Tuesday, October 25, 2011

Civil Society အပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်အမျိုးမျိုး


ဓမ္မါ ဝဘ့်ဘါ ၊ အခန်း(၂)၊ Civil Society၏ အဓိပ္ပါယ်ကို စူးစမ်းလေ့လာခြင်းမှ

           Civil Society အပေါ်ဖွင့်ဆိုထားသော ဘုံအဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရှာကြည့်ရန်မှာ မဖြစ်နိုင်ပေ။ ဤအပိုင်းတွင် Civil Society အပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက် မည်မျှကြွယ်ဝကြောင်း၊ မည်မျှကွဲ ပြားမှုရှိ ကြောင်း သိရှိနိုင်စေရန်ရည်ရွယ်၍ ထင်ရှားသော ခေတ်ပြိုင်ပုဂ္ဂိုလ်များ၏ အမျိုးမျိုးသော အဓိပ္ပါယ်ဖွင့်ဆို ချက်တို့ကို ကြိုးစားတင်ပြထားပါသည်။
          Civil Society ဆိုသည်မှာ အစိုးရနှင့် မသက်ဆိုင်သည့် အမျိုးမျိုးသော အဖွဲ့အစည်းများဖြစ်ပြီး နိုင်ငံ တော်(အစိုးရ)ကို တန်ပြန်ထိန်းညှို့နိုင်စွမ်းရှိလောက်အောင် အင်အားတောင့်တင်းကြသည်။ အစိုးရများအား ငြိမ်း ချမ်းရေးထိန်းသိမ်းခြင်းနှင့် အဓိကကျသော အကျိုးစီးပွားအုပ်စုများအကြား၊ ကြားဝင်ဖြန်ဖြေရေး ကဲ့သို့ သော အစိုးရ၏ လုပ်ငန်းဆောင်တာများကို ပြည့်ဝစွာ ဆောင်ရွက်နိုင်ရန် ကန့်ကွက်တားဆီးခြင်းမရှိသော် လည်း အစိုးရ များအနေဖြင့် လူမှုအသိုင်းအဝိုင်းအပေါ် လက်ဝါးကြီးအုပ်လွှမ်းမိုးချယ်လှယ်ထားခြင်း၊ သီးခြား စီမံခွဲထုတ်ခြင်း များ မရှိစေရန် ကာကွယ်တားဆီးပေးထားသည်။
                                                                                    အားနက်စ်ဂဲလ်နာ(Ernest Gellner)

           Civil Societyဆိုသည်မှာ ပုံစံအမျိုးမျိုးရှိသောလူမှုလှုပ်ရှားမှုများ (social movements) နှင့်လူတန်းစားအလွှာအသီးသီးမှ ဖွဲ့စည်းတည်ထောင်ထားကြသည့် ပြည်သူတို့၏ အသင်းအဖွဲ့ (civic organizations) များက ၎င်းတို့၏အရေးများကို ၎င်းတို့ကိုယ်တိုင် ထုတ်ဖော်တင်ပြနိုင်ရန်နှင့် ၎င်းတို့၏ အကျိုးစီးပွားများအတွက် အကောင်ထည်ဖော်ဆောင်နိုင်ရန်အတွက် ၎င်းတို့ကိုယ်ကိုစနစ်တကျ စုစည်း ထားရာ နယ်ပယ်ကြီးတစ်ရပ်ကို ရည်ညွှန်းခေါ်ဆိုသည်။
                                                             ပါမောက္ခ အဲဖရက်စတီဖင်(Professor Alfred Stepan)

