Wednesday, October 26, 2011

Bureaucracy & Politics နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အပိုင်းနှစ်ပိုင်း


Written by ဒေါက်တာခင်မောင်ညို   
Sunday, 16 October 2011 12:36
AddThis Social Bookmark Button
w73_06
Politics is not an exact science.Prince Otto von Bismarck (1815-1898) နိုင်ငံရေးဆိုတာ သိပ္ပံနည်းကျ တိတိကျကျ မဟုတ်ဘူး
မင်းသားဘစ်စမတ်

''ဆရာညို ဘာတွေသည်းကြီး မည်းကြီးဖတ်နေတာလဲ''

''ဒီနေ့ထွက်တဲ့ ဂျာနယ် ကိုဘသစ်ရဲ့ အစိုးရအကြောင်းရေးထားတာတွေ''
''တို့အစိုးရက ပြည်သူ့စကား အလေးထားတာကိုလား''

''ဟုတ်တယ် အဘရေ မြစ်ဆုံ ရေကာတာစီမံကိန်းကို ရပ်လိုက်တဲ့ အကြောင်းဖတ်နေတာပါ။ ဒီအစိုးရ လက်ထက်မှာ ဆက်မလုပ်တော့ဘူး ဆိုတဲ့အကြောင်းကိုရေးထားတာပါ။ အစိုးရသစ်သစ် တိုင်းပြည်ကသစ်သစ်ဆိုတော့''

''ဟုတ်တယ် ဆရာညိုရေ တစ်ခေတ်ဖဆပလလက်ထက်က တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်ဆိုတာမျိုးပေါ့''
''ဟုတ်တယ် ကိုဘသစ်ရာ။ ကျွန်တော်လည်း အဲဒီခေါင်းစဉ်မျိုးကိုဖတ်ဖူးတယ်။ ဆရာမြတ်ထန် ရေးတာနဲ့တူတယ်။ တိုင်းပြည်ကလွတ် လပ်ရေးရကာစမှာ သူတလူငါတမင်းဖြစ်တဲ့ကိစ္စတွေကြောင့် ဒီမိုကရေစီ အခွင့်အရေးတွေ ဆုံးရှုံးရတယ်''''တကယ်တော့ လူတိုင်းဟာ တိုင်းပြည်ချစ်ကြတာ။ ဒါပေမဲ့ အာဏာဆိုတာ ကြောက်စရာကောင်းတယ်။ အကြွင်းမဲ့အာဏာကြောင့် တိုင်းပြည်ပျက်စီးခြင်းဖြစ်တာပဲပေါ့''
ကျွန်တော်နှင့် ကိုဘသစ်တို့ ဆွေးနွေးနေခြင်းဖြစ်သည်။ကျွန်တော်တို့နှစ်ယောက် ဆွေးနွေးမှုသည် အလုပ်ရုံဆွေးနွေးပွဲ မဟုတ်သောကြောင့် ကပေါက်တိက ပေါက်ချာနိုင်ပေမည်။သို့သော် နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍများကို ကျွန်တော်တို့မြင်သည့် ဘက်က တင်ပြကြခြင်းဖြစ်သည်။
ဥပမာ ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းကျဆုံးသည်။ လွတ်လပ်ရေးမရမီ ခြောက်လအလိုတွင် ဖြစ်သည်။ ထို့အပြင်ဆုံးရှုံးမှုများတွင် အာဇာနည်ခေါင်းဆောင်အချို့လည်း ပါသွားပါသည်။ တိုင်းပြည်၏ လွတ်လပ်ရေးကြိုးပမ်းမှု လက်ရုံးပြုတ်သည်။ ဦးနုအစိုးရက အစွမ်းကုန် ကြိုးစားဆောင်ရွက်ပါသည်။ သို့သော် ရောင်စုံသူပုန်တွေကို အပြီးအပြတ် မနှိမ်နင်းနိုင်ပါ။ ပါလီမန်ဒီမိုကရေစီသည် အားနည်းသည်။
တစ်ချိန်ထဲမှာ စီးပွားရေး ချွတ်ခြုံကျလာသည်။ အိမ်နီးချင်းထိုင်းနိုင်ငံ၏ တစ်ဦးချင်းဝင်ငွေသည် မြန်မာလူမျိုးတို့၏ တစ်ဦးချင်းဝင်ငွေထက် နှစ်ဆခန့်များနေသည်။ သူတို့ တဖြည်းဖြည်းတက်သွားချိန်မှာ ကျွန်တော်တို့ကျဆင်းသွားသည်။ မလေးရှား၊ အင်ဒိုနီးရှားတို့သည် ထိုစဉ်က တန်းတူရည်တူရှိရာက ကျွန်တော်တို့ထက်များစွာ အသာရသွားသည်။

