Author: lubo601 |
8:43 PM |
|
Written by အောင်မင်းသိုက်
|
Thursday, 27 October 2011 00:06 |
ဒိန်းမတ်လူမှုရေးပညာရှင် နွတ်လော့ဒ်စထရပ်က လူသားအချင်းချင်း
ပြန်လှန်ရိုင်းပင်းယုံကြည်မှုသည် လူ့ဘ၀၏ အစိတ်အပိုင်းလက္ခဏာတစ်ရပ် ဖြစ်သည်။
သို့သော် ထူးခြားသော အခြေအနေဖြစ်စဉ်တစ်ရပ်နှင့် ကြုံတွေ့ရသည့်အခါတွင်
လူစိမ်းတစ်ယောက်အပေါ် ကြိုတင်ပြီး ယုံကြည်စိတ်ချ၍ မရတတ်သည့်တိုင်
လူသားများသည် တစ်ယောက်စကားကိုတစ်ယောက် ယုံကြည်ကြရစမြဲဖြစ်သည်ဟု
ရေးသားခဲ့သည်။နွတ်က ဘာသာရေးသမားတစ်ယောက် ဖြစ်သဖြင့်
ဤသို့ရေးသားခဲ့ခြင်းဖြစ်မည်ဟု ဆိုနိုင်ကောင်းသော်လည်း
ဆော်ဘွန်းတက္ကသိုလ်တွင် အမှုထမ်းနေသော ရုရှားနိုင်ငံသားတစ်ယောက်ဖြစ်သော
လီယွန်ရှက်စတော့ဗ်ကမူ အယူဆတစ်ခုကို တင်ပြခဲ့ဖူးသည်။ အိမ်နီးချင်းတိုင်းသည်
ဝံပုလွေလို ကြောက်ရွံ့ကြသည်။ မိမိတို့အလွန်ဆင်းရဲ ကြသည်။
ခွန်အားချိနဲ့ကြသည်။
သို့ဖြစ်၍ လွယ်လင့်တကူ ဖျက်ဆီးခံကြရသည်။ ထိတ်
လန့်မှုကို မည်ကဲ့သို့ လွတ်မြောက်အောင် ကူညီကြမည်နည်း။ ကျွန်ုပ်တို့သည်
အန္တရာယ်ကို မြင်ကြသည်။ မြင်ရုံမျှသာပဲ ရှိသည်ကို သူက ရေးသားခဲ့သည်။
ထိတ်လန့်မှုများနှင့် ရင်ဆိုင်နေရသည့် လူ့ဘ၀အတွက် အလင်းရောင်သည်
ပညာဖြစ်သည်။ ပညာဆိုသည်မှာ ကျယ်ဝန်းလှသည် မှန်သော်လည်း လူမှုဘ၀၊
လူမှုအရှိတရားများနှင့် တွေ့ကြုံရင်ဆိုင်နေရသော လူသားများ အတွက်
စာသင်ခန်းများနှင့် စာသင်ခန်းမှ သင်ကြားပေးသော အကြောင်းရာများသည် ဘ၀အတွက်
တစ်စိတ်တစ်ပိုင်း ခွန်အားရှိသည်မှာ ငြင်းပယ်၍မရပေ။ ဘ၀တက္ကသိုလ်မှ
သင်ကြားသောသင်ခန်းစာများ အရေးပါ သကဲ့သို့ အဆင့်မြင့်ပညာရပ်များကို
သင်ကြားပေးသော တက္ကသိုလ်များ၏ အခန်းကဏ္ဍမှာလည်း များစွာ အရေးပါလှသည်။
ပညာရပ်များထွန်းကားသော လူမှုနိုင်ငံရေးဘ၀များကို ရှင်သန်စေသော အသိဥာဏ်
ရပ်ဝန်း တစ်ခုဖြစ်သော တက္ကသိုလ်များသည် ခြောက်သွေ့ပြီး
လူသူမဲ့ခဲ့ပြီဆိုလျှင် ထိုလူ့အဖွဲ့အစည်း၏ ပစ္စုပ္ပန်နှင့်အနာဂတ်သည်
ထွန်းလင်းတောက်ပမည့် အနေအထားတွင်ရှိနေမည် မဟုတ်တော့ပေ။ တက္ကသိုလ်သည် ပညာတတ်
ဓနရှင်ပေါက်စများ ခိုလှုံရာဒေသတစ်ခုအဖြစ် လက်ဝဲစွန်း အယူအဆရှိသူများခဲ့သလို
