Tuesday, October 25, 2011

အခြေခံဥပဒေ အသက်ဝင်ရေး

by The Voice Weekly on Tuesday, October 25, 2011 at 5:59pm
 
မြန်မာနိုင်ငံတွင် ပြုပြင် ပြောင်းလဲမှုများ လျင်မြန်စွာ ဖြစ်ပေါ်လျက် ရှိပြီး အစိုးရသစ်သည် အဆိုပါ ပြုပြင် ပြောင်းလဲမှုများကို အမှန်တကယ် အလေးအနက် သဘောထားကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းက စတင် ထုတ်ဖော် ပြောကြားလာပြီ ဖြစ်ရာ မြန်မာနိုင်ငံ၏ ဂုဏ်သရေသည် တဖြည်းဖြည်း တိုးတက် ပြောင်းလဲလာနေပြီဟု ဆိုရမည် ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က နိုင်ငံတော် သမ္မတကြီး၏ ပြုပြင် ပြောင်းလဲရေးဆိုင်ရာ သဘောထားကို ယုံကြည်ကြောင်း ပြောကြားခဲ့ရာ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနှင့် မြန်မာနိုင်ငံ အခြေအနေသစ်ကို လက်ခံလာနေပြီ ဖြစ်ပါသည်။ လက်တွေ့အားဖြင့်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဝေဖန် တောင်းဆိုနေသော Check List ပါအချက်အလက် အတော်များများကို မြန်မာနိုင်ငံ၏ အစိုးရသစ်က ဖြည့်ဆည်းပြီး ဖြစ်နေသည်ကို တွေ့ရပေသည်။ မကြာမီ နိုင်ငံရေးအကျဉ်းသားများ ထပ်မံ လွှတ်ပေးခဲ့လျှင် နိုင်ငံတကာဘက်မှ ထောက်ပြစရာ မရှိသလောက် ဖြစ်သွားတော့မည် ဖြစ်ပေသည်။

အမှန်အားဖြင့် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားတို့၏ ဘဝတိုးတက် ပြောင်းလဲသွားရေးနှင့် ပတ်သက်သည့် အခြေခံ အကြောင်းခြင်းရာမှာ နိုင်ငံတကာက ပြောလေ့ရှိသည့် Check List ပါ အချက်အလက်များ မဟုတ်ဘဲ Good Governance ၏ အုတ်မြစ် ဖြစ်သည့် အပြန်အလှန် ထိန်းကျောင်းမှု ခေါ် Check and Balance ဖြစ်ပေသည်။ တစ်နည်းအားဖြင့် ပြောရလျှင် အသစ် ပြဋ္ဌာန်းထားသော အခြေခံဥပဒေသစ် အပြည့်အဝ အသက်ဝင်ရေး၊ အခြေခံဥပဒေ သစ်ကို လေးစား လိုက်နာရေးနှင့် အခြေခံ ဥပဒေသစ်ကို မျှော့ကြိုးသဖွယ် သဘောမထားရေးတို့ ဖြစ်ပေသည်။

မြန်မာနိုင်ငံသည် အသွင်ကူးပြောင်းရေး ကာလတွင်သာ ရှိနေသေးသည် ဆိုသော အကြောင်းပြချက်သည် အခြေခံဥပဒေ ပြဋ္ဌာန်းချက်များ အပြည့်အဝ အသက်မဝင် ရသေးခြင်းအတွက် လုံလောက်သော အကြောင်းပြချက် မဟုတ်ပေ။ အခြေခံဥပဒေတို့ မည်သည်မှာ ထိုအခြေခံဥပဒေ အသက်ဝင်သည့် နေ့မှစ၍ အတိအကျ လိုက်နာ ကျင့်သုံးရမည့် မဟာဥပဒေ ဖြစ်ရာ မည်သည့် အကြောင်းပြချက်နှင့်မျှ အခြေခံဥပဒေကို မလိုက်နာဘဲ နေရန် မဖြစ်နိုင်ပါ။ မြန်မာနိုင်ငံတွင် အခြေခံဥပဒေ ပြဋ္ဌာန်းချက်များ အသက်မဝင်သော နယ်ပယ်နှင့် ကိစ္စရပ်များ ရှိနေပြီး ထိုကိစ္စသည် တစ်နည်းအားဖြင့် ပြောရလျှင် အခြေခံ ဥပဒေ ကျိုးပေါက်နေသည့် သဘော သက်ရောက်ပါသည်။ (ဥပမာ - ရန်ကုန် မြို့တော်စည်ပင်ပိုင် ငွေများ တစ်နေရာသို့ ရောက်ရှိသွားခြင်းသည် အခြေခံဥပဒေ ချိုးဖောက်ခြင်း ဖြစ်ပါသည်။) ထိုသို့ အသက်မဝင်သေးသော ကိစ္စရပ်များကို လေ့လာကြည့်လျှင် အများစုမှာ အချုပ်အခြာ အာဏာများ ခွဲဝေ ပေးအပ်ခြင်း၊ အပြန်အလှန် ထိန်းကျောင်းခြင်း တို့အတွက် အသက်တမျှ အရေးကြီးသော ကိစ္စရပ်များ ဖြစ်နေပြီး ထိုကိစ္စရပ်များတွင် အခြေခံဥပဒေ အသက်မဝင် သည်နှင့်အမျှ ပြည်သူလူထု မျှော်လင့်တောင့်တသည့် Good Governance ဆိုသည်မှာ ဖြစ်နိုင်ခြေ မရှိပေ။ နိုင်ငံတကာ အသိုင်းအဝိုင်း သည်လည်း ဤကိစ္စများကို သိရှိ နားလည်ခြင်း မရှိသောကြောင့် ထုတ်ဖော် ပြောကြားခြင်း မရှိသည်ကို တွေ့ရသည်။

အဓိက ပြောလိုသည်မှာ မြန်မာ နိုင်ငံနှင့် မြန်မာ နိုင်ငံသားတို့၏ ရှေ့ရေးနှင့် အသက်သည် မည်သူ တစ်ဦး တစ်ယောက်ကမျှ စိတ်ပူခြင်း မရှိသည့် အခြေခံ ဥပဒေ အသက်ဝင်ရေး တွင်သာ တည်မှီနေသည့် အကြောင်း ဖြစ်ပါသည်။

လက်ရှိ အခြေခံဥပဒေကို လိုသလို အဓိပ္ပာယ် ကောက်ယူခြင်း၊ ပြင်ဆင်ခြင်းများသည် ဒီမိုကရေစီ မဆန်သော လမ်းကြောင်း ပေါ်သို့ ပြန်သွားရန် ကြိုးစားခြင်း ဖြစ်၍ များစွာ သတိထားထိုက်ပြီး နိုင်ငံသား အားလုံးက ဝိုင်းဝန်း ကာကွယ်ကြရန် လိုအပ်ပါသည်။

ဆီလို အပေါက်ရှာထားခြင်း ခံရသော ဤ အခြေခံဥပဒေ၏ ဂုဏ်သရေကို ယုတ်လျော့စေမည့် တစ်ပွဲတိုး ဖြေရှင်းမှု အမျိုးမျိုးကို ယနေ့ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ မြင့်တက်လာနေချိန်တွင် မည်သို့မျှ မစဉ်းစားထိုက်ကြောင်း ဖော်ပြလိုက်ရ ပါသည်။

(၁၇-၁၀-၂၀၁၁)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...