          Civil Societyဆိုသည်မှာ နိုင်ငံတော်အစိုးရ(State)နှင့် တသီးပုဂ္ဂလ(individuais)ရှိ လှုပ်ရှား ဆောင်ရွက် မှုများရှိသည့် ကွန်ယက်အဖွဲ့အစည်းများ( networking organizations)၊ အုပ်စုများ၊ အစည်းအရုံးများ၊အသင်း အဖွဲ့များ၊ ဖောင်ဒေးရှင်းများ၊ အဖွဲ့အစည်းများကိုဆိုလိုသည်။ Civil Society၏ ထင်ရှားသော လက္ခဏာများမှာ နိုင်ငံတော်(အစိုးရ)နှင့်ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတော်မှ အကူအညီများလက်ခံနိုင်မှု အခြေအနေများရှိသော် လည်း နိုင်ငံတော်၏ ထိန်းချုပ်မှုအောက်(သို့) ညွှန်ကြားမှုအောက်၌ရှိမနေခြင်းပင်ဖြစ်သည်။ ပြီးနောက်တသီးပုဂ္ဂ လများအား အုပ်စုအဖြစ်စုဝေးကြရန်နှင့် အများအတွက်စုပေါင်းတာဝန်ယူကြရန် ထောက်ခံအားပေးသည်။ အစွန်းရောက်တသီးပုဂ္ဂလ အယူဝါဒ (extreme individualism)ကို အားမပေးသော်လည်း အုပ်စုတစ်ခုခု၏ မိမိ တို့ကိုယ်ပိုင် အကျိုးစီးပွား ရှာဖွေမှု(သို့မဟုတ်) ကာကွယ်မှုတို့ကို ဆန့်ကျင်ခြင်းမပြုချေ။
                                                                       အနိတ်ခ် လောဝ်ထမ္မထက် Anel laothamatas

          Civil Society ဟူသည် လူ့ဘောင်လူ့အဖွဲ့အစည်းအတွင်းရှိ လူများက ကဒ်ဆိုးများ(သို့) ရှုပ်ထွေး နက်နဲ၍ဖြေရှင်းရန်ခက်ခဲသောပြဿနာများကို မတွေ့မြင်ရသဖြင့် အဆိုပါပြဿနာများကို စုပေါင်းဖြေရှင်း ရန်(သို့မဟုတ်) တစ်စုံတစ်ခုသောရည်မှန်းချက်ပြည့်မြောက်အောင်မြင်ရန်အတွက် တစ်စုံတစ်ခုသော လုပ်ငန်းကို ဆောင်ရွက်ရန် ဟူသောတူညီသည့် စိတ်ဆန္ဒနှင့်ရည်မှန်းချက်ဖြင့် အုပ်စု(ဝါ) အဖွဲ့အစည်း များအဖြစ် အချင်းချင်းလာရောက်ပူး ပေါင်းစုစည်းကြခြင်းကို  ဆိုလိုဟန်တူသည်။ ထိုကဲ့သို့လာရောက် စုစည်းကြရာတွင်လည်း စီမံခန့်ခွဲမှုစနစ်တရပ် ၏အောက်တွင် ချစ်ခင်မှု၊ စည်းလုံးညီညွတ်မှု၊ ညှာတာ ထောက်တားမှု၊ လွတ်လပ်သောစိတ်ဆန္ဒသဘောတရား များအရလာရောက်စုစည်းကြခြင်းဖြစ်ပြီး ကွန်ယက် (Network) များအဖြစ် ဆက်စပ်ထားခြင်းများရှိသည်။
                                                                            ဆရာဝန် ချူးချိုင်း ဆုဘဝုမ်း(င်)