အထူးသဖြင့် လယ်ယာကဏ္ဍပင်ဖြစ်သည်။ လယ်သမားများထံမှ စပါးများကို SAMB အဖွဲ့ကြီးက ပြင်ပပေါက်ဈေးထက်လျော့နည်းဝယ် သည်။ လယ်သမားတွေဖွတ်သထက် ညစ်လာသည်။ သူတို့ကို မက်လုံးပေးခြင်း (Incentive) ပေးခြင်းမရသော ကြောင့် လယ်ယာကဏ္ဍ ကျဆင်းလာသည်။တစ်ချိန်က ကမ္ဘာမှာထိပ်တန်း ဆန်တင်ပို့သည့်နိုင်ငံသည် တဖြည်းဖြည်းအောက်သို့ ကျဆင်းလာသည်။ မြန်မာနိုင်ငံနှင့် လယ်စိုက်ဧရိယာ အတူတူဖြစ်သော ထိုင်းနိုင်ငံသည် ကမ္ဘာ့အများဆုံးသော ဆန်တင်ပို့သော နိုင်ငံဖြစ်လာသည်။ ၁၉၆၂ခုနှစ်တွင် ဗျူရိုကရေစီယန္တရားပျက်သွားရသည်။
ဗျူရိုကရေစီယန္တရားဆိုသည်မှာ ရွေးချယ်တင်မြှောက်ထားခြင်းမရှိသော ၀န်ထမ်းအဖွဲ့အစည်းဖြစ်သည်။ ထိုအဖွဲ့အစည်းသည် အုပ်ချုပ်မှု နားလည်ကျွမ်းကျင်သောသူများဖြင့် ဖွဲ့ထားသည်။ အဆင့်ဆင့် လေ့ကျင့်ထားသော အုပ်ချုပ်ရေးအဖွဲ့ ဖြစ်သည်။ဥပမာ ထိုအဖွဲ့တွင် အရွေးခံရသူသည် BCS ဖြစ်လာသည်။ (Burma Civil Service) ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းရွေးချယ်ရေးအဖွဲ့ စာမေးပွဲဖြေဆိုအောင်မြင်သည့်အခါတွင် ထိုသူသည် လက်ထောက်မြို့ပိုင်ဖြစ်လာသည်။ သူသည် နယ်ကိုသွားရ သည်။ မြို့လေးတစ်မြို့တွင် မြို့ပိုင်နှင့်တွဲကာ အလုပ်လုပ်ရသည်။

တိုင်းပြည်က လွတ်လပ်ရေးရကာစမှာ သူတလူ ငါတမင်းဖြစ်တဲ့ ကိစ္စတွေကြောင့် ဒီမိုကရေစီအခွင့်အရေးတွေ ဆုံးရှုံးရတယ်'' တကယ်တော့ လူတိုင်းဟာ တိုင်းပြည်ချစ်ကြတာ။ ဒါပေမဲ့ အာဏာဆိုတာ ကြောက်စရာကောင်းတယ်။ အကြွင်းမဲ့အာဏာကြောင့် တိုင်းပြည်ပျက်စီးခြင်း ဖြစ်တာပဲပေါ့'  . . .

သူသည် ငွေတိုက်ကိုကိုင်ရသည်။ တရားစီရင်ရသည်။ နောက်မြို့ပိုင်ဖြစ်လာသည်။ မြို့ပိုင်ဖြစ်သောနေရာသည် နောက်တစ်မြို့ဖြစ်သည်။ မူလကမြို့တွင်နှစ်ကြာ မျက်နှာနာနေမည်ကိုစိုးသည့်အတွက် နယ်ပြောင်းသည်ဟု ဆိုကြသည်။ မြို့ပိုင်မှ နယ် ပိုင်၊ နောက် အတွင်းဝန်ကလေး၊ အတွင်းဝန်စသဖြင့် သူ၏လုပ်သက်နှစ် ၂၀ လောက်တွင် အုပ်ချုပ်ရေးယန္တရားကို သေချာစွာ မောင်းနှင်လာနိုင်မည်ဖြစ်သည်။ သည်ကား မြို့ပြအုပ်ချုပ်ရေး (Civil Service) နှင့်ဆိုင်သော အလုပ်ကိုလုပ်ခြင်းဖြစ်သည်။ သူ၏ စီမံခန့်ခွဲမှုဖြင့် မြို့ပြသာယာဝပြောလာဖို့ ဖြစ်သည်။
''တကယ်တော့ ဗျူရိုကရေစီ ယန္တရားဆိုတာ လိုတာပဲ ကိုဘသစ် ရဲ့'' ''ဟုတ်တယ်လေ အစိုးရအဖွဲ့ ဆိုတာလွှတ်တော်မှာရှိတဲ့အမတ်တွေ၊  ၀န်ကြီးတွေတင်မကဘူး။ သူတို့ကို အထောက်အကူပြုမယ့်အဖွဲ့ လိုတယ်။ နိုင်ငံအသီးသီးမှာ လွှတ်တော်ကိုယ် စားလှယ်တွေ၊ အမတ်တွေဟာ လေးနှစ်တစ်ကြိမ်၊ ငါးနှစ်တစ်ကြိမ် ပြောင်းနေကြတယ်။ ဒါပေမဲ့ ပြည်သူ့ဝန်ထမ်းအဖွဲ့က မပြောင်းဘူး''

