Friday, December 16, 2011

အခမ်းအနားမှူး ကျမ

 
 
တရက်သော တနင်္ဂနွေနေ့ မင်္ဂလာဆောင်မှာ အခမ်းအနားမှူးလုပ်ပေးဖို့ပြောထားတာနဲ့ သွားဖို့ ကျမ မမေ့အောင် စနေညကထဲက စိတ်ထဲကပြင်ထားပေမယ့် မနက်ကျတော့ စာလုပ်ရင်း စာထဲကိုအာရုံရောက်သွားပြီး အချိန်ကိုမကြည့်မိတော့ပါဘူး။ နောက်မှ နာရီ ကြည့်လိုက်တော့ နောက်တောင်ကျနေပြီ။ သွားရမယ့်နေရာက ဝေးတော့ အမြန်ပြင်ဆင်ပြီး သွားဖို့လုပ်ရပါတယ်။ အခမ်းအနားမှူး လုပ်ရမှာကလဲ မင်္ဂလာဆောင်ဆိုတော့ မှားလို့ကလဲမဖြစ်ဘူးလေ။

ဒီလိုနဲ့ အိမ်ကနေ ပျာယာပျာယာနဲ့ထွက်သွားရင်းက လမ်းမှာ ရေခဲထဲမှာချော်လဲကျပါတော့တယ်။ ဆောင်းတွင်းဆို လမ်းတွေပေါ်မှာ နှင်းတွေကနေမာခဲသွားတဲ့ ရေခဲတွေကချောနေတတ်ပါတယ်။ ရေခဲထဲမှာ ရူးဖိနပ်ကစီးထားတော့ ချောနေတဲ့လမ်းပေါ်မှာ ချော်ကျတာမှ လျောကနဲပဲ။  ကျမအဖြစ်က ပြန်လို့လဲမဖြစ်တော့တာနဲ့ ဘူတာရောက်မှ အိမ်သာမှာလက်တွေကို ပြန်ဆေးရင်း သယ်လာတဲ့အ၀တ်ထုပ်ကိုပြန်စစ်ရသေးတယ်။ “တော်သေးတယ် ဘာမှမပေကုန်တာ”နဲ့လို့ သက်ပျင်းချရင်း နောက်ကျမှာစိုးတာနဲ့ စိတ်မသက်မသာဖြစ်နေမိပါတော့တယ်။


မင်္ဂလာဆောင်မှာ သတို့သမီးသတို့သားက ဘာဝတ်မှန်းမသိတာနဲ့ အနောက်တိုင်းဝတ်စုံကော၊ (ဒီမှာ တစ်ထည်ထဲရှိတဲ့) ကျမရဲ့ မြန်မာဝတ်စုံကော ထည့်သွားတော့ သယ်ရတဲ့ အထုပ်ကလည်း လေးနေပါတယ်။ မတတ်နိုင်တော့ပါ အပြင်မှာရာသီဥတုက အနှုတ် ၁၅တောင်ရှိနေတာလေ၊ ရာသီဥတုကတအားအေးနေတော့ ဒါတွေဝတ်သွားလည်းအပေါ်က ထပ်ဝတ်ရမှာကိုး။ အထပ်ထပ်ဝတ်ရင်လဲ သိပ်အဆင်မပြေတာနဲ့ လိုတာတွေထည့်သွားရပါတယ်။

ဧည့်ခံပွဲခန်းမထဲရောက်တော့ မြန်မာတယောက်မှမတွေ့ရပဲ ရိုးရာဝတ်စုံတွေနဲ့ကိုရီးယားအမျိုးသမီးကြီးတွေနဲ့ လူတွေအများကြီးတွေ့တော့ “ဟင်ငါတော့နေရာမှားနေလားမသိဘူး”ဆို ထင်မိပါသေးတယ်၊  နောက်တော့မှ ဒါသူများပွဲဆိုတာသတိထားမိတော့တယ် နောက်တော့ လူတယောက်ထွက်လာပြီး “အမလာလာ ဒီအခန်းထဲသွား”ဆိုမှ သူ့နောက်လိုက်သွားပြီး မိပ်ကပ်လိမ်းတဲ့ အခန်းထဲ အထုပ်တွေနဲ့ ၀င်သွားလိုက်တယ်။ အခန်းထဲရောက်တော့အ၀တ်လဲနေတဲ့ မြန်မာတွေတွေ့တော့တယ် အဲဒီကျမှ လူကြီးတယောက်က “အခန်းအနားမူးလာပြီ ကဲနောက်ကျနေပြီအ၀တ်မြန်မြန်ဝင်လဲတော”့ဆိုလို့ ကျမလဲအ၀တ်လဲခန်းထဲဝင်ပြီးကမန်းကတန်းလဲရတော့တယ်။

