Sunday, October 2, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ လုပ်ကိုင်ရန် မြန်မာအစိုးရ အဆင်သင့်ရှိ(yangonchronicle 2011)

by Thet Zaw on Sunday, October 2, 2011 at 5:26pm
 
ဘာသာပြန်သတင်းများ
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ လုပ်ကိုင်ရန် မြန်မာအစိုးရ အဆင်သင့်ရှိ
(The Nation သတင်းမှ 1st October 2011 ရက်စွဲပါ "Myanmar regime ready to work with Suu Kyi" သတင်းကို ဘာသာပြန်ဆိုသည်။)
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီအနေဖြင့် တရားဝင် နိုင်ငံရေးနယ်ပယ်ရပ်ဝန်းသို့ ပြန်လည်ဝင်ရောက်   လာမည်ဆိုပါက မြန်မာအစိုးရက အတူတကွလုပ်ကိုင်သွားရန် အဆင်သင့် ရှိနေကြောင်း အစိုးရဝန်ကြီးက သောကြာနေ့တွင် အတိုက်အခံအုပ်စု ခေါင်းဆောင်နှင့် ဆွေးနွေးပွဲအပြီး၌ ထုတ်ဖော်ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအကြား ဆက်ဆံရေးတာဝန်ယူထားသူ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က "တကယ်လို့ NLD ပါတီက ဥပဒေအရ တရားဝင် မှတ်ပုံတင်မယ်ဆိုရင် NLD ပါတီနဲ့ အတူတကွ လုပ်ကိုင်သွားဖို့ကို ကျွန်တော်တို့ အမြဲတမ်းကြိုဆိုနေပါတယ်" ဟု သတင်းထောက်များ အား ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲကို နိုင်ခဲ့သော်လည်း အာဏာမရခဲ့ပါ။ မနှစ်က ရှားရှားပါးပါး ပြန်လည်ကျင်းပသော ရွေးကောက်ပွဲတွင်မူ အကျဉ်းကျပါတီဝင်များ မပါဝင်နိုင်အောင် ဥပဒေထုတ်ပြန်ကာ ပိတ်ပင်သဖြင့် NLD ပါတီက သပိတ်မှောက်ကန့်ကွက်ခဲ့သောကြောင့်  ရလဒ်အဖြစ် နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ခြင်း ခံခဲ့ရသည်။
သောကြာနေ့ ဆွေးနွေးပွဲအပြီးတွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးတိုးတက် ပြောင်းလဲမှုကို အခြေခံကာ ပါတီ ပြန်လည်မှတ်ပုံတင်ရေး ကိစ္စကို ထိပ်ပိုင်းပါတီဝင်များနှင့် သူမဆွေးနွေးမည်ဟု ပြောကြားသည်။
ရွေးကောက်ပွဲဟာ ဒီမိုကရေစီစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုဆိုတာကို ကျွန်မတို့လက်ခံပါတယ်ဟု သူမက ဆက်လက်ပြောဆိုသည်။ သမ္မတ၏ အကြံပေး ဦးကိုကိုလှိုင်က စက်တင်ဘာလ အစောပိုင်းတွင် AFP သတင်းဌာနသို့ ပြောကြားရာ၌ အကျဉ်းကျနိုင်ငံရေးပါတီဝင်များကို တားမြစ်ပိတ်ပင် ထားသည့် ဥပဒေကို ပြန်လည်ပြင်ဆင်ရန်ရှိသည်ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ၏ လက်ရှိအာဏာရ အစိုးရသည် အရပ်သားအစိုးရ နာမည်ခံထားသော်လည်း ယခင်အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်ဟောင်းများဖြင့်သာ ဖွဲ့စည်းထားခြင်းဖြစ်သည်။
အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် ရာစုဝက်မျှ စစ်ဖက်က အုပ်ချုပ်ခဲ့ပြီးနောက် နိုင်ငံရေးအပြောင်းအလဲလုပ်မည့် လက္ခဏာများ ပေါ်ထွက်လာခြင်းကို ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုခဲ့သော်လည်း သမ္မတဦးသိန်းစိန်က သူပေးထားသော ပြုပြင်ပြောင်းလဲရေး ကတိကဝတ်များကို ဆောင်ရွက်နိုင်မှာလားဆိုသည့်အချက် မသဲကွဲသေးပါဟု ပြောကြားထားသည်။
*************************************************************************************
ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်အား မည်သည့်ကတိများ ပေးခဲ့သနည်း
(30 Sept 2011 ရက်စွဲပါ Asia Times Online မှ Larry Jagan ၏ What Thein Sein promised Suu Kyi ကို ဘာသာ ပြန်ဆိုသည်)
မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကြား ကောင်းမွန်လာသော ဆက်ဆံရေးသည် တိုင်းပြည်၏ သမိုင်းတစ်လျှောက် စစ်တပ်လွှမ်းမိုးသော နိုင်ငံရေးရှုခင်းတွင် အခြေအနေသစ် တစ်ရပ်ကို ဖြစ်စေသည်။ ၎င်းတို့နှစ်ဦးသည် သြဂုတ်လ (၁၉) ရက်နေ့က တံခါးပိတ် တွေ့ဆုံခဲ့ရာ ထွက်ပေါ်လာသော ဆွေးနွေးသည့် အကြောင်းအရာများအရ အဓိက ညှိနှိုင်းမှုများသည် လာမည့် ရက်သတ္တပတ်များတွင် ဖြစ်ပေါ်လာတော့မည်ဟု ပြသနေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မကြာသေးမီက သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်ရှေ့တွင် သူမအား ထောက်ခံသူ အုပ်စုလေး တစ်ခုအား ပြောင်းလဲမှုအတွက် အခွင့်အလမ်းရှိသည်ဟု သူမယုံကြည်ကြောင်း ပြောခဲ့သည်။ သူမသည် အစိုးရထိပ်တန်းပုဂ္ဂိုလ်များနှင့် လည်းကောင်း၊ အတွင်းလူများနှင့်လည်းကောင်း လူသိရှင်ကြား တွေ့ဆုံခဲ့ပြီး၊ ရှေ့လာမည့် အပတ်ထက်စော၍ တွေ့ဆုံမှုများ ထပ်မံရှိလာနိုင်သည်ဟု ဆိုသည်။
အဆင့်မြင့်ပုဂ္ဂိုလ်များတွေ့ဆုံမှု၊ ပါလီမန်၏ ရွေ့လျားမှုနှင့် မကြာသေးမီက တရားဝင်ကြေညာချက်များအရ ဦးသိန်းစိန်၏ အစိုးရသည် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးလိမ့်မည်ဟူသော တွက်ဆချက်များ မြင့်တက်လာသည်။ ထိုအချက်သည် စစ်တပ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းရေးကာလတွင် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရနိုင်သော အဓိကလုပ်ဆောင်ချက် ဖြစ်မည်။ အကျဉ်းချခံရသူအများစုမှာ NLD မှ ဖြစ်ပြီး အခြားစစ်တပ်အုပ်ချုပ်ရေးကို ဆန့်ကျင်သော နိုင်ငံရေးအုပ်စုများမှ လူများပါ ပါဝင်သည်။
မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နယူးယောက်ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ယခုအပတ်အစောပိုင်းက ပြောကြားခဲ့ရာတွင် မြန်မာအစိုးရသည် မဝေးတော့သည့် အနာဂတ်တွင် အကျဉ်းသားများ ပိုမိုလွှတ်ပေးရန် အစီအစဉ်ရှိကြောင်း ပြောကြားခဲ့သည်။ သို့သော် ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်း ရှိ မရှိ ၎င်းက ဖော်ပြသွားခြင်း မရှိပေ။ အမည်မဖော်လိုသူ အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင် အသုတ် သုံးသုတ်ခွဲ၍ လွှတ်ပေးဖွယ်ရှိပြီး၊ ရှေ့လာမည့်အပတ်အတွင်း နာမည်ကျော် လူရွှင်တော်နှင့် ဘလော့ဂ်ဂါ ဇာဂနာ အပါအဝင် နှစ်ရာကျော်ကို လွှတ်ပေးမည်ဟု ဆိုသည်။
ထိုသို့သာ မှန်ကန်ခဲ့ပါက နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းသည် ပြည်တွင်းရော နိုင်ငံတကာ မျက်နှာစာတွင်ပါ ဦးသိန်းစိန်၏ အစိုးရသည် ၎င်း၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကတိကဝတ်အတိုင်း ဆောင်ရွက်ဖွယ်ရှိကြောင်း ရှင်းရှင်းလင်းလင်း ပြသလိုက်ခြင်းဖြစ်မည်။
မကြာသေးမီက ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း တွေ့ဆုံခဲ့သော မြန်မာနိုင်ငံအတွက် အမေရိကန်အထူးကိုယ်စားလှယ် Derek Mitchell သည် ၎င်း၏ခရီးစဉ်နှင့် ပတ်သက်သော အသေးစိတ်များကို ရေငုံနှုတ်ပိတ် နေခဲ့သော်လည်း ၎င်းသည်လည်း ပြောင်းလဲမှုများအတွက် ဖြစ်နိုင်ချေများအပေါ် စိတ်ဝင်စားစွာ စောင့်စားကြည့်ရှုနေမည်ဖြစ်သည်။ Mitchell သည် ၎င်း၏ ခရီးစဉ်အပြီးတွင် ပြောကြားခဲ့ရာ၌ ဝါရှင်တန်ဖက်မှ ရပ်တည်ချက်ပြောင်းရေး မစဉ်းစားမီ မြန်မာဖက်မှ စစ်မှန်ပြီးခိုင်မာသော ပြုပြင်ပြောင်းလဲရေးများ လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ဦးသိန်းစိန်သည် အမေရိကန်နှင့် ဥရောပတို့၏ စီးပွားရေးအရ အရေးယူမှုများ ရုတ်သိမ်းရန် နားချလျက်ရှိသည်။
“ကျွန်တော်ထင်တယ် မြန်မာနိုင်ငံမှာ ပြောင်းလဲမှု လေပြေတွေ တိုက်နေပြီဆိုတာ အသေအချာလို့ပြောရင် တရားမျှတမယ် ထင်ပါတယ်။ ဒါပေမယ့် ပြောင်းလဲမှု အတိုင်းအတာကတော့ သဲသဲကွဲကွဲ မပြောနိုင်သေးပါဘူး။ မြန်မာနိုင်ငံကို သွားခဲ့တဲ့သူတိုင်းကတော့ ပြောင်းလဲမှုတွေ ရှိတယ်ဆိုတာ အသိအမှတ် ပြုကြပါတယ်” ဟု အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က ယခုလအစောပိုင်းက ဝါရှင်တန်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
အစိုးရ၏ ဖြေလျော့ပေးမှုအများစုမှာ ကြေညာချက်ထုတ်ခြင်း၊ တရားဝင်ကတိပေးခြင်းများ မရှိပဲ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဒီမိုကရေစီနေ့ အထိမ်းအမှတ်အဖြစ် အစိုးရသည် ပိတ်ထားသော BBC ၊ DVB ၊ RFA နှင့် VOA စသည့် သတင်းဝက်ဆိုဒ်များကို ဖွင့်ပေးခဲ့သည်။ ထိုသို့မဖွင့်မီကလည်း Skype ၊ Yahoo နှင့် You Tube တို့ကို ဖွင့်ပေးခဲ့ပြီး ဖြစ်သည်။
