လူနှင့် အလုပ်
by K Aung Soe on Sunday, December 25, 2011 at 8:59pm
ကိုယ်နေတဲ့ အရပ်မှာ သူဌေးဆိုတာရှိမှ သူဌေးက လုပ်ငန်းတွေလုပ်တယ်ဆိုတော့ အလုပ်သမားတွေ ခေါ်ခိုင်းမယ် ဒီလို အလုပ်တွေရှိမှ လူတွေ ရပ်တည်နေထိုင်ဖို့ စား ၊ ဝတ် ၊ နေရေး တွေ ပြေလည်မှာဖြစ်တယ် ။ ဒီတော့ ကျွန်တော်တို့ တစ်တွေဟာ သူဌေး လုပ်ငန်းရှင် နည်းပါးတဲ့ အရပ်ကနေ စွန့်ခွာပြီး ကိုယ်တတ်မြောက်ထားတဲ့ အတတ်ပညာနဲ့ ဆီလျှော်မယ့် ကိုယ့်မှာ ရှိတဲ့ လမ်းစားရိတ်ကို ချင့်ချိန်ပြီး သင့်တော်မယ့် နိုင်ငံတွေကို ထွက်ခွာပြီး အလုပ်ရှာကြရတယ် ။
ကိုယ့်ရပ် ကိုယ့်ရွာမှာနေခဲ့စဉ်ကတော့ တနယ်တကျေးမှာ တစိမ်းတရံတွေနဲ့ ပေါင်းရသင်းရတာ အဆင်ပြေမှ ပြေပါ့မလားဆိုပြီး တွေးတောပူပန်ခဲ့ဖူးတယ် ။ ဒါပေမယ့် တကယ်ထွက်လာတော့လည်း အပေါင်းအသင်းကိစ္စဟာ ထင်ထားသလောက် မဆိုးလှဘူးဆိုတာတွေ့ရတယ် ။ တွေ့ခဲ့တဲ့ လူတိုင်းကလည်း ဘဝတူတွေမို့ဖြစ်မယ်ထင်ရဲ့ တွေ့တဲ့လူနဲ့သင့်အောင်ပေါင်းပြီး အဆင်ပြေအောင် နေကြတာပဲ များပါတယ် ။ ကိုယ်မြန်မာပြည်မှာနေရင် ဘယ်သောအခါမှ ရောက်ဖူးလိမ့်မယ်လို့ မထင်တဲ့ အရပ်ဒေသကလူတွေနဲ့လည်းဆုံရတယ် ဒေသပေါင်းစုံ လူမျိုးပေါင်းစုံပေါ့ ။ ဒီလိုတွေ့ဆုံဆက်ဆံရင်းနဲ့ အတွေ့အကြုံတွေ ဖလှယ်ကြတယ် မကြားဖူးတဲ့ အထူးအဆန်းတွေလည်းကြားရတယ် ။ ဒီလိုပဲ နေရင်းနဲ့ စကားဝိုင်းတစ်ခုမှာ တစ်ယောက်စမေးတယ် မင်းတို့ မလေးရှားကိုရောက်လာတာ မြန်မာပြည်နဲ့ယှဉ်ရင် ဘယ်လိုခံစားရသလဲ ဘယ်လိုမြင်သလဲတဲ့ လူအမျိုးမျိုး အဖြေကလည်း အထွေထွေပေါ့ သင်ခန်းစာ တစ်ခုကို အလွတ်ကျတ်မှတ်ခိုင်းပြီး မေးတဲ့ ကျောင်းစာမေးပွဲက မေးခွန်း မဟုတ်လို့ မိမိစိတ်ထင်ရာဖြေကြတယ် မှန်တယ် မှားတယ်လို့တော့ သတ်မှတ်မထားဘူးပေါ့ နောက်ဆုံးတော့ မေးတဲ့သူကိုယ်တိုင်ကပဲ သူကျေနပ်မယ့် အဖြေကိုပြောတယ် “ ငါတော့ ငါတို့ငယ်ငယ်တုန်းက ခေတ်ကို ပြန်ရောက်သွားသလိုပဲလို့ ခံစားမိတယ် ဘာဖြစ်လို့လည်းဆိုတော့ ဒီမှာ ၁၀ပြား ၊ ပြား၅၀ အစရှိတဲ့အကြွေတွေကို