အ၀တ်လဲပြီးထွက်သွားတော့ သတို့သမီးအဖေလား ဘာလားတော့မသိဘူး လူကြီးတယောက်က “ဟဲ့ဟဲ့ ငါ့သမီးရဲ့ ဘယ်လိုဖြစ်နေတာတုန်း ထမီကြီးကလဲတစောင်းကြီးပါလား၊ ခါးကအဖုကြီးကဘာကြီးလဲ အကျီ င်္အောက်မှာလဲ အကျီ င်္ကထွက်နေပါလား”လို့ သူကပြောတော့မှ ကျမလဲကိုယ့်ဖာသာပြန်ကြည့်မိတော့တယ် ခါးကလုံချည်ဝတ်ထားတာလုံးချည်စကိုလုံးထည့်ထားတာလေ... အောက်ကလဲ အေးတော့ အတွင်းကအသားကပ်အကျီ င်္တွေမချွတ်ပဲထပ်ဝတ်ထားတော့ တမျိုးကြီးဖြစ်နေတော့တာပေါ့။ ကျမရဲ့ဗမာရင်ဖုံးအကျီ င်္လေးက ပိတ်သားပါးပါးလေးကိုး၊  အောက်ကအကျီ င်္ကခါးကနေပေါ်နေတာမသိဘူး၊ အဲဒါနဲ့ ဘေးကသူတွေကလဲ “ကဲပြန်လဲပါ အထဲမှာမချမ်းပါဘူး မြန်မြန်ပြန်လုပ်”ဆိုတော့ ကျမလဲပြန်ပြင်ဝတ်နေရတယ် ပြောတဲ့သူကလဲ အားပါးတရ “အမလေးငါ့သမီးရယ်လှလှလေးဆိုပြီး ပွဲထုတ်မိပါတယ် ညီးကလဲ လုံချည်ဝတ်ထားတာ ဘယ်လိုကြီးလဲ” လို့ပြောလိုက်တာနဲ့ နဂိုကထဲက ဘယ်တော့မှ လှတပတလေး မ၀တ်တတ်တဲ့ကျမလဲ ပြန်ဝတ်ရင်းနဲ့ စိတ်တွေကျဉ်းကျပ်လာတော့တယ်၊  ပုဝါကလည်းကျမမှာပါမသွားတော့ အခန်းအနားရောက်မှ တွေတဲ့ အမတယောက်ဆီကခဏဌားပြီးခြုံထားရပါတယ်။

ကျမကနဂိုကထဲက ဗမာအကျီ င်္တို့ တိုတဲ့ကျပ်တဲ့ အ၀တ်အစားတွေဆို ဘယ်တော့မှမ၀တ်တတ်ပါ။ ၀တ်မိရင်လဲ မလွတ်မလပ်နဲ့ အသက်ရူလို့ မ၀သလိုခံစားရပါတယ်၊ အဲဒီအကျီ င်္တောင်မှ မေမေဆီက အမွေတောင်းထားတာလေ၊ ကျမနဲ့မေမေက သားအမိနှစ်ယောက်လုံး ပိန်ပိန်လေးတွေဆိုတော့ မေမေ့အကျီ င်္ဆို ယူဝတ်လိုက်လို့ရတယ်လေ။ အိမ်ကပါလာတာ ဒီချိတ်လုံချည်နဲ့ဒီအကျီ င်္တထည်ထဲပဲရှိတာကိုး၊  ပြန်လည်းထုတ်မ၀တ်ကြည့်မိဘူးလေ။ နောက်တခုက ကျမလုံချည်ဝတ်ရင် ငယ်ငယ်ကထဲက ကျွတ်မှာစိုးလို့ဆို အသားအများကြီးလုံးပြီးဝတ်တတ်တော့ ထမီကအမြဲတစောင်းကြီးနဲ့ ခါးမှာလဲဗိုက်ပူသလိုကြီးဖြစ်နေတတ်တာ တက္ကသိုလ်တက်တဲ့ထိပဲ။ ဒါနဲ့သူငယ်ချင်းတွေက ၀ိုင်းသင်ပေးကြတယ် မရပါဘူး ..ဒီပုံပဲ၊ နောက်တော့သူတို့လက်လျော့သွားကြတယ်။