တဖြည်းဖြည်းချင်း ပြောင်းလဲလာသောအရာများ ရှိသော်လည်း အနည်းငယ်ကိုသာ ဥပဒေဖြင့် အတည်ပြုမှု ရှိခဲ့သည်။ အရေးပါဆုံးသော ပြောင်းလဲမှုတစ်ခုမှာ စစ်တပ်ဗိုလ်ချုပ်ကြီးဟောင်း အရပ်သားတစ်ဝက် အစိုးရခေါင်းဆောင် ဦးသိန်းစိန်သည် တိုင်းပြည်၏ အနာဂတ်နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်အား ပါဝင်ရန် လိုလားပုံရသည်ဟူသော အချက်ပင်ဖြစ်သည်။ ထိုပြောင်းလဲမှုမှာ ယခင်စစ်အစိုးရ၏ ရပ်တည်ချက်နှင့် လုံးဝပြောင်းပြန် ဖြစ်နေသော ကိစ္စပင် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က သြဂုတ်လ (၁၉) ရက်နေ့ ဦးသိန်းစိန်နှင့် တွေ့ဆုံမှုရလဒ်အား ပျော်ရွှင်ကျေနပ်ကြောင်း ပြောခဲ့ရာ၊ ၎င်းတို့နှစ်ဦး ပြောဆိုခဲ့သော အသေးစိတ်အကြောင်းအရာတစ်ချို့ ထွက်ပေါ်ခဲ့သည်။ ၎င်းတို့နှစ်ဦး သီးသန့်တွေ့ဆုံမှုမှာ တစ်နာရီကျော်ကြာခဲ့သည်။ နှစ်ဦးစလုံး သွင်ပြင်မှာ မြန်မာ့ယဉ်ကျေးမှုနှင့်အညီဖြစ်ပြီး တွေ့ဆုံမှုအပြီးတွင် သက်တောင့်သက်သာနှင့် ပြုံးရွှင်ပြီးထွက်လာကြသည်ကို တွေ့ရသည်။
ပို၍အဓိပ္ပါယ်ရှိသော ကိစ္စတစ်ခုမှာ ၎င်းတို့တွေ့ဆုံရာ သမ္မတအိမ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်လည်းဖြစ်၊ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသူရဲကောင်းလည်းဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ပုံကို ချိတ်ဆွဲထားခြင်းပင် ဖြစ်သည်။ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ယခင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဗိုလ်ချုပ်အောင်ဆန်း၏ အမည်ရော ပုံရိပ်ကိုပါ ပြည်သူများ၏ အမှတ်ရနေမှုများမှ ဖယ်ရှားပစ်ရန် ကြိုးစားခဲ့သည်။ ဝေဖန်သုံးသပ်သူအများစုက ယခုကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံ ပြန်လည်ထွက်ပေါ်လာခြင်းကို ပြောင်းလဲမှု၏ အရေးကြီးသော လက္ခဏာအဖြစ် လက်ခံခဲ့ကြသည်။
“ကျွန်တော်တို့ဟာ သူမနဲ့ အလုပ်လုပ်ဖို့ စိတ်အားထက်သန်တယ်ဆိုတာ လေဒီကို ပြသနိုင်ဖို့ အရေးကြီးပါတယ်” ဟု သမ္မတနှင့် နီးစပ်သူ အစိုးရ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ကျွန်တော်တို့က သူ့ကို အတိုက်အခံတစ်ယောက်အနေနဲ့ သဘောမထားပါဘူး။ အားကောင်းတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်လို မြင်ပါတယ်” ဟု ဆိုသည်။
နောက်ထပ် သိစေခဲ့သော သတင်းစကားတစ်ခုမှာ အစိုးရသစ်သည် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးသမားတစ်ဦး၊ တရားဝင် ဖျက်သိမ်း ခံထားရသော NLD ၏ ခေါင်းဆောင်တစ်ဦးထက်စာလျှင် အရေးကြီးသော ပြည်သူချစ်ခေါင်းဆောင်တစ်ဦးအဖြစ် ရှုမြင်သည်ဆိုသည့်အချက် ဖြစ်သည်။ သမ္မတနှင့် သူမတို့၏ တံခါးပိတ်တွေ့ဆုံမှုတွင် အနာဂတ်၌ သူမပါဝင်နိုင်သည့် အခန်းကဏ္ဍကို ပြောခဲ့ကြသည်ဟု နေပြည်တော်မှ အမည်မဖော်လိုသော သတင်းများက ဆိုသည်။
