ကဒါဖီ သူ၏ဇာတိမြို့တွင် သေဆုံးကြောင်း လစ်ဗျားဝန်ကြီးချုပ် အတည်ပြု – Libyan PM confirms Gaddafi killed
by Min Kyaw Khine on Friday, October 21, 2011 at 1:39am
Add caption |
အောက်တိုဘာ ၂၀၊ ၂၀၁၁ Al-Arabiya တွင် ပြသသွားသော ကဒါဖီ၏ ရုပ်အလောင်း – ဓာတ်ပုံ AP
လစ်ဗျားကို နှစ် ၄၀ ကျော်ကြာ အုပ်ချုပ်ခဲ့သော ဗိုလ်မှူးကြီး ကဒါဖီ ယနေ့ သူ၏ဇာတိမြို့Sirte တွင် ကျဆုံးသွားကြောင်း လစ်ဗျား ၀န်ကြီးချုပ် Mahmoud Jibril က ပြောလိုက်သည်။
“ကျနော်တို့ ဒီအချိန်ကို စောင့်စားနေတာ ကြာလှပါပြီ။ ကဒါဖီ သေဆုံးသွားပါပြီ” ဟု လစ်ဗျားဝန်ကြီးချုပ်က ထရီပိုလီမြို့တော် သတင်းစာရှင်းလင်းပွဲတွင်ေ ပြာလိုက်သည်။
ကဒါဖီ သေဆုံးချိန်တွင် အသက် ၆၉ နှစ်ခန့် ရှိပြီဟု သိရသည်။
ဗိုလ်မှူးကြီး ကဒါဖီသည် မြို့တော် ထရီပိုလီမှ ဆုတ်ခွာပြီး သြဂုတ်လကိုင်ပိုင်းမှစ၍ ပုန်းအောင်းနေခြင်းဖြစ်သည်။ အ၀တ်အစား ဖက်ရှင် အဆန်းထွင် ၀တ်တတ်သူ အာဏာရှင် ကဒါဖီသည် အမျိုးသမီး ဘော်ဒီဂတ်များဖြင့် သွားလာလေ့ ရှိသော်လည်း ယခု သူ၏ အဆုံးသတ်ချိန်တွင် ရိုက်ကူးထားသည့် မြင်ကွင်းမှာ အကျဉ်းတန်လွန်းလှသည်။
ကဒါဖီကို သစ္စာခံသော တပ်သားများက သူ့ကို နောက်ဆုံးအချိန်အထိ အကာအကွယ်ပေးကြကြောင်း၊ တော်လှန်ရေးတပ်သားများက ၎င်းတို့နှင့် တဖြည်းဖြည်း နီးကပ်လာကြောင်း၊ ထိုနေရာမှ မော်တော်ယာဉ်တန်းတခု ထွက်ခွာစဉ် နေတိုးတပ်များက လေကြောင်းမှ တိုက်ခိုက်ကြောင်း၊ သို့သော်လည်း ယာဉ်တန်းအတွင်း ကဒါဖီ ပါဝင်ခြင်း ရှိမရှိ မသိရကြောင်း အစောပိုင်း ထွက်ပေါ်လာသော သတင်းများက ဆိုသည်။
ကဒါဖီသေဆုံးပုံ အသေးစိတ်ကို မသိရသေးပေ။
ကဒါဖီ၏ သွေးအလိမ်းလိမ်း ရုပ်အလောင်းအား ကန်ကျောက် နေပုံကို အယ်လ်ဂျာဇီးယား ရုပ်သံက ရိုက်ကူးထားသည်။
နောက်ပိုင်းတွင် သူ၏ ရုပ်အလောင်းကို အနီးရှိ Misrata မြို့သို့ သယ်ဆောင် ပြောင်းရွှေ့သွားကြောင်း သိရသည်။
ကဒါဖီ ကျဆန်းမှုကြောင့် လစ်ဗျားပြည်သူအများအပြား အောင်ပွဲခံ ပျော်ရွှင်နေပုံကို နိုင်ငံတကာ ရုပ်မြင်သံကြား များတွင် တိုက်ရိုက် ထုတ်လွှင့် ပြသနေကြသည်။
ကုလသမဂ အထွေထွေအတွင်းရေးမှူးချုပ်ဘန်ကီမွန်းကလည်း ကဒါဖီ သေဆုံးမှုသည် လစ်ဗျားနိုင်ငံ၏ သမိုင်းတွင်သော အပြောင်းအလဲဖြစ်သည်ဟု ပြောလိုက်သည်။
ထိုဒေသသို့ ရောက်နေသည့် CNN သတင်းထောက်က လစ်ဗျားပြည်တွင်းစစ် အဆုံးသတ်ဦးမည်မဟုတ်ဟု ခန့်မှန်းလိုက်သည်။
အပြန်အလှန် လက်စားချေမှုများ၊ တိုက်ခိုက် သတ်ဖြတ်မှုများ ငြိမ်သက်သွားဦးမည်မဟုတ်ကြောင်း၊ ကဒါဖီသစ္စာခံတပ်သားများဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆခံရသူတချို့သည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်သည့် အရပ်သားများ ဖြစ်ကြောင်း၊ လုယက်မှုများ အများအပြား ဖြစ်ပေါ်နေကြောင်း၊ ပြဿနာ အကြီးအကျယ် တက်နေကြောင်း သူ၏ ပြောဆိုမှုကို CNN တွင် ထုတ်လွှင့်သွားသည်။
မိုးမခ၊ အောက်တိုဘာ ၂၀၊ ၂၀၁၁
0 comments:
Post a Comment