အကျီ င်္ဆိုလည်းပွတာပဲဝတ်တတ်တော့ ကျမသူငယ်ချင်းနဲ့ စက်ချုပ်ဆိုင်က ပြောဖူးတယ် “နင်ဟာလေစတိုင်လ်ကိုမရှိဘူး”တဲ့ အဲ..စတိုင်လ်ထုတ်ဝတ်မိလဲ ပြဲသွားရတာနဲ့ စကပ်ကွဲသွားတာနဲ့ အဲလိုကလဲဖြစ်တတ်တော့ ကျမစိတ်လဲမရှည်ပါ… စမတ်မကျလဲနေပါစေတော့ဆိုအမြဲအဆင်ပြေသလိုပဲဝတ်ပါတော့တယ်။ ကျမအထက်ကအမကတော့ သူကိုယ်တိုင် သူ့ဖာသာချုပ်ပြီးမီးပူကို အကျအနတိုက်ပြီး စတိုင်လ်ကျကျဝတ်တတ်စားတတ်ပါတယ်။ ကျမကတော့ အဒေါ်တွေချုပ်ပေးသလိုပဲဝတ်ပြီး မီးပူတိုက်ရမှာလည်း ပျင်းတတ်သူလေ။ ဒီမှာဆိုတော့  ကျောင်းသွားခါနီး ဂျင်းဘောင်းဘီကို ခါပြီးကောက်ဝတ်သွားလိုက်တာပဲလေ။  အိမ်မှာတုန်းကတော့ အဒေါ်တွေအမတွေကလုပ်ပေးသမျှကို ၀တ်စားနေခဲ့ရတာဆိုတော့ ကိုယ့်ဖာသာဘာမှ သိပ်မလုပ်တတ်တော့ဘူး၊ ဒီမှာတော့ စာကလဲများ ခုဆို အချိန်ပိုင်းကလဲဝင်လုပ်နေတာနဲ့ တယောက်ထဲ  ဖြစ်သလိုပဲနေတော့တယ်။ ဒါကြောင့် တခါတလေတော့ အိမ်ကိုအရမ်းသတိရမိပါတယ်။

ခုလိုပွဲမျိုးသွားတော့မယ်ဆိုရင် အိမ်ကလူတွေပါကျမကြောင့်အလုပ်ရှုပ်ကုန်တယ်လေ။ ကျမအဒေါ်ဆို ကျမကို ခေါင်းဖီးပေးတာကအစ လုပ်ပေးနေကျပေါ့၊ ကျမပွဲတခုခုသွားခါနီးရင် အဒေါ်တွေ အမတွေက ဘယ်လိုဝတ်သွား ဘယ်လိုလေးပြင်ဆိုပြီးကြည့်ပေးနေကျလေ၊ ဒီမှာတော့ ထူးထူးခြားခြား ပွဲတွေဘာတွေ ဘယ်မှလဲသိပ်မသွားရတော့ ဘာမှလဲသီးသန့်ဝယ်မထားတော့ဘူး..

