လုပ်ရာ စတိုးမှ သူ ထွက်လာတော့ ည (၇) နာရီ ကျော်ပြီ...။ စနေ၊ တနင်္ဂနွေ-ဆို ကျဲပါးသွားတတ်သည့် ကားများကြောင့် လမ်းပေါ်မှာ ရှုပ်ရှုပ်ထွေးထွေး ဘာတခုမျှ မတွေ့ရ...။

ဘတ်စ်ကား ဂိတ်မှ ခုံတန်းမှာ ထိုင်လိုက်ရင်း အစောဆုံး ရောက်လာမည့် ဘတ်စ်၏ အချိန်ကို 272-99 ကို text message ပို့ကာ ရိုက်မေးလိုက်သည်။ 13 min ဆိုသော စာတန်းလေး သူ့ အိုင်ဖုန်းပေါ်မှာ ပေါ်လာသည်။ ဘာပဲဖြစ်ဖြစ် ဟောသည့် Portland မြို့က Public Transportation ကတော့ ကောင်းလှသည်။

Message box ကို သူ ပိတ်လိုက်တော့ သူ့ အိုင်ဖုန်းပေါ်မှာ background wall paper အဖြစ်တင်ထားသော ပြုံးနေသည့် ကောင်မလေး၏ ချစ်စရာမျက်နှာလေးက ပေါ်လာသည်။ သည် အပြုံးလေးကိုပဲ သူ ချစ်မက်မြတ်နိုးခဲ့ရသည် မဟုတ်လား။ တင်တွေ ရင်တွေကို သူက စိတ်ဝင်စားသူတယောက် မဟုတ်ပါ...။ သည်ကောင်မလေး၏ အပြုံး၊ နှလုံးသားနှင့် အတွေးများကိုသာ သူက စိတ်ဝင်စားသူ ဖြစ်သည်။

လမ်းတူရင် လူချင်းတွေ့-ဆိုသော ဆရာ ချောနွယ် စကားကိုပဲ ငှားသုံးရမည်။ လမ်းချင်းတူ...သည့် အပြင် နှလုံးသားချင်းပါ တူသောအခါ... လူချင်း တွေ့ကြရုံမျှမက ချစ်ခြင်းမေတ္တာချင်းပါ တွေ့ဆုံကြတော့သည်။ ကောင်မလေးကို သူချစ်သည်......။ ကောင်မလေးကလည်း သူ့ကို ချစ်သည်...။ သည့်ထက် ဘာမျှ ထပ်မံပြောဆိုရှင်းပြနေစရာ လိုမည် မထင်...။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တခါတခါလည်း ရာသီဥတုများက လူ့ စိတ်အပေါ် အကျိုးသက်ရောက်မှု ရှိသည်-ဟု သူထင်သည်....... ။

သည်နေ့ တနေ့လုံး ကောင်မလေးကို သူ တမ်းတ လွမ်းဆွတ်နေမိသည်.........။ လွမ်းဆွတ်စရာ အကြောင်းများကလည်း ဖန်လာလို့သာ ဖြစ်မည်...။

ရာသီဥတုက အေးလွန်းသည့်အခါ နွေးထွေးရာနေရာသို့သာ လူအများ လာတတ်ကြသည် ဖြစ်မည်...။ သူ အလုပ်လုပ်ရာ စတိုးသည် ပို့လန်းမြို့၏ လူအစည်ကားဆုံး လမ်းမကြီးတခုအပေါ်မှာ ရှိသည်..။ ထိုအခါ စုံတွဲများက စတိုး တခုလုံးမှာ ဥဒဟို......။

လက်ချင်းတွဲလျက်...။ ခါးချင်း ဖက်လျက်....။ စုံတွဲများ...။

အဆိုးဝါးဆုံးက... သူ အလုပ်လုပ်ရာ ဆူရှီဘားမှာ လာထိုင်သော စုံတွဲတချို့...။ ထိုင်တော့လည်း သူ့ ရှေ့ တည့်တည့်မှာ...။ ဆူရှီ တတုံးစီ တယောက်ကို တယောက် ခွံ့ကျွေးပြီး... ဆူရှီ တတုံးစားလိုက် တခါ နမ်းလိုက် ...လုပ်နေကြတော့............ ကောင်မလေးကို သူ အရမ်း လွမ်းလာသည်........။ ရှေ့က စုံတွဲကိုလည်း ဆူရှီ ဓါးနှင့်သာ ထိုးပစ်လိုက်ချင် စိတ်က ပေါက်လာသည်...........။

မြောက်ပြန်လေရိုင်းများသည် သူ့ကို သည်လို နှိပ်စက်သည်... ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကားစောင့်ရင်း ကောင်မလေး အကြောင်းက... သူ့ ခေါင်းထဲသို့ ၀င်ဝင်လာသည်..........။

"ကိုဂျီး" ဟု... ခေါင်းကလေး ငဲ့ကာ ခေါ်တတ်သော ကောင်မလေး၏ အသံများကို သူ့နားထဲမှာ ကြားယောင်နေသည်...။ သည်အချိန်ဆို ကွန်ပြူတာရှေ့မှာ ထိုင်ကာ သူ့ကို ကောင်မလေး စောင့်နေလောက်ပြီ...။ Mee, I am home ဆိုသော သူ့ message ကို :) ဆိုသော အပြုံးလေး တပွင့် ဖြင့် အစပြုကာ အပြန်အလှန် ပို့ကြသော Message များကို သူ ပြန်လည် စဉ်းစားရင်း ကြည်နူးနေမိသည်..။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

Do you know when the bus arrive?

သူ့ အတွေးများကို ဖြတ်တောက်လာသော မေးခွန်းရှင်ကို လှမ်းကြည့်မိတော့ နေ့တိုင်း ဘတ်စ်ကား အတူ စီးနေကြ မိန်းမကြီးတယောက် ဖြစ်သည်။ တပတ်မှာ (၅) ရက် သည် ဘတ်စ်ကားကိုပဲ အတူတူ စီးနေကြ...။

စိုင်းထီးဆိုင် သီချင်းကိုပင် ဆိုပြလိုက်ချင်သေးသည်.............။ သည်အချိန်ဆို... တို့ နှစ်ယောက် ဘတ်စ် စောင့်နေကြ..........။ သည်နေရာလေးမှာ တို့ နှစ်ယောက် ဘတ်စ် စောင့်နေကြ....... ။

She is out of her mind. She never know what she is doing. သူ့ဘာသာ စိတ်ထဲ စဉ်းစားနေမိခြင်းသာ ဖြစ်သည်...........။

တခါတခါလည်း လူကြမ်းများက ဖန်သားပြင်ပေါ်မှာ ပေါ်ပေါ်လာတတ်သလို... သူ့ romantic scene လေးမှာလည်း disturbing substance တွေကလည်း ပေါ်လာတာဖြစ်မည်.......။

ရှိစေတော့... ။

ကောင်မလေးရေ့... ညည်းကို လွမ်းနေတဲ့ ဟောသည့် လူကြမ်းမင်းသားကြီးမှာ ချစ်တတ်တဲ့ နှလုံးသား တစုံသာ ကျန်တော့တယ်...။

(atn)

++ ဆက်လက် ဖော်ပြပါမည် ++

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...