          Civil Society ဆိုသည်မှာ ပုဂ္ဂလများဖြစ်သော မိသားစုများ၊ မိတ်ဆွေအပေါင်းအသင်းများက တစ်ဖက် နှင့်အစိုးရနယ်ပယ်များက တဖက်ကြားတွင်တည်ရှိသည့်လူ့ဘောင်၊ လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းတရပ်ဖြစ် သည်။ အမေရိကန်ပြည်ထောင်စုအတွင်းကြည့်မယ်ဆိုလျှင် ချတ်ခ်ျများ၊ ပြည်သူတို့၏အသင်းအဖွဲ့ကလပ်များ၊ အိမ်နီးနားချင်းများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများကို (Civil Society)အဖြစ်မြင်တွေ့နိုင်သည်။ ထို့အပြင် ကမ္ဘာအခြေအနေများကို စားသောက်ဆိုင်တစ်ဆိုင်တွင် ချိန်းတွေ့ဆွေးနွေးကြသော အုပ်စုများ၊ အမှိုက်စွန့်ပစ်ရန် နေရာသတ်မှတ်မည့် အရေးကိစ္စအတွက် ပြုလုပ်သော မြို့နေပြည်သူများ၏ အစည်းအဝေးများအဖြစ်လည်း မြင် တွေ့နိုင်ပါသည်။ လူ့ဘောင် လူ့အဖွဲ့အစည်း၏ ထိုကဲ့သို့သော အစိတ်အပိုင်းကို လေ့လာကြည့်ခြင်းအားဖြင့်ရပ်ရွာ အသိုင်းအဝိုင်းများနှင့် နိုင်ငံများအနေဖြင့်မည်မျှအထိ အလုပ်ဖြစ်၊  ခရီးပေါက်ရောက်သည်ကို ဆိုသည်ကိုကျွန်ုပ် တို့နှင့် အခြားသုတေသနသမားများအနေဖြင့် အတော်အတန်သင်ယူသိရှိခဲ့ကြသည်။
          စိုစွတ်သော ရိုင်းမြေအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုပေးပုံနှင့် Civil Society အနေဖြင့် နိုင်ငံရေးဆိုင်ရာ ပတ်ဝန်းကျင်ကို အကျိုးပြုပေးပုံတို့မှာ အဆင်တူသည်ကို ကျွန်ုပ်တို့ တွေ့ရှိခဲ့သည်။ ဆိုလိုသည် မှာ Civil Society သည်ကျွန်ုပ်တို့မိသားစု၏ အပြင်ဘက်ရှိ လူများနှင့် ဆက်စပ်ပတ်သက်မှုများဖြစ်ပွားရာ နေရာ ဖြစ်သည်။ ဤနေရာကိုပင်လျှင် ဘောဂဗေဒပညာရှင်များက ‘လူမှုအရင်းများ(social capitals)’ထုတ်လုပ်ထွက် ပေါ်ရာ နေရာဟုခေါ်သည်။
                               ဒေးဗစ် မက်သယူး David Mathews,The Kettering Foundation ၏ ဒါရိုက်တာ

Civil Society ဆိုသည်မှာ
(၁)အစိုးရအာဏာပိုင်များဖြစ်စေ၊ ပုဂ္ဂလိကကုန်ထုတ်အင်အားစုများမှဖြစ်စေ အတော်အတန် လွတ်လပ်မှု ရှိသော
(၂)၎င်းတို့၏ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် သုံးသပ်ဆင်ခြင် နိုင်စွမ်းနှင့် စုပေါင်းလုပ်ဆောင် နိုင်စွမ်းရှိသော
(၃)အစိုးရယန္တယားများ၏နေရာတွင် ဝင်ရောက်အစားထိုးနေရာယူရန်ကြိုးပမ်းမှုမရှိသော
(၄)မူလတည်ရှိနေပြီးသားလူမှုစည်းမျဉ်းများ(သို့)ဥပဒေဘောင်အတွင်း၌သာလှုပ်ရှားဆောင်ရွက်ရန်သဘော တူညီသော မိမိတို့ဘာသာစုဖွဲ့ထားကြသည့် ကြားခံအစုအဖွဲ့(သို့)ကြားခံစနစ်တစ်ခုဖြစ်သည်။
                                                                                    ဖိလိစ်ပ် ရှိမစ်တာ Philipe Schmitter

          Civil Society ဆိုသည်မှာပုံစံအမျိုးမျိုးနှင့်ဖွဲ့စည်းထားသောအဖွဲ့အစည်းများကိုရည်ညွန်းခြင်းဖြစ်ပြီးယင်း အဖွဲ့အစည်းများ ကို စေတနာ့ဝန်ထမ်းအသင်းအဖွဲ့များ/မိမိတို့၏သဘောဆန္ဒအရ လာရောက်စုစည်းထားကြသည့် အဖွဲ့အစည်းများ(သို့မဟုတ်) ဒုတိယတန်းစားအဖွဲ့အစည်း/အဆောက်အအုံ (secondary institutions) ဟူ၍၎င်း၊ မကြာခဏခေါ်ဝေါ်ကြသည်။ ဤအဖွဲ့အစည်းများအတွင်းတွင် မိသားစုများ၊ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ၊ ကိုယ်ထူကိုယ်ထ အသင်းအဖွဲ့များ လိုအပ်နေသူများကို အကူ အညီပေးသော အလှူရှင် များ၊ အိမ်နီးနားချင်းများဖြင့် ဖွဲ့စည်းထားသည့် အသင်းများ/ရပ်ရွာ အသင်းများ စသသည်တို့ပါဝင်သည်။   
                                                          ယန်း ဘက်သ်ကီ အယ်လ်ရှတိန်း Jeam Bethke Elshtain