၎င်းတို့က တွေ့ဆုံဆွေးနွေးမှုသည် ညှိနှိုင်းခြင်းထက်စာလျှင် ယုံကြည်မှု ပိုမိုတည်ဆောက်နိုင်မည် ဖြစ်ကြောင်း၊ ခေါင်းဆောင်နှစ်ဦးသည် ဒီမိုကရေစီဖြစ်ထွန်းအမြစ်တွယ်ရေးအတွက် စစ်မှန်သော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြသည်ဟုဆိုပါသည်။ ဦးသိန်းစိန်အနေဖြင့် NLD ပါတီသည် လက်ရှိအားဖြင့် တရားမဝင်သော်လည်း ထိုကိစ္စကသပ်သပ်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တိုင်းပြည်အတွင်း လွတ်လပ်စွာ သွားလာနိုင်ကြောင်း သေချာစေခဲ့ သည်ဟု သတင်းများကပြောပါသည်။ ဦးသိန်းစိန်၏ ဇနီးကလည်း အခြားဝန်ကြီးများ၏ ဇနီးများနှင့် အတူ ဒေါ်အောင်ဆန်း စုကြည်အား အလုပ်သဘောမဟုတ်သော ညစာတည်ခင်းခဲ့သည်ဟု ၎င်းသတင်းများက ပြောပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကိစ္စ
နိုင်ငံရေးအကျဉ်းသားများ ကိစ္စသည် ဒေါ်အောင်ဆန်းစုကြည်၏ အစီအစဉ်တွင် ထိပ်ဆုံးကရှိနေပြီး ၎င်းတို့အား ချွင်းချက်မရှိ လွှတ်ပေးခြင်း မပြုသမျှ ရှေ့ဆက်မသွားနိုင်ကြောင်း သမ္မတကြီးအား သူမကပြောခဲ့မည်မှာ အသေအချာ ဖြစ်ပါသည်။ ဦးသိန်းစိန်၏ အကြံပေးပုဂ္ဂိုလ်များကလည်း အာဆီယံရှိ အိမ်နီးချင်းများ အပါအဝင်ပြင်ပကမ္ဘာနှင့် ဆက်ဆံရေး တိုးတက်ရေးသည်လည်း အဓိကသော့ချက် ဖြစ်သည်ကို သိကြပါသည်။ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမှသာ ၂၀၁၄ တွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌနေရာ ရယူနိုင်ရေးလမ်းကြောင်း ချောမွေ့နိုင်မည် ဖြစ်ပါသည်။ ယခုနှစ် နောက် ပိုင်းတွင် ဥက္ကဋ္ဌနေရာအတွက် ဆုံးဖြတ်မည်ဖြစ်ပါသည်။
ယခင်စစ်အစိုးရ ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြီးခဲ့သည့် နိုဝင်ဘာလရွေးကောက်ပွဲ ပြီးစတွင် တစ်ကြိမ်၊ ယခုနှစ် အစောပိုင်း ဦးသိန်းစိန် အာဏာမရမီက တစ်ကြိမ် နိုင်ငံရေးအကျဉ်းသားများနှင့် ထောက်လှမ်းရေး အရာရှိဟောင်းများ လွှတ်ပေးရေးကိစ္စမှာ ညှိနှိုင်းမပေးနိုင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီး ဖြစ်ပါသည်။ ထိုကြောင့် ဦးသိန်းစိန်သည် ထိုလမ်းကို ဆက်လျှောက်မည်လော ဆိုသည်မှာ မေးခွန်းတစ်ခု ဖြစ်နေဆဲ ဖြစ်ပါသည်။ သို့သော် မကြာသေးမီက ပါလီမန်မှ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး တောင်းဆိုချက်ကြောင့် အနည်းဆုံး ၎င်းတို့အထဲမှ အချို့မှာ ပြန်လွှတ်ပေးဖွယ် ရှိလာပါသည်။ ထိုကိစ္စကို လွှတ်တော်မှ တဆင့်တောင်းဆိုနိုင်ရန် ပဲ့ကိုင်ခဲ့သူမှာ စစ်အစိုးရ၏ တတိယအဆင့်ရှိ ဗိုလ်ချုပ်ကြီးဟောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းဖြစ်နေသည့် ဆိုသည့် အချက်မှာ အလွန်တရာ အရေးပါကြောင်း ဝေဖန်သုံးသပ်သူများက ပြောပါသည်။
နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးကိစ္စနှင့် ပတ်သက်၍ ကန့်ကွက်သူများ ပေါ်ထွက်လာမှုကြောင့် သူရဦးရွှေမန်းသည် လွှတ်တော်ကို ၁၅မိနစ် ခေတ္တရပ်နားချိန်တွင် ၂၅ရာခိုင်နှုန်းသော စစ်တပ်မှ အမတ်များအား ထောက်ခံရန် တိုက်တွန်းခဲ့ပြီး အများစုအနေဖြင့် နောက်ဆုံးတွင် အတည်ပြု နိုင်ရန် လုပ်ဆောင်ခဲ့ပါသည်။
သူရရွှေမန်းအား ယခင်က ဦးသန်းရွှေ၏ နေရာဆက်ခံမည့်သူဟု ယူဆခဲ့ကြပါသည်။ ၎င်းသည် ယခု သမ္မတသစ်အား လုံးဝထောက်ခံသူ ဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သော သတင်းများအရ သိရှိရပါသည်။ သတင်းများက သူရ ဦးရွှေမန်းသည် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စမှာ ပြည်တွင်းတွင်ရော နိုင်ငံတကာတွင်ပါ မတူခြားနားသော လုပ်ရပ်တစ်ခုဖြစ်လာမည်ဖြစ်၍ ၎င်းလုပ်ဆောင်နိုင်သမျှ ထောက်ခံပံ့ပိုးပေးခြင်း ဖြစ်ကြောင်း ဆိုပါသည်။ အဆိုပါကိစ္စအပေါ် နိုင်ငံတကာဖိအားများရှိနေခြင်းကြောင့် ၎င်း၏ ပံ့ပိုးမှုသည် အရေးပါလှပါသည်။
ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမှုတွင် ပုဂ္ဂလိက ကိစ္စရပ်များလည်း ပါဝင်ကြောင်း အစိုးရအတွင်း သတင်းများအရ သိရှိရပါသည်။ ဦးသိန်းစိန်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်မိသားစု စစ်အတွင်းက ပျဉ်းမနားတွင် နေထိုင်ခဲ့သောအိမ်မှာ ဟောင်းနေ၍ ဖျက်အံ့ဆဲဆဲတွင် မဖျက်အောင် ဆောင်ရွက်ပေးခဲ့ပါသည်။ ဒေါ်အောင်ဆန်း စုကြည်က သူမ ငယ်စဉ်က ထိုအိမ်ရှေ့တွင် ရပ်နေသည့်ပုံကို သမ္မတကြီး အားပေးအပ်ခဲ့သည်ဟု ဆိုပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် မကြာသေးမီက တွေ့ဆုံခဲ့သော ရန်ကုန်ရှိ သံတမန်အားလုံးက သူမသည် အနာဂတ်အတွက် ယုံကြည်မှု အပြည့် ရှိနေပြီး စစ်မှန်သော ပြောင်းလဲမှု ဖြစ်နိုင်ချေများအပေါ်တွင်လည်း အကောင်းမြင် လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ဦးသိန်းစိန်ကို ယုံကြည်ရကြောင်း ၎င်းသည်တိုင်းပြည်ကို အမှန်တကယ် ပြုပြင်ပြောင်းလဲရန် ကြိုးစားနေကြောင်း နိုင်ငံတကာ၏ ထောက်ခံမှုလိုအပ်ကြောင်း သူမက နိုင်ငံခြားကိုယ်စားလှယ် အချို့အား ပြောပြခဲ့ပါ သည်။
ယခင်ကလည်း ထိုသို့သော နွေးထွေးသည့် ဆက်ဆံရေးမျိုးကို သူမနှင့် ယခင်ထောက်လှမ်းရေး အကြီးအကဲနှင့် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ လျှို့ဝှက်တွေ့ဆုံမှုများတွင် တွေ့ခဲ့ကြရပါဖူးပါသည်။ ထို့ကြောင့်ပင် သူမသည် ၂၀၀၂ခုနှစ် မေလတွင် လွတ်မြောက်ခဲ့ပြီး တစ်နှစ်အကြာတွင် သူမ၏ ကားတန်းအား အစိုးရထောက်ခံသော လူသတ် သမားများက တိုက်ခိုက်ခဲ့ပြီး သူမအား ထောက်ခံသူ လူအမြားအပြား သေဆုံးခဲ့ရပြီး သူမမှာလည်း ပြန်လည်ဖမ်းဆီးခံခဲ့ ရပါသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့် မှာလည်း ၂၀၀၄တွင် ရာထူးမှ ဖယ်ရှားခံရပြီး ယနေ့တိုင် နေအိမ်အကျယ်ချုပ်ဖြင့် ရှိနေဆဲ ဖြစ်ပါသည်။