''ဒါဆိုရင် ပြည်သူ့ဝန်ထမ်းက ဘာလုပ်လဲ။ လွှတ်တော်ကိုယ်စားလှယ် အမတ်မင်းတွေက ဘာလုပ်လဲ''
''ပြည်သူ့ဝန်ထမ်းက ၀န်ကြီးလို အစိုးရအဖွဲ့ဝင်အတွက် လုပ်ပိုင်ခွင့်တွေကို လမ်းပြတယ်။ ဘာလုပ်ရမလဲဆိုတာကို ၀န်ကြီးကဆုံးဖြတ်တယ်''
''ဒါဆို ပြည်သူ့ဝန်ထမ်းက ညွှန်ပြတာကိုပဲ သူလုပ်ရတာပေါ့ဟုတ်လား''
'ဒီလိုလည်း မဟုတ်ဘူး။ အ တွေ့အကြုံရှိတဲ့ပြည်သူ့ဝန်ထမ်းကို မေးရ၊ စုံစမ်းရတာပဲ။ သူတို့နှစ်ဖွဲ့ ဟာ ချိန်ခွင်လျာညှိရတယ်။ ဒါပေမဲ့ တကယ်ဆုံးဖြတ်လုပ်ကိုင်သူကတော့ အစိုးရအဖွဲ့ဝန်ကြီးတွေကပဲဖြစ်တယ်''

''ခက်တယ်နော်''
''ခက်ပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်က ဒီအစိုးရ၀န်ထမ်းတွေရဲ့ကဏ္ဍ မှေးမှိန်သွားတယ်။ အတွင်းဝန်တွေ မရှိတော့ဘူး''

''ဒီတော့ အုပ်ချုပ်ရေးအတွက် ဘယ်သူလုပ်လဲ။ ကျွန်တော်ပြောတာ အုပ်ချုပ်ရေးလည်ပတ်တဲ့ ယန္တရားကိုပါ''
''ရုံးဝန်ထမ်းတွေပဲလုပ်တယ်။ ရုံးအဖွဲ့မှူးတွေ ရှိလာတယ်။ ဒုဝန်ကြီးတွေက အတွင်းဝန်နေရာတွေ ၀င်ယူသလိုဖြစ်တယ်။ တကယ်တမ်းမှာ ဒုဝန်ကြီးဟာ စာရေးကြီးဖြစ်လိုက် အမတ်ဖြစ်လိုက်လိုမျိုးဖြစ်နေတော့ သူ့အနေနဲ့ဟန်မကျတတ်ဘူး။ သူက အုပ်ချုပ်ရေးအတွေ့အကြုံမရှိတော့ မအောင်မြင်ဘူး။ ၀န်ကြီးလို အာဏာမရှိတော့လည်း အဆင်မပြေတတ်ဘူး''
''ဒါနဲ့ ၀န်ကြီးတွေကရော အဆင်ပြေလား''
''မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထက်နှင့် န၀တ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီလက်ထက်တွေ တစ်လျှောက်လုံးတွင်  ၀န်ကြီး၊ ဒုဝန်ကြီး ရာနှုန်းပြည့်နီးပါးသည် ဒီလိုနယ်ဘက်အုပ်ချုပ်ရေးတွင် ပါဝင်ဖို့ အလေ့ အကျင့်များ မရှိကြပါ''