ရန်ကုန်မှာတုန်းကတော့ အခမ်းအနားမှူးမကြာ ခဏတော့လုပ်ဖူးပါတယ်။ လုပ်ရတာကလဲ အလုပ်ထဲကနေ အစိုးရပွဲတွေပဲများပါတယ်။ ပစ္စည်းအပ်တဲ့အခန်းအနားမျိုး၊ စကားပြောပြိုင်ပွဲတိ၊ု့ သင်တန်းသားတွေပြန်တွေ့ဆုံတဲ့ပွဲမျိုးတွေဘာတွေပေါ့လေ။ ကျမရဲ့ ပထမဆုံး အခမ်းအနားမှူးလုပ်တဲ့ပွဲကတော့ တစ်ယောက်ထဲလုပ်ရတာမဟုတ်ပါဘူး။ ကိုပြုံးချိုလို့ခေါ်တဲ့ ကိုရီးယားလေးနဲ့အတူ အခမ်းအနားမူးတွဲလုပ်တာပါ။ သူကလယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနအောက်မှာ လုပ်အားပေးလာလုပ်တဲ့ကောင်လေးပါ။ သူက ပျော်ပျော်ရွှင်ရွှင်နဲ့ စတတ်နောက်တတ်ပြီး အမြဲလို ပြုံးနေတတ်လို့ သူ့ကိုအားလုံးက သူ့နာမည်အရင်းကိုမခေါ်တော့ပဲ ကိုပြုံးချိုလို့ပဲခေါ်ကြပါတယ်။
ပထမဆုံးပွဲဆိုတော့ ကျမတို့၂ယောက်လုံးအခမ်းအနားအတွက်ပြောရမယ့် စာတွေသေခြာရေးပြီးတိုက်ထားတော့ ပွဲပြီးတဲ့အထိ အားလုံးအဆင်ပြေခဲ့ပါတယ်။ အခန်းအနားမှာ ကျမပြောရမယ့်ဟာတွေကို ကျမဖာသာ ပြင်ဆင်ရေးပြီးမှ ပြောတာများပါတယ်။ ဒါတောင် တခါတလေ စိတ်လှုပ်ရှားတော့ မှားတတ်ပါသေးတယ်။ ခုတော့မလုပ်တာကလဲကြာပြီဆိုတော့ ဘာကိုပြင်ရမှန်းသေခြာမသိတော့ဘူးလေ။

နောက်ပြီး ကျမလဲ မင်္ဂဆောင်အခမ်းအနားမှူးတော့ တခါမှမလုပ်ဖူးပါဘူး။ မြန်မာမင်္ဂဆောင်ဆိုရင် ဘိတ်သိတ်ဆရာက အခမ်းအနားမှူးအနေနဲ့ အရေးပါတယ်လေ။ ကိုရီးယားမှာတော့ အခမ်းအနားမူးက အရေးကြီးပါတယ်။ ဧည့်ခံပွဲမှာ သူကပဲ အားလုံးကိုတာဝန်ယူနေရာချထားပြီး ပွဲအနေအထားပေါ်မူတည်ပြီးပြောတတ်ဆိုတတ် ရတာဆိုတော့ ပွဲတခုလုံးကို အခမ်းအနားမှူးကဦးဆောင်ရတာဖြစ်ပါတယ်။

ခုနကအခမ်းအနားမှူးလုပ်တဲ့အကြောင်းဆက်ပြောပြပါ့မယ်။ ဒါနဲ့ကျမပြောရမယ့် စာရွက်ကိုကောက်ယူပြီး ခန်းမထဲဝင်သွားတော့ ဧည့်သည်တွေတော်တော်များများ ရောက်နေကြတာတွေ့ရပါတယ်။ ဒါပေမယ့် ဘယ်သူကသတို့သမီး ဘယ်သူက သတို့သားဆိုတာကော သက်ဆိုင်တဲ့သူတွေကောကို ကျမလုံးဝမသိတာပါ ဘယ်လောက်ညံ့လဲဆို ကျမနာမည်တောင်ကြိုမမေးထားမိဘူး ပွဲရောက်မှသတို့သား သတို့သမီး နာမည်ကြည့်ရတော့တယ်။ ခေါင်းပေါင်းကြီးနဲ့လူကို ကျမကသတို့သားလို့မှားပြီးထင်နေတာ.. နောက်မှဘိသိတ်ဆရာမှန်းသိရတော့တယ်။ဘိတ်သိတ်ဆရာကအပြောကောင်းလို့သာ တော်ပါသေးတယ်.. မင်္ဂလာပွဲမှာ သူကပဲဆက်တိုက်ပြောသွားတော့တယ်။

ကျမခန်းမထဲဝင်သွားတော့ ပွဲစီစဉ်ပေးတဲ့ခန်းမကကိုရီးယားမလေးက “အခမ်းအနားမှူးလား လာလာနေရာယူတော”့ဆိုလို့ ကျမလဲသူ့နောက်လိုက်သွားပါတယ်။ ပွဲစတော့မယ်လုပ်တော့တယောက်ကလာလိုက် “မပြောနဲ့အုံး” နောက်တယောက်က”ဖတ်တော့”လို့ပြောလိုက်နဲ့ကျမလဲဘာလုပ်ရမှန်းမသိဖြစ်နေမိပါတယ်။ ကျမလဲကြောင်တောင်တောင်နဲ့ရပ်နေရတာ မေ့ပြီးပွဲအစီအစဉ်အစအဆုံးကိုမကျေငြာမိဘူး။ လူတွေကလဲထိုင်လိုက်ထလိုက်ဆိုတော့ ကျမလဲငေးကြည့်နေမိတယ်။ အခမ်းအနားမှူးလုပ်ရတာ တကယ်မလွယ်ပါဘူး။ တင်မိုးလွင်တို့လိုပြုံးပြုံးလေးပြောဖို့က အတော်ကျင့်ရမယ်နဲ့တူပါရဲ့။