သုံးလို့ရနေသေးလို့ပဲ ” တဲ့ ဟုတ်တော့ ဟုတ်သား သူပြောတာလည်း ကော်ဖီတစ်ခွက်ကို ၂ ရင်းဂစ် ( ဒါပေမယ့် ကျွန်တော်တို့ ဗမာပါးစပ်နဲ့ ၂ ကျပ်ပဲခေါ်တာပေါ့ ပိုက်ဆံခြင်း အတူတူပဲဟာ ) ၂ နဲ့ ၁၀ ပြား ၊ ၂ကျပ်ခွဲ စသဖြင့်ပေါ့ နေရာတကာမှာ အကြွေစေ့ သုံးနေရတယ် ။ ကျွန်တော် တစ်ခေါက် တစ်ခေါက် မြို့ထဲထွက်ရင် ပြန်အမ်းသမျှ အကြွေကိုတွေ မသုံးဘဲ စုထားတတ်တယ် နောက်များလာမှ ဆိုင်မှာ ပြန်လဲတာပေါ့ ။
ပညာဖြင့် အသက်မွေးခြင်းသည်သာ မြတ်သော အသက်မွေးခြင်း ဖြစ်၏ ( ဘုရားရှင်မှ အာဠာဝက ဘီလူး၏ အမေးကိုဖြေခန်းမှ )
ဘုရားအလောင်း မဟောသဓာ ဇာတ်တော်မှာတော့ ပညာရှင်နဲ့ စည်းစိမ်ရှင် ပညာရှင်ကသာ ပိုမြတ်တယ်လို့ ဆိုပေမယ့် လက်ရှိခေတ်မှာတော့ စည်းစိမ်ရှင်တွေကို ပညာရှင်တွေကသာ ခယ နေရတာများတယ် ။ ပညာကိုငွေနဲ့ဝယ်ခိုင်းစားတဲ့ခေတ်ရောက်နေပြီ ။ စက်မှုလုပ်ငန်း အဆင့်မြင့် တိုးတက်လာတာနဲ့ အမျှ နည်းပညာရှင် အတတ်ပညာရှင်ပုဂ္ဂိုလ်တွေ လိုအပ်တယ် လုပ်ငန်းရှင် အရေအတွက်နည်းပြီး အလုပ်သမား အရေအတွက်ကများတော့ တော်ရုံ အတတ်ပညာတစ်ခုကို တတ်မြောက်ထားရုံနဲ့ ချောင်ချောင်လည်လည် အသက်မွေး ဝမ်းကျောင်းနိုင်ပြီလို့ မဆိုနိုင်သေးဘူး ။ အလုပ်သမား လူတန်းစားက အများစု ဆိုတော့ အရာရာကို သူတို့ဘက်က အမြတ်ကျန်အောင်သာ ကြည့်တတ်တဲ့ လုပ်ငန်းရှင်တွေက လုပ်ငန်းခွင်မှာ ယိုပေါက်ဖိတ်ပေါက်တွေကို လိုက်ရှာနေတတ်စမြဲပဲ အလုပ်တစ်ခုမှာ တော်ရုံအတတ်ပညာနဲ့ လစာများများ ပေးမထားနိုင်ဘူး လူဟောင်းဆိုရင် နှစ်ထမ်းကြာလာတာနဲ့ အမျှ ပေးရတဲ့ လစာကလည်း များလာတတ်တာမို့ သူ့နေရာကို အစားထိုးနိုင်မယ့် ဈေးပေါပေါပေးရမယ့် လူသစ်တစ်ယောက်ရှိရင် အစားထိုးတတ်တာများတယ် ။ ဒီတော့ အလုပ်တစ်ခုနဲ့ တစ်ခု အပြောင်းအလဲ ကြားမှာ ရရအလုပ်မှာ ဝင်လုပ်နိုင်ဖို့ အတတ်ပညာ များများတတ်ထားတာ ပိုကောင်းတာပေါ့ ။ ဘာသာစကား များများ တတ်ထားရင်လည်း ပိုကောင်းပါတယ် ။