ယခုတစ်ကြိမ်တွင်လည်း ယခင်ကလို အမှားမျိုးမကျူးလွန်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းက လိုလားလျက် ရှိနေကြောင်း သံတမန်များက ပြောဆိုနေကြ ပါသည်။
ထိုစဉ်ကကဲ့သို့ပင် ယခုလည်း စစ်တပ်မှ သဘောထားတင်းမာသော အုပ်စုများက အခွင့်အရေးရလျှင် တွယ်ရန် အသင့်စောင့်နေကြပါသည်။ ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး ဦးဆောင်သော အဆိုပါ သဘောထားတင်းမာသော အုပ်စုသည် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ကောင်းမွန်သော ဆက်ဆံရေးထူထောင်လာမှုကို မနှစ်မြို့နိုင်မည်မှာ အသေချာပင် ဖြစ်ပါသည်။ အချို့သဘောထား တင်းမာသော ဝန်ကြီးများမှာ ၎င်းတို့နှစ်ဦး တွေ့ဆုံမှုကို မသိရှိကြဘဲ ညနေပိုင်း ရုပ်မြင်သံကြားတွင်မှ သိရှိခဲ့ရကြောင်း  အစိုးရအတွင်း သတင်းများအရ သိရှိရပါသည်။
ဦးသိန်းစိန်၏ ပြန်လည်ပေါင်းစည်းရေးလက္ခဏာများမှာ စစ်မှန်ပြီး နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးခြင်းသည် အမျိုးသား ရင်ကြားစေ့ရေးဆီသို့ ဦးတည်သော စကားပြောဆိုမှုများဖြစ်စေရေးအတွက် အစဖြစ်မည်ဖြစ်ကြောင်း သံတမန်အများစုနှင့် သုံးသပ်သူများက ယုံကြည်ကြ ပါသည်။ ၎င်းတို့နှစ်ဦး နောက်တစ်ကြိမ်တွေ့ဆုံမှုမှာ လာမည့်အပတ် ပထမအဆင့် အကျဉ်းသားများ လွှတ်ပေးအပြီးတွင်ဖြစ်ရန် ယာယီ သတ်မှတ် ထားကြောင်း အစိုးရအတွင်းလူများက ဆိုပါသည်။
သို့သော် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှု အပါအဝင် ပြောင်းလဲမှုများသည် တည်ငြိမ်ရေးအတွက် အန္တရာယ်များကြောင်း စစ်တပ်က ဆုံးဖြတ်လျှင် နောက်တစ်ကြိမ် စစ်တပ်အာဏာသိမ်းမှု ဖြစ်နိုင်ကြောင်း အချို့ကယုံကြည်နေပါသည်။ ယခုအချိန်ထိမူ စစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းအား ထောက်ခံကြောင်း အချက်ပြခဲ့ပါသည်။ သို့သော် စစ်တပ်က ရေရှည်ထောက်ခံမှု ရရန်မှာ သေချာလှသည်တော့ မဟုတ်ပေ။
အထူးသဖြင့် အကယ်၍သာ ယခင်စစ်အာဏာရှင် ဦးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နှင့်  အစိုးရသစ် ထိတွေ့ ဆက်ဆံလာမှု အပါအဝင် ပြောင်းလဲမှုများသည် ၎င်းအတွက် ခြိမ်းခြောက်လာပြီဟု ခံစားရလျှင် ဝင်ရောက်စွက်ဖက်ရန် ဆုံးဖြတ်မည်မှာ အသေအချာပင်ဖြစ်သည်။ ၂၀၀၈ခုနှစ် အခြေခံဥပဒေအရ စစ်တပ်သည် အမျိုးသားလုံခြုံရေးကို ထိန်းသိမ်းသည်ဟုဆိုကာ တရားဝင်အာဏာသိမ်းနိုင်ပါသည်။  “ကျွန်တော်တို့ မအောင်မြင် ခဲ့ရင်တော့ ထောင်ထဲသွားရတော့မှာပါ” ဟု အမည်မဖော်လိုသူ အစိုးရအရာရှိ ကြီးတစ်ဦးကပြောပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...