တချို့အယူအဆ သဘောထားသေးသိမ်သူများနှင့် ပညာတန်ဆောင်ထွန်းပြောင်မှုကို
ထိတ်လန့်သူများကမူ တက္ကသိုလ် ဆိုသည်မှာ ထိန်းသိမ်းရန်ခက်ခဲသည့် လူငယ်များ
ပရမ်းပတာစုဝေးရာ အရပ်တစ်ခုအဖြစ် သတ်မှတ်ထားရှိခဲ့လေသည်။ ပညာရပ်များ၊
အယူဆများကို လွတ်လပ်စွာ ဆွေးနွေး၊ ငြင်းခုံရာအရပ်သည် တက္ကသိုလ်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် ယင်းပုရိဝုဏ်မှာရှိနေသော လူငယ်များနှင့်
သင်ကြားနေသော ပညာရပ် များအပေါ်တွင် မူတည်နေသည်။
တက္ကသိုလ်သည် ပညာတတ်ဓနရှင်ပေါက်စများ ခိုလှုံရာဒေသတစ်ခုအဖြစ်
လက်ဝဲစွန်းအယူအဆရှိသူများခဲ့သလို တချို့အယူအဆ သဘောထားသေးသိမ်သူများနှင့်
ပညာတန်ဆောင်ထွန်းပြောင်မှုကို ထိတ်လန့် သူများကမူ တက္ကသိုလ်ဆိုသည်မှာ
ထိန်းသိမ်းရန်ခက်ခဲသည့် လူငယ်များပရမ်းပတာ စုဝေးရာအရပ်တစ်ခုအဖြစ်
သတ်မှတ်ထားရှိခဲ့လေသည်။ ပညာရပ်များ၊ အယူအဆများကို လွတ်လပ်စွာဆွေးနွေး၊
ငြင်းခုံရာ အရပ်သည် တက္ကသိုလ်ဖြစ်သည် . . .
|
ထရီပိုလီမြို့တော်ရှိ ထရီပိုလီတက္ကသိုလ်မှာ
ပိတ်ထားခဲ့ရသည်မှာ ကြာပြီ။ ယခုကျောင်းတွေ ပြန်ဖွင့်လိုက်သည်။
ကျောင်းအုပ်ကြီး ဒေါက်တာဖိုင်ဆယ်ခရက်ရှီသည် တပည့်ကျောင်းသား ၂၅ ဦးခြံရံပြီး
တက္ကသိုလ် ပုရ၀ဏ် ထဲသို့ ရောက်ရှိလာသည်။ တပည့်ဖြစ်သူ လက်ထဲမှာက
သေနတ်တွေကိုယ်စီ ကိုင်ထားကြသည်။ ထရီပိုလီတက္ကသိုလ်သည် တက္ကသိုလ်နှင့်
မတူတော့ပေ။ ကဒါဖီ၏တပ်များ စခန်းချထားရာတက္ကသိုလ်သည် ပျက်စီးလျက် ရှိသည်။
ဖမ်းဆီးထားခံရသူများကို စစ်ကြောမှုကိုလည်း စာသင်ခန်းထဲမှာပဲ
ကဒါဖီ၏တပ်သားတွေက ပြုလုပ်ခဲ့သည်။ ဤသည်က ရုပ်ဝတ္ထုပိုင်းဆိုင်ရာ
ပျက်စီးမှုတွေဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ ပျက်စီးမှုတွေကို အချိန်ယူပြီး
ပြင်ဆင်ရပေဦးမည်။ တက္ကသိုလ်ပညာရေးဟု အမည်နာမတပ်ထားသည်မှာ မှန်သော်လည်း
ကဒါဖီ၏လက်အောက်တွင် ကဒါဖီ၏ အယူအဆတွေးခေါ်မှုတွေ ရေးထားသည်။
'အစိမ်းရောင်စာအုပ်'ကို သင်ရိုးညွှန်းတမ်းထဲမှာ ထည့်သွင်းသင်ကြားခဲ့ကြရသည်။
''ဒီနေရာက တက္ကသိုလ်မဟုတ်ပါဘူး။ တော်လှန်ရေးအတွက် အသုံးချတဲ့နေရာ၊
ညှင်းပန်းနှိပ်စက်တဲ့ နေရာတစ်ခုမျှသာဖြစ်တယ်'' ဟု အသက် ၅၅ နှစ်အရွယ်ရှိ
ဒေါက်တာခရက်ရှီက ပြောကြားခဲ့သည်။ ကဒါဖီကို ထောက်ခံ သည့်