          အရှေ့ဥရောပနိုင်ငံများတွင် ဖြစ်ပွားခဲ့သောတော်လှန်ရေးများ၏  ဥပမာကိုကြည့်၍ ကမ္ဘာတစ်လွှား ရှိ အတွေးအခေါ်ပညာရှင်များနှင့် တတ်ကြွလှုပ်ရှားသူများက အစိုးရနှင့် မသက်ဆိုင်သော အောက်ပါအဖွဲ့ အစည်းများကို Civil Society ဟူသော ခေါင်းစဉ်အောက်တွင် ထည့်သွင်းထားလေ့ရှိကြသည်။ ၎င်းတို့မှာ…….
(၁)(အစိုးရက ထိန်းချုပ်ထားခြင်းမရှိသော)ရုပ်မြင်သံကြား၊ ရေဒီယို၊ ရုပ်ရှင် နှင့်ပုံနိုပ်ထုတ်ဝေရေး လုပ်ငန်း များအပါအဝင် လူထုဆက်သွယ်ရေးယန္တယားများ။
(၂) မိဘမဲ့ဂေဟာများ၊ကျောင်းများ၊ တက္ကသိုလ်များ၊ ပြတိုက်များ၊ စာကြည့်တိုက်များ၊စာဖတ်အသင်းနှင့် အထိမ်းအမှတ်ကျောက်တိုင်များ၊ ရုပ်ထုများ ပညာရေးဆိုင်ရာအဖွဲ့အစည်းများကဲ့သို့သော ပညာရေး အဆောက်အအုံ ၊ အဖွဲ့အစည်းများ။
(၃) အလုပ်သမားသမဂ္ဂနှင့် စီးပွားရေးလုပ်ငန်းရှင်းကြီးများကဲ့သို့သော အကျိုးစီးပွားအုပ်စုများ။
(၄) ချတ်ခ်ျများ၊ ဘုန်းကြီးကျောင်းများနှင့် ၎င်းတို့နှင့်ဆက်နွယ်သောအဖွဲ့အစည်းများ။
(၅) အပန်းဖြေချိန်နှင့်အားလပ်ချိန်များအတွင်း လှုပ်ရှားမှုများ။(ဥပမာအားဖြင့် အားကစားအဖွဲ့များ၊ ကလပ်များ၊ ရပ်ရွာအသင်းအဖွဲ့များနှင့် အိမ်ငှားသူများအသင်းများ) စသည်တို့ဖြစ်သည်။
          အချို့သောသီအိုရီသမားများကစီးပွားရေးစနစ်ကို Civil Society ထဲတွင်ထည့်ထားကြသော်လည်း၊ အချို့ကထည့်သွင်းခြင်းမပြုပေ။ အချို့သောသူများက(တခါတရံ ‘ဘဝကမ္ဘာ(life world)’ဟုလည်း ရည်ညွှန်းခေါ်ဆိုသော) မိသားစုနှင့် မိတ်ဆွေများကဲ့သို့သော ပုဂ္ဂလိက နယ်ပယ်များကိုCivil Society အတွင်းထည့်သွင်းသော် လည်း၊ အချို့ကထည့်သွင်းခြင်းမပြုတော့ချေ။ အလားတူအခြားအရေးကြီးသည့် မေးခွန်းတစ်ရပ်မှာ နိုင်ငံရေးပါ တီများနှင့်မည်သည့်နေရာတွင် ထားရှိမည်လဲ ဟူသောမေးခွန်းမျိုးဖြစ်သည်။ နိုင်ငံရေးပါတီအနေဖြင့် နိုင်ငံတော် နှင့်Civil Society များကြား ဆက်စပ်ပေးနိုင်သော သဘောရှိသည့် အတွက် Civil Society အတွင်း နိုင်ငံရေးပါတီ များ၏ နေရာ/အနေအထားမှာ မသဲမကွဲလှပေ။
                        ဒါရိုးလ် ရှက်တာ Darraw Schecter, “Soverign State or Political Communities?”
                                                                                                    စာအုပ်ကိုရေးသားသူ
         