''ဗျူရိုကရေစီယန္တရားအတွက် ၀န်ထမ်းတွေကို ဒုမြို့ပိုင်ကနေ အဆင့်ဆင့်လေ့ကျင့်ပေးရသလို ၀န်ကြီးဒုဝန်ကြီးတွေဖြစ်လာမယ့် အစိုးရအဖွဲ့ဝင် နိုင်ငံရေးသမားများကိုလည်း အဆင့်ဆင့် လေ့ကျင့်ပေးရတယ် ဆရာညိုရ''

''သူတို့ကို ဘယ်လိုလေ့ကျင့်လဲ''
''သူတို့ကတော့ ကျောင်းကတည်းက လေ့ကျင့်ရတယ်''

''ကျောင်းတွေကနေ သင်ကြားပို့ချတာလား''

''အဲဒီလိုတော့မဟုတ်ဘူး။ ကျောင်းတွေမှာ ကျောင်းကောင်စီတို့ ကျောင်းသားသမဂ္ဂတို့ ရှိတယ်။ အဲဒီမှာ နိုင်ငံရေး Career စတော့တာပဲ''

''ဟုတ်ကဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဦးနုတို့၊ ဒဂုန်တာရာတို့ ဒီလိုပဲ လုပ်ကြတယ်''
''ဟုတ်တယ် အဲဒီလူတွေဟာ နိုင်ငံရေးစိတ်ဝင်စားရင် Law လည်း တက်ရတယ်။ B.L ပေါ့''

''သူတို့ တရားရုံးချုပ် ရှေ့နေတွေ ဖြစ်နိုင်တယ်နော်''

''ဖြစ်နိုင်ပါတယ်။ တရားသူ ကြီးလည်းဖြစ်လို့ရတယ်။ အဓိကကတော့ အခြေခံဥပဒေကို ကျွမ်းကျင်ရတယ်။ ဥပဒေကရှုပ်တယ်။ လုပ်နည်းလုပ်ထုံးတွေ ရှိသေးတယ်။ သူလည်း အလုပ်သင် Chamber ဆင်းမှ ရှေ့နေလိုင်စင်ရတယ်''

''စာမေးပွဲအောင်တာနဲ့ ဘာမှမဖြစ်ဘူး။  တန်းခန့်တရားသူကြီး ဖြစ်တာမျိုးတွေ၊ အရာရှိဖြစ်တာမျိုးကို သတိထားရမှာပေါ့''

''မှန်ပါတယ်။ တရုတ်ပြည်တိုးတက်တာက လူမှန်နေရာမှန်ထားလို့ပဲ။ သက်ဆိုင်ရာကဏ္ဍမှာ မလေ့ကျင့်ထားတဲ့ ဘယ်တစ်ယောက်မှ စက်ရုံအုပ်ချုပ်ရေးမှူး မရှိဘူးဆိုတာကို လေ့လာဖူးတယ်''

''ဒါက တိုင်းပြည်တိုးတက်ဖို့ကိုး။ သူတို့ကို နာစေဖို့ပြောတာမဟုတ်ဘူး''
''မှန်ပါတယ် ဆရာညိုရာ။ ကျွန်တော်လည်း ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး။ ကျွန်တော်တို့က ဆက်ရမယ့်ခရီးကို ထင်ထင်လင်းလင်းမြင်အောင်လို့ပါ''
အလုပ်သမားသမဂ္ဂတွေဖွဲ့ခွင့် ပြုပါပြီ။  အတွေ့အကြုံရှိသော နိုင်ငံရေးသမားတွေကိုလိုချင်ရင် သမဂ္ဂတွေလိုပါသည်။ ပြည်သူ့အဖွဲ့အစည်းတွေ အရေးပါပါသည်။''ကိုဘသစ်တကယ်လို့ တက္ကသိုလ် မတက်ရင်ကော သမဂ္ဂအဖွဲ့ထဲမရောက် ဘဲ နိုင်ငံရေးလုပ်လို့မရဘူးလား''

''လုပ်လို့ရပါတယ်။ ဒီလူဟာ နိုင်ငံရေးအဖွဲ့အစည်းတွေမှာ ပါဝင်ပြီး လေ့ကျင့်မှုတွေလုပ်လို့ရတယ်၊စာဖတ် ရမယ်။ ဥပဒေကိုနားလည်ရမှာပေါ့''

''အေးဗျာ Democracy Practice ဆိုတဲ့ဒီမိုကရေစီအကောင်အထည်ဖော် လုပ်ဆောင်တာတွေဟာရှုပ်ထွေးတယ်''
''ဒီလိုပဲ သည်းခံရမှာပေါ့ဗျာ။ ''နေကောင်းသွားမှာပါ။ အဲလေ အဆင်ပြေသွားမှာပါ''

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...