တက္ကသိုလ်ဆရာများကတော့ ကျောင်းသားများ၏ လှုပ်ရှားမှုများကို သက်ဆိုင်ရာသို့
အစီရင်ခံစာတွေ တင်ပြကြရသည်။ ကျောင်းမတက်သော ကျောင်းသားတွေကို ကျောင်းမှ
ထုတ်ပစ်ခဲ့ကြသည်။ ယခုတော့ အစစ အရာရာသည် ယခင်ကနှင့် မတူတော့ပြီ။
တက္ကသိုလ်တွင် ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များကို မှတ်တမ်းပြုစုထားပြီး
သမိုင်းမှတ် တမ်းအဖြစ်ထားရှိရန် အကြံပေးထားကြသည်။
တချိန်တုန်းက
အာရပ်ကမ္ဘာတွင် ပညာရေးအရ အကောင်းဆုံးဖြစ်ရမည်ဟု ကြွေးကြော်သံဖြင့်
တည်ဆောက်ထားခဲ့သော ထရီပိုလီတက္ကသိုလ်။ အခမဲ့ ပညာသင်ကြားခွင့်ပေးထားသည့်
တက္ကသိုလ်၊ အမျိုးသမီးအများစု ပညာသင်ကြားခွင့်ရခဲ့သော တက္ကသိုလ်။ သို့သော်
ပြင်ပကမ္ဘာနှင့် အဆက်သွယ်ပြတ်တောက်ခဲ့သော ကဒါဖီအစိုးရလက်ထက်တွင်
ပညာရေးအခြေအနေမှာ တစ်စထက်တစ်စ နိမ့်ကျလာခဲ့သည်။ အင်္ဂလိပ်ဘာသာ
စကားသင်ကြားမှုမှသည် ဝေဖန်ဆန်းစစ်နိုင်သည့် စွမ်းရည်အထိ နိမ့်ပါးလာခဲ့သည်။
ထို့ပြင် ကဒါဖီအစိုးရကို ဆန့်ကျင်ရန် ကြိုးပမ်းခဲ့သည့်
တက္ကသိုလ်ကျောင်းသားများကို ကျောင်းပရ၀ဏ်မှာပင် သတ်ခဲ့သည့်သမိုင်း
ရှိခဲ့ဖူးသည်။
ကဒါဖီခေတ်လွန် နိုင်ငံရေးစနစ်ပြောင်းလဲရန်အတွက် အခက်ခဲတွေ၊
အကျပ်အတည်းတွေ များစွာကြုံတွေ့ဖွယ်ရှိနေသလို အသိဥာဏ်ပညာဖွံ့ဖြိုးရာဖြစ်သော
တက္ကသိုလ်ကိုလည်း ပြန်လည်တည်ဆောက်ရန်အတွက် အချိန် များစွာ ယူရမည်ဖြစ်သည်။
ပိုင်းစစိတ်မွှာခံထားရသော ပြည်သူများသည် ညီညွတ်သောအသိစိတ်ဓာတ်ဖြင့်
ပစ္စုပ္ပန်ကိုဖြတ်သန်း သွားကြရပေတော့မည်။ မျှော်လင့်ချက်မဲ့နေသော
အနေအထားမှသည် မျှော်လင့်ချက် ရောင်ခြည်များ ယှက်သန်းလာစပြုပြီဖြစ်သည်။
လူ့ဘ၀ကိုခြေလှမ်းမှန်မှန် ပြန်လျှောက်သွားရပေမည်။ မှန်ကန်သော သတိ၊
မှန်ကန်သော ရပ်တည်ချက်၊ မှန်ကန်သောခြေလှမ်းတို့ဖြင့် လျှောက်လှမ်းရန်အတွက်
အသိပညာ ဦးဆောင်မှုက အရေးပါသည်။ အနာဂတ်ကို ဦးဆောင်မှုပေးနိုင်သော
လူငယ်မျိုးဆက်များကို သန္ဓေတည်မွေးဖွားပေးရာ တက္ကသိုလ်များ၏ အခန်းကဏ္ဍမှာ
မေ့ပျောက်ပစ်ပယ်ထား၍ မရနိုင်ပေ။
Ref; Anne Barrard, Back to School in Tripoli, and rewriting the history books. |
0 comments:
Post a Comment