          Civil Society ဆိုသည်မှာတသီးပုဂ္ဂလအနေဖြင့် မိမိတို့၏သဘောဆန္ဒအလျောက် လာရောက် စုစည်း ထားကြသည့် အဖွဲ့အစည်းများအတွင်း(သို့)အလွတ် သဘာဝစုဖွဲ့ထားသည့် ကွန်ယက်အဖွဲ့အစည်း များအတွင်း ပြည်သူများ၏ ကောင်းကျိုးအတွက် လှုပ်ရှားမှုများပြုလုပ်ဆောင်ရွက်ရာနယ်ပယ်ကို ရည်ညွှန်း ခေါ်ဆိုသည်။
          Civil Society သည်အစိုးရ၏ပြည်သူအတွက် လုပ်ငန်းဆောင်တာများနှင့်မတူသောအချက်မှာ မိမိတို့ သဘောဆန္ဒအလျောက် လာရောက်စုစည်းထားကြသည့်အချက်ဖြစ်ပြီး ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ၊ ဈေးကွက်များနှင့်မတူသည့်အချက်မှာ အများကောင်းကျိုးအတွက်၊ပြည်သူတို့၏ အကျိုးအတွက် ကြိုးပမ်းလုပ် ဆောင်ခြင်းဖြစ်သည်။ Civil Societyကို တခါတရံ ‘တတိယမဏ္ဍိုင်(third sector)’ဟုဖော်ပြလေ့ရှိသည်။ ဒီမိုကရေစီ လူ့ဘောင်အသိုင်းအဝိုင်းများတွင်မူCivil Society အနေဖြင့် နိုင်ငံသားတစ်ဦးချင်းနှင့် နိုင်ငံတော် အစိုးရကြားချိတ်ဆက်ပေးသော ကြားခံအဖြစ်ဆောင်ရွက်ပေးသည်။ ဤသဘောတရားအနေဖြင့် စိတ်ဝင်စား ဖွယ်ကောင်းနေရသည့် အဓိကကြောင်းအရင်းမှာ၎င်း မြစ်ဖျားခံ စတင်ခဲ့သည့် စကော့လူမျိုး ဥာဏ်အလင်းပြ ပညာရှင်ကြီးများခေတ်ကတည်းက အဆိုပါ သဘောတရားက အများကောင်းကျိုးနှင့် ပုဂ္ဂလိက ကောင်းကျိုးကို သမမျှတအောင် ပြုလုပ်ရန်ကြိုးပမ်းချက်ပင်ဖြစ်သည်။
          Civil Society အတွင်းတွင် မိမိတို့၏ သဘောဆန္ဒအလျောက်ဖွဲ့စည်းထားသည့် အဖွဲ့အစည်း၊ အသင်း အဖွဲ့မျိုးစုံပါဝင်သည်။ ချတ်ခ်ျများ၊ရပ်ရွာအသင်းများ၊  သမဝါယမအသင်းများ၊ညီရင်းအစ်ကိုသဖွယ် စုစည်းထား ကြသောအသင်းများ၊ အလှူပေးသောအလှူရှင်များ၊ သမဂ္ဂများ၊နိုင်ငံရေးပါတီများ၊ လူမှုလှုပ်ရှားမှုများ၊ အကျိုးစီး ပွားအုပ်စုများနှင့် မိသားစုများပါဝင်သည်။ Civil Society အတွင်းမိသားစုများကို ထည့်သွင်းထားခြင်းသည်
Civil Society ၏ အဓိကဖွင့်ဆိုချက်ကို အကျယ်ပြန့်ဆုံး သတ်မှတ်ဖွင့်ဆိုထားခြင်းဖြစ်သည်။ သီအိုရီဆိုင်ရာ စာပေများတွင် Civil Society အတွင်း မိသားစုများထည့်သွင်းရန်၊ မသွင်းရန် ဆိုခြင်းနှင့်ပတ်သက်၍ ဝိဝါဒ အမျိုး မျိုးရှိနေပြီး မရှင်းလင်းမှုများဖြင့် ပြည့်နှက်လျှက်ရှိသည်။
          လွန်ခဲ့သော နှစ်များအတွင်း ဤဝေါဟာရများကို ပြန်လည်သက်ဝင်လှုပ်ရှားစေခဲ့သော အရှေ့ ဥရောပ နိုင်ငံများရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးသမားများကCivil Society ကို နိုင်ငံတော်အစိုးရက အလုံးစုံထိန်းချုပ် ထားသောစနစ်မှ ဒီမိုကရေစနစ်သို့ အသွင်ကူးပြောင်းမှုဖြစ်ပေါ်အောင် ဆောင်ရွက်ကြ ရာတွင် ကြုံတွေ့ရသော ခက်ခဲသည့် အနေအထားများအဖြစ် ပိုမိုကျယ်ပြန့်စွာဖွင့်ဆိုသတ်မှတ်ကြသည်။ အမေရိကန်နိုင်ငံရှိရှေးရိုးစွဲဝါဒီ ကွန်ဆာဗေးတစ်များကမူ ဤဝေါဟာရကို ကြားခံ အဆောက်အဦးများ (mediating structures) အဖြစ်ပိုမို ကျဉ်းမြောင်းစွာ အဓိပ္ပါယ်ဖွင့်ဆိုကြပြီး မိသားစု၊ ရပ်ရွာအသင်းများနှင့် ဒေသအတွင်းရှိမိမိတို့၏ သဘောဆန္ဒ အလျောက် စုဖွဲ့ထားသည့် အဖွဲ့အစည်းများလောက်ကိုသာ အဓိကအာရုံစိုက်သည်။ လက်ဝဲယိမ်းသော လက် ဘရယ်ပညာရှင်များကမူ လူမှုလှုပ်ရှားမှု အသွင်သစ်များ( the new social movements)ဖြစ်သည့်(အမျိုးသမီး လှုပ်ရှားမှုများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ လှုပ်ရှားမှုများစသည်) များကို ပြန်လည်ဆန်းသစ် လာသောCivil Society သဘောတရား၏ ပင်မရေ သောက်မြစ်အဖြစ် ဖွင့်ဆိုလေ့ရှိကြသည်။
ကာမင်း ဆီရီယန်နီ Carmen Sirianni(Civic Pratices Netwark)၏ အယ်ဒီတာချုပ်နှင့် လီးဝစ်စ်ဖရိုက်လန်းဒ် Lewis Friendland(Civic Practices Netwark) ၏ သုတေသန ဒရိုက်တာ။