ကျွန်တော်တို့ မြန်မာနိုင်ငံသား အများစုဟာ ဆင်းရဲသူလူတန်းစား ကျေးလက်နေလူတန်းစား များတဲ့ အတွက် စက်မှု အတတ်ပညာရှင်ဆိုတာ နည်းတယ် သင်ရကောင်းမှန်းလည်း မသိတာများတယ် ။ ဘာဖြစ်လို့လဲဆိုတော့ အတတ်ပညာထက် အရေးကြီးတဲ့ ဝမ်းစာရှာရဖို့ ရှိနေလို့ပဲ ဒီတော့ အချိန်ကုန်ခံ ပိုက်ဆံကုန်ခံပြီး ကျောင်းပညာ ၊ စက်မှုပညာ စတဲ့ ပညာရပ်ကို အသုံးချပြီး အသက်မွေးဝမ်းကျောင်းပြုနိုင်မယ့် အတတ်ပညာတွေကို မသင်တော့ဘဲနဲ့ ထမင်းတစ်နပ် အတွက် ထင်းခုတ် ၊ ဝါးခုတ် ၊ တောင်သူလယ်ယာ ၊ ရွှေကျင် ၊ ကျောတ်တူး စတဲ့ အလုပ်တွေကို ကာယနဲ့ ရင်းပြီး ဖြေရှင်းကြတာများတယ် ။
မလေးရှားနိုင်ဟာ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်နိုင်ငံဖြစ်ပေမယ့် မြို့တော် ကွာလာလမ်ပူဟာ အရှေ့တောင်အာရှရဲ့ ခေတ်မီလှပဆုံးမြို့လို့ သတ်မှတ်မခံရဘူး ဘာဖြစ်လို့လဲဆိုတော့ ကွာလာလမ်ပူဟာ ခေတ်မီအဆောက်အဦတွေသိပ်မများဘူး မိုးပျံလမ်းတွေ လှလှပပ မရှိဘူး ။ ဒါပေမယ့် သစ်ပင်တွေများတယ် နိုင်ငံအဝှမ်းမှာလည်း စိမ်းစိမ်းစိုစို သစ်တော ၊ တောင် စတာတွေနဲ့ ကားပေါ်ကနေ ခရီးသွားရင်းကြည့်ရတာ မျက်စိ ပသာဒ ရှိတယ် ကျွန်တော်လည်း မြန်မာနိုင်ငံသားပီပီ သစ်တောကိုချစ်တယ် သစ်ပင်ကို ချစ်တယ် သစ်တောအုပ်လေးတွေကြည့်နေရတာ စိတ်အေးချမ်းတယ် ။ ကျွန်တော်လက်ရှိလုပ်နေတဲ့ စက်ရုံလေးဟာလည်း စက်မှုဇုံထဲမှာ ဆိုပေမယ့် သစ်တောအုပ်ဖက်ကို ကျောပေးထားတဲ့ စက်ရုံလေးပါ ကျွန်တော် နားနေချိန်တွေမှာဆို ပိတ်ထားတဲ့ စက်ရုံရဲ့ အနောက်ဖက် တံခါးကိုဖွင့် သစ်တော်အုပ်ထဲက လာတဲ့လေတွေကို ရှုရှိုက်ရင်း စာအုပ်ဖတ် ကော်ဖီသောက် အိပ်ချင်သပဆိုလည်း အိပ်ပေါ့ စသဖြင့် နားတတ်ပါတယ် ။
ဒီလိုနေရင်းနဲ့ တစ်နေ့ စက်ရုံအနောက်မှာ ထမင်းစားပြီးလို့ စာအုပ်ဖတ်ရင်း မျက်စိညောင်းလာလို့ ခဏ အိပ်နေခိုက် အဝတ်အစား နုတ်နုတ်နဲ့ အသက်လေးဆယ် အရွယ်လူတစ်ယောက် လာနှိုးတယ် အိပ်နေတုန်းလာ နှိုးတာတော့ စိတ်ထဲတင်းသွားတာပေါ့ ။ အသက် ၅၀ ကျော် အရွယ် လူတစ်ယောက် မေးကြည့်တော့ အလုပ်လုပ်ချင်လို့ အလုပ်လာရှာတာတဲ့ သူဌေးနဲ့တွေ့ပါရစေတဲ့ ကျွန်တော်လည်း စိတ်တိုတိုနဲ့ မရှိဘူးကွလို့ ဖြေတယ် သူကတော့ မျက်နှာငယ်နဲ့ သူဘယ်အချိန်တွေလာတတ်သလဲ သူဒီမှာ အလုပ်လုပ်လို့ ရနိုင်သလား စတဲ့ မေးခွန်းတွေကိုလည်း ကျွန်တော် တင်းတင်းနဲ့ ခပ်ပြတ်ပြတ်ပဲ ငြင်းလိုက်တယ် ။ ဒီတော့ သူက အသနားခံတဲ့ ပုံနဲ့ သူ့မှာ ကလေး လေးယောက်ရှိတယ် မိန်းမက နေမကောင်းဘူး စတာတွေ ပြောလာတာနဲ့ စိတ်ထဲ သနားသွားပြီး ကိုယ့်စက်ရုံမှာ အလုပ်သမား မလိုမှန်း သိနေပေမယ့် သူအတတ်ပညာတစ်ခုတတ်ခဲ့ရင် သင့်တော်မယ့်ဆီကိုညွှန်ဖို့ ဘာအလုပ် လုပ်တတ်သလဲ လို့မေးတော့ ဒီလိုပဲ အောက်ခြေသိမ်း အလုပ်လုပ်မှာပေါ့တဲ့ ။ အင်း …စိတ်ထဲကခေါင်းရမ်းနေမိရင်း ဒါဆိုရင်တော့ ဒီမှာက အလုပ်သမား မလိုဘူး တစ်ခြားစက်ရုံတွေဘက်ကိုသာ သွားကြည့်ပါလားဆိုတော့ သူက ခေါင်းခါရင်း သွားခဲ့ပြီးပြီကွ ဘယ်သူမှ မခေါ်ချင်ဘူးတဲ့ အင်းလေ ဒီအရွယ်ကြီးရောက်လာလို့မှ ဘာပညာမှ မတတ်ရင်လည်း ဘယ်သူက ခေါ်ချင်မှာလည်းလို့ တွေးမိတယ် ။ နောက်ပြီးသူက ငါ့ကို ပိုက်ဆံနည်းနည်းလောက် ကူညီပါလားကွာ ငါ့မိန်းမကလည်း နေမကောင်းသလို ငါဒီနေ့ ဆန်ဝယ်ဖို့တောင် ပိုက်ဆံ မရှိတော့လို့ပါ တဲ့ လက်အုပ်ချီပြီးပြောလာတယ် ။ အသနားခံလာရင် သနားတတ်တဲ့ မြန်မာလူမျိုးပီပီ ဒီလူတကယ်ရော ဟုတ်ရဲ့လားတော့ မသိဘူး ဒါပေမယ့် အသက်ကလည်း ကြီးနေပြီ ဆိုတော့လေ ပေးသင့်ပါတယ်လို့တွေးရင်း အေးကွာ ငါလည်း လစာမထုတ်သေးဘူး ဒါပေမယ့် ဒီအကြွေစေ့လေးတွေယူသွားပေါ့ ဆန်တစ်ခါဝယ်လို့တော့ရမှာပါ ( ၇ ) ကျပ်လောက်တော့ ရှိမယ်ထင်ရဲ့လို့ ပြောရင်း သိမ်းထားတဲ့ အကြွေစေ့လေးတွေ ထုတ်ပေးလိုက်မိတယ် ။
သူပြန်သွားမှ အင်း …စက်မှုထွန်းကားပြီး အလုပ်အကိုင် မရှားတဲ့ မလေးရှားလိုနိုင်ငံမှာနေရင်တောင်မှပဲ ဘာအတတ်ပညာမှ မတတ်ရင် အသက်ကြီးလာရင် မလွယ်ပါလား ။ သူလည်း ငါ့လိုပဲနေမှာ အသက်ငယ်စဉ်က အတတ်ပညာတစ်ခုကို သေချာ မသင်ပဲ ဆူလွယ်နပ်လွယ် ပိုက်ဆံရရာ အလုပ်မှာ ဝင်လုပ်ရင်း တဖြည်းဖြည်းနဲ့ အသက်တွေကြီးလာပေမယ့် ပညာရှင်ကျတဲ့ အတတ်ပညာတစ်ခုကို မတတ်မြောက်လေတော့ အောက်ခြေသိမ်း အလုပ်ခိုင်းဖို့တောင် ဘယ်သူမှ မလိုချင်တော့ပါလားလို့ တွေးရင်း ကျွန်တော့်ဘဝ အနာဂတ်အတွက်ပါ ခြောက်ခြားလာမိတယ်ဗျာ ။ ကျွန်တော်လည်း ပိုက်ဆံဖို့ တစ်တည်းသာကြည့်ပြီး ရရအလုပ်တွေသာပြောင်းလုပ်ရေင်း တကယ်တမ်း ပရော်ဖက်ရှင်ကျတဲ့ စက်မှုလက်မှု အတတ်ပညာမျိုး သင်မထားမိသေးဘူးလေ … ။
မလေးရှားနိုင်ငံရဲ့ အထင်ကရ မြို့ကြီးတွေရဲ့ မြင်ကွင်း အချို့
ထမင်းတစ်အတွက်
စက်မှုထွန်းကားတဲ့ နိုင်ငံတစ်နိုင်အတွက် အခြေခံ အဖြစ် ဒီလိုစက်တွေ လိုအပ်တယ် ဒီလိုစက်မျိုးကို ပိုင်နိုင်စွာ မောင်းနှင် အသုံးပြုနိုင်ရင် သံ ၊ ကြေး ၊ အလူမီနီယမ် စတာတွေကို သစ်သားကို လိုသလို အသုံးပြုနိုင်သလို လုပ်နိုင်ပါတယ် မြန်မာနိုင်ငံမှာ သင်တန်းတွေဖွင့်နေပြီလို့လည်း သိရပါတယ် ဒီလို အလုပ်မျိုးလုပ်တတ်ရင် လစာကောင်းကောင်းရနိုင်ပါတယ် ။
တစ်ခြား စက်ကြီးမောင်းသင်တန်းတွေ အခြားသော တွင်ခုံ စတဲ့ ပညာရှင်တွေ အတွက် နိုင်ငံခြားမှာ လစာ မြင့်မားစွာ ရနိုင်ပါတယ် ခင်မျာ ။
မလေးရှားမှာ ကျွန်တော်တို့ မြန်မာလူငယ်တွေ အိမ်ဖေါ် ၊ စားပွဲထိုး ၊ သန့်ရှင်းရေး အလုပ်သမား စတဲ့ အောက်ခြေသိမ်း အလုပ်တွေသာ လုပ်နေရတာ တွေ့ဖန်များလာတယ် ။ တက္ကသိုလ်ထိ ကျောင်းတက်ခဲ့ဖူးတယ် ဆိုတဲ့ သူအချို့လည်း ကျွန်တော့်လိုပဲ အောက်ခြေသိမ်း အလုပ်သမားပဲ ဖြစ်နေတာ များပါတယ် ဒါနဲ့ မင်းတို့ ကျောင်းတက်တုန်းက အတွေ့အကြုံလေးပြောပါအုံးဆိုတော့ ရန်ဖြစ်တယ် ကောင်မလေးတွေကိုစတယ် ဂစ်တာတီးတယ် ဆိုတာလောက်ပဲ ပြောကြတယ် သူတို့အစား ရင်လေးမိလို့ စိတ်ကူးထဲ ရှိတဲ့ အတိုင်းသာ ချရေးလိုက်ခြင်းသာ ဖြစ်ပါတယ် ။ ကျွန်တော်ကိုယ်တိုင်ကလည်း စက်ရုံတစ်ရုံရဲ့ အလုပ်သမားပါပဲ ... ။
စက်မှုခေတ်တွေ တိုးတက်လာတာနဲ့ အမျှ ကျွန်တော်တို့ မြန်မာလူငယ်တွေ နောက်ကျ မကျန်ရစ်စေဖို့ အသက်မွေးဝမ်းကျောင်း အတတ်ပညာ အဖြစ် စက်မှုလက်မှု အတတ်ပညာမျိုး သင်ကြားတတ်မြောက်ထားဖို့ လိုအပ်လှပါသည် ။
K Aung Soe
0 comments:
Post a Comment