သတို့သားသတို့သမီးကလဲ တော်တော်နဲ့မတွေ့ရသေးဘူး အရေးထဲ သူတို့လျှောက်လာချိန်မှာဖွင့်မယ့် သီချင်းကလဲ အသံမထွက်ဘူးဖြစ်နေပါတယ်။ ဘိသိတ်ဆရာက “အစီအစဉ် သုံးခုမြောက်ကနေ စပြီး အမ မပြောနဲ့တော့”ဆိုတာနဲ့ ကျမလဲသူပြောတာနားထောင်နေလိုက်တယ်။ အဲဒီတော့ ဘာသာလဲပြန်မပေးမိဘူး၊ သတို့သမီးသတို့သားမိဘတွေက ကိုရီးယားမှာမရှိတော့ သူတို့အစားလူကြီးတွေကိုကန်တော့ပါတယ်။ နောက်တော့ လပ်ထပ်လက်စွပ်ဆင်ပေးတဲ့ ကိုရီးယားဘုန်းတော်ကြီးက ဆုံးမသြောဝါဒ ချီးမြှင့်ပေးပါတယ်။ မင်္ဂလာလက်ထပ်လက်စွပ်ဆင်ပေးတဲ့ ကိုရီးယား ဘုန်းတော်ကြီးကိုလဲကျမက ထုံးစံအတိုင်း နေရာသို့ပြန်ကြွနိုင်ပါပြီလို့ မပြောမိတော့ ဘုန်းကြီးကနေရာက ရပ်စောင့်နေတာကျမကမသိလိုက်ဘူး။ အဲလို..ကျမအဖြစ်က...

နောက်ထပ်မှားတာကတော့ နာမည်တွေကို သေသေခြာခြာမေးမထားမိတော့ကိုရီးယားလိုပြောတဲ့အချိန်မှာ စာထဲမှာသူတို့ကလဲ ဗမာ နာမည်တွေကို ကိုရီးယားလိုရေးထားတော့ အသံထွက်တွေမှားကုန်ရော။ အစီအစဉ်တခုပြီးတိုင်း “လက်ခုပ်တီးပြီးချီးမြှင့်ပေးကြပါ”လို့ ကျမက မပြောခင် လက်ခုပ်တွေတီး ကြတော့ ကျမလဲ မှားပြီးလက်ခုပ်တီးပြီးမှပြောမိတော့တယ်။ ကျမလေ ပွဲပြီးမှ ဖိတ်တဲ့သူကို အားနာလိုက်တာ...

မင်္ဂလာဆောင်မှာ သီချင်းသီဆိုပြီးချီးမြှင့်ပေးတဲ့ သူ ၃ ဦး ကတော့ တကယ့်အဆိုတော်တွေလိုပဲ မြန်မာသံကိုဆိုသွားတာ နားထောင်လို့ တကယ်ပဲ ကောင်းပါတယ်။ ကျမကြိုက်တဲ့ စုံတွဲသီချင်း မင်္ဂလာတေးကိုတယောက်ထဲဆိုတာ အရမ်းကောင်းပါတယ်။
ပွဲပြီးတော့ ခန်းမထဲက၀န်ထမ်းအမျိုးသမီးက “ဒါမြန်မာရိုးရာဝတ်စုံလား လှလိုက်တာနော်” လို့လာပြောတော့ အဲဒီကျမှ ကျမလဲ သဘောကျပြီး စိတ်နဲနဲသက်သာသွားပါတော့တယ်။ ကျမရဲ့ ကိုရီးယားကမြန်မာမင်္ဂလာဆောင် အခမ်းအနားမှူး အတွေ့အကြုံကတော့ အမှားများနဲ့ တကယ့်အမှတ်တရပါပဲရှင်။


အင်ကြင်း (Incheon, Korea)
23 Jan 2011, 2:56

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...