Civil Society အပေါ်စာရေးသူ၏ ကိုယ်ပိုင်အမြင်နှင့် အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်ချက်များကား
          Civil Society သည် နိုင်ငံတော်အစိုးရ၏ ထိန်းချုပ်မှုအောက်၌ရှိမနေသော၊ မိမိတို့၏ သဘောဆန္ဒ နှင့် ရည်မှန်းချက်အရ လာရောက်စုစည်းထားကြသည့် လွတ်လပ်သောအဖွဲ့အစည်းများ၊ အစုအရုံးများ၊ အစုအဖွဲ့များ လှုပ်ရှားဆောင်ရွက်မှုများမျိုးစုံကိုဆိုလိုပြီး၊ ထိုအဖွဲ့အစည်းများသည် မိမိတို့၏ကောင်းကျိုးနှင့် ရည်မှန်းချက် အတွက်ဖြစ်စေ၊အများ၏ကောင်းကျိုးနှင့်ရည်မှန်းချက်အတွက်ဖြစ်စေ အတူတကွတိုင်ပင် ဆွေးနွေး၍ လုပ်ဆောင်ကြသည်။  ထိုအဖွဲ့အစည်းများ ကွန်ယက်များအနေဖြင့်အားကောင်းလာပါက နိုင်ငံတော် အစိုးရ၏ အာဏာအား ကန့်ကွက်ထိန်းညှို့ထားမည့် (သို့) တရားမျှတမှု မရှိသောအစိုးရများကို ဖြုတ်ချ နိုင်သည်အထိ စွမ်းဆောင်လာနိုင် မည့် အလားလာများ ရှိလေသည်။

ဓမ္မါ ဝဘ့်ဘါ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...